← Chapters

ထင်သလောက်လည်းမတော်ပါဘူး

Vol. 7 Ch. 667

ထင်သလောက်လည်းမတော်ပါဘူး

Vol. 7 Ch. 667

မရှိမှုကျေးရွာတွင် အပ်နှင်းခံထားရသည့် ဆန်းလျန်၏ ဝိညာဉ်အစစ်အမှန်သည်လည်း မရေမရာအခြေအနေသို့ ရောက်ရှိသွားလေသည်။

ထိုမျှ ကူရာကယ်ရာမဲ့သည့် ခံစားချက်မျိုးကို ဆန်းလျန်၏ဘဝတွင် တစ်ခါမှ မခံစားခဲ့ဖူးပေ။ မရှိမှုကျေးရွာမှ ဝိညာဉ်အစစ်အမှန်သည် ထိုသို့သော အခြေအနေရောက်သွားသည်နှင့် သူရင်ဆိုင်လိုက်ရသည့် အန္တရယ်သည် သူ့ကို အချိန်စီးကြောင်းထဲမှ ဖယ်ထုတ်ပစ်တော့မည်ဖြစ်သည်ကို ပြသနေလေသည်။ ဆန်းလျန်သည် ဤလောကမှ လုံးဝပျောက်ကွယ်သွားရတော့မည် ဖြစ်လေသည်။

အနာဂတ်တွင် သူနှင့်တူသည့်လူတစ်ယောက် ဖြစ်ပေါ်လာပြီး သူကဲ့သို့ အတွေ့အကြုံများကို ရရှိနိုင်ကောင်းမည် ဖြစ်သော်လည်း ထိုသူသည် "သူ" ဟုတ်တော့မည် မဟုတ်ပေ။

နတ်ဘုရားတစ်ပါးအတွက်တော့ သေဆုံခြင်းထက်ကြောက်စရာကောင်းသည့်အရာမှ တည်ရှိမှုတစ်ခုလုံး ပျောက်ဆုံး သွားရခြင်းပင် ဖြစ်လေသည်။

ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင်၏ ဂုဏ်အသရေကို မာနထောင်လွှားစွာဖြင့် ခေါင်းမာစွာ ရင်ဆိုင်ခဲ့မိသည့် အတွက် နောင်တရနေမိလေသည်။ သူသည် တာအိုဆရာသခင်ကြီးတစ်ပါးကို ရင်ဆိုင်နိုင်လိမ့်မည်ဟု မာန ထောင်လွှားစွာဖြင့် ယုံကြည်ခဲ့မိလေသည်။

သို့သော်… အချိန်လွန်မှ နောင်တရခြင်းသည် အသုံးမဝင်တော့ပါ။ နောင်တတရားသည် နောက်ကျခဲ့ပြီ ဖြစ်လေ သည်။

ထိုသို့သောအတွေးမျိုးကို တွေးမိသည့်တစ်ခဏမှာပင် အရှက်ကွဲခြင်းကိုလည်း ဆန်းလျန်ခံစားလိုက်ရလေသည်။ သာမန်အချိန်တွင်သာဆိုလျှင် သူသည် ထိုသို့သောခံစားချက်မျိုးကို လုံးဝခံစားမိမည်မဟုတ်ပေ။

ဆန်းလျန်သည် ဒေါသထွက်ပြီး ရှက်လည်းရှက်နေမိလေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူ၏ လူသားဆန် သည့်သဘောသဘာဝများ ပျောက်ကွယ်သွားခြင်းမရှိသေးသည်ကို သိလိုက်ရလေသည်။ ဆန်းလျန်၏ စရိုက် လက္ခဏာအရ သူ့ကိုယ်သူ သာမန်ထက်ပိုပြီး ထူးချွန်သူတစ်ယောက်ဟု မပြောနိုင်တော့သည်ကို နားလည်လိုက် လေသည်။ သူ၏မနှစ်မြို့စရာကောင်းသည့် စိတ်နှလုံးကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ထိုအရာကို သူရင်ဆိုင်နိုင်ခြင်း မရှိခဲ့ပေ။

နောက်ထပ်ရင်ဆိုင်ရန်ခက်ခဲသည့် ကိစ္စတစ်ခုရှိပါသေးသည်။ ထိုအချက်မှာ လက်ရှိရင်ဆိုင်နေရသည့်အခက်အခဲမှ လွတ်မြောက်ရန် မည်သို့ ပြုလုပ်ရမည်ကို သူကိုယ်တိုင် မသိခြင်း ဖြစ်လေသည်။

အတိတ်တစ်ချိန်တုန်းက တိုက်ပွဲတစ်ပွဲတွင် ရှုံးနိမ့်တော့မည်ဆိုလျှင် သူအသုံးပြုသည့် လျှို့ဝှက်တန်ခိုးစွမ်းအားသည် "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" ကျင့်စဉ်ပင် ဖြစ်လေသည်။ သို့သော်… ထိုလျှို့ဝှက်တန်ခိုးစွမ်းအားသည် ယခုအချိန်တွင်တော့ အသုံးမဝင်တော့ပေ။ ထိုအချက်ကပင် သူ့အတွက် ခက်ခဲသည့်အခြေအနေကို ရင်ဆိုင်ရခြင်း ဖြစ်လေသည်။

ဒြပ်စင် (၄)မျိုး၏ သန့်စင်သည့်စွမ်းရည်သည် အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလေသည်။ ဆန်းလျန်၏စိတ်အာရုံသည် ဒြပ်စင် (၄)မျိုး၏ သန့်စင်သည့်စွမ်းအားဖြင့် အနည်းငယ်လေးထိလိုက်မိသည်နှင့် တစ်ခါမှ မခံစားဘူသည့် နာကျင်ခြင်းကို ခံစားရလေသည်။ သို့သော် နာကျင်ခြင်းကိုခံစားရသည့်အတွက် ဒေါသနှင့် အရှက်တရားကိုတော့ ခဏတာမျှ မေ့ပျောက်သွားစေလေသည်။

မြင့်မြန်သည့် ထုန်ထျန်းအရှင်လင်ပေါင်ထျန်းကျွင်းသည် သနားစရာ ရှုံးနိမ့်သွားပြီဖြစ်သည့် ဆန်းလျန်ကို အရေးမလုပ်တော့ပါ။ ရွှေဇလားပျက်စီးသွားသည်နှင့် ထိုနတ်ဘုရားသည် ဆက်လက်တိုက်ခိုက်ခြင်းမပြုလုပ်တော့ ပေ။ ရွှေဇာလားမှ ပြိုကွဲသွားသည့် ဒြပ်စင် (၄)မျိုးမှာလည်း လင်ပေါင်ထျန်းကျွင်း၏အနားသို့ တိုးကပ်ရဲခြင်းပင်မရှိကြ ပေ။

သို့သော်… ထိုဒြပ်စင် (၄)မျိုးသည် ဆန်းလျန်ကိုတော့ သတ္တိရှိရှိဖြင့် စတင်နှိပ်စက်ကြလေတော့သည်။

ဆန်းလျန်တွင် အသိတရားရှိနေသည်မှလွဲပြီး မည်သို့မှ မတတ်နိုင်တော့သည့်အတွက် သူတို့သည် ပျော်ရွှင်စွာဖြင့်ပင် နှိပ်စက်ကြလေတော့သည်။

ဆန်းလျန်မှာတော့ ဒြပ်စင် (၄)မျိုးကို ကာကွယ်ရန်ပင် မတတ်နိုင်တော့ပေ။ သူ မကာကွယ်နိုင်တော့ပါ။ ဒြပ်စင် (၄)မျိုးနှင့် ထိခိုက်မိတိုင်း နာကျင်မှုကို အထပ်ထပ်အခါခါခံစားရလွန်းသည့်အတွက် ထုံပေပေပင် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

သူ့စွမ်းအားများအားလုံးကုန်ဆုံးသွားပြီး ခံစားနေရသည့်နာကျင်မှုများ မြန်မြန်အဆုံးသတ်သွားရန်ပင် ဆန်းလျန် တွေးလိုက်မိလေသည်။

ယွမ်ကျွင်းဧကရီက ကွေလိကို ပြောလိုက်လေသည်။

"မင်းပြောတော့ သူက မဖြစ်နိုင်တာကိုတောင် ဖြစ်လာအောင် လုပ်ပြနိုင်တယ်ဆို ၊ အခုတော့ သူ့ကိုယ်သူတောင် အသက်ရှင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ပါလား"

ကွေလိသည် လှုပ်ရှားမရသည့်တိုင် အသိလည်းရှိနေသလို သူမရှေ့မှ မြင်ကွင်းကိုလည်း တွေ့မြင်နေရလေသည်။ ယွင်ကျွင်းဧကရီက ဆန်းလျန်မည်သို့ ထိခိုက်ဒဏ်ရာရသွားသည်ကို သူမ၏ တာအိုကျင့်စဉ်ဖြင့် ကွေလိကို ပြသလျှက်ရှိလေသည်။

ဆန်းလျန်၏ မရေရာတော့သည့် စိတ်အခြေအနေကို တွေ့မြင်နေရသည့်အခါတွင်တော့ ကွေလိမှာလည်း နာကျင်ခံစားရလေသည်။ ဆန်းလျန် ထိုမျှ မတည်မငြိမ်ဖြစ်နေသည်ကို ကွေလိ၏ဘဝတွင် ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်လေသည်။ ယခင်တုန်းက လောကတွင် ဆန်းလျန်အတွက် ခက်ခဲသည့်အရာဆိုသည်ကို သူမ တစ်ခါမှ မတွေ့မြင်ဘူးခဲ့ပေ။

ယခုတစ်ကြိမ်တွင်တော့ လုံး၀ ဆန့်ကျင်ဘက်ဖြစ်နေလေသည်။

ဆန်းလျန်သည် ယခင်ကကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် နတ်ဘုရားတစ်ပါး မဟုတ်တော့ပါ။ ယခုအချိန်တွင် သူသည် လူသားတစ်ယောက်အလား ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။ အားနည်းချက်များဖြင့်ပြည့်နေသည့် လူသားတစ်ယောက် ဖြစ်သွားခဲ့ရလေပြီ။

လူသားများပြောလေ့ရှိကြသည်မှာ -

"လမ်းပေါ်ကလူတစ်ယောက်ပင် ဖြစ်လင့်ကစား ကျောက်စိမ်းကဲ့သို့ သွင်ပြင်ရှိလျှင် လောကတွင် ပြိုင်ဘက်မရှိသည့် သခင်လေးပင်ဖြစ်သည်"

ဟူ၍ဖြစ်လေသည်။

ဆန်းလျန်သည် ထိုကဲ့သို့သော လူစားတစ်ယောက် ဖြစ်လေသည်။

ပြိုင်ဘက်မရှိ ၊ ထင်ရှားကျော်ကြားပြီး မည်သူနှင့်မှ နှိုင်းယှဉ်၍မရနိုင်ပေ။ လူ့လောကတွင် နေထိုင်စဉ်က ဆန်းလျန်သည်လည်း သူ့ကိုယ်သူ ထိုသို့သောလူတစ်ယောက်ဖြစ်သည်ဟု ယူဆခဲ့လေသည်။

ယခုတော့…

လူအများတွေးထင်ကြသလို သူသည် ပြီးပြည့်စုံသည့် လူတစ်ယောက် မဟုတ်တော့ပေ။

ယခုအချိန်တွင်တော့… ဆန်းလျန်၏ အဖြစ်သည် ကွေလိအလွန်မုန်းတီးသည် မဟာမာရူယိဒေါင်းစိမ်းမင်းကြီး၏ အဖြစ်နှင့် အလွန်ဆင်တူလေသည်။

သူတို့ (၂)ယောက်လုံးသည် ပါရမီရှင်များ ဖြစ်ကြလေသည်။ မာနကြီးပုံခြင်းလည်း တူကြသလို အဆုံးသတ်သည် လည်း ခပ်ဆင်ဆင်ပင် ဖြစ်လေသည်။ သူတို့ (၂)ယောက်လုံးသည် တာအိုဆရာသခင်ကြီးများနှင့် ရင်ဆိုင်ခဲ့ကြရပြီး မာနများချိုးဖျက်ခံလိုက်ရကာ သာမန်လူသားတစ်ယောက် ဖြစ်ခဲ့ကြရလေသည်။ သူတို့ပြုလုပ်လိုက်သည့် ရွှေးခြယ်မှုသည် အခြားသူများကိုပင် စိတ်ပျက်စေလေသည်။

"လောကမှ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူးလေ…"

ယွမ်ကျွင်းဧကရီကအသံမှာ လှောင်ပြောင်မှုများဖြင့် ပြည့်နေလေသည်။

ကွေလိသည် စကားမပြောတော့ပါ။ သူမသည် ဆန်းလျန်ကို ယခင်ကကဲ့သို့ပင် ခိုင်မာသည့်အကြည့်တစ်ခုဖြင့် စူးစိုက်ကြည့်နေခဲ့လေသည်။

ဆီးနှင်းများကျဆင်းနေသည့်နေ့တစ်နေ့တွင်…

သူမ၏ဘ၀ ကံဆိုးမိုးမှောင်ကျခဲ့ရသည့်တစ်နေ့ကို အမှတ်ရနေခဲ့လေသည်။

ထိုနေ့တွင် လူငယ်လေးတစ်ယောက် ရောက်လာပြီး သူမကို ကယ်တင်သွားခဲ့လေသည်။

ထိုအချိန်က … ဆန်းလျန်သည် လက်ရှိအချိန်ထက် အဆပေါင်းတစ်ထောင်မကအောင် တန်ခိုးစွမ်းအားများ နည်းပါးနေသေးသည့်အချိန် ဖြစ်လေသည်။

သို့သော်… မည်သည့်အခါမှ ပြောင်းလဲနိုင်မည် မဟုတ်သည့် အချက်တစ်ချက်ရှိလေသည်။

ထိုအချက်မှာ… ကွေလိသည် သူမကို လာကယ်သည့် ဆန်းလျန်၏ မျက်ဝန်းများထဲမှ အကြည့်ပင် ဖြစ်လေသည်။ ဆန်းလျန်သည် သူမကို သနားစရာကောင်းသူတစ်ယောက်အဖြစ် ကြည့်ခဲ့ခြင်း မဟုတ်ပါ။ သူသည် ဘဝတစ်ခု၏ လှပမှုကို တွေ့မြင်သည့်အလား သူမကို ကြည့်ခဲ့ခြင်း ဖြစ်လေသည်။

ထိုအချိန်ကတည်းက ဆန်းလျန်သည် ထူးခြားသူတစ်ယောက်ဖြစ်သည်ဟု သူမ ယုံကြည်ခဲ့လေသည်။

သူမ၏ မိတ်ဆွေသူငယ်ချင်းများအားလုံးထဲတွင် ဆန်းလျန်သည် အယုံကြည်ရဆုံး လူတစ်ယောက် ဖြစ်လေသည်။

သူမ၏ မိတ်ဆွေသူငယ်ချင်းများအားလုံးထဲတွင် ဆန်းလျန်သည် လေးစားစရာအကောင်းဆုံး လူတစ်ယောက် ဖြစ်လေသည်။

ဆန်းလျန်သည် မည်သည့်အခါမှ လူတစ်ဖက်သားကို အထင်သေးနှိမ့်ချတတ်သူတစ်ယောက် မဟုတ်ခဲ့ပေ။ ချင်းရွှမ်နတ်တံခါးမှ အညံ့ဆုံးတပည့်ကိုပင်လျှင် ဆန်းလျန်သည် မည်သည့်အခါမှ နှိမ့်ချဆက်ဆံခဲ့ခြင်း မရှိပေ။ သူသည် အညံ့ဆုံးတပည့်ကိုပင်လျှင် ကျင့်စဉ်လမ်းနှင့်ပတ်သက်ပြီး သင်ကြားပြသပေးရန် အမြဲတမ်း ဆန္ဒရှိခဲ့သူ ဖြစ်လေသည်။

ယနေ့အချိန်ထိ…. နတ်မိစ္ဆာဘုရင်တစ်ပါးဖြစ်သည့် ကွေလိသည် ဆန်းလျန်က သူမကို ကယ်တင်နိုင်ဦးမည်ဟု ယုံကြည်နေဆဲ ဖြစ်လေသည်။

သူမသည် ဆန်းလျန်ကို မိတ်ဆွေတစ်ယောက်အဖြစ် အကူအညီတောင်းခဲ့ခြင်းသာဖြစ်ပြီး ထို့ထက်မပိုခဲ့ပါ။

ယွမ်ကျွင်းဧကရီသည် ကွေလိ၏မျက်ဝန်းများထဲတွင် အရှုံးမပေးလိုသည့် ဆန္ဒများကို တွေ့မြင်လိုက်ရလေသည်။ သို့သော်… အမှန်တရားသည် ရှင်းလင်းနေပြီဖြစ်လေရာ သူမသည် ကွေလိကို စကားထပ်ပြောနေစရာ အကြောင်းမရှိတော့ပေ။

"ဆန်းလျန်က ဒီလောက်လဲ မတော်ပါဘူး ၊ အနည်းဆုံးတော့ လူတွေထင်ထားသလောက် အထင်ကြီးစရာ မရှိပါဘူး…"

သို့သော်… သူမရင်ထဲတွင် အမျက်ဒေါသများကလည်း လောင်ကျွမ်းနေဆဲ ဖြစ်လေသည်။ ဒေါသသည် ငြိမ်သက်သွားပြီဖြစ်သည့်တိုင် တမြေ့မြေ့လောင်ကျွမ်းနေဆဲ ဖြစ်လေသည်။

အဘယ်ကြောင့်ဆိုသော် … ဆန်းလျန်သည် အသုံးမကျသူတစ်ယောက် ဖြစ်သည့်တိုင် သူမ၏ဆရာက ရွှေးခြယ်ခဲ့သည့် လူတစ်ယောက် ဖြစ်လေသည်။

ဆရာဖြစ်သူကိုယ်တိုင်က ဆန်းလျန်၏ တည်ရှိမှုနှင့် စိတ်ဓာတ်ရေးရာတို့ကို ချိုးဖဲ့ဖျက်စီးပစ်လိုက်ပြီး ဖြစ်သည့်တိုင် ဆန်းလျန်သည် နှစ်ပေါင်းများစွာအတွင်းတွင် ဆရာဖြစ်သူ စမ်းသပ်ခဲ့သည့် တစ်ဦးတည်းသောလူသား ဖြစ်လေ သည်။

ထိုကဲ့သို့သော ဂုဏ်အသရေကိုပိုင်ဆိုင်ရသူသည် နောက်တစ်ယောက် မရှိနိုင်ပါ။

လောကတွင် ဆရာဖြစ်သူကို သူမထက်ပိုပြီး လေးစားချစ်ခင်သူ မည်သူမှ မရှိနိုင်ပါ။

သူမကလွဲလျှင် မည်သူမှ ကျယ်ကျောက်အမိန့်တော်ဂိုဏ်းအပေါ်တွင် တန်ဖိုးထားသူ မရှိနိုင်ပါ။

အဘယ့်ကြောင့် ဆရာဖြစ်သူသည် သူမကို မရွေးခြယ်ခဲ့ရပါသနည်း။

ထိုအချက်သည် သူမ ဆန်းလျန်ကို ဆန့်ကျင်ရန်ရသည့် အကြောင်းတစ်ချက်လည်း ဖြစ်နိုင်လေသည်။ သူမ မနာလိုဖြစ်ခဲ့သည်။ သူမ ဆန်းလျန်ကို အလွန်မှ မနာလိုဖြစ်ခဲ့လေသည်။

ကျင့်စူးသည် လှေကားထစ်များထက်တွင် ရှိမနေတော့ပါ။

သူမသည် ဆန်းလျန်လောက် စိတ်စွမ်းအား မကောင်းသည့်အတွက် ဖိအားများကို ရင်မဆိုင်နိုင်တော့ဘဲ ဆန်းလျန်ကြုံတွေ့နေရသည့် အဖြစ်အပျက်များကိုသာ ကြည့်နေမိလေသည်။ ဒြပ်စင် (၄)မျိုး၏ တိုက်ခိုက်ခြင်းကို ခံနေရသည့် ဆန်းလျန်၏ မူလဝိညာဉ်ခန္ဓာမှာ တဖြည်းဖြည်း အသိတရားများအားနည်းလာပြီး ပင်လယ်ပြင်တွင် အချိန်မရွေး နစ်မြုပ်သွားတော့မည့် လှေငယ်လေးအလား ဖြစ်နေရလေသည်။

သူမလည်း မည်သို့မှ ကူညီနိုင်မည်မဟုတ်သည်ကို ကျင့်စူးနားလည်လိုက်လေသည်။ သူမသည် ဆန်းလျန်ရှိနေသည့် နေရာအနားသို့ပင် တိုးကပ်သွားနိုင်ခြင်း မရှိပါ။

သို့သော်… သူမ ဒီအတိုင်းတော့ ကြည့်မနေနိုင်ချေ။

သူမနှင့် ဆန်းလျန်သည် ဒုက္ခသုက္ခများကို အတူတူရင်ဆိုင်ခဲ့ကြပြီး မြစ်ဝါကိုးကွေ့အရံအတားကိုလည်း ရင်ဆိုင်ခဲ့ကြ လေသည်။

သူမသည် ရုတ်တရက်ပင် အမိတ္တဘဟကျမ်းစာကို သတိရသွားမိလေသည်။ တာအိုဆရာအဘိုးအိုက ထိုကျမ်းစာကို ဘုန်းတော်ကြီးရာမကို ပေးရန် မှာကြားလိုက်လေသည်။

တာအိုဆရာအဘိုးအိုက သူမကို ထိုသို့ခိုင်းသည်ကိုကြည့်လျှင် ဘုန်းတော်ကြီးရာမသည် ဗဿနိုးနှင့် ပတ်သက်နေရ ပေမည်။ ဗိဿနိုးသည် စကြာဝဠာတစ်ခုလုံးတွင် စွမ်းအားအမြင့်မားဆုံးသူတစ်ယောက် ဖြစ်လေသည်။

ဗိဿနိုးသည် ဗုဒ္ဓကို ရှုံးနိမ့်ခဲ့သည့်တိုင် ဂုဏ်သိက္ခာတော့ ရှိနေဆဲ ဖြစ်လေသည်။ သူသည် အလွန်ကြောက်မက်ဖွယ် ရာကောင်းသည့် နတ်ဘုရားတစ်ပါး ဖြစ်နေဆဲ ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်ကို ကယ်တင်နိုင်ရန်အတွက် ဘုန်းတော်ကြီးရာမသည် ဗိဿနိုးထံတွင် အကူအညီတောင်းခံနိုင် ကောင်းမည်ဟု ကျင့်စူးက တွေးလိုက်မိလေသည်။

သူမ၏အလင်းအလျှင်ဖြင့် ခရီးသွားနှုန်းသည် အလွန်လျှင်မြန်လေရာ သွေးနီရောင်ပင်လယ်သို့ရောက်ရှိရန်အတွက် အချိန်သိပ်ပြီး မလိုအပ်ပေ။ ဆန်းလျန်သာ ခဏတောင့်ခံထားနိုင်ဦးမည်ဆိုလျှင် သူမသည် အကူအညီရှာတွေ့ ကောင်းရှာတွေ့နိုင်မည် ဖြစ်လေသည်။

ဘုန်းတော်ကြီးရာမက မကူညီချင်ဘူးဆိုလျှင်လည်း သူမသည် နတ်မိစ္ဆာအဓိပတိနန်းတော်သို့ ပြန်ပြီး ဆရာဘိုးဘိုးကြီးကို ရှာရန်သာ ရှိလေသည်။ သို့သော်... ထိုမျှလောက်အထိ အချိန်ကြာသွားလျှင် ဆန်းလျန်သည် တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်လာပါစေ အနည်းဆုံးတော့ သူမ ကြိုးစားကြည့်ရမည်ဖြစ်သည်။ ထို့ပြင် သူမအနေဖြင့်လည်း သွေးနီရောင်ပင်လယ်သို့ အနှေးနှင့်အမြန် သွားရမည်ပဲ မဟုတ်ပါလား။

ထိုသို့တွေးလိုက်ပြီးသည်နှင့် ကျင့်စူးသည် တစ်ချက်ပင် တုံ့ဆိုင်းမနေတော့ဘဲ သွေးနီရောင်ပင်လယ်သို့ အလင်းအလျှင်ဖြင့် လျှင်မြန်စွာ ထွက်ခွာလာခဲ့လေတော့သည်။ အချိန်(၁၅)မိနစ်အတွင်းမှာပင် သူမသည် သွေးနီရောင်ပင်လယ် သို့ ရောက်ရှိလာခဲ့လေသည်။

သူမက အမိတ္တဘဟကျမ်းစာကို ထုတ်လိုက်သည်နှင့် အလင်းတန်းတစ်ခုချက်ချင်းပ ပေါ်ထွက်လာပြီး သူမကို လောကငယ်လေးတစ်ခုအတွင်းသို့ ဆွဲခေါ်သွားလေသည်။ ထိုနေရာသည် တောင်တစ်တောင်ဖြစ်ပြီး တောင်ထိပ် တွင်စေတီတော်တစ်ဆူ ရှိနေလေသည်။ အလင်းတန်းသည် တောင်ထိပ်ရှိ စေတီတော်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

သူမရှေ့တွင် ဘုန်းတော်ကြီးတစ်ပါးကို တွေ့လိုက်ရလေသည်။ ထိုဘုန်းတော်ကြီးသည် ဘုန်းတော်ကြီးရာမဖြစ်မည် မှာပြောစရာပင် မလိုတော့ပေ။

"တာအိုဆရာတစ်ယောက်က ဒီအမိတ္တဘဟကျမ်းစာကို ဆရာတော်ဆီပို့ပေးခိုင်းလိုက်လို့ပါ ၊ ပြီးတော့ သူက ဗိဿနိုးကို တွေ့ချင်တယ်လို့လည်း မှာလိုက်ပါတယ်"

ကျင့်စူးက ချက်ချင်းပင် ပြောလိုက်လေသည်။

ဘုန်းတော်ကြီးရာမက ကျင့်စူးဆီမှ အမိတ္တဘဟကျမ်းစာကို လက်ခံယူလိုက်ပြီး လက်အုပ်ချီလိုက်လေသည်။

"ကျေးဇူးအများကြီးတင်ပါတယ် ဒကာမလေး ၊ ကျုပ်နားလည်ပါပြီ"

ကျင့်စူးက…

"ဒီကျမ်းစာကိုယူလာရင်းနဲ့ ပြဿနာလေး နည်းနည်းဖြစ်လာခဲ့တယ် ၊ ဆရာတော်များ လူတစ်ယောက်ကို ကယ်တင်ပေးဖို့ တတ်နိုင်မလားမသိဘူး"

ဘုန်းတော်ကြီးရာမက ကျင့်စူးကိုကြည့်ပြီး သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ကျုပ် သူ့ကို မကယ်နိုင်ပါဘူး"

ကျင့်စူးက…

"ဒါဖြင့် သူ့ကိုကယ်တင်ပေးဖို့ ဗိဿနိုးကိုပြောပေးလို့ရော ရနိုင်မလား"

ဘုန်းတော်ကြီးရာမက…

"ဗိဿနိုးလည်း သူ့ကို ကယ်နိုင်မှာ မဟုတ်ပါဘူး"

ဘုန်းတော်ကြီးရာမက ဆက်ပြောလိုက်လေသည်။

"အဲဒါက သူရင်ဆိုင်ရမယ့် အစစ်ဆေးခံရခြင်းဖြစ်သလို သူ့ရဲ့ ကံတရားလည်း ဖြစ်တယ် ၊ ဘေးလူတွေ ဘယ်သူမှ သူ့ကို ကူညီပေးနိုင်မှာမဟုတ်ဘူး ၊ အရာအားလုံးက သူ့အပေါ်မှာပဲ မူတည်နေပါတယ်"

All Chapters