အံ့သြစရာများဖြစ်လာနိုင်ဦးမှာလား
Vol. 7 Ch. 668
ကျင့်စူးက…
"ကျွန်မ ဆရာတော်ကို မယုံဘူး"
ထိုစကားကိုပြောပြီးသည်နှင့် သူမသည် ချက်ချင်းထွက်ခွာသွားလေတော့သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် နတ်မိစ္ဆာအဓိပတိနန်းတော်သို့ အမြန်ပြန်ချင်သောကြောင့်ဖြစ်လေသည်။ သူမ၏ ဆရာဘိုးဘိုးကြီးသည် ဆန်းလျန်ကိုကယ်တင်ပေးနိုင်မည်ဟု သူမက မျှော်လင့်ထားမိလေသည်။ ဆရာဘိုးဘိုးကြီး ကမကယ်တင်နိုင်ဘူးဆိုလျှင်တောင်မှ အနည်းဆုံးတော့ သူမအကောင်းဆုံးကြိုးစားကြည့်ရမည်လေ။
ဘုန်းတော်ကြီးရာမ၏မျက်ဝန်းများသည် ထွက်ခွာသွားသည့် ကျင့်စူးကို ငေးကြည့်နေခဲ့လေသည်။
သူ့လက်ထဲတွင်ကိုင်ထားသည့် အမိတ္တဘဟကျမ်းစာထဲတွင် ဗုဒ္ဓဘုရားပုံကို ပန်းထိုးထားသည့် ပုံတော်တစ်ပုံ ပါရှိလေသည်။ ထိုဗုဒ္ဓပုံတော်ကို ဖူးမျှော်လိုက်ရသည်နှင့် အဆုံးမရှိသည် ဉာဏ်ပညာဖြင့် ထာဝရမတည်မငြိမ်ဖြစ်နေ သည့်ပြဿနာများ ၊ စိုးရိမ်ပူပန်မှုများအားလုံးကို ဖြေရှင်းသွားနိုင်တော့မည့်အလား ခံစားရလေသည်။
ထိုပုံတော်သည် အော်မီတော်ဖူဘုရား၏ပုံတော်ဖြစ်လေသည်။ အနန္တတန်ခိုးဖြင့်ပြည့်စုံသော ဗုဒ္ဓဟုလည်း သိထားနိုင် လေသည်။ ကောင်းကင်ဘုံတွင် သူသည် ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားပိုင်ဆိုင်ထားသူ အနည်းငယ်တွင်တစ်ပါး အပါအဝင် ဖြစ်လေသည်။
ထိုအချိန်မှာပင်… စေတီတော်အောက်ခြေမှာ မျောက်တစ်ကောင်၏ ဦးခေါင်းထွက်ပေါ်လာလေသည်။
"အမိတ္တဘဟကျမ်းစာက ပျောက်ကွယ်သွားတာကြာပြီမဟုတ်လား ၊ အခု ဘယ်သူက ပေးလိုက်တာလဲ"
ဘုန်းတော်ကြီးရာမက နူးညံ့သည့်လေသံဖြင့်…
"ပြောကြတာတော့ တာအိုဆရာသခင်ထိုက်ယီက အနောက်ဘက်ကောင်းကင်ဘုံကိုသွားပြီး ကျမ်းစာ (၃)အုပ်ကို ယူခဲ့တယ်တဲ့ ၊ အဲဒီကျမ်းစာတွေထဲမှာ အမိတ္တဘဟကျမ်းစာလည်း ပါတယ်"
တာအိုဆရာသခင်ထိုက်ယီဆိုသည့်အမည်ကိုကြားသည်နှင့် ဟာနုမာန်သည် ချက်ချင်းပင် ရိုသေလေးစားသွားဟန် ဖြင့်…
"ဒါဆို ဗိဿနိုးကိုတွေ့ချင်တဲ့သူက တာအိုဆရာသခင်ထိုက်ယီလား ၊ သူသာဆိုရင်တော့ ဆရာတော်နဲ့ ဗိဿနိုးကြား ကပတ်သက်မှုကိုသိနေတာ မဆန်းတော့ပါဘူး"
ဘုန်းတော်ကြီးရာမက…
"အဲဒီလူက တာအိုဆရာသခင်ထိုက်ယီမဟုတ်ပါဘူး ၊ ဘာလို့လဲဆိုတော့ ကျုပ်ပဲဖြစ်ဖြစ် ဗိဿနိုးပဲဖြစ်ဖြစ် သူ့မျက်လုံးထဲမှာ အထင်ကြီးစရာမရှိပါဘူး ၊ အဲဒီလူဘယ်သူလဲဆိုတာ ကျုပ်သိပြီးပါပြီ ၊ ဗိဿနိုးလည်းသိမှာပါပဲ ၊ ဒီကိစ္စကို ဗိဿနိုးက ဖြေရှင်းပါလိမ့်မယ်"
ဟာနုမာန်မှာ ယခုအထိ မသိရှာသေးပေ။
သူက …
"ဗိဿနိုးနဲ့ ဗုဒ္ဓက တိုက်ခိုက်ခဲ့ကြသေးတယ်မဟုတ်လား ၊ တာအိုဆရာသခင်ထိုက်ယီရဲ့ တန်ခိုးစွမ်းအားတွေက ဗုဒ္ဓလိုပဲ မြင့်မားတယ် ၊ တာအိုဆရာသခင်ထိုက်ယီက ဘာလို့ ဗိဿနိုးကို အထင်သေးရမှာလဲ"
ဘုန်းတော်ကြီးရာမက ကြိုးစားပြီး ပြုံးလိုက်လေသည်။
"ဗိဿနိုးက သိပ်မာနကြီးတယ် ၊ ဒါကြောင့် သူက ဗုဒ္ဓကို စိန်ခေါ်ခဲ့တာပဲ ၊ ဒါပေမယ့် သူတို့လိုအဆင့်ကို မရောက် သေးသရွေ့ သူတို့လုပ်တဲ့အလုပ်တွေအပေါ် ဘယ်လိုလုပ် နားလည်နိုင်မှာလဲ"
ဟာနုမာန်က…
"ဟို ကောင်စုတ်လေး မာနကြီးပုံမျိုးနဲ့ သွားတူမှာပေါ့ ၊ အဲဒီ ကောင်စုတ်လေး အခုလို အစစ်ဆေးခံရမှုကို ကျော်လွှား နိုင်မယ်လို့ ဆရာတော် ထင်သလား"
ဘုန်းတော်ကြီးရာမက အေးဆေးသည့်လေသံဖြင့်…
"ကျုပ်လည်း မသိဘူးကွယ် ၊ ဒါပေမယ့် သူ ကျော်လွှားနိုင်မယ် ထင်တာပါပဲ"
ဟာနုမာန်က…
"ဘာဖြစ်လို့လဲ"
ဘုန်းတော်ကြီးရာမက…
"ဘာလို့လဲဆိုတော့ သူလုပ်တဲ့အလုပ်တွေက ထူးခြားတယ် ၊ သူက တာအိုဆရာသခင်ကြီးရဲ့ ဂုဏ်သိက္ခာနဲ့ တန်ခိုးစွမ်းအားတွေကိုတောင် စိန်ခေါ်ရဲတဲ့သူပဲ ၊ သူလုပ်နိုင်တယ်ဆိုတာကိုသိရရင် အခြားသူတွေလည်းလုပ်နိုင် ရမှာပေါ့ ၊ ဗုဒ္ဓကိုစိန်ခေါ်ခဲ့တဲ့အတွက် ဗိဿနိုးဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့ရတယ် ၊ ဒါပေမယ့် ကျုပ်ရာမကတော့ ယုံကြည်မှုတွေ ရှိနေဆဲပဲ"
ဘုန်းတော်ကြီးရာမပြောသည့်အဓိပ္ပါယ်ကို ဟာနုမာန်သည် ချက်ချင်းပင် နားလည်သွားလေသည်။ ဘုန်းတော်ကြီး ရာမသည် ဆန်းလျန်ကို အောင်မြင်စေချင်ဟန် ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် တာအိုဆရာသခင်ကြီးဆိုသည်က ထိပ်တန်းအဆင့်ဖြစ်ပြီး မည်သူမှ သူ့ကို စိန်ခေါ်ရဲခြင်း မရှိကြပေ။
သို့သော်… ဆန်းလျန်သာ အောင်မြင်ခဲ့မည်ဆိုလျှင် ရာမသည်လည်း ယုံကြည်မှုတစ်ခုကို ရရှိမည် ဖြစ်လေသည်။ ထိုယုံကြည်မှုသည် ဗိဿနိုးဆုံးရှုံးခဲ့ရသည့် ယုံကြည်မှုပင် ဖြစ်လေသည်။ ယခုတော့ ဘုန်းတော်ကြီးရာမသည် ထိုအချက်ကို ပြန်လည်ရှာဖွေရမည် ဖြစ်လေသည်။
ဗိဿနိုးသည် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်ပါသည်။ သို့သော်… ဗုဒ္ဓလောက်တော့ အဘယ်မှာ ကြီးမြတ်ခြင်း ရှိပါမည်နည်း။ ဘုန်းတော်ကြီးရာမသည် အဆုံးမရှိသည့် ဖြစ်နိုင်ချေများကို တွက်ချက်လျှက်ရှိလေ သည်။
……
ကျင့်စူးသည် သူမနေထိုင်ရာနေရာကို ပြန်ရန်အတွက် တာအိုပစ်မှတ်ကို သိသော်လည်း အချိန်နှင့်အာကာသကို ဖြတ်သန်းပြီး ပြန်လာရခြင်း ဖြစ်သည့်အတွက် နတ်မိစ္ဆာအဓိပတိနန်းတော်သို့ ရောက်ရန် နေ့တစ်ဝက်ခန့် အချိန်ကုန် ခဲ့လေသည်။
သို့သော်… နန်းတော်တစ်ခုလုံးကို ချိတ်စည်းပိတ်ထားပြီ ဖြစ်လေသည်။ သူမ မည်သည့်တန်ခိုး စွမ်းအားကို အသုံးပြုပါစေ နန်းတော်တံခါးသည် ပွင့်မလာတော့ပေ။
ဆရာဘိုးဘိုးကြီးသည် သူမပြန်လာသည်ကို ကျိန်းသေသိရှိရမည် ဖြစ်လေသည်။ သို့သော်… နန်းတော်တံခါးက ချိတ်စည်းပိတ်ထားပြီဖြစ်သည့်အတွက် သူမအနေဖြင့် နန်းတော်အတွင်းသို့ ဝင်ရန် မည်သည့်နည်းနှင့်မှမဖြစ်နိုင် တော့ပေ။
နန်းတော်ကို မည်သူမှ မတိုက်ခိုက်ရဲကြပေ။
ထို့ကြောင့် နန်းတော်တံခါး တင်းကြပ်စွာပိတ်ထားခြင်းမှာ လာရောက်တိုက်ခိုက်မည့် ရန်သူများကိုကာကွယ် ထားခြင်းမဟုတ်ဘဲ နန်းတော်အတွင်းမှလူများ အပြင်သို့ မထွက်စေရန် တံခါးပိတ်ထားခြင် ဖြစ်ဟန်တူလေသည်။
ထိုအဓိပ္ပါယ်ကို ကျင့်စူးသည် ချက်ချင်းနားလည်သွားလေသည်။
ယခင်တစ်ကြိမ် နတ်မိစ္ဆာအဓိပတိနန်းတော်ကို ချိတ်စည်းပိတ်စဉ်အခါတုန်းက မိုး ၊ မြေ နှင့် စကြာဝဠာတစ်ခုလုံးတွင် ဘေးအန္တရယ်ဆိုးကြီးတစ်ခု ကျရောက်ခဲ့စဉ်က ဖြစ်လေသည်။
ယခုတစ်ကြိမ်လည်း ထိုသို့ပင် ဖြစ်ရပေမည်။
သို့သော် ယခုတော့ ကျင့်စူးသည် နန်းတော်အတွင်းသို့ ဝင်မရသည့်အတွက် သူမကိုယ်တိုင်သည် ဘေးအန္တရယ်ကြီး ၏အစိတ်အပိုင်းဖြစ်နိုင်လေသည်။ သူမသည် ဘေးအန္တရယ်ကျရောက်မည်ကို မကြောက်ပါ။ သို့သော် ဆန်းလျန်ကိုတော့ သနားနေမိလေသည်။
သူမသည် တာဝန်မကျေသည့်ခံစားချက်များကိုခံစားရင်း အပြာရောင်ခရီးရှည်နန်းတော်သို့ ပြန်လာခဲ့လေသည်။ သူမ ပြန်ရောက်လာသည့်နေ့သည် (၂)ရက်မြောက်နေ့ ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။
နံနက်ခင်းနေရောင်သည် ပင်လယ်ထက်တွင်တောက်ပနေပြီး ရွှေရောင်အလင်းတန်းများသည် နေရာအနှံ့တွင် တောက်ပနေလေသည်။ ကြည့်လင်တောက်ပနေသည့်ရောင်ခြည်များသည် နေရောင်ကို ရောင်ပြန်ဟပ်နေလေ သည်။ ရှုခင်းသည် အလွန်မှလှပလွန်းပြီး ရင်သပ်ရှုမောဖွယ်ရာဖြစ်လေသည်။ သို့သော်… ကျင့်စူးသည် ထိုမျှလှပ သည့် ရှုမျှော်ခင်းကို နည်းနည်းလေးပင် စိတ်မဝင်စားခဲ့ပေ။
သူမ အပြာရောင်ခရီးရှည်နန်းတော်သို့ရောက်လာသည့်အချိန်တွင် ဒြပ်စင် (၄)မျိုးသည် အနည်းငယ် ငြိမ်သက်နေပြီ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် အပြာရောင်ခရီးရှည်နန်းတော်၏ ထူးခြားသည့် လက္ခဏာကြောင့် ဒြပ်စင် (၄)မျိုးသည် အပိုင်းပိုင်းအစစ စတင် ပြိုကွဲစပြုနေပြီ ဖြစ်သည့်အတွက် ဖြစ်လေသည်။
ဆန်းလျန်မှာ အသိတရားရှိနေသေးသည်ကိုတွေ့ရသည့်အခါ ကျင့်စူး အတော်လေးအံ့သြသွားရလေသည်။ သို့သော်… ဆန်းလျန်သည် ယခင်နေ့များထက်တော့ များစွာအားနည်းနေခဲ့လေသည်။
ဆန်းလျန်သည် ငြိမ်းခါနီးမီးတောက်ကလေးတစ်ခုနှင့်ပင် တူလေသည်။ လေအနည်းငယ်တိုက်ခတ်ရုံဖြင့် မီးတောက်လေးသည် ငြိမ်းတော့မည့်အလား မှေးမှိန်သွားရလေသည်။ သို့သော်… ဟိုဘက်ဒီဘက် လှုပ်ရမ်းနေပြီး အပြီးတိုင် ငြိမ်းသွားခြင်းမျိုးတော့ မဖြစ်သေးပေ။
အံ့သြနေသူမှာ ကျင့်စူးတစ်ယောက်တည်း မဟုတ်ပါပေ။
ယွမ်ကျွင်းဧကရီမှာလည်း များစွာ အံ့သြနေရလေသည်။
ဆန်းလျန်သည် သေလူတစ်ယောက်ဖြစ်နေပြီး စိတ်ပျက်အားလျော့နေသည်မှာလည်း ထင်ရှားနေလေသည်။ အဘယ့်ကြောင့် သူသည် ခေါင်းမာစွာဖြင့် တောင့်ခံထားရပါသနည်း။
လှေကားထစ်များထက်ဆီမှ လင်ပေါင်ထျန်းကျွင်း၏ပုံရိပ်သည် တည်ရှိနေပါသေးသည်။ သို့သော်… ထင်ယောင်ထင်မှားပုံရိပ်ယောင်တစ်ခုအလား မှုံဝါးဝါး ဖြစ်နေလေသည်။
ကြီးမြတ်သည့်နတ်ဘုရား၏ ပုံရိပ်အောက်တွင် ဆန်းလျန်သည် ဖုံမှုံ့လေးအလား သေးနုတ် သိမ်ငယ်လှလေသည်။ သူ့အနေဖြင့် အဆုံးထိ တောင့်ခံထားပြီး တိုက်ခိုက်နေရန် လိုအပ်ပါသလား။ ထိုအတွေးများသည် ဆန်းလျန်၏ ခေါင်းထဲတွင် ပျံ့နှံ့နေလေသည်။
ယခင်အချိန်များတုန်းက သူ့ဘဝတွင် ထိုမျှ စိတ်ဓာတ်ကျရမှုမျိုးကို တစ်ခါမှ ကြုံတွေ့ခဲ့ရဖူးခြင်း မရှိပေ။ သူသည် ယခင်အချိန်များတုန်းက ဖြစ်နိုင်သမျှ နည်းလမ်းများစွာဖြင့် ကြိုးစားခဲ့သည်ချည်းပဲ ဖြစ်လေသည်။
တာအိုဆရာသခင်ကြီးတစ်ပါးအတွက်တော့ ဆန်းလျန်သည် ကစားစရာအရုပ်လေးတစ်ခုမျှသာပဲလား…။
ဆန်းလျန်ဘဝတစ်လျှောက်လုံး ကြိုစားအားထုတ်ခဲ့သမျှ အရာအားလုံး ပျက်စီးသွားစေရန်အတွက် သူ့ရှေ့မှ နတ်ဘုရားသည် မည်သည့်တန်ခိုးစွမ်းအားကိုမှပင် အသုံးပြုခဲ့ခြင်း မရှိပေ။
တကယ်တော့… သူ့အနေဖြင့် စန့်ချင်တာအိုဆရာသခင်ကို အနိုင်ယူရန် မကြိုးစားခဲ့သင့်ပေ။
ယခုတော့ သူ့ဘဝတစ်လျှောက်လုံး ပြုလုပ်ခဲ့သမျှ အလုပ်များအားလုံးတွင် အမိုက်မဲဆုံးအလုပ်တစ်ခုကို လုပ်ခဲ့မိပြီ ဖြစ်လေသည်။
ယခုတော့ သူ၏အတ္တကြီးခြင်းနှင့် မာန်မာနထောင်လွှားခြင်းတို့အတွက် မယုံကြည်နိုင်လောက်အောင် ပြန်လည် ပေးဆပ်နေရပြီ ဖြစ်လေသည်။
ဒြပ်စင် (၄)မျိုး၏တိုက်ခိုက်နေမှုကြောင့် ဆန်းလျန်၏အသိတရားသည် အချိန်မရွေးပျောက်ကွယ်သွားနိုင်လေသည်။ ထိုအခါ မရှိမှုကျေးရွာတွင် အပ်နှင်းထားသည့် သူ၏ ဝိညာဉ်အစစ်အမှန်သည်လည်း ပျောက်ကွယ်သွားရတော့မည် ဖြစ်လေသည်။
ကျောက်စိမ်းကျိုင်းတံသည် သူ၏ မာန်မာနများကိုသာမက သူ၏ ပြည့်ဝစုံလင်ခြင်းနှင့် အရာအားလုံးကိုပါ ရိုက်ချိုးပစ်ခဲ့ပြီ ဖြစ်လေသည်။ သူသည် သာမန်လူသားတစ်ယောက် လုံးလုံးဖြစ်သွားခဲ့လေသည်။ သာမန်ထက် ဘာမှမပိုခဲ့ပေ။ အတိတ်တစ်ချိန်က ဘာမှမဟုတ်သည့် သာမန် တောသားလေး ဆန်းလျန်အလားပင် ဖြစ်လေသည်။ သူသည် သက်ရှိတစ်ယောက်မျှသာ ဖြစ်လေသည်။
သူသည် ခံစားနေရလေသည်။
သူမုန်းတီးသည့် လူ့အဖွဲ့အစည်း… ၊ သူချစ်ခင်ရသူများနှင့် ဝေးကွာခဲ့ရခြင်းများ ၊ သူလိုချင်သည့်ဆန္ဒများကို ဖြည့်ဆည်းခွင့်မရခဲ့ခြင်းများ။
သူခံစားရသည့် နာကျင်မှု ၊ ခက်ခဲပင်ပန်းမှု ၊ သူ့ဘဝတစ်လျှောက်လုံး ခံစားခဲ့ရသည့် ဒုက္ခသုက္ခများသည် နတ်ဘုရားတစ်ပါးဖြစ်သွားခြင်းကြောင့်တော့ ပျောက်ကွယ်သွားခဲ့ခြင်း မရှိခဲ့ပါ။
စန့်ချင်တာအိုဆရာသခင်၏ "စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" ကျင့်စဉ်သည် လင်ပေါင်ထျန်းကျွင်း၏ပုံရိပ်ကို စိတ်ထဲတွင် ပုံဖော်ရုံမျှဖြင့် ဆန်းလျန်ကို ပြီးပြည့်စုံစေသူတစ်ယောက် ဖြစ်စေခဲ့သည်။ သို့သော်… ထိုအရာသည် သူ အစစ်အမှန်မဟုတ်ပေ။
ယခုအချိန်တွင်တော့…
ဆန်းလျန်သည် သူ၏ အသိတရားဖြင့် လွတ်လပ်စွာ တည်ရှိနေခဲ့ပြီ။
သို့သော် အချိန်တန်လျှင်တော့ သူသည် ဘာမှမရှိသည့် အရာတစ်ခုအဖြစ် ပျောက်ကွယ်သွားရတော့မည် ဖြစ်လေသည်။ သူ ပျောက်ကွယ်မသွားချင်သေးပေ။ အဘယ်ကြောင့်ဆိုသော် အသက်ဆက်ရှင်ချင်သောကြောင့် ဖြစ်လေသည်။
သူ… ဤလောကမှ ပျောက်ကွယ်မသွားချင်သည့် အကြောင်းအရာ များစွာရှိလေသည်။
သူ ချန်ကျန့်မေကို အသက်ရှင်လျှက် ပြန်တွေ့ချင်မိသေးသည်။ ကူးချိုင်ဝေ့ကိုလည်း ပြန်လည် ရယူချင်မိသည်။ သူ့ကို နတ်ဘုရားတစ်ပါးဖြစ်လာသည်အထိ သွန်သင်ပြသပေးသည် ဆရာသခင်ကျန်းရော့ရွှီးကိုလည်း သူ့ရှေ့တွင် ပြန်ပေါ်လာစေချင်သည်။
သူ့ဘဝတွင်အရေးပါသည့် လူတစ်ယောက်ချင်းစီသည် သူ့ခေါင်းထဲတွင် တစ်ယောက်ပြီးတစ်ယောက် ပြန်ပေါ်လာ လေသည်။
ထောင်ပေါင်းများစွာသောတန်ခိုးစွမ်းအားများကိုသိမြင်ပြီး တာအို၏အဆုံးမရှိမှုကို သိမြင်ထားသည့် ကောင်းမွန်မြင့်မြတ်သည့်သည့်လူငယ်တစ်ယောက်ဖြစ်သည့်…. ဆန်းလျန်…။
သူသာ ယခုလိုပုံစံမျိုးဖြင့် လောကမှ ပျောကွယ်သွားမည်ဆိုပါက သူမြတ်နိုးရသည့် ကျိလင်နတ်သမီးသည် သူ့ကို အလွန်စိတ်ပျက်သွားပေလိမ့်မည်။
သူမသည်….. သူ့ကို အလွန်စိတ်ပျက်သွားပေလိမ့်မည်။
သို့သော်… ယခုကဲ့သို့ ဘဝ၏နောက်ဆုံးအချိန်သို့သာ ရောက်ရှိရခြင်းမရှိပါက လောကတွင် သူဂရုစိုက်သည့် လူပေါင်းများစွာရှိသည်ကို သူနားလည်ခွင့်ရခဲ့မည် မဟုတ်ပေ။
ဆုံးရှုံးရသည့်အချိန်မှသာ တန်ဖိုးကို နားလည်ကြရသည်ပဲ မဟုတ်ပါလား။ ဤသည်မှာ လူတို့၏ ဖြစ်တတ်သည့် သဘောသဘာဝပင် ဖြစ်လေသည်။
ပျောက်ကွယ်မသွားချင်သေးသည့်ဆန္ဒများစွာဖြင့် ဆန်းလျန်သည် နောက်ထပ်တစ်ရက် တောင့်ခံထားခဲ့ပြန် လေသည်။
ဒြပ်စင် (၄)မျိုးမှာ ပြိုကွဲနေပြီဖြစ်သည့်တိုင် ဆန်းလျန်ကို ပိုပြီးပြင်းထန်စွာ တိုက်ခိုက်နေလေသည်။
မှုံဝါးဝါးဖြစ်နေသည့် လင်ပေါင်ထျန်းကျွင်း၏ ပုံရိပ်သည် အနည်းငယ် သိပ်သည်းလာလေသည်။ အစစ်အမှန်ဖြစ်သည့် စန့်ချင်တာအိုဆရာသခင်ကိုယ်တိုင် လောကသို့ ဆင်းသက်လာသည့်အလား ထင်မှတ်ရလေသည်။
ဆန်းလျန် တစ်စုံတစ်ခုကို ဖြည်းဖြည်းချင်း နားလည်လာလေသည်။ လင်ပေါင်ထျန်းကျွင်း၏ပုံရိပ် တဖြည်းဖြည်း သိပ်သည်းလာရခြင်းမှာ သူ့ထံမှ အသိတရားကို စုပ်ယူနေခြင်းကြောင့် ဖြစ်လေသည်။
လင်ပေါင်ထျန်းကျွင်း၏ မျက်နှာသည် တဖြည်းဖြည်းကြည်လင်ပြတ်သားလာလေသည်။ ထိုအခါ လင်ပေါင်ထျန်းကျွင်း၏ မျက်နှာသည် အံ့သြစရာကောင်းလှစွာ ဆန်းလျန်နှင့် အလွန်ဆင်တူနေသည်ကို တွေ့လိုက်ရ လေသည်။ ထို "သူ" သည် ဆန်းလျန်၏ အသိတရားများ ရောင်ပြန်ဟပ်နေခြင်းဖြစ်ပြီး လင်ပေါင်ထျန်းကျွင်း၏ ပုံသဏ္ဍန် အစစ်အမှန်တော့မဟုတ်ပေ။
ထိုအခါ ဆန်းလျန်ခေါင်းထဲသို့ စိတ်ပျက်ဖွယ်ရာ အတွေးတစ်ခု ဝင်ရောက်လာလေသည်။ သူ၏အသိတရားများကို စုပ်ယူစားသုံးပြီး လင်ပေါင်ထျန်းကျွင်းသည် ဤလောကသို့ အမှန်တကယ် ရောက်ရှိလာရန် ကြိုးစားနေခြင်းများ လား…။
ဆန်းလျန်သည် ထို့ထက်ပိုပြီး မတွေးနိုင်တော့ပါ။ အဘယ့်ကြောင့်ဆိုသော် လင်ပေါင်ထျန်းကျွင်း၏ ပုံရိပ်က ပိုပြီး သိပ်သည်းလာလေလေ ၊ သူ၏အသိတရားမှာလည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာလေလေ ဖြစ်သောကြောင့်ပင်။ ယခုတစ်ချိန်တွင်တော့… သူပျောက်ကွယ်သွားလိုခြင်းမရှိသည့်တိုင် တောင့်ခံနိုင်ခြင်း မရှိတော့ပေ။
"ဒီလိုအချိန်မှာတောင်မှ နောက်ထပ်အံ့သြစရာကောင်းတာတွေ ဖြစ်လာနိုင်ဦးမယ်လို့ မင်းထင်သလား"
ယွမ်ကျွင်းဧကရီက ကွေလိကို မေးလိုက်လေသည်။
ဆန်းလျန် ယခုအချိန်ထိ တောင့်ခံနေနိုင်ခြင်းကြောင့် ကွေလိသည်လည်း အတော်လေး စိုးရိမ်နေခဲ့လေသည်။
သို့သော်… သူမ သက်ပြင်းတစ်ချက်ချကာ စိတ်သက်သာရာရသွားသည့် အချိန်တစ်ခုသည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့လေသည်။