တန်ခိုးနည်းနည်းပေးပါ
Vol. 7 Ch. 670
ဆန်းလျန်၏ လက်ရှိအခြေအနေမှာ စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းကျင့်စဉ်ကို စတင်ကျင့်ကြံသည့်အချိန်တွင် လင်ပေါင်ထျန်းကျွင်း၏ပုံရိပ်ကို စိတ်ထဲတွင်ပုံဖော်ကြည့်သည့်အချိန်နှင့် အလွန်ဆင်တူလေသည်။ အချိန် (၂)ခုစလုံး သည် အထီးကျန်လွန်းပြီး အမျောင်ထုဖုံးလွှမ်းနေလေသည်။ ထိုအချိန်တွင် စန့်ချင်တာအိုဆရာသခင် တစ်ပါးတည်း သူ့ရှေ့တွင် ပေါ်လာခြင်း ဖြစ်လေသည်။
မတူညီမှုတစ်ခုတော့ရှိလေသည်။ ယခုအချိန်မှာ ဆန်းလျန်၏ "ငါ" ဆိုသည့် ခံစားချက်ပြန်ပေါ်လာသည့် ပထမဆုံး အချိန်ဖြစ်နေခြင်းပင် ဖြစ်လေသည်။
မည်မျှပင်ကြိုးစားရုန်းကန်ပါစေ စိတ်ပျက်အားလျော့ခဲ့ရပြီး လွတ်လမ်းမရှိသည့်အခြေအနေကို ရင်ဆိုင်လိုက်ရသည့် တိုင် ယခုတော့ ဆန်းလျန်သည် စိတ်ပျက်နေခြင်း မရှိတော့ပါ။ ထို့ပြင် စန့်ချင်တာအိုဆရာသခင်၏စကားများဖြင့် သူ့ကိုယ်သူ ပြန်လည်း ဆန်းစစ်ကြည့်ခဲ့လေသည်။
သူသည် တာအိုဆရာသခင်ကြီးကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့်အတွက် ရှုံးနိမ့်ခဲ့ရပြီး တစ်စစီဖြစ်သည်အထိ နာကျင် ခံစားခဲ့ရလေသည်။ ဘဝတစ်ခုလုံး စိတ်ပျက်အားလျော့ဖွယ်အကောင်းဆုံး အတွေ့အကြုံကို ကြုံတွေ့ခဲ့ရလေသည်။ သို့သော်… ထိုအတွေ့အကြုံသည် လောကရှိလူသားတိုင်းအတွက် အဖိုးအတန်ဆုံး အတွေ့အကြုံဖြစ်လေသည်။
သေခြင်းတရား၏ အတွေ့အကြုံကိုရင်ဆိုင်ခဲ့ရလေသည်။ ထိုအတွေ့အကြုံအားဖြင့် သူသည် တန်ဖိုးရှိသည့်အရာ အတော်များများကို ရရှိခဲ့လေသည်။ သူအသက်ဆက်ရှင်သန်နေသရွေ့ ထိုအတွေ့အကြုံသည် ဗုဒ္ဓ၏အဆုံးအမများကဲ့သို့ တည်ရှိနေလိမ့်မည် ဖြစ်လေသည်။
အပြာရောင်ခရီးရှည်နန်းတော်ထဲမှ လင်ပေါင်ထျန်းကျွင်း၏ပုံရိပ်သည် ယခင်ကအတိုင်း မှုံဝါးဝါးပြန်ဖြစ်သွားလေ သည်။
ထိုပုံရိပ်သည် စန့်ချင်တာအိုဆရာသခင်၏ ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သည့်တိုင် ဆန်းလျန်အနေဖြင့် မည်သို့မျှ အနိုင်မယူနိုင်သည်ကို သိရှိသွားပြီ ဖြစ်လေသည်။ သို့သော်… သူက စန့်ချင်တာအိုဆရာသခင်နှင့်ပတ်သက်ပြီး စိတ်ပူပန်ခြင်း မရှိတော့ပါ။ သူမလုပ်နိုင်သည့်အလုပ်တစ်ခုကို သတ္တိရှိစွာဖြင့် ပြုလုပ်ခဲ့ပြီးပြီ ဖြစ်လေသည်။
သူ့အနေဖြင့် နောက်မျိုးဆက်သစ်များအတွက် ဒဏ္ဍာရီဆန်သည့်နတ်ဘုရားတစ်ပါးဖြစ်လာရန်ကြိုးစားခြင်းထက် လက်ရှိအချိန်ကို လက်တွေ့ကျကျရင်ဆိုင်ပြီး အမှောင်ထဲမှ ရုန်းထွက်ရန် သိမြင်ခဲ့ရလေသည်။
ဆန်းလျန်သည် မတ်တပ်ထရပ်လိုက်ပြီး အမှောင်ထုထဲမှ ထွက်ခွာသွားလေသည်။
လျှောက်ရသည့်လမ်းသည် အဆုံးမရှိပေ။ အမှောင်ထဲတွင် သူတစ်ယောက်တည်း အချိန်မည်မျှကြာအောင် လျှောက်လှမ်းနေရမည်ကိုလည်း သူမသိနိုင်ပေ။ သူသည် အတိတ်မှ ပစ္စုပ္ပန်သို့ လမ်းလျှောက်လာခဲ့ပြီး ပစ္စုပ္ပန်မှ အနာဂတ်သို့ ဆက်လက်လျှောက်လှမ်းရမည် ဖြစ်လေသည်။
အမှောင်ထုသည် သူ၏ထာဝရနေထိုင်ရာနေရာ မဟုတ်ပါ။
အလင်းနှင့်အမှောင်သည် ထာဝရတည်မြဲရာ စစ်မှန်သည့် အရာများ ဖြစ်လေသည်။ ဆန်းလျန်သည် လမ်းလျှောက်လာရင်း မီးအိမ်တစ်ခုအလား တဖြည်းဖြည်း လင်းလက်လာလေသည်။ အလင်းရောင် မိုးနှင့်မြေရှိ အရာအားလုံးကို သူသိရှိနားလည်ထားသည့် အသိပညာအားလုံး၏ အစိတ်အပိုင်း ဖြစ်လေသည်။
သစ်ပင်ထက်တွင်ရှိနေသည့် ပိုးတုံးလုံးလေးသည် တွန့်လိမ်သွားပြီး အလင်းတန်းများ ဖြာလင်းလာလေသည်။ ထို့နောက် ပိုးတုံးလုံးလေးကို ရစ်ပတ်ထားသည့် ပိုးအိမ်များသည် ပျက်စီးသွားပြီး အထဲမှ အလင်းတန်းများ တောက်ပစွာ ထွက်ပေါ်လာလေသည်။
နွေဦးအိပ်မက်လေးအလား ပိုးအိမ်ထဲမှ လိပ်ပြာလေးတစ်ကောင် ပျံသန်းထွက်ပေါ်လာလေသည်။ လိပ်ပြာလေးသည် သဲလွန်စပင်မကျန်တော့ပဲ လောကတစ်ခုလုံးနှင့် ပေါင်းစပ်သွားလေတော့သည်။
ယခုဖြစ်တည်လာသည့် လောကအသစ်အတွင် စန့်ချင်တာအိုဆရာသခင်သည် အဓိကကျလေသည်။ မရေမတွက်နိုင်သည့် နိယာမများကို ပြည့်ဝစွာအသုံးပြုပြီး ဖန်ဆင်းထားလေသည်။ နော်ကဆုံးတွင်တော့ နိယာမတရားများသည် စန့်ချင်တာအိုဆရာသခင်၏ ပုံရိပ်ယောင်ဆီသို့ အတူတကွ စုစည်းသွားကြလေသည်။
ဆန်းလျန်မှ အသွင်ပြောင်းထားသည့် လိပ်ပြာငယ်သည် ဗလာနယ်၏ အလယ်တွင် တည်ရှိနေလေသည်။ နိယာမတရားများသည် လောကတစ်ခုလုံးကို မုန်တိုင်းတစ်ခုအလား ဝင်ရောက်စီးနင်းသည်ကို ခွင့်ပြုလိုက်လေ သည်။
သို့သော်…. သူကတော့ လှုပ်ရှားမှုကင်းမဲ့စွာဖြင့် ရပ်တန့်နေခဲ့လေသည်။
သူသည် လိပ်ပြာလေးတစ်ကောင်လည်းဖြစ်သလို မရှိမှုတရားလည်း ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်ပြုလုပ်သမျှကို ယွမ်ကျွင်းဧကရီနှင့် ကျင့်စူးသည် မျက်တောင်မခတ်ကြည့်နေကြလေသည်။ လောကနိယာမတရားမှ ဖြစ်တည်လာသည့် မုန်တိုင်းများသည် မိုးကြိုးသံများ ထွက်ပေါ်လာပြီး စန့်ချင်တာအိုဆရာ သခင်၏ပုံရိပ်ဆီသို့ ဝင်ရောက်သွားလေသည်။
စန့်ချင်တာအိုဆရာသခင် ရပ်နေသည့်ဗလာနယ်ထဲတွင် အဖျက်စွမ်းအားများ ဖြစ်ပေါ်လာလေသည်။ အသစ်ဖြစ် တည်လာသည့် လောကငယ်သည် အဖျက်တရားများကို လက်ခံယူလိုက်လေသည်။
ထိုအဖျက်တရားသည် လောကကိုဖျက်စီးသည့် စစ်မှန်သည့်အင်အားစု ဖြစ်လေသည်။ လောကသည် သေးငယ်လှသည့်နေရာလေးတွင် စတင်မွေးဖွားခဲ့သည့်တိုင် လောကတစ်ခုသာဖြစ်ပြီး စိတ်ကူးယဉ်မှုတစ်ခု မဟုတ်ပေ။
မငြိမ်သက်ဖြစ်နေသည့် နိယာမတရားမုန်တိုင်းများသည် အဖျက်စွမ်းအားများကို လက်ခံလိုက်ပြီး စန့်ချင်တာအိုဆရာသခင်ကို မရှိမှုတရားဆီသို့ တွန်းပို့နေလေသည်။
မရပ်မနားဖျက်စီးနေသည့် မုန်တိုင်းကြားတွင် မြင့်မြတ်သည့်နတ်ဘုရားသည် တဖြည်းဖြည်း ပျက်ပြယ်စပြုလာလေ သည်။
ငရဲငယ်တစ်ခုဟုခေါ်ဆိုနိုင်သည့် ထိတ်လန့်ဖွယ်ရာအခြေအနေအောက်တွင် တာအိုဆရာသခင်ကြီး၏ ကြီးမြတ်ခြင်း နှင့်ခမ်းနားထည်ဝါမှုများသည် တဖြည်းဖြည်းဖယ်ရှားခံလိုက်ရလေသည်။
ကျင့်စဉ်လမ်း၏အတွေးအခေါ်များသည် တစ်လွှာပြီတစ်လွှာ တာအိုဆရာသခင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ပျံ့နှံ့နေ လေသည်။
ကျင့်စူးသည် အခြေအနေတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားသည့် မျက်နှာထားဖြင့် ကြည့်နေလေသည်။
ဤကိစ္စများဖြစ်သွားပြီးသည့်နောက်တွင် သူမနေထိုင်ရာ အသူရာချောက်မြောက်ပိုင်းတွင် အံ့သြထိတ်လန့်စရာ ကောင်းသည့် အပြောင်းအလဲတစ်ခုနှင့် ဖြစ်လာတော့မည်ကို သူမ ကျိန်းသေသိလိုက်ရလေ သည်။ သူမအတွက် "ဖိန်နတ်မိစ္ဆာဘုရင်" နှင့် အဆင့်အတန်းတူညီနိုင်သည့် မျှော်လင့်ချက်ကို ရရှိလိုက်လေသည်။ ထို့ပြင် ကြီးမြတ်သည့် နတ်မိစ္ဆာဘုရင် (၇)ပါးထက် သာလွန်သည့်အဆင့်ကို သူမ ရောက်ရှိနိုင်လေသည်။
အဘယ်ကြောင့်ဆိုသော်… "ဖိန်နတ်မိစ္ဆာဘုရင်" ကိုင်တိုင်သည်ပင် တာအိုဆရာသခင်ကြီး၏ တန်ခိုးစွမ်းအားများကို မြင်တွေ့ရန် အခွင့်အရေးမရရှိခဲ့သောကြောင့် ဖြစ်လေသည်။
ဆရာဘိုးဘိုးကြီးခွန်ဖိန်သည် အလွန်မှ တန်ခိုးစွမ်းအားမြင့်မားပါသည်။ များပြားလှစွာသည့် တာအိုဆရာသခင်ကြီး များနှင့်လည်း ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်သူ ဖြစ်ပါသည်။ သို့သော်… ဆရာဘိုးဘိုးကြီးသည် တာအိုဆရာသခင်ကြီး တစ်ပါးတော့ မဟုတ်ခဲ့ပေ။
ယွမ်ကျွင်းဧကရီ၏ စိတ်များသည်လှိုင်းထလျှက်ရှိလေသည်။
အဘယ်ကြောင့်ဆိုသော် သူမ၏ဆရာ ယခုကဲ့သို့ ထိပ်တန်းအဆင့်တန်ခိုးပြသည်ကို တစ်ခါမှ မတွေ့မြင်ဖူးသော ကြောင့် ဖြစ်လေသည်။ စန့်ချင်တာအိုဆရာသခင် တန်ခိုးပြနေခြင်းသည် အလွန်မှ နက်နဲလွန်းလေသည်။ သို့သော် ထိုအဓိပ္ပါယ်ကို သာမန်လူသားများသည်လည်း နားလည်နိုင်လေသည်။ သာမန်လူသားများသာ လင်ပေါင်ထျန်းကျွင်း ထိုသို့တန်ခိုးပြခြင်းကို မြင်တွေ့ရပါက ချက်ချင်းပင် နတ်ဘုရားတစ်ပါး ဖြစ်သွားနိုင်လေသည်။
သို့သော် စန့်ချင်တာအိုဆရာသခင် လက်ရှိပြသနေသည့် တန်ခိုးစွမ်းအားများသည် မိုးမြေ၏နက်ရှိုင်းသည့် သဘောတရားမဟုတ်သေးပါ။ လောကအသစ်တစ်ခုကို ဖန်ဆင်းပြပြီး ထာဝရဖြစ်သည့် စစ်မှန်သည့် "ငါ" ကို ပြသ နေခြင်းပင်ဖြစ်လေသည်။
ဤအချက်သည် ဆန်းလျန်ကို သတိပေးနေခြင်း ဖြစ်လေသည်။
အသူရာချောက်ဖြစ်ပါစေ ၊ ကမ္ဘာမြေဖြစ်ပါစေ ၊ စကြာဝဠာထဲမှ နဂါးငွေ့တန်းဖြစ်ပါစေ ၊ မိုးနှင့်မြေဖြစ်ပါစေ… ထိုအရာများအားလုံးသည် မတည်မြဲနိုင်ဆိုသည့် အချက်ကို ပြသနေခြင်း ဖြစ်လေသည်။
နောက်ဆုံးတွင်တော့ အရာအားလုံးကို ကျော်လွန်နိုင်သည့် "ငါ" ဆိုသည့်အရာသာလျှင် ကျန်ရစ်ခဲ့လေသည်။ ထိုသို့ "ငါ" ဆိုသည့်အရာကျန်ရစ်ခဲ့သူ မည်သူမဆို တာအိုဆရာသခင်ကြီး ဖြစ်လာလိမ့်မည် ဖြစ်လေသည်။ တာအိုဆရာသခင်ကြီးတစ်ပါးသည်ကား အရာအားလုံးဖြစ်လေသည်။
အရာအားလုံးသည် ပျက်စီးပျောက်ဆုံးရမည်ဖြစ်ပြီး အားလုံးသောအရာများသည် မရှိမှုသို့ ပြောင်းလဲသွားရမည် ဖြစ်လေသည်။ သို့သော်… တာအိုဆရာသခင်ကြီးတစ်ပါးကတော့ ထိုအရာများအားလုံးကို ရင်ဆိုင်နိုင်လေသည်။
ထို့ကြောင့် တာအိုဆရာသခင်ကြီး၏ပုံသဏ္ဍန်သည် ဆန်းလျန်နှင့်တူနေခြင်း သို့မဟုတ် အခြားသူများနှင့် တူနေခြင်း ဖြစ်ပါက ထူးဆန်းစရာ မရှိပါ။ ဆန်းလျန်က တာအိုဆရာသခင်ကြီးသည် ဤလောကသို့ရောက်လာနိုင်ရန်အတွက် သူ့ကိုအသုံးပြုသည်ဟု တွေးထင်ခဲ့မိလေသည်။ သို့သော် ထိုအတွေးများသည် မည်မျှ အဓိပ္ပါယ်မဲ့လိုက်ပါသနည်း။
အတန်ကြာသည့်အခါတွင်တော့ အဖျက်တရားစွမ်းအားများသည် တဖြည်းဖြည်းငြိမ်သက်သွားလေသည်။
စန့်ချင်တာအိုဆရာသခင်ကိုတော့ အရိပ်အယောင်မျှပင် မမြင်ရတော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
အပြာရောင်ခရီးရှည်နန်းတော်၏ခန်းမဆောင်သို့သွားရာ လှေကားထစ်များသည်လည်း ယခင်အတိုင်း ပုံမှန်ပြန်ဖြစ် သွားပြီဖြစ်လေသည်။ မည်သည့်အရာမှ ဖြစ်ပျက်ခဲ့ခြင်း မရှိသည့်အလား ပုံမှန်အတိုင်း အခြေအနေဖြစ်နေခဲ့လေပြီ။
လှည့်ပတ်နေသည့် ဒြပ်စင် (၄)မျိုး ၊ အသစ်ဖြစ်တည်လာသည့် မိုးနှင့်မြေလောကအသစ်တစ်ခု ၊ ကြောက်မက်ဖွယ်ရာ အဖျက်တရားနိယာမများ ၊ အရာအားလုံးသည်သဲလွန်စ တစ်ခုပင် မကျန်အောင် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်လေသည်။
လိပ်ပြာလေးသည် အပြာရောင်ခရီးရှည်နန်းတော်အတွင်းသို့ ပျံသန်းဝင်ရောက်လာပြီး ကွေလိ၏ ပခုံးထက်တွင် နားလိုက်လေသည်။
ကွေလိ၏ မိစ္ဆာခန္ဓာအတွင်းသို့ နွေးထွေးသည့် အပူစီးကြောင်းတစ်ခု စီးဆင်းဝင်ရောက်သွားသည်ကို ခံစာလိုက်ရပြီး သူမသည် လှုပ်ရှား၍ရလာလေသည်။
ယွမ်ကျွင်းဧကရီသည်လည်း ထိုအချက်ကို သတိပြုလိုက်မိပြီး လိပ်ပြာလေးကို စိတ်ရှုတ်ထွေးစွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်လေသည်။ လိပ်ပြာလေး တောင်ပံခတ်လိုက်သည်နှင့် မရပ်တန့်နိုင်သည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေသည်။
ကွေလိသည် ချက်ချင်းပင် နားလည်သဘောပေါက်သွားပြီး ပြုံးလိုက်လေသည်။
ယွမ်ကျွင်းဧကရီက အေးစက်သည့်လေသံဖြင့်…
"အံ့သြစရာကိစ္စတစ်ခုဖြစ်လာမယ်လို့ ငါ မထင်ခဲ့မိဘူး"
လိပ်ပြာလေးသည် ကွေလိ၏ ပခုံးထက်မှ ပြုတ်ကျသွားပြီး ဆန်းလျန်၏ပုံသဏ္ဍန်အဖြစ် လျှင်မြန်စွာ ပြောင်းလဲ သွားလေသည်။
သူက….
"ဘာမှ အံ့သြစရာမရှိပါဘူး ၊ ဒါတွေအားလုံးက စန့်ချင်တာအိုဆရာသခင်က သင်ပြပေးတဲ့ သင်ခန်းစာတွေပါ ၊ စန့်ချင်တာအိုဆရာသခင်ရဲ့မျက်နှာကိုထောက်ပြီးတော့ မင်းကို မသတ်တော့ဘူး ၊ မင်းကို အပြာရောင်ခရီးရှည် နန်းတော်က အသက်ရှင်လျက် ထွက်ခွာသွားခွင့်ပြုမယ် ၊ တခြားမှာ နေစရာနေရာတစ်ခု သွားရှာပါ"
ယွမ်ကျွင်းဧကရီက…
"ဘာကိစ္စငါကထွက်သွားရမှာလဲ ၊ တကယ်ထွက်သွားရမယ့်သူက မင်းပဲလေ…"
ဆန်းလျန်က…
"မင်း အပြာရောင်ခရီးရှည်နန်းတော်မှာ နေလာတာ နှစ်ပေါင်း ရာနဲ့ ထောင်နဲ့ ချီနေပြီ ၊ စန့်ချင်တာအိုဆရာသခင်က မင်းကို ဘယ်နှစ်ခါများ ကိုယ်ထင်ပြဖူးလို့လဲ ၊ ကျုပ်ကတော့ မတူဘူး ၊ ကျုပ်ရောက်လာတာနဲ့ စောစောကပဲ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းလည်း မြင်တာပဲ ၊ အပြာရောင်ခရီးရှည်နန်းတော်ရဲ့ ပိုင်ရှင်အသစ်က ဘယ်သူလဲဆိုတာ မင်းနားမလည်သေးဘူးလား"
ဆန်းလျန်သည် ထိုမျှ အစွမ်းထက်လိမ့်မည်ဟု ယွမ်ကျွင်းဧကရီသည် တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူမသည် ဒေါသတရားများဖြင့် လောင်ကျွမ်းလာလေတော့သည်။
စန့်ချင်တာအိုဆရာသခင်သည် ဆန်းလျန်ကို "စိတ်ပျက်အားလျော့ခြင်း" အကြောင်း သင်ခန်းစာတစ်ခု သင်ပြပေးခဲ့သည်ကို သူမ မသိရှိခဲ့ပါ။ အနက်ရှိုင်းဆုံးအဆင့်ထိ စိတ်ပျက်အားလျော့ခဲ့ရခြင်းကို ခံစားပြီးသည့်နောက် ဆန်းလျန်သည် အရာရာကို ပိုပြီး အကောင်းမြင်တတ်လာလေသည်။
လောကတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံးအရာကို ရင်ဆိုင်ခဲ့ရပြီးသည့်နောက် သူ့နေဖြင့် သူ့ကိုယ်သူ ထိန်းချုပ်ထားရန် မသင့်တော့ပြီ။ သူလုပ်သည့်အလုပ်တိုင်း ၊ သူမလုပ်သည့်အလုပ်တိုင်းသည် သူ၏နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ တိုက်ရိုက် ဖြစ်တည်လာသည့် အရာများ ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်သည် သူ့ကို ပြန်လည်မွေးဖွားစေခဲ့ပြီးသည့်နောက် သူ့အနေဖြင့် အလွန်အကျွံသံသယဝင် နေစရာလည်း မလိုတော့ပေ။ သူသည် အရာအားလုံးကို လက်ခံရမည် ဖြစ်လေသည်။ ထို့ပြင် တာအိုဆရာသခင်ကြီး ကိုရင်ဆိုင်ခဲ့ရပြီးသည့်နောက် အခြားသောကြောက်မက်ဖွယ်ရာမှန်သမျှသည် သူ့အတွက် ရယ်စရာဟာသသဖွယ်ဖြစ် သွားခဲ့လေသည်။
ယွမ်ကျွင်းဧကရီကတော့ ဆန်းလျန်၏ အတွေးများကို နားလည်နိုင်ခြင်း မရှိပါ။
သူမက အလွန်အမင်းဒေါသထွက်စွာဖြင့် ဟားတိုက် ရယ်မောလိုက်လေသည်။
"မင်းရဲ့နတ်ဘုရားခန္ဓာက သိပ်မခံတော့ပါဘူး ၊ ပြီးတော့ မင်းမှာ တန်ခိုးလည်း မရှိတော့ဘူး ၊ မင်းက ငါနဲ့ တိုက်ခိုက်ပြီး ဘာလုပ်ဦးမှာလဲ"
ဆန်းလျန်က ခေါင်းညိတ်လိုက်လေသည်။
"မင်းပြောတာမှန်ပါတယ် ၊ စောစောက အဖြစ်အပျက်ကိုသာ ရင်မဆိုင်ခဲ့ရရင် ကျုပ်မင်းကို တိုက်ခိုက်နိုင်မှာ မဟုတ်ပါဘူး ၊ ဒါပေမယ့် မင်းက အမှောင်ဖုံးနေတဲ့အတွက် ထိုက်စန်းတောင်ကြီးတစ်ခုလုံးကိုတောင် မမြင်နိုင်တော့ တဲ့သူပဲ ၊ မင်းက အစစ်အမှန်ကို မမြင်နိုင်တော့ဘူး ၊ ခုနပဲ စန့်ချင်တာအိုဆရာသခင် လုပ်ခဲ့တဲ့လုပ်ရပ်ကို တန်ခိုးပြတယ်ဆိုတာလောက်ပဲ မင်းက တွေးနေတာလား ၊ ထိပ်တန်းအဆင့် တာအိုလမ်းကိုလျှောက်လှမ်းနိုင်ဖို့ အဓိကအချက်ကဘာလဲဆိုတာကို မင်းက လုံး၀ လျစ်လျူရှုထားခဲ့တာလား"
ထို့နောက် အပြာရောင်ခရီးရှည်နန်းတော်အတွင်းသို့ဝင်လာသည့် ကျင့်စူးနှင့် သူ့အနားတွင်ရပ်နေသည့် ကွေလိတို့ကို ဆန်းလျန်က တစ်ချက်ပြုံးပြလိုက်ပြီး…
"နတ်သမီးလေးတို့ရေ… ကျုပ်ကို တန်ခိုးလေးနည်းနည်းလောက် ပေးကြပါလားဗျာ…"