← Chapters

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀-၆၁၂)

Vol. 41 Ch. 610-612

အခန်း (၆၁၀) မိစ္ဆာရုပ်သေးရုပ်၏ တိုက်ပွဲဝင်ပုံစံနှင့် မိစ္ဆာဂိုဏ်းမှ ရှဲ့ခွေ။ (၁)

"ဒါ... ဒါက ဘယ်လို သိုင်းပညာမျိုးလဲ"

ဝတ်စုံနက်ဝတ်ထားသူသည် အလွန်အမင်း ထိတ်လန့်သွားပြီး အသည်းအသန် ရုန်းကန်သော်လည်း စူးချန်ခုန်း၏ ချုပ်နှောင်မှုမှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

သူ အလွန်ဂုဏ်ယူရသော လျင်မြန်ဖြတ်လတ်မှုမှာ စူးချန်ခုန်း၏ ရှေ့တွင် ဘာမှမဟုတ်တော့ဘဲ စူးချန်ခုန်းက လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် သူ့ကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့သည်။

"ဂျွတ်"

စူးချန်ခုန်း၏ လက်ချောင်းများ ဆုပ်လိုက်သည်နှင့်အတူ အရိုးများ ကျိုးကြေသွားသည့် အသံများ ထွက်ပေါ်လာပြီး ဝတ်စုံနက်ဝတ်ထားသူသည် ညည်းညူရင်း အရိုးစုများ ကြေမွကာ ပါးစပ်နှင့် နှာခေါင်းတို့မှ သွေးများ စီးကျလာခဲ့သည်။

စူးချန်ခုန်းက လက်ကို လွှတ်လိုက်သောအခါ အရိုးများ ကျိုးကြေနေသည့် ဝတ်စုံနက်ဝတ်ထားသူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပျော့ခွေကျသွားပြီး လက်ချောင်းတစ်ချောင်းမျှပင် မလှုပ်ရှားနိုင်တော့ပေ။

"ဒီလူကလည်း... မိစ္ဆာနှိမ်နင်းရေးဌာနကပဲလား" ဝတ်စုံနက်နှင့်လူသည် ထိတ်လန့်စွာ တွေးနေမိသည်။ စူးချန်ခုန်းက သူ့ကို ဖမ်းဆီးလိုက်ပုံမှာ ရေသောက်သကဲ့သို့ပင် လွယ်ကူလှသဖြင့် သူတို့နှစ်ဦးမှာ အဆင့်အတန်းချင်း လုံးဝမတူကြောင်း သိရှိသွားခဲ့သည်။

စူးချန်ခုန်းသည် ဝိညာဉ်တရားလမ်းစဉ်ဂိုဏ်းအကြောင်းကို ဆက်လက် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် သူသည် မျက်မှောင်ကြုတ်လိုက်မိသည်။ အဝေးမှ လူအချို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်ကို သူ သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။ ထိုသူများမှာ ထွမ်မုထောင်၊ လျန်ထျန်းလုနှင့် အဖွဲ့သားများပင် ဖြစ်သည်။

"ဟင်... တစ်ယောက်ယောက်က ဝတ်စုံနက်ဝတ်ထားသူကို ဖမ်းထားပြီးပြီပဲ"

မိစ္ဆာနှိမ်နင်းရေးဌာနမှ သိုင်းပညာရှင်တစ်ဦးသည် အဝေးရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝတ်စုံနက်နှင့်လူကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားလေ၏။

အနှီလူသည် သူ၏ ပါးနပ်သော ကိုယ်ဖော့ပညာကို အသုံးပြုကာ မိစ္ဆာနှိမ်နင်းရေးဌာန၏ ပညာရှင်များ မျက်စိရှေ့မှပင် လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လိုက်လံဖမ်းဆီးရန် တွန့်ဆုတ်နေခဲ့ကြသော်လည်း ယခုအခါ လျင်မြန်ဖြတ်လတ်လှသော ထိုသူမှာ မြေပြင်ပေါ်တွင် အလဲလဲအပြားပြား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

"ဒီလူက ဘယ်သူလဲ။ စွမ်းအားက ယှဉ်လို့မရဘူးပဲ။"

အနက်ရောင် ဝတ်စုံဝတ်ထားပြီး တည်ကြည်သော မျက်နှာရှိသည့် စူးချန်ခုန်းကို မြင်လိုက်ရသောအခါ ထွမ်မုထောင်သည် လေးနက်သွားလေ၏။ သူသည် စူးချန်ခုန်း၏ သိုင်းပညာအနက်အရှိုင်းကို မခန့်မှန်းနိုင်သော်လည်း အတွေ့အကြုံရင့် ကျွမ်းကျင်သူတစ်ယောက်၏ အသိစိတ်အရ ဤသူသည် သာမန် သိုင်းပညာရှင်တစ်ဦး မဟုတ်ကြောင်း ခံစားလိုက်ရသည်။

"တာ့ဝူဖုန်းလား"

လျန်ထျန်းလုမှာမူ စူးချန်ခုန်းကို မြင်သည်နှင့် အံ့အားသင့်ကာ နာမည်ကို လွှတ်ခနဲ ခေါ်လိုက်မိသည်။

ဤအချိန်တွင် စူးချန်ခုန်းသည် တာ့ဝူဖုန်း အဖြစ် ရုပ်ဖျက်ထားခြင်း ဖြစ်သည်။ မိစ္ဆာနှိမ်နင်းရေးဌာနနှင့် ရင်ဆိုင်ရနိုင်သည်ဟု ကြိုတင်တွေးဆထားသဖြင့် သူသည် ကောင်းကင်ယံမှာ ရှိနေစဉ်ကပင် ကြိုတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။

"ဒုတိယဌာနမှူးလျန်" စူးချန်ခုန်းက ခေါင်းတစ်ချက် ငြိမ့်ကာ နှုတ်ဆက်လိုက်သည်။

"သူက... တာ့ဝူဖုန်းလား" လျန်ထျန်းလု၏ စကားကြောင့် ထွမ်မုထောင်လည်း အံ့အားသင့်သွားပြီး လျန်ထျန်းလုနှင့် အကြည့်ချင်း ဆုံလိုက်ကြရာ နှစ်ဦးစလုံး၏ မျက်လုံးများတွင် အံ့သြမှုကို မြင်တွေ့လိုက်ရသည်။

"တာ့ဝူဖုန်းလား။ သစ္စာဖောက် ချီကန်းကို သတ်ခဲ့တဲ့ မူလဓာတ်ငါးပါး သိုင်းပညာရှင်လား"

အခြား မိစ္ဆာနှိမ်နင်းရေးဌာနမှ သိုင်းပညာရှင်များမှာမူ တစ်ဦးကိုတစ်ဦး ကြည့်ကာ နားမလည်နိုင် ဖြစ်နေကြသည်။

တာ့ဝူဖုန်းဟူသော အမည်မှာ မဟာမီးလျှံအင်ပါယာအတွင်း ကျယ်ကျယ်ပြန့်ပြန့် လူသိများခြင်း မရှိသော်လည်း စူးချန်ခုန်းသည် ယခင်က တာ့ဝူဖုန်းအသွင်ဖြင့် မိစ္ဆာနှိမ်နင်းရေးဌာနမှ သစ္စာဖောက် ချီကန်းကို သတ်ခဲ့ဖူးသဖြင့် ဌာန၏ အဆင့်မြင့်အရာရှိများမှာမူ ဤနာမည်ကို သိထားကြသည်။

"သူဘာမှမထိခိုက်ခဲ့ဘူးလား။ အသက်ခြွေအဖွဲ့အစည်းက အကြီးအကဲ ထန်ယို့နဲ့ တွေ့ပြီးတာတောင် ဘာမှမဖြစ်ဘဲ လွတ်လာတာလား"

ထွမ်မုထောင်နှင့် လျန်ထျန်းလုတို့ နှစ်ယောက်စလုံးသည် ဤနေရာတွင် စူးချန်ခုန်းကို မြင်လိုက်ရသဖြင့် တိတ်တဆိတ် အံ့အားသင့်နေကြသည်။

ယခင်က စူးချန်ခုန်းသည် ထွမ်မုထောင်၏ သားဖြစ်သူ ထွမ်မုဟယ်ကို ဝူကျိအင်ပါယာသို့ ပို့ဆောင်ရန် ခရီးထွက်ခဲ့သည်။ သို့သော်လည်း အသက်ခြွေအဖွဲ့အစည်းက ကလဲ့စားချေလိုသဖြင့် အကြီးအကဲ ထန်ယို့ ကိုယ်တိုင် သူတို့နောက်သို့ လိုက်လံတိုက်ခိုက်ခဲ့သည်။

စူးချန်ခုန်းက ထွမ်မုဟယ်ကို အရင်ထွက်ခွာသွားရန် ပြောခဲ့ပြီးနောက် ထွမ်မုဟယ်မှာ ဝူကျိအင်ပါယာသို့ ဘေးကင်းစွာ ရောက်ရှိသွားကာ ထွမ်မုထောင်ထံ သတင်းပို့ခဲ့သဖြင့် အခြေအနေအရပ်ရပ်ကို သိထားကြခြင်း ဖြစ်သည်။

"ထန်ယို့နဲ့ လက်ဗလာနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ငါတောင် ကျိန်းသေ အနိုင်ရမယ်လို့ မပြောရဲဘူး... သာမန် မူလဓာတ်ငါးပါး သိုင်းပညာရှင်တစ်ယောက်က ထန်ယို့လို လူမျိုးနဲ့ ရင်ဆိုင်ရတာဟာ သေမင်းကို ခေါ်နေတာနဲ့ အတူတူပဲ။ သူဘယ်လိုလုပ်ပြီး ထန်ယို့ဆီက လွတ်လာတာလဲ"

ထွမ်မုထောင် အလွန် အံ့အားသင့်နေမိသည်။

မိစ္ဆာနှိမ်နင်းရေးဌာနချုပ်မှူးအနေဖြင့် ထွမ်မုထောင်သည် ထိပ်တန်း မိစ္ဆာသိုင်းပညာရှင်များ မည်မျှ အစွမ်းထက်ကြောင်း ကောင်းကောင်းကြီး သိလေသည်။ သူတို့မှာ အဆင့်မြင့် နတ်ဆိုးအမြုတေနှင့် ပေါင်းစပ်ထားသည့် မူလဓာတ်ငါးပါးသိုင်းပညာရှင်များ ဖြစ်သဖြင့် သာမန် ပညာရှင်များအပေါ်တွင် အပြတ်အသတ် အသာစီး ရနိုင်ကြသည်။

လမ်းခရီးတွင် တာ့ဝူဖုန်းသည် ထန်ယို့၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရပြီး အသတ်ခံလိုက်ရနိုင်သည်ဟု သတင်းရရှိချိန်တွင် ထွမ်မုထောင်နှင့် လျန်ထျန်းလုတို့မှာ တာ့ဝူဖုန်းတစ်ယောက် ထန်ယို့၏ လက်ချက်ဖြင့် အနိစ္စရောက်သွားပြီဟု ထင်ခဲ့ကြသည်။

သို့သော် ယနေ့တွင်မူ စူးချန်ခုန်းသည် ဒဏ်ရာအနာတရ လုံးဝမရှိဘဲ ဤနေရာတွင် ပေါ်လာခဲ့သည်။

"သူက မိစ္ဆာသိုင်းပညာရှင် မဟုတ်ဘူးပဲ။"

ထွမ်မုထောင်သည် သူ၏ကျောနောက်မှ သံသေတ္တာကို အာရုံစိုက်ကြည့်လိုက်ရာ မည်သည့်တုံ့ပြန်မှုမျှ မရှိသည်ကို သတိပြုမိသဖြင့် စူးချန်ခုန်းသည် အသက်ခြွေအဖွဲ့အစည်းနှင့် ပူးပေါင်း၍ အသက်ရှင်လာခြင်း မဟုတ်ဘဲ လူသားသိုင်းပညာရှင်စစ်စစ်အဖြစ် ရှိနေဆဲဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။

"ညီလေးတာ့... မင်း လမ်းမှာ ထန်ယို့နဲ့ တွေ့ခဲ့တယ်လို့ ကြားတယ်... အဆင်ပြေရဲ့လား" လျန်ထျန်းလုက မနေနိုင်ဘဲ မေးလိုက်သည်။

"သေလုနီးပါး ဖြစ်ခဲ့ပေမယ့် ရလဒ်ကတော့ အတော်လေး ကောင်းပါတယ်" ဟု စူးချန်ခုန်းက ပြန်ဖြေလိုက်သည်။

အမှန်တကယ်ပင် သေလုနီးပါး ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အလွန်အမင်း အစွမ်းထက်သော ထန်ယို့၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း စူးချန်ခုန်းသည် ကံကောင်းထောက်မစွာဖြင့် ထန်ယို့၏ ပေါ့ဆမှုကို အခွင့်ကောင်းယူကာ သူ့ကို သတ်နိုင်ခဲ့သည်။ သို့သော်လည်း ဤအဖြစ်အပျက်မှာ စာပေနိဗ္ဗာန်ဘုံ အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လီမိသားစုနှင့် စူးချန်ခုန်းမှလွဲ၍ ကျန်ရှိသူအားလုံးမှာ အသတ်ခံလိုက်ရသဖြင့် မည်သူမျှ အသေးစိတ်ကို မသိကြပေ။

"ဒီတာ့ဝူဖုန်းက ချီကန်းကို သတ်ခဲ့တယ်ဆိုတဲ့အတိုင်း တကယ်ပဲ နာမည်နဲ့ လိုက်ဖက်တာပဲ။ ဒီလောက် ကိုယ်ဖော့ပညာ ကောင်းတဲ့လူကိုတောင် သူက ဖမ်းနိုင်ခဲ့တယ်"

မိစ္ဆာနှိမ်နင်းရေးဌာနမှ ပညာရှင်များသည် အရိုးများ ကျိုးကြေကာ မြေပြင်ပေါ်တွင် ပျော့ခွေနေသော ဝတ်စုံနက်နှင့်လူကို မြင်ပြီး အံ့အားသင့်နေကြသည်။

"အခြေအနေကို အရင် မေးကြည့်ရအောင်" လျန်ထျန်းလုက ပြောလိုက်သည်။ သူသည် စူးချန်ခုန်း မည်သို့ လွတ်မြောက်လာသည်ကို ထပ်မမေးတော့ဘဲ ဝတ်စုံနက်နှင့်လူကို ကြည့်လိုက်သည်။

ထွမ်မုထောင်သည် မြေပြင်ပေါ်ရှိ ထိုသူကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "မင်းက ဘယ်သူလဲ။ မကြာသေးခင်က ဗဟိုပြည်နယ်မှာ ဂိုဏ်းငါးဂိုဏ်း တိုက်ခိုက်ခံရပြီး ဝိညာဉ်ကြောတွေပါ အလုခံခဲ့ရတယ်။ ဒါ မင်းရဲ့ အပေါင်းအပါတွေ လက်ချက်လား။ လိမ်ဖို့ မကြိုးစားတာ အကောင်းဆုံးပဲ။ ငါတို့က ဘယ်သူတွေလဲဆိုတာ မင်းသိမှာပါ။ မင်းကို သေချင်စိတ် ပေါက်အောင် ဒါမှမဟုတ် အသက်ရှင်ရမှာ ကြောက်အောင် ငါတို့ အလွယ်တကူ လုပ်နိုင်တယ်"

ဘေးမှနေ၍ တိတ်တဆိတ် နားထောင်နေသော စူးချန်ခုန်းသည် အခြေအနေကို သဘောပေါက်သွားသည်။ ထွမ်မုထောင်နှင့် အခြားသူများသည် ဤကိစ္စအတွက် လာရောက်ကြခြင်း ဖြစ်သည်။ မိစ္ဆာနှိမ်နင်းရေးဌာနသည် မိစ္ဆာနတ်ဆိုးများကို ကိုင်တွယ်ရန် သီးသန့်ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း မိစ္ဆာဂိုဏ်းများနှင့် မိစ္ဆာအတတ်များအား နှိမ်နင်းရန်မှာလည်း သူတို့၏ တာဝန်အတွင်း၌ ရှိနေသည်။

"ဟား... ဟား... ဟား..."

ဝတ်စုံနက်ဝတ်ထားသူသည် ဝေဒနာခံစားနေရသည့်ကြားမှ စတင် ရယ်မောလိုက်ရာ ထိုရယ်သံမှာ တစ်စက္ကန့်ထက်တစ်စက္ကန့် ပို၍ ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

အခန်း (၆၁၁) မိစ္ဆာရုပ်သေးရုပ်၏ တိုက်ပွဲဝင်ပုံစံနှင့် မိစ္ဆာဂိုဏ်းမှ ရှဲ့ခွေ။ (၂)

"မိစ္ဆာနှိမ်နင်းရေးဌာနကတော့ အစွမ်းအစ အတော်ရှိသားပဲ... ထွမ်မုထောင်၊ ငါတို့ရဲ့ ဂိုဏ်းချုပ်က မင်းကို သတင်းစကားပါးလိုက်တယ်။ 'နေမဝင်ခင် အလံဝါတောင်မှာ လာတွေ့ပါ။ နောက်ကျရင် စောင့်နေမှာမဟုတ်ဘူး' တဲ့။"

ဝတ်စုံနက်နှင့်လူက အက်ရှရှအသံဖြင့် နာမည်တစ်ခုကို ပြောလိုက်သည်။

"ဟင်..."

လူတိုင်း သတိကြီးစွာ ထားလိုက်ကြစဉ်မှာပင် ဝတ်စုံနက်ဝတ်ထားသူ၏ ခန္ဓာကိုယ်အတွင်းမှ "ဘုန်း" ဟူသော အသံတစ်ချက် ထွက်ပေါ်လာပြီး မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများ စီးကျလာကာ သူ၏ ဇီဝိန်မှာ ချက်ချင်းပင် ချုပ်ငြိမ်းသွားခဲ့သည်။

အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦးသည် အနီးသို့ ချဉ်းကပ်ကာ ရင်ဘတ်ပေါ်သို့ လက်ဝါးတင်၍ စစ်ဆေးကြည့်ပြီးနောက် လေးနက်စွာ ပြောလိုက်သည်။ "သူ သေသွားပြီ... သူက သူ့ရဲ့ ချီစွမ်းအားကို သုံးပြီး သူ့ရဲ့ နှလုံးနဲ့ ဦးနှောက်ကို သူကိုယ်တိုင် ဖျက်ဆီးပစ်လိုက်တာပဲ။ နတ်ဘုရားတွေတောင် သူ့ကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။"

ဝတ်စုံနက်၏ ခေါင်းစွပ်ကို ချွတ်လိုက်သောအခါ အကျည်းတန်သော မျက်နှာတစ်ခု ပေါ်လာသော်လည်း ထိုမျက်နှာမှာ သူတို့ရရှိထားသည့် မည်သည့် သတင်းအချက်အလက်နှင့်မျှ ဆက်စပ်မှု မရှိသည်ကို တွေ့လိုက်ရသည်။

"ဒီလူက ထွမ်မုထောင်ကို အလံဝါတောင်ကို လာခိုင်းဖို့အတွက်တင် သူ့ကိုယ်သူ အဆုံးစီရင်သွားတာလား"

ဝတ်စုံနက်နှင့်လူ၏ အသက်ကို စွန့်လွှတ်လိုက်သည့် ဆုံးဖြတ်ချက်မှာ အလွန်ပြတ်သားလွန်းသဖြင့် စူးချန်ခုန်းပင် မတားဆီးနိုင်ခဲ့ပေ။ ထိုသူ၏ ဂိုဏ်းချုပ်က ပေးပို့လိုက်သော သတင်းစကားမှာ ထွမ်မုထောင်ကို ရည်ရွယ်ချက်ရှိရှိ အလံဝါတောင်သို့ ခေါ်ဆောင်ခြင်းပင် ဖြစ်သည်။

"အရှင်... ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ" အဖွဲ့သားများက လမ်းညွှန်မှုပေးရန် ထွမ်မုထောင်ကို ကြည့်လိုက်ကြသည်။

ဝတ်စုံနက်နှင့်လူ ပြောသွားသော ဂိုဏ်းချုပ်ဆိုသူမှာ သာမန်လူ မဟုတ်သည်မှာ သေချာပါသည်။ ထွမ်မုထောင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် အစွမ်းကို သိလျက်နှင့် ရန်စရဲပြီး အလံဝါတောင်တွင် တွေ့ဆုံရန် ဖိတ်ခေါ်တာက မကောင်းသော ရည်ရွယ်ချက်နှင့် ထောင်ချောက်များ ရှိနေနိုင်သည်မှာ သိသာပါသည်။ အကယ်၍ သွားရောက်ပါက အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်။

သို့သော် မသွားပါက ရန်သူသည် အခြားသော ဒုတိယတန်းစား၊ တတိယတန်းစား သိုင်းပညာဂိုဏ်းများကို ဆက်လက် တိုက်ခိုက်ပြီး ဝိညာဉ်ကြောများကို ခိုးယူပေလိမ့်မည်။ ထိုသို့သော လုပ်ရပ်များက ဗဟိုပြည်နယ် တစ်ခုလုံးကို ပျက်စီးစေနိုင်သည်။

ဝိညာဉ်ကြောများကို သိမ်းပိုက်ခြင်း သို့မဟုတ် လုယူခြင်းသည် မူလနယ်ပယ် သိုင်းပညာရှင်များကို မွေးထုတ်ပေးနိုင်သော မြေထူးမြေမြတ်ဒေသတစ်ခုကို သာမန်တောင်ကုန်းတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်ခြင်းပင် ဖြစ်ပြီး သိုင်းပညာရှင်များ၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးပစ်ခြင်းလည်း ဖြစ်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ထွမ်မုထောင်းသည် သူလွယ်ထားသော သံသေတ္တာကို တစ်ချက်ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။ "ဒါဆိုရင် အဲ့ဒီလူ ပြောသွားတဲ့ ဂိုဏ်းချုပ်ဆိုတဲ့လူကို သွားတွေ့ကြတာပေါ့"

ထွမ်မုထောင်သည် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ထောင်ချောက်တစ်ခု ဆင်ထားမည်ကို သိပါသည်။ ထိုသို့လုပ်ဆောင်ရန် မည်သူ့တွင် လှုံ့ဆော်မှုရှိနေသည်ကို ခန့်မှန်းကြည့်သော်လည်း သူ၏ ကိုယ်ပိုင်အစွမ်းအစအပေါ် ယုံကြည်မှုရှိသဖြင့် နောက်ဆုတ်ရန် မရည်ရွယ်ပေ။

မိစ္ဆာနှိမ်နင်းရေးဌာနချုပ်မှူး ဖြစ်လာကတည်းက ထွမ်မုထောင်ကိုယ်တိုင် လှုပ်ရှားခဲပါသည်။ မဟာမီးလျှံအင်ပါယာအတွင်း သူ့ကို ခြိမ်းခြောက်နိုင်သူ အနည်းငယ်သာ ရှိသည်ဟုလည်း သူ ယုံကြည်ထားသည်။

"ကျွန်တော်လည်း ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မယ်။ အဲ့ဒီလူတွေနဲ့ ရှင်းစရာ ကိစ္စတွေ ရှိနေလို့ပါ" စူးချန်ခုန်းက ဝင်ပြောလိုက်သည်။ သူကိုယ်တိုင်လည်း အခြေအနေကို စစ်ဆေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဝတ်စုံနက်နှင့်လူ ပြောသွားသော ဂိုဏ်းချုပ်ဆိုသူမှာ ဝိညာဉ်တရားလမ်းစဉ်ဂိုဏ်းကို တိုက်ခိုက်ခဲ့သူ ဖြစ်နိုင်ခြေ အလွန်များသည်။ ဂိုဏ်းတွင်း တပည့်တစ်ဦး၏ ပြောပြချက်အရ ဂိုဏ်းချုပ် ဟေးလျန်ယွမ်နှင့် အခြားသော မူလနယ်ပယ် သိုင်းပညာရှင်များသည် သေဆုံးသွားခြင်း မဟုတ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

ယခုအခါ ထိုသူတို့၏ တည်နေရာကို သိရပြီဖြစ်သဖြင့် စူးချန်ခုန်းအနေဖြင့် မသိချင်ယောင်ဆောင်၍ မရပေ။ ဖြစ်နိုင်ပါက သူတို့ကို ကယ်တင်ရန် ကြိုးစားမည်ဖြစ်ပြီး အကယ်၍ သူတို့ သေဆုံးသွားပြီဆိုလျှင်လည်း သူ ဘာမှမတတ်နိုင်တော့ပေ။

အန္တရာယ်ရှိနိုင်သည်မှာ မှန်သော်လည်း စူးချန်ခုန်းတွင် သမင်နှင့် ကြိုးကြာကျင့်စဉ်တို့ ရှိနေသဖြင့် မြေလျှိုးမိုးပျံကာ လွတ်မြောက်နိုင်သည်။ ပြိုင်ဘက်မှာ သိုင်းဝိဇ္ဇာသူတော်စင် မဟုတ်လျှင် သူ့ကို တားဆီးနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ဒါဆိုရင်လည်း ညီလေးတာ့... အစ်ကိုတို့နဲ့ လိုက်ခဲ့ပါ" ထွမ်မုထောင်က စဉ်းစားပြီးနောက် သဘောတူလိုက်သည်။ တာ့ဝူဖုန်း၏ သရုပ်မှန်မှာ လျှို့ဝှက်ချက်များ ရှိနေသော်လည်း အသက်ခြွေအဖွဲ့အစည်းမှ အကြီးအကဲ ထန်ယို့နှင့် ရင်ဆိုင်ရချိန်တွင် သူ၏သားဖြစ်သူ ထွမ်မုဟယ်ကို အရင်ထွက်ခွာခိုင်းခဲ့တာက သူသည် ယုံကြည်ထိုက်သူဖြစ်ကြောင်း သက်သေပြနေသည်။

"အလံဝါတောင်... မြေပုံအရဆိုရင် အဲ့ဒီနားမှာ အလံဝါရွာဆိုတာ ရှိတယ်။ အဲ့ဒါကလွဲရင် တခြားထူးထူးခြားခြား ဘာမှမရှိဘဲ ခြောက်ကပ်နေတဲ့ နေရာတစ်ခုပဲ။"

လူအနည်းငယ်သည် အလံဝါရွာဆီသို့ ဦးတည်သွားကြပြီး လမ်းခရီးတွင် လျန်ထျန်းလုက မြေပုံကို စစ်ဆေးနေခဲ့သည်။

နေမဝင်ခင် အလံဝါတောင်မှာ တွေ့ဆုံရန်၊ နောက်ကျပါက ထွက်သွားမည်ဟု ဆိုခြင်းမှာ သူတို့ကို ပြင်ဆင်ချိန်မပေးဘဲ ဤနေရာမှ အပြေးအလွှား သွားစေလိုခြင်းပင် ဖြစ်သည်။

အလံဝါတောင်အတွင်းရှိ အိမ်ခြေ ဒါဇင်အနည်းငယ်သာရှိသော ရွာကလေးတွင် အလောင်းများ ပြန့်ကျဲနေ၏။ အမြင့်ဆုံးသော သစ်သားအိမ်ခေါင်မိုးပေါ်တွင် လူလေးယောက် တင်ပျဉ်ခွေထိုင်ရင်း အဝေးကို စောင့်ကြည့်နေကြသည်။

ထိုလေးဦးစလုံးမှာ ဝတ်စုံနက်များကို ဝတ်ဆင်ထားကြပြီး ခေါင်းဆောင်ဖြစ်သူမှာ အရပ်နှစ်မီတာကျော် မြင့်မားသော လူထွားကြီး ဖြစ်သည်။ သူသည် တိတ်ဆိတ်စွာ ထိုင်နေသော်လည်း သူ၏ပတ်ဝန်းကျင်ရှိ လေထုမှာ ခဲနေသကဲ့သို့ ခံစားရပြီး သူ၏ ပြင်းထန်သော ဖိအားများကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင်သည်။

ထိုသန်မာသော အမျိုးသား၏ ဘေးတွင် ပိန်လှီသော ဝတ်စုံနက် အဖိုးအိုတစ်ဦး ရှိနေသည်။ သူသည် တစ်စုံတစ်ခုကို သိသွားသကဲ့သို့ အက်ရှရှအသံဖြင့် ပြောလိုက်သည်။ "လီဟွမ်း သေသွားပြီ... သူ့ရဲ့ တစ္ဆေမိစ္ဆာအတတ်က အဆင့်တော်တော်မြင့်တယ်။ အစွမ်းထက်တဲ့ ရန်သူတွေကြားမှာတောင် လွတ်အောင် ပြေးနိုင်တဲ့သူပါ။ အခု သူသေသွားပြီဆိုတော့ ထွမ်မုထောင် တကယ်ပဲ ရောက်လာပြီ ထင်တယ်"

ဝတ်စုံနက်နှင့် လေးဦးအနက် သွယ်လျသော ကိုယ်လုံးကိုယ်ပေါက်နှင့် နူးညံ့သောအသွင်ရှိသူ တစ်ဦးက စိုးရိမ်တကြီး ပြောလိုက်သည်။ "ထွမ်မုထောင်က ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ မူလနယ်ပယ် သိုင်းပညာရှင် ဖြစ်ခဲ့သလို နောက်ပိုင်းမှာလည်း မဟာမီးလျှံ တော်ဝင်မိသားစုရဲ့ ပံ့ပိုးမှုနဲ့ ရာထူးကြီးကြီး ရထားတဲ့သူ။ သူ့ရဲ့ အစွမ်းက တိုင်းတာလို့ မရဘူး။ ကိုင်တွယ်ရ လွယ်မယ့်လူ မဟုတ်ဘူး။ ငါတို့ တကယ်ပဲ သူ့ကို ဖမ်းနိုင်ပါ့မလား"

"ဟ... တခြားသူကို အမွှန်းတင်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်အောင် မလုပ်စမ်းပါနဲ့ကွာ။ ငါတို့ရဲ့ မိစ္ဆာဂိုဏ်းချုပ်ကလည်း အဲ့ဒီ ထွမ်မုထောင်ဆိုတဲ့ ကောင်လေးထက် မနိမ့်ကျပါဘူး။ ပြီးတော့ ငါတို့က သေချာပြင်ဆင်ထားတာလေ။ မဟာမီးလျှံအင်ပါယာရဲ့ အရေးပါတဲ့လူတစ်ယောက်ကို ရှင်းထုတ်ပြီး အင်ပါယာကို ထိုးနှက်ချက်ပေးဖို့ပဲ။" စတုတ္ထမြောက် ဝတ်စုံနက်ဝတ်စုံနှင့် ဝဝဖြိုးဖြိုး အမျိုးသားက ရယ်မောရင်း ပြောလိုက်သည်။

ထွမ်မုထောင်သည် မဟာမီးလျှံအင်ပါယာအတွင်း ထိပ်တန်း အစွမ်းထက်သူအဖြစ် ကျော်ကြားသည်မှာ ကြာပြီဖြစ်သော်လည်း ယခု သူရင်ဆိုင်ရမည့် ပြိုင်ဘက်များမှာလည်း ထိပ်တန်း လက်ရွေးစင်များပင် ဖြစ်သည်။ အထူးသဖြင့် သူတို့၏ ဂိုဏ်းချုပ်မှာ နာမည်ဆိုးဖြင့် ကျော်ကြားသူ ဖြစ်ပြီး ဤအခိုက်အတန့်အတွက် ခြောက်လကျော်ကြာ ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ ထွမ်မုထောင်ကို သတ်ခြင်းဖြင့် ပရမ်းပတာ အခြေအနေများကို စတင်ရန် သူတို့ ရည်ရွယ်ထားသည်။

မိစ္ဆာနတ်ဘုရားတစ်ပါးကဲ့သို့ တိတ်ဆိတ်စွာ ထိုင်နေသော မိစ္ဆာဂိုဏ်းချုပ်ဟု သိကြသည့် ဧရာမ ဝတ်စုံနက်ဝတ် အမျိုးသားသည် နေဝင်ရီတရော အချိန်ရောက်၍ ကောင်းကင်ယံတွင် နေဝင်ဆည်းဆာသွေးရောင် လွှမ်းလာသောအခါ ရုတ်တရက် မျက်လုံးဖွင့်လိုက်လေ၏။ သူ၏ နှုတ်ခမ်းထောင့်တွင် တိုက်ပွဲဝင်လိုစိတ်ပြင်းပြသော အပြုံးတစ်ခု ပေါ်လာပြီး "သူတို့ ရောက်လာပြီ" ဟု ဆိုလိုက်သည်။

"ငါ အရင်သွားနှင့်မယ်" ဝတ်စုံနက်နှင့် အဖိုးအိုက ရယ်မောရင်း ဆိုလိုက်ရာ သူ၏ ကိုယ်ဟန်မှာ တစ္ဆေတစ်ကောင်ကဲ့သို့ ဝေဝါးသွားပြီး ရွာနောက်ဘက်ရှိ တောအုပ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။

"ရှေ့တင်ပဲ၊ သွေးညှီနံ့တွေ ရနေတယ်... ဒီတိရစ္ဆာန်တွေက အလံဝါတောင်ရွာက လူအားလုံးကို သတ်ပစ်လိုက်ကြတာပဲ။"

အခန်း (၆၁၂) မိစ္ဆာရုပ်သေးရုပ်၏ တိုက်ပွဲဝင်ပုံစံနှင့် မိစ္ဆာဂိုဏ်းမှ ရှဲ့ခွေ။ (၃)

ထိုအချိန်တွင် အလံဝါတောင်၏ တောင်တက်လမ်းပေါ်၌ ထွမ်မုထောင်နှင့် စူးချန်ခုန်းတို့ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့ ပေါ်လာသည်။ ကြမ်းတမ်းသော ရုပ်သွင်ရှိသည့် လျန်ထျန်းလုသည် လေထဲတွင် ရနေသော သွေးညှီနံ့ကြောင့် ဒေါသရိပ်များ လှစ်ကနဲ။

စူးချန်ခုန်းသည် သတိကြီးစွာဖြင့် ပတ်ဝန်းကျင်ကို ကြည့်ရှုနေမိသည်။ "ဒါက တော်တော်ထူးဆန်းတာပဲ။ အလံဝါတောင်ထဲက သဘာဝစွမ်းအင်တွေက မြူခိုးတွေလိုပဲ ပရမ်းပတာ ဖြစ်နေတယ်။ ငါ့ရဲ့ ထက်မြက်တဲ့ စွမ်းအင်အာရုံနဲ့တောင် အချို့အရာတွေကို ခွဲခြားရခက်နေတယ်..."

ထို 'ဂိုဏ်းချုပ်' ဆိုသူသည် အလံဝါတောင်ကို ရွေးချယ်ခဲ့ခြင်းမှာ သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသောကြောင့် ဖြစ်သည်။ ဤနေရာကို ခြေချလိုက်သည်နှင့် စူးချန်ခုန်းသည် စွမ်းအင်များ ပရမ်းပတာဖြစ်နေသည်ကို ခံစားလိုက်ရသည်။ ထွမ်မုထောင်၏ မျက်နှာမှာလည်း လေးနက်သွားပြီး သူသည်လည်း သတိကြီးစွာ ထားနေပြီ ဖြစ်သည်။

အလံဝါတောင်အတွင်းရှိ အလံဝါရွာလေး၏ အထက်တွင် စုတ်ပြဲပြီး သွေးများစွန်းထင်းနေသော အဝါရောင် ချည်အလံတစ်ခုမှာ လေထဲတွင် တလူလူနှင့်။

အိမ်အချို့၏ အပေါ်တွင် မတူညီသော အရပ်အမောင်းနှင့် အရှိန်အဝါရှိသော ဝတ်စုံနက်ဝတ် အမျိုးသားသုံးဦးသည် မတ်တပ်ရပ်လိုက်ကြပြီး ရောက်လာကြသော ထွမ်မုထောင်နှင့် အခြားသူများကို ငုံ့ကြည့်လိုက်ကြသည်။

"ကျွန်တော် ကတိအတိုင်း ရောက်လာပါပြီ။ ဒါပေမဲ့ လူကြီးမင်းတွေကို ဘယ်လိုခေါ်ရမလဲဆိုတာ သိပါရစေ"

ထွမ်မုထောင်သည် ခေါင်းမော့ကာ ဝတ်စုံနက်နှင့် အမျိုးသားတို့ကို ကြည့်လိုက်သည်။ သူ၏ ရင့်ကျက်သော မျက်နှာတွင် တည်ကြည်မှုများ လွှမ်းမိုးနေပြီး ထိုသုံးဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုသဖြင့် အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

"ငါက ရှဲ့ခွေပဲ" သန်မာထွားကြိုင်သော ဝတ်စုံနက်နှင့် အမျိုးသားက မတ်တပ်ရပ်ရင်း ကြေညာလိုက်သည်။ သူ၏ မြင့်မားသော ကိုယ်လုံးကိုယ်ပေါက်မှာ ဧရာမဘီလူးကြီးတစ်ကောင်ကဲ့သို့ ရှိနေပြီး ပြင်းထန်သော ဖိအားများကို ထုတ်လွှတ်နေသည်။

"ရှဲ့ခွေလား။ ရုပ်သေးကြယ်စင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"

ထိုနာမည်ကြောင့် လူတိုင်း တောင့်တင်းသွားကြသည်။ ရှဲ့ခွေ၏ နာမည်ဆိုးဖြင့် ကျော်ကြားမှုမှာ သူတို့အားလုံး ကောင်းစွာ သိထားကြသည်။

လူသားနိုင်ငံများတွင် ထူးဆန်းပြီး အစွမ်းထက်သော တားမြစ်ထားသည့် အတတ်ပညာများကို အသုံးပြုသည့် မိစ္ဆာကျင့်စဉ် ကျင့်ကြံသူများ ရှိကြသည်။ ထိုအတတ်ပညာများမှာ သဘာဝတရား သို့မဟုတ် ကိုယ်ကျင့်တရားများကို ဆန့်ကျင်၍ ရရှိလာခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အဆိပ်အတတ်များ ကျင့်ကြံခြင်း၊ လူသားတို့၏ သွေးကို သောက်ခြင်းနှင့် နှလုံးသားကို စားသုံးခြင်းကဲ့သို့သော ကိုယ်ကျင့်တရားပျက်ပြားသည့် လုပ်ရပ်များ ပါဝင်သည်။

ဤကဲ့သို့သော သိုင်းပညာဂိုဏ်းများကို မိစ္ဆာဂိုဏ်းများဟု ခေါ်ဆိုကြပြီး ၎င်းတို့အနက် မိစ္ဆာဂိုဏ်း တစ်ဆယ့်ရှစ်ဂိုဏ်းနှင့် မိစ္ဆာတံခါး သုံးဆယ့်ခြောက်ခုမှာ အင်အားအကြီးဆုံး ဖြစ်သည်။

ရုပ်သေးကြယ်စင်ဂိုဏ်းမှာ မိစ္ဆာဂိုဏ်း တစ်ဆယ့်ရှစ်ဂိုဏ်းအနက် တစ်ခုဖြစ်ပြီး ၎င်း၏ အင်အားမှာ မိစ္ဆာဂိုဏ်းများအကြား ထိပ်တန်း ဆယ်ခုအတွင်း ပါဝင်ကာ နက်ရှိုင်းသော အမွေအနှစ်များ ရှိသည်။ ရုပ်သေးကြယ်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်အဆက်ဆက်မှာ 'ရှဲ့ခွေ' ဟူသော အမည်ကိုသာ အသုံးပြုကြသည်။

ယခု မိမိကိုယ်ကိုယ် ရှဲ့ခွေဟု ဆိုသူမှာ ရုပ်သေးကြယ်စင်ဂိုဏ်း၏ လက်ရှိဂိုဏ်းချုပ် ဖြစ်နိုင်ခြေရှိပြီး သူ၏ အစွမ်းမှာ တိုင်းတာ၍မရနိုင်အောင် နက်ရှိုင်းပေလိမ့်မည်။

"ရုပ်သေးကြယ်စင်ဂိုဏ်း... ဒီဂိုဏ်းက 'ရုပ်သေးကြယ်စင် တိုက်ပွဲဝင်ခန္ဓာကိုယ်' လို့ခေါ်တဲ့ အဆင့်တစ်ဝက်မြင့်တဲ့ သိုင်းပညာကို ကျင့်ကြံတယ်လို့ သတင်းထွက်နေတာပဲ။ အဲ့ဒီအတတ်က သဘာဝစွမ်းအင်တွေ၊ နေ၊ လနဲ့ ကြယ်စင်တွေရဲ့ အားကိုယူပြီး ခန္ဓာကိုယ်ကို သန့်စင်ပေးတာ။ အဲ့ဒါက ဝိဇ္ဇာဘုရားကျောင်းရဲ့ 'ကင်းကောင်ခန္ဓာကိုယ်' နဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်..."

"အရမ်းကို အစွမ်းထက်တယ်။ ဆံချည်မျှင်တစ်မျှင်ကတောင် နတ်ဘုရားလက်နက်တစ်ခုလို ဖြစ်နေပြီး ခြေရာလက်ရာမကျန်အောင် သတ်နိုင်တယ်။ ငါတို့ သတိထားရမယ်" ထွမ်မုထောင်က အသံပို့လွှတ်၍ အခြားသူများကို သတိပေးလိုက်သည်။ သူသည် ရှဲ့ခွေ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သူကျွမ်းကျင် တတ်မြောက်ထားနိုင်သော သိုင်းပညာအကြောင်းကို ရှင်းပြနေခြင်း ဖြစ်သည်။

ထွမ်မုထောင်သည် တည်ငြိမ်စွာဖြင့် လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဂိုဏ်းချုပ် ရှဲ့ခွေ၊ ခင်ဗျားလို ရာထူးဂုဏ်သိန်ရှိတဲ့လူက ဘာကြောင့် ဂိုဏ်းငယ်လေးတွေကို လိုက်ပြီး တိုက်ခိုက်နေရတာလဲ။ ဝိညာဉ်ကြောတွေကို ဖျက်ဆီးတာက နှစ်ဦးနှစ်ဖက်လုံးကို ထိခိုက်စေတာပဲ မဟုတ်လား"

ရှဲ့ခွေ၏ အသံမှာ တောင်ကြီးတစ်လုံးကဲ့သို့ လေးလံနေလျက် "ထွမ်မုထောင်၊ မင်းက မဟာမီးလျှံ တော်ဝင်မိသားစုရဲ့ ခွေးတစ်ကောင်လို လုပ်ပေးပြီး အကျိုးအမြတ်တွေ အများကြီး ရထားတယ်လို့ ငါကြားဖူးတယ်။ အဲ့ဒါကြောင့်လည်း မင်းက ဒီနေ့လို အခြေအနေကို ရောက်နေတာပေါ့။ ငါက မင်းကို သတ်ဖို့ သီးသန့်လာခဲ့တာ။ မင်းရဲ့ ခေါင်းကို... ငါ ယူသွားမယ်။"

မိစ္ဆာနှိမ်နင်းရေးဌာန၏ အကြီးအကဲဖြစ်ပြီး မဟာမီးလျှံ တော်ဝင်မိသားစုအပေါ် သစ္စာရှိသော ထွမ်မုထောင်သည် မိစ္ဆာများနှင့် မိစ္ဆာဝါဒီများအတွက် မျက်စိထဲစူးဝင်နေသကဲ့သို့ပင်။ အကယ်၍ သူတို့က ထွမ်မုထောင်ကို သတ်နိုင်ပါက မိစ္ဆာဂိုဏ်းများ မဟာမိတ်အဖွဲ့အတွင်း သူတို့၏ သြဇာအာဏာမှာ အဆမတန် မြင့်တက်လာမည်ဖြစ်ပြီး မဟာမိတ်ခေါင်းဆောင် ရာထူးအတွက်ပါ ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။

မကြာမီ ပရမ်းပတာ အခြေအနေများ စတင်တော့မည် ဖြစ်သဖြင့် ဤအခွင့်အရေးကို အသုံးချကာ အမြင့်ဆုံးနေရာသို့ တစ်ဟုန်ထိုး တက်လှမ်းရန် သူတို့ ကြိုးစားနေခြင်းပင်။

ရုပ်သေးကြယ်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်အနေဖြင့် ရှဲ့ခွေသည် မိစ္ဆာဂိုဏ်းများအတွင်း သူ၏ စိုးမိုးမှုကို တည်ဆောက်ရန် ခြောက်လနီးပါး ပြင်ဆင်ခဲ့ပြီး ဤနေရာကို ထွမ်မုထောင်၏ သချိုင်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

ထွမ်မုထောင်၏ မျက်နှာ အေးစက်သွားလေ၏။ မိစ္ဆာဂိုဏ်းများနှင့် မိစ္ဆာတံခါးများမှာ မကြာသေးမီကပင် စတင်လှုပ်ရှားလာကြပြီ ဖြစ်ရာ သူ၏ ထင်မြင်ချက်မှာ မှန်ကန်နေခဲ့ပြီ ဖြစ်သည်။

"ဒါဆိုရင်လည်း စမ်းကြည့်ကြတာပေါ့"

ထွမ်မုထောင်သည် စကားများများ မပြောတော့ပေ။ ရှဲ့ခွေက သူ့ကိုသတ်ပြီး မိစ္ဆာဂိုဏ်းများကြားတွင် သူ၏ အဆင့်အတန်းကို မြှင့်တင်လိုသကဲ့သို့ ထွမ်မုထောင်ကလည်း ရှဲ့ခွေ၏ ခေါင်းကို ဂုဏ်ပြုဆုတံဆိပ်တစ်ခုအဖြစ် အသုံးပြုလိုသည်။

"ဝုန်း"

ရှဲ့ခွေသည် အိမ်ခေါင်မိုးပေါ်မှ ပေါ့ပါးစွာ ခုန်ချလိုက်သော်လည်း သူ၏ ဧရာမခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ ရောက်ရှိချိန်တွင် ကမ္ဘာမြေကြီးမှာ ကြယ်စင်တစ်ခု တိုက်မိသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ထွက်ပေါ်လာသော လေပြင်းများမှာ အိမ်တော်၏ ကျောက်သားကြမ်းပြင်များကို အမှုန့်ဖြစ်သွားစေသည်။

ခုန်ချရုံမျှဖြင့် ရှဲ့ခွေသည် ဂိုဏ်းချုပ်တစ်ဦး၏ ခန့်ညားသော စွမ်းအားကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

မည်သည့်အသံမျှ မထွက်ဘဲ မီးခိုးရောင် အရိပ်တစ်ခု ဖြတ်ပြေးသွားကာ တိုးဝင်လာသော လေလှိုင်းများကို ပြန်လည် တွန်းထုတ်လိုက်သည်။ မီးခိုးရောင် ဝတ်စုံဝတ်ထားသော ထွမ်မုထောင်သည် ရှဲ့ခွေ၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထွားကျိုင်းသော ရှဲ့ခွေနှင့် နှိုင်းယှဉ်လျှင် ထွမ်မုထောင်မှာ သေးငယ်နေသကဲ့သို့ ရှိသော်လည်း သူ၏ ညာလက်မောင်းနှင့် လက်ချောင်းများကို စုစည်းကာ ထက်မြက်သော ဓားတစ်စင်းကဲ့သို့ ထိုးစိုက်လိုက်သည်။

"ရွှီး..."

ဤရိုးရှင်းသော လက်ဝါးဓားချက်မှာ စူးရှသော အသံနှင့်အတူ ထွက်ပေါ်လာပြီး ဓားအငွေ့အသက်များမှာ လက်ချောင်းထိပ်များတွင် ကပ်ပါနေသည်။ ပစ်မှတ်သို့ မရောက်မီမှာပင် ပြင်းထန်သော လေလှိုင်းများက လူတစ်ယောက်ကို အပိုင်းပိုင်း ပြတ်သွားစေနိုင်သည့် အစွမ်း ရှိနေသည်။

ရှဲ့ခွေကတော့ မတုန်မလှုပ် ရှိနေပြီး သံမဏိနံရံများကိုပင် ဖောက်ထွင်းနိုင်သော ထိုလက်ဝါးဓားချက်ကို သူ၏ ရင်ဘတ်ပေါ်သို့ ကျရောက်စေခဲ့သည်။

"ချွင်"

သတ္တုအချင်းချင်း ထိမှန်သွားသည့် အသံကြီး ထွက်ပေါ်လာပြီး ပြင်းထန်သော ဓားအရှိန်အဝါများကြားတွင် ရှဲ့ခွေ၏ ရင်ဘတ်မှ အဝတ်အစားများမှာ စုတ်ပြဲသွားကာ အတွင်းမှ တောင့်တင်းသော ကြွက်သားများ ပေါ်ထွက်လာသည်။ သေချာကြည့်လျှင် သူ၏ အရေပြားမှာ ကြယ်စင်များကဲ့သို့ မှိန်ပျပျ တောက်ပနေပြီး အလွန်နက်ရှိုင်းသော အသွင်ရှိသည်။ ဤတိုက်ခိုက်မှုမှာ ရှဲ့ခွေ၏ အရေပြားကိုပင် ဖောက်ထွင်းနိုင်ခြင်း မရှိခဲ့ပေ။

ထွမ်မုထောင် ပြောခဲ့သကဲ့သို့ပင် ရှဲ့ခွေသည် 'ရုပ်သေးကြယ်စင် တိုက်ပွဲဝင်ခန္ဓာကိုယ်' ကို အဆင့်မြင့် သိုင်းပညာတစ်ဝက်အဆင့်အထိ ကျင့်ကြံထားခြင်း ဖြစ်သည်။ သူ၏ မြင့်မားသော ကိုယ်လုံးမှာ ကြယ်စင်ငယ်လေးတစ်ခုကဲ့သို့ ဖျက်ဆီး၍မရနိုင်ဘဲ သူ၏ လှုပ်ရှားမှုတိုင်းမှာ ကောင်းကင်ယံမှ ကြယ်စင်တစ်လုံး ပျံသန်းလာသကဲ့သို့ သေစေနိုင်သော စွမ်းအားများ ပါရှိနေကာ လူသားတို့ ခုခံနိုင်စွမ်းထက် ကျော်လွန်နေသည်။

အနှိုင်းမဲ့ သိုင်းကျင့်စဉ်ဆိုသည်မှာ သိုင်းဝိဇ္ဇာသူတော်စင် တစ်ဦးကိုယ်တိုင် ကျင့်ကြံအသုံးပြုခဲ့သော သို့မဟုတ် ထိုသူတော်စင်ကိုယ်တိုင် လက်ဆင့်ကမ်းခဲ့သော ကျင့်စဉ်များ ဖြစ်ပြီး သိုင်းဝိဇ္ဇာသူတော်စင်များ ပေါ်ထွက်ခဲ့ဖူးသည့် မိသားစုများ သို့မဟုတ် ဂိုဏ်းများတွင်သာ ရှိတတ်သည်။

အဆင့်တစ်ဝက်မြင့် သိုင်းကျင့်စဉ်များမှာမူ အနှိုင်းမဲ့ သိုင်းကျင့်စဉ်များထက် နိမ့်ကျသော်လည်း ၎င်းတို့မှာ အလွန်ထူးခြားလှပြီး အမြင့်ဆုံးအဆင့်သို့ ရောက်ရှိချိန်တွင် သိုင်းဝိဇ္ဇာသူတော်စင် အဆင့်အောက်၌ မည်သူမျှ မယှဉ်နိုင်သော အစွမ်းများ ရှိကြသည်။

"ငါ့အလှည့်ပဲ"

ထွမ်မုထောင်ကို ငုံ့ကြည့်လိုက်ရင်း ရှဲ့ခွေ၏ ကြမ်းတမ်းသော မျက်နှာတွင် မာန်မာနနှင့် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ သူသည် ယပ်တောင်တစ်ချပ်ကဲ့သို့ ကျယ်ပြန့်သော လက်ဝါးဖြင့် မည်သည့် အပိုမပါဘဲ ရိုးရိုးရှင်းရှင်းပင် ပြန်လည် ရိုက်ထုတ်လိုက်သည်။

"ဝုန်း"

လေထုနှင့် ပွတ်တိုက်မိရာမှ ထွက်ပေါ်လာသော အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားပြီး သူ၏လက်ဝါးတစ်ဝိုက်တွင် အဖြူရောင် လေလှိုင်းများနှင့် မီးပွင့်များ ထွက်ပေါ်လာခဲ့ရာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။

All Chapters