အခန်း (၆၂၂-၆၂၄)
Vol. 42 Ch. 622-624
အခန်း (၆၂၂) ကမ္ဘာကိုတုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော တောက်ယင်နည်းပညာ။ သဘာဝစွမ်းအင် ဒီရေလှိုင်း။ (၃)
နတ်ဘုရားမျိုးစေ့ကို အသုံးပြု၍ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ဖြစ်လာခြင်းမှာ အားအနည်းဆုံးလမ်းစဉ် မဟုတ်သော်လည်း နတ်ဘုရားမျိုးစေ့ကို အသုံးမပြုဘဲ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ဖြစ်လာနိုင်ပါက အတိုင်းအဆမရှိသော ခွန်အားကို ရရှိစေမည်မှာ သေချာပါသည်။
သမိုင်းတစ်လျှောက် ကျော်ကြားခဲ့သော သိုင်းဝိဇ္ဇာသူတော်စင်ကြီးများသည် သူတို့၏ နောက်မျိုးဆက်များ ထွန်းကားစေရန်နှင့် ထူးချွန်ထက်မြက်သော ပါရမီရှင်များ ပေါ်ထွက်လာစေရန်အတွက် 'ကောင်းကင်ဂူနန်း' များနှင့် 'မင်္ဂလာနယ်မြေ' များကို ချန်ထားရစ်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများသည် သူတို့၏ ဖောက်ထွက်မှုများအတွက် နတ်ဘုရားမျိုးစေ့များအပေါ် မှီခိုခဲ့ကြတာ မဟုတ်နိုင်ဟု စူးချန်ခုန်း ခံစားမိသည်။
သိုင်းပညာရပ်များကို 'နတ်ဘုရားစွမ်းရည်တု' အဆင့်အထိ ကျင့်ကြံနိုင်သည်ဆိုလျှင် စစ်မှန်သော နတ်ဘုရားစွမ်းရည်များကို ကျင့်ကြံအားထုတ်ရန်နှင့် မိမိကိုယ်ပိုင် နတ်ဘုရားမျိုးစေ့ကို စုစည်းရန်မှာလည်း သဘာဝကျလှပေသည်။
အခြားသူများ လုပ်နိုင်သည်ဆိုလျှင် သူလည်း လုပ်နိုင်မည်ဟု စူးချန်ခုန်း ယုံကြည်သည်။
စူးချန်ခုန်း၏ နောက်ဆုံးပန်းတိုင်မှာ သိုင်းဝိဇ္ဇာသူတော်စင်တစ်ဦး ဖြစ်လာရန်သာမကဘဲ မသေမျိုးအဆင့်သို့ တက်လှမ်းရန် ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ပိုမိုဝေးကွာသော ခရီးကို လျှောက်လှမ်းနိုင်ရန်အတွက် အရာရာတိုင်း ပြည့်စုံနေစေရန် သူ ရည်ရွယ်ထားသည်။
"အပျင်းကြီးနေလို့ မဖြစ်ဘူး။ တခြား သိုင်းကျင့်စဉ်တွေကိုလည်း လေ့ကျင့်ရဦးမယ်"
'မူလဓာတ်ငါးပါး သိုင်းပညာရှင်' အဆင့်သို့ ရောက်သွားပြီးနောက်တွင်ပင် စူးချန်ခုန်းသည် စိတ်ကျေနပ်မှု မရှိသေးပေ။ သူသည် ပိုမိုတိုးတက်ရန်နှင့် ဆက်လက်ကျင့်ကြံရန် လိုအပ်နေသေးသည်။
အမှန်တော့ မူလဓာတ်ငါးပါး သိုင်းပညာရှင်ကြီးဖြစ်စေ၊ နတ်ဘုရားစွမ်းရည်တု ပိုင်ရှင်ဖြစ်စေ၊ ၎င်းတို့၏ အခြေခံမှာ မူလနယ်ပယ် သိုင်းပညာရှင်အဆင့်တွင်သာ ရှိနေသေးပြီး ကွာခြားချက်မှာ တိုက်ခိုက်နိုင်စွမ်းသာ ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ပြီး မည်သူထက်မဆို ပိုမိုသန်မာလာစေခြင်းဖြင့် သိုင်းဝိဇ္ဇာသူတော်စင်အဆင့်သို့ သဘာဝအလျောက် ရောက်ရှိသွားပေလိမ့်မည်။
"တောက်ယင်ကျင့်စဉ်ကို လေ့ကျင့်မယ်"
စူးချန်ခုန်း လက်ရှိ ကျွမ်းကျင်ထားသော 'နတ်ပိုးချည်ကျင့်စဉ်' နှင့် 'တောက်ယင်ကျင့်စဉ်' တို့မှာ အဆင့် ၈ တွင်သာ ရှိနေသေးသည်။
'နတ်ပိုးချည်ကျင့်စဉ်'ကို ကျင့်ကြံရာတွင် အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှု ဖြစ်ပေါ်စေရန်အတွက် ဘေးအန္တရာယ်များနှင့် စမ်းသပ်မှုများကို ရင်ဆိုင်ရမည် ဖြစ်သည်။ အဟောင်းကို ဖျက်ဆီးပြီးမှ အသစ်ကို တည်ဆောက်ရမည် ဖြစ်သော်လည်း စူးချန်ခုန်း၏ လက်ရှိခွန်အားနှင့်ဆိုလျှင် ထိုကဲ့သို့သော အန္တရာယ်ရှိသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှသည်။
တစ်ဖက်တွင်မူ 'တောက်ယင်ကျင့်စဉ်' ကို ကျင့်ကြံခြင်းမှာ စူးချန်ခုန်း၏ ပါရမီနှင့် အလားအလာတို့နှင့် ဆက်စပ်နေသည်။ သူ အချိန်ပေး၍ လေ့ကျင့်သရွေ့ မလွဲမသွေ အဆင့်တက်လာမည် ဖြစ်သည်။
၇၅ မှတ်အထိ မြင့်မားသော စွမ်းရည်တန်ဖိုးရှိနေသဖြင့် 'တောက်ယင်ကျင့်စဉ်' ကို အဆင့် ၁၀ အထိ မြှင့်တင်ရန်မှာ စူးချန်ခုန်းအတွက် မခက်ခဲပေ။ ဤရှေးဟောင်း 'တောက်ယင်ကျင့်စဉ်' က သူ့အတွက် အံ့အားသင့်စရာအချို့ ယူဆောင်လာပေးမည်ဟုလည်း သူ မျှော်လင့်ထားသည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ နောက်တောင်ဘက်ရှိ 'နတ်ပိုးချည်ဂူ' အတွင်း၌ စူးချန်ခုန်းသည် 'တောက်ယင်ကျင့်စဉ်' ကို စတင်ကျင့်ကြံလိုက်သည်။ သူ၏ 'တောက်ယင်ကျင့်စဉ်' လှုပ်ရှားမှုများကို ပြုလုပ်နေစဉ်တွင် သဘာဝကျလှသော အလှတရားတစ်ခု ကိန်းအောင်းနေသည်။
စူးချန်ခုန်း စိတ်အာရုံ စူးစိုက်မှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များမှာ သဘာဝအလျောက် ဆွဲဆောင်ခံလိုက်ရပြီး သူ၏ ပတ်ဝန်းကျင်တွင် စုဝေးလာကာ ဖြူဖွေးသော မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ စူးချန်ခုန်းမှာ နတ်ဘုရားနယ်မြေမှ မသေမျိုးတစ်ပါးနှယ်။
"ဒေါင် ဒေါင် ဒေါင် ဒင်"
ဝိညာဉ်လမ်းစဉ်ဂိုဏ်း ပြန်လည်တည်ဆောက်ခြင်းကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြသည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်းမှ တပည့်များနှင့် အပြင်မှ ခေါ်ယူထားသော ဗိသုကာပညာရှင်များ အလုပ်များလျက် ရှိကြသည်။
ခြောက်သွေ့နေသော မြေပြင်ပေါ်တွင် သက်ရှိအသွင်များ ပြန်လည် ပေါ်ထွက်လာသကဲ့သို့ပင် ပျက်စီးခြင်းကြားမှ မွေးဖွားခြင်း ဖြစ်ပေါ်လာနေသည်။
တောက်ယင်ကျင့်စဉ် (နဝမနယ်ပယ်၊ ကမ္ဘာ့ပြိုင်ဘက်ကင်းအဆင့် ၁၁ ရာခိုင်နှုန်း)၊ တောက်ယင်ကျင့်စဉ် (နဝမနယ်ပယ်၊ ကမ္ဘာ့ပြိုင်ဘက်ကင်းအဆင့် ၁၂ ရာခိုင်နှုန်း)...
စူးချန်ခုန်း၏ တောက်ယင်ကျင့်စဉ်မှာ နေ့စဉ်နှင့်အမျှ တိုးတက်နေပြီး ပိုမိုမြင့်မားသော နယ်ပယ်သို့ တည်ငြိမ်စွာ ချဉ်းကပ်နေသည်။
"ထူးဆန်းလိုက်တာ... ဘာဖြစ်လို့ သဘာဝစွမ်းအင်တွေက တစ်ရက်ထက်တစ်ရက် ပိုပြီးတော့ များလာရတာလဲ"
တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း စူးချန်ခုန်းမှာ ဝေခွဲမရ ဖြစ်နေမိသည်။ ကောင်းကင်နှင့် မြေကြီးကြားရှိ သဘာဝစွမ်းအင်များ၏ ပြောင်းလဲမှုကို သူ အာရုံခံနိုင်နေသောကြောင့် ဖြစ်သည်။
သီအိုရီအရ သဘာဝစွမ်းအင် စုစုပေါင်း ပမာဏမှာ အကန့်အသတ် ရှိသည်။ ဝိညာဉ်ကြောများရှိသော နေရာတွင် ပိုမိုများပြားပြီး အခြားနေရာများတွင် နည်းပါးသည်။
သိုင်းပညာရှင်များ သေဆုံးသွားသောအခါ သူတို့၏ ခန္ဓာကိုယ်များမှာ တဖြည်းဖြည်း ဆွေးမြည့်သွားပြီး မြေပြင်ကို အာဟာရ ပေးစွမ်းကာ နောက်ဆုံးတွင် သဘာဝစွမ်းအင်များအဖြစ် ပြန်လည် ပြောင်းလဲသွားကြသည်။ သစ်ပင်များ၊ သတ္တဝါများနှင့် ကမ္ဘာပေါ်ရှိ အရာခပ်သိမ်းမှာ သံသရာလည်နေခြင်း ဖြစ်သဖြင့် သဘာဝစွမ်းအင် စုစုပေါင်း ပမာဏမှာ များစွာ ပြောင်းလဲရန် မရှိပေ။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် စူးချန်ခုန်းသည် ကမ္ဘာလောကတွင် ပြည့်နှက်နေသော သဘာဝစွမ်းအင်များမှာ ပြောင်းလဲနေပြီး တစ်ရက်ထက်တစ်ရက် တိုးပွားနေသည်ကို သိသာစွာ ခံစားနေရသည်။
ဤပြောင်းလဲမှုမှာ အလွန်သိမ်မွေ့လှသဖြင့် သာမန် မူလနယ်ပယ် သိုင်းပညာရှင်တစ်ဦးပင် သိရှိနိုင်ရန် ခက်ခဲလှသည်။
အချိန်ကြာလာသည်နှင့်အမျှ သဘာဝစွမ်းအင်များ တိုးပွားလာမှုနှုန်းမှာ ပိုမိုမြန်ဆန်လာသည်။
"ထူးဆန်းလိုက်တာ... ဘာလို့ ဒီအပင်တွေက ဒီလောက်တောင် မြန်မြန်ကြီးနေရတာလဲ။ အရင်ကဆို တစ်ပတ် တစ်ခါ လဝက်တစ်ခါလောက် ရှင်းရင် ရပြီ။ အခုတော့ သုံးလေးရက် တစ်ခါလောက် ရှင်းနေရတယ်"
ဤအသွင်ပြောင်းလဲမှုမှာ သိမ်မွေ့သော်လည်း နက်ရှိုင်းလှသည်။ ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ တောင်တံခါးဝတွင် တပည့်တစ်စုမှာ တောင်တက်လမ်းတစ်လျှောက်ရှိ ပေါင်းပင်များကို ဓားများဖြင့် ခုတ်ထွင်ရှင်းလင်းနေရင်း အပင်များ၏ ကြီးထွားနှုန်းမှာ မကြာသေးမီက အဘယ်ကြောင့် ဤမျှ မြန်ဆန်နေရသနည်းဟု စဉ်းစားမရ ဖြစ်နေကြသည်။
သဘာဝစွမ်းအင် ပြောင်းလဲမှုကို ခံစားမိသူမှာ စူးချန်ခုန်း တစ်ယောက်တည်း မဟုတ်ပေ။
ခန့်ညားထည်ဝါသော ခန်းမဆောင်ကြီးတစ်ခုအတွင်း၌ မီးခိုးရောင် ဝတ်စုံဝတ်ထားသော မိစ္ဆာနှိမ်နင်းရေးဌာန၏ အကြီးအကဲ ထွမ်မုထောင်သည် သံသေတ္တာအရှည်ကြီးတစ်ခုကို ကိုင်ဆောင်ထားရင်း တိတ်ဆိတ်စွာ အာရုံခံနေသည်။
"ဒီရေတွေက တက်လိုက် ကျလိုက်၊ ဖြစ်လိုက် ပျက်လိုက်ပါပဲလား... ကောင်းကင်နဲ့ မြေကြီးကြားက သဘာဝစွမ်းအင်တွေက ဒီရေလှိုင်းတွေလို တက်လာနေပြီ။ လှိုင်းလုံးကြီး လာနေပြီပဲ..."
ထွမ်မုထောင်၏ မျက်နှာမှာ အလွန်ပင် လေးနက်နေသည်။
ထွမ်မုထောင် သိထားသည်မှာ သဘာဝစွမ်းအင် စုစုပေါင်း ပမာဏမှာ တည်မြဲနေသော်လည်း ၎င်းသည် သမုဒ္ဒရာ ဒီရေများကဲ့သို့ အတက်အကျ ရှိတတ်သည်။ ငြိမ်သက်သော ကာလ၊ ဒီရေကျသော ကာလနှင့် လှုပ်ခတ်နေသော ဒီရေတက် ကာလဟူ၍ ရှိသည်။
လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်၊ သုံးထောင်ခန့်က ဤကမ္ဘာလောကမှာ ဒီရေကျနေသော ကာလတွင် ရှိနေခဲ့သော်လည်း ယခုအခါ ဒီရေမှာ စတင်တက်လာနေပြီ ဖြစ်သည်။ ၎င်းမှာ နှစ်ပေါင်းများစွာအတွင်း မတွေ့ကြုံခဲ့ရဖူးသော 'ဧရာမလှိုင်းလုံးကြီး' ပေါ်ထွက်လာတော့မည့် အတိတ်နိမိတ်ပင် ဖြစ်နိုင်သည်။
၎င်းမှာ ခေတ်ကြီးတစ်ခု ရောက်ရှိလာတော့မည့် လက္ခဏာ ဖြစ်သလို၊ ပရမ်းပတာ ကာလတစ်ခု၏ လက္ခဏာလည်း ဖြစ်သည်။ ရှေးဟောင်းဂိုဏ်းများ၊ အင်အားစုများနှင့် မိသားစုကြီးများသည် ဤကာလကို စောင့်ဆိုင်းနေကြပြီး သူတို့သည် ဤရှားပါးလှသော ဒီရေလှိုင်းကြီးအတွင်းတွင် လှုပ်ရှားထကြွလာကြမည်မှာ သေချာပါသည်။ လက်ရှိ အခြေအနေကိုသာ ထိန်းသိမ်းထားချင်သူမှာ အနည်းငယ်မျှသာ ရှိပေလိမ့်မည်။
အချို့သော ရှေးဟောင်း အစွမ်းထက် ပုဂ္ဂိုလ်ကြီးများမှာလည်း 'အသီးအပွင့်' ဟု ခေါ်ဆိုကြသော အရာကို ရရှိရန်အတွက် ဤအခွင့်အရေးကို လွတ်သွားခံမည် မဟုတ်ဘဲ မည်သည့်ပေးဆပ်မှုကိုမဆို ပြုလုပ်ရန် အသင့်ရှိနေကြသည်။
ဤကဲ့သို့သော လှိုင်းလုံးကြီးများကြားတွင် အင်ပါယာတစ်ခု ဆိုသည်မှာ ဧရာမ သင်္ဘောကြီးတစ်စင်းနှင့် တူလှသည်။ အခြေခံ အုတ်မြစ်များ ခိုင်မာသော်လည်း နစ်မြုပ်သွားနိုင်သည့် အန္တရာယ် ရှိနေကာ မင်းဆက်ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီး သမိုင်း၏ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။
"နောက်ရက်အနည်းငယ်အတွင်းမှာ ငါ 'ဝိညာဉ်တစ်သောင်း ဂူသင်္ချိုင်း' ထဲကို တစ်ခါ ထပ်ဝင်ဖို့ ခွင့်တောင်းရမယ်။ ဒီရေတက်လာတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး ငါ့ရဲ့ ဓားသိုင်း အဟန့်အတားကို ဖောက်ထွက်နိုင်ကောင်းပါရဲ့။ ဒါမှ... ဒီပရမ်းပတာ လောကကြီးထဲမှာ အသက်ရှင်နိုင်မှာ ဖြစ်သလို ပိုပြီးတော့လည်း တိုးတက်နိုင်မှာပါ။"
ထွမ်မုထောင်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏ ရာထူးနှင့် အဆင့်အတန်းအရ မဟာမီးလျှံအင်ပါယာကြီးအတွင်း ပရမ်းပတာ ဖြစ်ရပ်များ ပေါ်ပေါက်လာပါက သူသည် ရှေ့တန်းမှ ဦးဆောင်ရမည် ဖြစ်သည်။ ထိုတိုက်ပွဲများကြားတွင် သူ အမှန်တကယ် ကျဆုံးသွားနိုင်သည့် အန္တရာယ်လည်း ရှိနေသည်။
အခန်း (၆၂၃) ကမ္ဘာကိုတုန်လှုပ်စေပြီး လူထုကို ထိတ်လန့်စေသော တောက်ယင်နည်းပညာ။ သဘာဝစွမ်းအင် ဒီရေလှိုင်း။ (၄)
ထွမ်မုထောင်သည် မိမိကိုယ်ကိုယ် မြှင့်တင်ရန်သာ အစွမ်းကုန် ကြိုးစားရုံသာ။ ထိုမှသာလျှင် နီးကပ်လာနေသော ဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်မည် ဖြစ်သည်။
မဟာမီးလျှံအင်ပါယာကြီး၏ နယ်ပယ်အတွင်းရှိ ဂိုဏ်းကြီးများနှင့် မှူးမတ်မျိုးနွယ်စုများ အားလုံးမှာလည်း သဘာဝစွမ်းအင် ဒီရေလှိုင်းများ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာသည်ကို ခံစားနေရသည်။ ၎င်းမှာ အခွင့်အလမ်းတစ်ခု ဖြစ်နိုင်သလို သမိုင်း၏ ဖုန်မှုန့်များအဖြစ် ပျောက်ကွယ်သွားနိုင်သည့် အန္တရာယ်လည်း ဖြစ်နိုင်သည်။
မဟာမီးလျှံအင်ပါယာ၏ နယ်နိမိတ်ကို ကျော်လွန်၍ မိုင်ပေါင်းများစွာ အကွာအဝေးရှိ ရေခဲပြင်ကြီးတစ်ခုတွင် လေထုမှာ အလွန်အမင်း အေးစက်နေပြီး တစ်နှစ်ပတ်လုံး ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသည်။
အမျိုးသမီးတစ်ဦးသည် ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ကာ တိတ်ဆိတ်စွာ တရားထိုင်နေသည်။ ထူးဆန်းသည်မှာ ထိုအမျိုးသမီးကို ဗဟိုပြု၍ ဆယ်မိုင်ပတ်လည်အတွင်း ဆီးနှင်းများမှာ ပတ်ပတ်လည်တွင် ဝဲပျံနေကြရာ နှင်းတောထဲမှ နတ်သမီးလေးတစ်ပါးနှယ်။
သူက လက်ဖဝါးကို ဖြန့်လိုက်ရာ အပြာရောင် သလင်းခဲတစ်ခု ပေါ်ထွက်လာပြီး ဝေဝါးသော အလင်းတန်းများ ဖြာထွက်နေသည်။
"ဒီနတ်ဘုရားမျိုးစေ့ထဲမှာ စိတ်ဆန္ဒတစ်ခု ကိန်းအောင်းနေတယ်... ဒါက သူ့ရဲ့ မူလပိုင်ရှင် ချန်ထားရစ်ခဲ့တာလား။ ဒီဆန္ဒကို မဖြည့်ဆည်းပေးနိုင်ရင် ဒါကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ခက်လိမ့်မယ် ထင်တယ်။"
နှင်းပွင့်ကဲ့သို့ ဖြူစင်လှပသော သူ၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့သော အရိပ်အယောင်အချို့ ပေါ်လာသည်။
ဤနတ်ဘုရားမျိုးစေ့မှာ သူနှင့် အလွန်ကိုက်ညီမှု ရှိသော်လည်း ၎င်းကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်မှာ မလွယ်ကူပေ။ နတ်ဘုရားမျိုးစေ့တိုင်းတွင် မူလပိုင်ရှင်၏ စိတ်ဆန္ဒများ ပါရှိလေ့ရှိပြီး ၎င်းကို မဖြည့်ဆည်းပေးနိုင်ပါက အပြည့်အဝ သန့်စင်ရန် သို့မဟုတ် ထိန်းချုပ်ရန် ခက်ခဲလှသည်။
"ကောင်းကင်နဲ့ မြေကြီးရဲ့ ဒီရေလှိုင်းကြီးက လာနေပြီပဲ။ အတော်ပဲပေါ့... ငါ ပြန်မသွားဖြစ်တာလည်း ကြာပြီ။ ရှောင်ပိုင်ရေ.."
ထိုအမျိုးသမီးက ထရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်ကာ လှမ်းခေါ်လိုက်သည်။
"ဝုန်း"
တိမ်တိုက်များကြားမှ ပေ ၃၀ ကျော် ကျယ်သော အတောင်ပံများရှိသည့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော လင်းယုန်ကြီးတစ်ကောင်သည် လေပြင်းများနှင့် ဆီးနှင်းများကို သယ်ဆောင်လာရင်း ဆင်းသက်လာကာ အနှီအမျိုးသမီး၏ ရှေ့တွင် ဝပ်စင်းလိုက်သည်။
" ရှောင်ပိုင်... သွားကြစို့၊ မဟာမီးလျှံအင်ပါယာဆီကို"
ထိုအမျိုးသမီးသည် နှင်းငှက်မွှေးလင်းယုန်၏ ဦးခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးရင်း ပြောလိုက်သည်။
"ဝူး"
နှင်းမွှေးလင်းယုန်က အသံပြုကာ အတောင်ပံများကို ခတ်လိုက်ပြီး ကောင်းကင်ယံသို့ ပျံတက်သွားလေ၏။ လေပြင်းများကြောင့် ဝဲပျံနေသော ဆီးနှင်းများမှာ လွင့်စင်သွားပြီး မဟာမီးလျှံအင်ပါယာ ရှိရာအရပ်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားလေတော့သည်။
ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုများကြောင့် တသီးတခြား ကျင့်ကြံနေသူများပင် ဆက်လက်၍ ငြိမ်သက်စွာ မနေနိုင်ကြတော့ပေ။
...
စူးချန်ခုန်းကတော့ ဤအရာအားလုံးကို မသိသေးပေ။ သူ သိထားသည်မှာ ကောင်းကင်နှင့် မြေကြီးကြားရှိ သဘာဝစွမ်းအင်များမှာ ပြည့်လျှံလာနေပြီး မကြာမီတွင် ကြီးမားသော လှုပ်ခတ်မှုများ ဖြစ်ပေါ်လာတော့မည် အကြောင်းသာ။
တောက်ယင်ကျင့်စဉ် (နဝမနယ်ပယ်၊ ကမ္ဘာပြိုင်ဘက်ကင်းအဆင့် ၉၈ ရာခိုင်နှုန်း)၊ တောက်ယင်ကျင့်စဉ် (နဝမနယ်ပယ်၊ ကမ္ဘာပြိုင်ဘက်ကင်းအဆင့် ၉၉ ရာခိုင်နှုန်း)
စူးချန်ခုန်းကိုယ်တိုင်မှာလည်း နေ့စဉ် တောက်ယင်ကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေသည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်းတွင် အရာအားလုံး အေးချမ်းနေပြီး မည်သည့်ဆိုးရွားသော ဖြစ်ရပ်မျှ ပေါ်ပေါက်ခြင်း မရှိပေ။ ထိုသို့ တံခါးပိတ်ကျင့်ကြံနေရင်း နောက်ထပ် ငါးလ ကုန်ဆုံးသွားခဲ့ရာ စူးချန်ခုန်းမှာ 'မူလဓာတ်ငါးပါး ပေါင်းစည်းခြင်း' နယ်ပယ်သို့ ပိုမိုနီးကပ်လာခဲ့သည်။
ညနေခင်းတစ်ခုတွင် နှစ်ဝက်ကျော်ကြာ တံခါးပိတ်ကျင့်ကြံပြီးနောက် နောက်ဆုံးတော့ တောက်ယင်ကျင့်စဉ် အဆင့်တက်သွားလေပြီ။ သူသည် အတားအဆီးကို သဘာဝအလျောက် ကျော်ဖြတ်နိုင်ခဲ့ပြီး ပိုမိုမြင့်မားသော နယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
"ဂျိန်း"
တောက်ယင်ကျင့်စဉ် အဆင့်တက်သွားသည့် တစ်ခဏ၌ စူးချန်ခုန်းသည် သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရသည်။ သူ၏ သိစိတ်ပင်လယ်မှာ တုန်ခါသွားပြီး သူ၏ ချီစွမ်းအင်အနှစ်သာရနှင့် စိတ်ဝိညာဉ်မှာ ပိုမိုအားကောင်းလာကာ အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။ အသက်အနှစ်သာရမှာ ပိုမိုခိုင်မာလာပြီး သူ၏ သက်တမ်းအကန့်အသတ်မှာလည်း ပိုမိုတိုးတက်လာသည်။
ဝူးရှ် ဝူးရှ်
စူးချန်ခုန်း၏ ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များမှာ ပြင်းထန်စွာ လှုပ်ခတ်လာသည်။ ယခင်က သာမန်မျက်စိဖြင့် မမြင်နိုင်သော စွမ်းအင်များမှာ ယခုအခါ မြူခိုးများကဲ့သို့ စုဝေးလာပြီး အရည်များကဲ့သို့ စီးဆင်းလာခဲ့သည်။
"ဒီတောက်ယင်ကျင့်စဉ် အဆင့် ၁၀ ... ပြောင်းလဲမှုတွေက အရမ်းကို ကြီးမားလွန်းတယ်။"
စူးချန်ခုန်း မျက်လုံးများကို ဖွင့်လိုက်သည်။ သူကိုယ်တိုင်ပင် မယုံနိုင်လောက်အောင် ဖြစ်နေမိသည်။
တောက်ယင်ကျင့်စဉ် (ဒသမနယ်ပယ်၊ ကမ္ဘာကိုတုန်လှုပ်စေပြီး ထုထုကို ထိတ်လန့်စေခြင်း ၁ ရာခိုင်နှုန်း)
တောက်ယင်ကျင့်စဉ် အဆင့် ၁၀ သို့ ရောက်သွားသောအခါ စူးချန်ခုန်းသည် ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များနှင့် သူ၏ ဆက်နွှယ်မှုမှာ ပိုမိုခိုင်မာလာကြောင်း ခံစားလိုက်ရသည်။ သူ စိတ်အာရုံ စူးစိုက်ခြင်း မပြုသည့်တိုင် ကောင်းကင်နှင့် မြေကြီးကြား စီးဆင်းနေသော သဘာဝစွမ်းအင်များကို အလွယ်တကူ မြင်နိုင်နေသည်။
"ငါ အသုံးပြုပြီး ထိန်းချုပ်နိုင်တဲ့ သဘာဝစွမ်းအင် အကွာအဝေးက ပေလေးငါးထောင်လောက်အထိ ရောက်သွားပြီ..."
သူ၏ စိတ်အာရုံကို စုစည်းလိုက်သောအခါ စူးချန်ခုန်းသည် သူ ထိန်းချုပ်နိုင်သော စွမ်းအင်အကန့်အသတ်ကို သိရှိသွားပြီး အနည်းငယ် တုန်လှုပ်သွားမိသည်။
သာမန် 'မူလဓာတ်ငါးပါးသိုင်းပညာရှင်' အဆင့်ရှိ ပညာရှင်ကြီးတစ်ဦးမှာ ပေတစ်ထောင်ခန့် ပတ်ဝန်းကျင်အတွင်းရှိ သဘာဝစွမ်းအင်များကိုသာ ထိန်းချုပ်နိုင်သော်လည်း စူးချန်ခုန်းကတော့ တောက်ယင်ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် အဆင့်တူများထက် ပိုမိုသန်မာပြီး ပေနှစ်ထောင်အထိ ထိန်းချုပ်နိုင်ခဲ့သည်။
သို့သော် တောက်ယင်ကျင့်စဉ်မှာ အဆင့် ၁၀ သို့ ရောက်သွားသောအခါ ထိုအကွာအဝေးမှာ ပေ လေးထောင်ကျော်အထိ အဆမတန် တိုးတက်သွားခဲ့သည်။ ၎င်းမှာ မည်မျှကြီးမားသော တိုးတက်မှုနည်း။ သာမန် သိုင်းပညာရှင်ကြီးတစ်ဦးထက် ဆယ်ဆကျော် ပိုမိုများပြားနေခြင်း ဖြစ်သည်။
ဤမျှကျယ်ပြန့်သော နယ်ပယ်အတွင်းရှိ သဘာဝစွမ်းအင်များကို ထိန်းချုပ်နိုင်ခြင်းက စူးချန်ခုန်းအား ယခင်က ရှဲ့ခွေထက်ပင် ပိုမိုအစွမ်းထက်သွားစေသည်။ ရှဲ့ခွေနှင့် မတူညီသည့်အချက်မှာ ရှဲ့ခွေသည် 'ဝိညာဉ်သိုလှောင် မန္တန်စာရွက်' အတွင်းရှိ ဝိညာဉ်ကြော၏ စွမ်းအင်ကို အသုံးပြုရန် သူ၏ခန္ဓာကိုယ်ကို အသုံးချခဲ့ရသဖြင့် ခန္ဓာကိုယ်အပေါ် ဝန်ထုပ်ဝန်ပိုး အလွန်ကြီးမားခဲ့သည်။ ဆန့်ကျင်ဘက်အနေဖြင့် စူးချန်ခုန်းမှာမူ မိမိကိုယ်ပိုင် 'ကောင်းကင်စွမ်းအားကြော' နှင့် သဘာဝစွမ်းအင်များအပေါ် သိမြင်နားလည်မှုကိုသာ အသုံးပြုခြင်း ဖြစ်သဖြင့် ခန္ဓာကိုယ်အပေါ် မည်သည့် ဝန်ထုပ်ဝန်ပိုးမျှ မရှိပေ။ ၎င်းတို့မှာ နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
ထို့ပြင် ဤမျှများပြားသော သဘာဝစွမ်းအင်များကို ထိန်းချုပ်နိုင်ခြင်းကြောင့် စူးချန်ခုန်း၏ 'ဝူချင်းရှီကျင့်စဉ်'၊ သံဖြတ်ဓားသိုင်း၊ မြားအတတ်နှင့် အခြားသော စွမ်းရည်များမှာ ယခင်ကထက် မည်မျှပင် ပိုမိုအားကောင်းသွားမည်ကို မည်သူမျှ မခန့်မှန်းနိုင်ပေ။
၎င်းမှာ ကြီးမားသော တိုးတက်မှုပင် ဖြစ်သည်။
"အရင်က ဝိညာဉ်ကြောစွမ်းအားကို သုံးတဲ့ ရှဲ့ခွေတောင် ငါ့ရဲ့ လက်သီးချက်အချို့ကိုပဲ ခံနိုင်ခဲ့တာ။ အခုဆိုရင်တော့... သူတင်မကဘူး။ သူ့လိုလူမျိုးကို လက်သီးတစ်ချက်တည်းနဲ့တင် အမှုန့်ဖြစ်အောင် လုပ်ပစ်လို့ ရပြီ။"
စူးချန်ခုန်းသည် သူ၏ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ သူ၏ လက်ဖဝါးနှင့် လက်ချောင်းများကြားတွင် သဘာဝစွမ်းအင်များမှာ ပိုးချည်မျှင်များကဲ့သို့ ရစ်ပတ်နေသည်ကို မြင်ကာ သူ အံ့အားသင့်မိသည်။
ရှဲ့ခွေကို သတ်ဖြတ်စဉ်က စူးချန်ခုန်းမှာ များစွာ အားစိုက်စရာ မလိုခဲ့သော်လည်း အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့ရသည်။ ယခုမူ စူးချန်ခုန်း ထိန်းချုပ်နိုင်သော ဧရာမ သဘာဝစွမ်းအင်များနှင့် 'ဝူချင်းရှီ' ကို ပေါင်းစပ်လိုက်ပါက ရန်သူကို သတ်ဖြတ်ရန်မှာ လက်ဖဝါးလှန်သကဲ့သို့ပင် လွယ်ကူသွားပေလိမ့်မည်။
"ငါသာ သဘာဝစွမ်းအင်တွေကို ဆက်တိုက် စုစည်းပြီး တောက်ယင်ကျင့်စဉ်နဲ့ ဖိသိပ်လိုက်မယ်ဆိုရင်။ အဲ့ဒါက ဝိညာဉ်ကျောက်တုံးလိုမျိုး ဖြစ်သွားနိုင်မလား"
စူးချန်ခုန်း၏ စိတ်ထဲတွင် ဆန်းကြယ်သော အတွေးတစ်ခု ပေါ်လာသည်။ သူ၏ လက်ရှိ တောက်ယင်ကျင့်စဉ်အရ သူ ထိန်းချုပ်နိုင်သော စွမ်းအင်ပမာဏမှာ ယခင်ကထက် များစွာ သာလွန်နေပြီ ဖြစ်ရာ စွမ်းအင်များကို ဆက်တိုက် ဖိသိပ်ခြင်းဖြင့် ၎င်းတို့၏ ဂုဏ်သတ္တိ ပြောင်းလဲသွားနိုင်မလားဆိုသည်ကို သူ စမ်းသပ်လိုစိတ် ပေါ်လာသည်။
တွေးမိသည်နှင့် ချက်ချင်းပင် လုပ်ဆောင်လိုက်တော့သည်။
စူးချန်ခုန်း၏ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများသည် ကောင်းကင်နှင့် မြေကြီးကြားရှိ သဘာဝစွမ်းအင်များကို သူ၏ရှေ့တွင် စုဝေးစေရန် ဆွဲဆောင်လိုက်သည်။ ပထမဦးစွာ သဘာဝစွမ်းအင်များသည် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီးနောက် အရည်များအဖြစ်သို့ ပြောင်းသွားသည်။ ဆက်တိုက် ဖိသိပ်ပြီးနောက်တွင် ၎င်းတို့မှာ အရောင်မဲ့သော သလင်းခဲတစ်ခုအဖြစ် စတင် ပေါင်းစည်းလာခဲ့သည်။
"ဟင်... သလင်းခဲတစ်ခု ဖြစ်သွားပေမယ့် ငါ့ရဲ့ အာရုံစူးစိုက်မှုကို လျှော့လိုက်တာနဲ့ အဲ့ဒါက ပြန်ကွဲထွက်သွားပြီး သဘာဝစွမ်းအင်တွေအဖြစ် ပြန်ပြောင်းသွားတာပဲ... ဒါကြောင့် ဆက်ပြီးတော့ ဖိသိပ်ရမယ်။"
စူးချန်ခုန်း မျက်မှောင်ကြုတ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝစွမ်းအင်မှာ ပုံသေ ပုံသဏ္ဌာန် မရှိသောကြောင့် ဖြစ်သည်။ သလင်းခဲတစ်ခုအဖြစ် ဖိသိပ်လိုက်သော်လည်း ၎င်းမှာ ယာယီသာ ဖြစ်သည်။ ထို့ကြောင့် သူသည် ဇွဲမလျှော့ဘဲ သဘာဝစွမ်းအင်များကို ဆက်လက်စုစည်းကာ ဖိသိပ်ပြီး တောက်ယင်ကျင့်စဉ် ကို အသုံးပြု၍ ၎င်း၏ ဂုဏ်သတ္တိကို ပြောင်းလဲရန် ကြိုးစားလိုက်သည်။ မျက်စိဖြင့် မြင်နိုင်သော အစိုင်အခဲတစ်ခုအဖြစ် အမြဲတမ်း တည်ရှိနေစေရန် သူ ကြိုးစားနေခြင်း ဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ စူးချန်ခုန်းအတွက် အံ့အားသင့်ဖွယ်ရာတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သဘာဝစွမ်းအင်များကို ဆက်တိုက် ဖိသိပ်ကာ တောက်ယင်ကျင့်စဉ်ဖြင့် ဂုဏ်သတ္တိကို ပြောင်းလဲနေစဉ်တွင် သဘာဝစွမ်းအင်မှာ အမှန်တကယ်ပင် အသွင်ပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ မူလက အရောင်မဲ့နေသော သဘာဝစွမ်းအင် သလင်းခဲမှာ အဖြူဖျော့ရောင်သို့ ပြောင်းလဲသွားခဲ့သည်။ အစွမ်းကုန် ဖိသိပ်လိုက်သောအခါ ၎င်းမှာ အငွေ့ပျံသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသော်လည်း ယခုတစ်ကြိမ်တွင် ထိုအငွေ့တန်းမှာ သာမန်မျက်စိဖြင့် မြင်နိုင်ပြီး တစ်သားတည်း စုစည်းနေခဲ့သည်။
"ဒါက... မူလချီစွမ်းအင်လား"
စူးချန်ခုန်းသည် သူ၏လက်ထဲရှိ တောက်ပနေသော အဖြူရောင် အငွေ့တန်းလေးကို ကြည့်ရင်း အံ့အားသင့်ကာ မှင်သက်သွားခဲ့ရသည်။
၎င်းမှာ မူလချီစွမ်းအင် တစ်ခုပင် ဖြစ်သည်။
အခန်း (၆၂၄) မူလချီစွမ်းအင်များ စုစည်းခြင်း။ ကောင်းကင်ဘုံဖြစ်ရပ်ဆန်း။ (၁)
"ငါ... ငါက သဘာဝစွမ်းအင်တွေကို မူလချီစွမ်းအင်အဖြစ် ပြောင်းလဲလိုက်တာလား"
စူးချန်ခုန်းသည် သူ၏လက်ထဲရှိ အဆင့်မြင့်စွမ်းအား အငွေ့တန်းလေးကို ကြည့်ရင်း တုန်လှုပ်ခြောက်ခြားကာ အံ့အားသင့်နေမိသည်။
မူလက စူးချန်ခုန်းသည် သဘာဝစွမ်းအင်များကို ဝိညာဉ်ကျောက်တုံးကဲ့သို့ အစိုင်အခဲတစ်ခုအဖြစ် ဖိသိပ်ပြီး သိမ်းဆည်းထားနိုင်မလားဆိုသည်ကို စမ်းသပ်လိုရုံသာ ဖြစ်သည်။ သို့သော် သူသည် 'တောက်ယင်ကျင့်စဉ်' မှတစ်ဆင့် သဘာဝစွမ်းအင်၏ တည်ဆောက်ပုံကို ပြောင်းလဲရန် ကြိုးစားလိုက်သောအခါ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ပြီး သဘာဝစွမ်းအင်မှာ မူလချီစွမ်းအင်အဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။ ၎င်းမှာ အမှန်တကယ်ပင် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှပေသည်။
မူလချီစွမ်းအင် ဆိုသည်မှာ သာယာလှပသော တောင်တန်းများနှင့် သစ်တောဒေသများတွင်သာ ဖြစ်ပေါ်လေ့ရှိပြီး အမျှင်တန်းလေးတစ်ခု ဖြစ်ပေါ်လာရန်အတွက် အချိန်ကြာမြင့်စွာ ပျိုးထောင်ရန် လိုအပ်သည်။
သို့သော် ယခုအခါ စူးချန်ခုန်းသည် 'တောက်ယင်ကျင့်စဉ်' ကို အသုံးပြု၍ သဘာဝစွမ်းအင်များကို မူလချီစွမ်းအင် အဖြစ် ဖိသိပ်ကာ ပြောင်းလဲနိုင်ခဲ့လေပြီ။
"တကယ်ပဲ... မူလချီစွမ်းအင်ဆိုတာ သဘာဝစွမ်းအင် တစ်မျိုးပဲ။ ဒါပေမဲ့ အချိန်အကြာကြီး ပျိုးထောင်ထားလို့ ထူးခြားသွားတဲ့ သဘာဝစွမ်းအင် တစ်မျိုးပဲပေါ့။"
စူးချန်ခုန်း၏ မျက်လုံးများ အရောင်တောက်သွားသည်။ မူလချီစွမ်းအင်မှာ အလွန်ရှားပါးသည်။ သူသည် နှစ်ပေါင်းများစွာအတွင်း မိစ္ဆာနတ်ဆိုးများနှင့် မူလနယ်ပယ် သိုင်းပညာရှင် အများအပြားကို သတ်ဖြတ်ခဲ့သော်လည်း 'လိပ်အသက်ရှူနည်းပညာ' ကို အသုံးပြု၍ သူတို့ထံမှ မူလချီစွမ်းအင် အမျှင်တန်း အနည်းငယ်ကိုသာ ထုတ်ယူနိုင်ခဲ့သည်။
၎င်းမှာ နည်းပါးလှသည်မဟုတ်သော်လည်း 'လိပ်အသက်ရှူနည်းပညာ' ၏ အရည်အသွေးပိုင်းဆိုင်ရာ အဆင့်တက်ရန်အတွက်မူ ရေစက်ကလေးတစ်စက်ကဲ့သို့သာ ရှိသေးသည်။ စူးချန်ခုန်း၏ 'လိပ်အသက်ရှူနည်းပညာ' အသွင်ပြောင်းလဲရန်အတွက် အနည်းဆုံး မူလချီစွမ်းအင် ရာဂဏန်းမှ ထောင်ဂဏန်းအထိ လိုအပ်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူသည် မူလနယ်ပယ် သိုင်းပညာရှင် တစ်ထောင်နီးပါးကို သတ်ဖြတ်ရမည် ဖြစ်သည်။
စူးချန်ခုန်းသည် တစ်စုံတစ်ယောက်က သူ့ကို လာရောက်ရန်စခြင်း မရှိပါက ကျင့်ကြံမှု အဆင့်တက်ရန်အတွက် အကြောင်းမဲ့ သတ်ဖြတ်မှုများကို ပြုလုပ်မည့်သူ မဟုတ်ပေ။
သို့သော် 'တောက်ယင်ကျင့်စဉ်' အဆင့် ၁၀ သို့ တက်သွားခြင်းက ထူးခြားဆန်းကြယ်သော ကဏ္ဍတစ်ခုကို ဖွင့်လှစ်ပေးလိုက်သည်။ ၎င်းမှာ သဘာဝစွမ်းအင်များကို တက်ကြွစွာ စုစည်းကာ မူလချီစွမ်းအင် အဖြစ် ပြောင်းလဲပေးနိုင်ခြင်းပင် ဖြစ်သည်။ ၎င်းမှာ သူ၏ 'လိပ်အသက်ရှူနည်းပညာ' အဆင့်တက်ရန်အတွက် လမ်းကြောင်းသစ်တစ်ခု ဖြစ်လာခဲ့လေပြီ။
အကယ်၍ 'လိပ်အသက်ရှူနည်းပညာ' သာ အဆင့် ၁၁ သို့ တက်လှမ်းနိုင်ခဲ့ပါက ၎င်းသည် သူ၏ 'ဝူချင်းရှီ’ ကဲ့သို့ပင် အသွင်ပြောင်းလဲသွားမည်မှာ သေချာလှသည်။ ထိုအခါ 'နတ်ဘုရားစွမ်းရည်' ၏ ကနဦးပုံစံကို ပျိုးထောင်ပေးနိုင်သည့် အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
သိုင်းပညာရပ်တစ်ခုကို 'နတ်ဘုရားစွမ်းရည်' ပျိုးထောင်နိုင်သည့် အဆင့်အထိ ကျင့်ကြံနိုင်သော သိုင်းပညာရှင်မှာ အလွန်ရှားပါးလှသည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းမှာ သာမန် 'မူလဓာတ်ငါးပါးသိုင်းပညာ' အဆင့်ရှိ ပညာရှင်ကြီးများထက် များစွာ သာလွန်သဖြင့် 'နတ်ဘုရားစွမ်းရည်တု' ပိုင်ရှင် သိုင်းပညာရှင်ကြီးဟူသော ဘွဲ့ထူးနှင့် ထိုက်တန်ပေသည်။
အကယ်၍ 'နတ်ဘုရားစွမ်းရည်တု' အဆင့်ရှိ သိုင်းပညာရပ် နှစ်မျိုးကို ကျွမ်းကျင်ထားမည်ဆိုပါက ၎င်းမှာ အတိုင်းအဆမရှိသော အစွမ်းထက်မှုပင် ဖြစ်ပေလိမ့်မည်။
"အဆင့် ၁၀ ရှိတဲ့ တောက်ယင်ကျင့်စဉ်က သဘာဝစွမ်းအင်ကို မူလချီစွမ်းအင်အဖြစ် ပြောင်းလဲနိုင်တယ်ဆိုပေမဲ့ စွမ်းဆောင်ရည်ကတော့ နည်းနည်းနှေးနေသေးတယ်... မူလချီစွမ်းအင် တစ်မျှင်ရဖို့ကို လဝက်လောက် အချိန်ယူရတယ်။"
သို့သော် မကြာမီမှာပင် စူးချန်ခုန်း မျက်မှောင်ကြုတ်လိုက်သည်။ အရာရာမှာ ထင်သလောက် မလွယ်ကူကြောင်း သူ သဘောပေါက်သွားသည်။
'တောက်ယင်ကျင့်စဉ်' က သဘာဝစွမ်းအင်ကို မူလချီစွမ်းအင်အဖြစ် ပြောင်းလဲနိုင်သော်လည်း အမျှင်တန်းလေး တစ်ခုရရန် လဝက်ခန့် အချိန်ယူရခြင်းမှာ စူးချန်ခုန်းအတွက်မူ အလွန်ပင် မယုံနိုင်လောက်အောင် မြန်ဆန်လှသော နှုန်းထား ဖြစ်နေပြီ ဖြစ်သည်။
ဝိညာဉ်လမ်းစဉ်ဂိုဏ်း၏ ကျုံးလင်တောင်တွင် မူလက မူလချီစွမ်းအင် လေးငါးမျှင်ခန့် ထွက်ပေါ်ရန် နှစ်ပေါင်း ၁၀၀ ခန့် အချိန်ယူရသည်။ သို့သော် စူးချန်ခုန်းမှာမူ တစ်လလျှင် နှစ်မျှင်ခန့်၊ တစ်နှစ်လျှင် ၂၄ မျှင်ခန့်ကို ထုတ်လုပ်နိုင်သည်။ ဆိုလိုသည်မှာ တစ်နှစ်လျှင် မူလနယ်ပယ် သိုင်းပညာရှင် အယောက် ၂၀ ကျော်ကို မွေးထုတ်ပေးနိုင်ခြင်းပင် ဖြစ်သည်။
၎င်းမှာ မည်မျှအထိ အဆမတန် များပြားနေသနည်း။
" မူလချီစွမ်းအင် တစ်ထောင်... ငါသာ မူလချီစွမ်းအင် စုစည်းဖို့ကိုပဲ အာရုံစိုက်နေမယ်ဆိုရင်တောင် ဒီပန်းတိုင်ကိုရောက်ဖို့ နောက်ထပ် အနှစ် လေးငါးဆယ်လောက် ကြာဦးမှာပဲ..." စူးချန်ခုန်း၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားသည်။
အနှစ် လေးငါးဆယ် ဆိုသည်မှာ အလွန်ကြာမြင့်လှသည်။ စူးချန်ခုန်းသည် အသက် ၃၀ ပင် မပြည့်သေးသည် မဟုတ်ပါလား။
" မူလချီစွမ်းအင် စုစည်းတဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ နည်းလမ်းရှာရမယ်... ဒါက သဘာဝစွမ်းအင်ကနေ ပြောင်းလဲပြီး စုစည်းတာဆိုတော့ သဘာဝစွမ်းအင်တွေသာ အလုံအလောက်ရှိမယ်ဆိုရင် မူလချီစွမ်းအင် သန့်စင်တဲ့နှုန်းကလည်း မြန်လာမှာပဲ။"
မကြာမီမှာပင် စူးချန်ခုန်းသည် အဓိကအချက်ကို တွေးမိသွားသည်။ သဘာဝစွမ်းအင် လုံလုံလောက်လောက် ရှိနေသရွေ့ သူ မူလချီစွမ်းအင် စုစည်းသည့်နှုန်းမှာလည်း ပိုမိုမြန်ဆန်လာမည်မှာ သေချာသည်။
စူးချန်ခုန်းသည် သူ၏ ခါးတွင်ချိတ်ထားသော 'စာပေရနံ့အိတ်' ထဲမှ တောက်ပနေသော 'ဝိညာဉ်သိုလှောင် မန္တန်စာရွက်' တစ်ရွက်ကို ထုတ်ယူလိုက်သည်။
ယခင်က ရှဲ့ခွေသည် ဂိုဏ်းလေးဂိုဏ်းကို တိုက်ခိုက်ပြီး သူတို့၏ ဝိညာဉ်ကြောများကို ဤမန္တန်စာရွက်ဖြင့် လုယူခဲ့ခြင်း ဖြစ်သည်။ ရှဲ့ခွေက တစ်ခုကို သုံးခဲ့ပြီး တစ်ခုကို စူးချန်ခုန်းက ကျုံးလင်တောင်သို့ ပြန်ပေးခဲ့သည်။ ထို့ကြောင့် ယခု လက်ရှိတွင် ဝိညာဉ်ကြော နှစ်ခုစာ ပါဝင်သော စာရွက် နှစ်ရွက် ကျန်နေသည်။
"ဝိညာဉ်ကြောထဲကနေ သဘာဝစွမ်းအင်ကို တိုက်ရိုက်ဆွဲထုတ်ပြီး မူလချီစွမ်းအင်အဖြစ် စုစည်းကြည့်ရမယ်။"
မူလချီစွမ်းအင်အဖြစ် ပြောင်းလဲရန်အတွက် သဘာဝစွမ်းအင် အမြောက်အမြား လိုအပ်သောကြောင့် စူးချန်ခုန်းသည် ဝိညာဉ်ကြောအတွင်းမှ သဘာဝစွမ်းအင်များကို တိုက်ရိုက်ဆွဲထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူ တွေးသည့်အတိုင်းပင် လုပ်ဆောင်လိုက်သည်။ 'ဝိညာဉ်သိုလှောင် မန္တန်စာရွက်' ကို လက်ထဲတွင် ကိုင်ဆောင်ကာ အတွင်းရှိ ဝိညာဉ်ကြောကို အသုံးပြု၍ မူလချီစွမ်းအင် စုစည်းလိုက်သည်။
"ဝုန်း"
ဝိညာဉ်သိုလှောင် မန္တန်စာရွက် အတွင်းမှ သဘာဝစွမ်းအင် အမြောက်အမြားကို စူးချန်ခုန်းက ဆွဲထုတ်လိုက်ရာ ၎င်းတို့မှာ သူ၏ ရှေ့တွင် စုဝေးလာပြီး မမြင်နိုင်သော အခြေအနေမှ အငွေ့ပျံသော အခြေအနေသို့ ထို့နောက် အရည်အခြေအနေနှင့် အစိုင်အခဲ အခြေအနေများသို့ အဆင့်ဆင့် ဖိသိပ်သွားခဲ့သည်။ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ ၎င်း၏ တည်ဆောက်ပုံမှာ စတင်ပြောင်းလဲသွားပြီး အငွေ့ပျံသော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ ၎င်းမှာ သာမန်မျက်စိဖြင့် မြင်နိုင်ပြီး တစ်သားတည်း စုစည်းနေကာ တောက်ပနေသော အဖြူရောင် မူလချီစွမ်းအင်ပင် ဖြစ်သည်။
တစ်မျှင်၊ နှစ်မျှင်၊ သုံးမျှင်...
စူးချန်ခုန်း ခန့်မှန်းထားသည့်အတိုင်းပင် အဆင့်မြင့်စွမ်းအား စုစည်းရန်အတွက် သဘာဝစွမ်းအင် အမြောက်အမြား လိုအပ်ပြီး ဝိညာဉ်ကြောမှ တိုက်ရိုက်ဆွဲထုတ်ခြင်းက စူးချန်ခုန်းအတွက် အချိန်နှင့် အားစိုက်ထုတ်မှုကို များစွာ သက်သာစေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ စူးချန်ခုန်း၏ လက်ထဲရှိ ဝိညာဉ်သိုလှောင် မန္တန်စာရွက်' မှာ အရောင်မှိန်လာပြီး တဖြည်းဖြည်း ကွဲအက်သွားခဲ့သည်။ အတွင်းရှိ ဝိညာဉ်ကြော တစ်ခုလုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏နေရာတွင် မူလချီစွမ်းအင် အမျှင်တန်းလေးများ အစားထိုးဝင်ရောက်လာခဲ့သည်။
"စုစုပေါင်း အမျှင် ၃၀ ရတယ်..."
ဝိညာဉ်ကြောတစ်ခုကို မူလချီစွမ်းအင်အဖြစ် စုစည်းလိုက်သောအခါ စုစုပေါင်း အခု ၃၀ ရရှိခဲ့သည်။
"ဒါက... ဝိညာဉ်ကြောကနေ သဘာဝစွမ်းအင်ကို တိုက်ရိုက်ဆွဲထုတ်ပြီး မူလချီစွမ်းအင်အဖြစ် ပြောင်းလဲတာက တကယ်ပဲ နည်းလမ်းကောင်းတစ်ခုပဲ။ ဒါပေမဲ့ ဒါက ငါးဖမ်းဖို့အတွက် ရေကန်ကို အခြောက်ခံလိုက်သလိုပဲ။ ဝိညာဉ်ကြောကို အားနည်းသွားစေပြီး ပျက်စီးသွားစေနိုင်တယ်။ အနာဂတ်မှာ ဒီဝိညာဉ်ကြောက မူလချီစွမ်းအင်တွေကို အချိန်အကြာကြီး ထုတ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ ဒါမှမဟုတ် သဘာဝစွမ်းအင်တောင်မှ အများကြီး ထုတ်ပေးနိုင်တော့မှာ မဟုတ်ဘူး"
စူးချန်ခုန်း၏ ရင်ထဲတွင် အနည်းငယ် တင်းကျပ်သွားသည်။ ဤအဆင့် ၁၀ ရှိသော တောက်ယင်ကျင့်စဉ်မှာ အမှန်တကယ်ပင် ဆန်းကြယ်လှသည်။ ဝိညာဉ်ကြောမှ သဘာဝစွမ်းအင်များကို ဆွဲထုတ်လိုက်ပါက မူလချီစွမ်းအင် အမြောက်အမြားကို လျင်မြန်စွာ ရရှိနိုင်သော်လည်း ၎င်းသည် ဝိညာဉ်ကြောကို ခမ်းခြောက်စေပြီး ပျက်စီးသွားစေပေလိမ့်မည်။
၎င်းမှာ နှစ်တိုင်း အသီးသီးသော သစ်ပင်တစ်ပင်ကို အသီးစားရန်အတွက် တစ်ပင်လုံးကို အမြစ်ပါမကျန် နုတ်ယူလိုက်သကဲ့သို့ပင် ဖြစ်သည်။