← Chapters

ဖိနှိပ်ခြင်း

Vol. 7 Ch. 672

ဖိနှိပ်ခြင်း

Vol. 7 Ch. 672

ယွမ်ကျွင်းဧကရီသည် ချက်ချင်းပင် ခံစစ်မှ တိုက်စစ်သို့ ပြောင်းသွားလေသည်။

ဆန်းလျန်၏ရှေ့ရှိ လေထုတစ်ခုလုံးသည် ယွမ်ကျွင်းဧကရီ၏လက်သီးချက်မှထွက်ပေါ်လာသည့် အဖြူရောင်အလင်း တန်းများနှင့် ပြည့်နေလေသည်။

ပြင်းထန်လွန်းသည့် လက်သီးချက်သည် တန်ခိုးစွမ်းအားမည်မျှမြင့်မားသည်ကို တွေ့မြင်နိုင်မည် ဖြစ်လေသည်။ သို့သော် လက်သီးချက်သည် မယုံကြည်နိုင်လောက်အောင်လည်း တိတ်ဆိတ်ငြိမ်သက်လျှက် ရှိလေသည်။

ယွမ်ကျွင်းဧကရီသည် သူမ ထိပ်ဆုံးအဆင့် အောင်မြင်ခဲ့သည့် အချိန်ကာလသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရလေသည်။ သူမသည် တစ်ချိန်တုန်းက ဗောဓိသကျအဆင့်ရှိသည့် နတ်ဘုရား (၃)ပါးဖြစ်သည့် အသိပညာနတ်ဘုရားဝန်စူး ၊ ဖူရှန်မယ်တော်နှင့် တာအိုဆရာချီဟန်တို့ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည့်အချိန်များကို ပြန်တွေးနေခဲ့မိလေသည်။

ဆန်းလျန်၏ တာအိုနှလုံးသားကတော့ တစ်ချက်ပင် တည်ငြိမ်မှုပျက်ပြားသွားခြင်း မရှိခဲ့ပါ။

ယွမ်ကျွင်းဧကရီ၏ လက်သီးချက်သည် အသက်ဓာတ်စွမ်းအာများဖြင့် ပြည့်နေလေသည်။

ရုတ်တရက်ပင်…

ဆန်းလျန်က လက်သီးချက်ကို လက်မတင်ကလေး ခပ်မြန်မြန်ရှောင်တိမ်းလိုက်ကာ အနောက်သို့ ခုန်ဆုတ်လိုက် လေသည်။ ချက်ချင်းပင် သူ၏လက်နှစ်ဖက်ဖြင့် ချိတ်စည်းတစ်ခုကို ပြုလုပ်ပြီး ယွမ်ကျွင်းဧကရီ၏ လက်သီးချက်ကို ထိန်းချုပ်ထားလိုက်လေသည်။

အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် အံ့အားသင့်စရာကောင်းလောက်အောင် တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက် သွားလေသည်။ ခန်းမဆောင်ထဲတွင် အဖြူရောင်အလင်းတန်းများ လင်းလက်တောက်ပနေလေသည်။

ယခုကဲ့သို့တိုက်ပွဲမျိုး ပြင်ပလောကတွင်သာ ဖြစ်ပျက်ခဲ့ပါက သစ်ပင်ပန်းမန်နှင့် အဆောက်အဦးများ ကျိုးပဲ့ပျက်စီး ကုန်မည် ဖြစ်လေသည်။ အဖျက်စွမ်းအားများကြားတွင် သက်ရှိသတ္တဝါများလည်း အသက်ရှင်သန်ကျန်ရစ်နိုင်မည် မဟုတ်ပေ။ လေထုတစ်ခုလုံးပင် ပျက်စီးသွားနိုင်လေသည်။

သို့သော်… အပြာရောင်ခရီးရှည်နန်းတော်ကတော့ အနည်းငယ် တုန်လှုပ်သွားသည်မှတစ်ပါး အနည်းငယ်ပင် ပျက်စီးသွားခြင်း မရှိပါ။ ဆူနာမီလှိုင်းများနှင့်တူသည့် ကြောက်မက်ဖွယ်ရာ အသက်ဓာတ်စွမ်းအားပေါက်ကွဲမှုကြီးကို အပြာရောင်ခရီးရှည်နန်းတော်က ကြံ့ကြံ့ခံနိုင်ခဲ့လေသည်။

ဆန်းလျန်၏ ဝိညာဉ်သည် တန်ခိုးစွမ်းအားလှိုင်းလုံးများကြားတွင် လှည့်ပတ်နေခဲ့သော်လည်း ပျက်စီးသွားခြင်းမရှိပါ။ သူ ဖန်ဆင်းလိုက်သည့် စည်းတံဆိပ်သည် သူ၏အရည်အသွေးကို အကြီးအကျယ်ပြောင်းလဲ သွားစေခဲ့လေသည်။ သူ၏ပုံသဏ္ဍန်မှာ ကျက်သရေအပေါင်းနှင့်ပြည့်စုံပြီး နတ်ဒေဝါတစ်ပါးအလား တင့်တယ်နေလေသည်။

သူသည် ထိုက်ရွှီး၏ကနဦးအဆင့်နှင့်ပေါင်းစပ်နေပြီး မည်သည့်အရာကမှ သူ့ကို လွယ်လွယ်ကူကူဖြင့် ထိခိုက်စေမည် မဟုတ်တော့ပေ။

ဆန်းလျန်အသုံးပြုထားသည့် စည်းတံဆိပ်သည် ထိုက်ရွှီးလမ်းစဉ်၏ နက်နဲသော အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ကိုယ်စားပြု လေသည်။ ထိုက်ရွှီးလမ်းစဉ်သည် ယွမ်ကျွင်းဧကရီ၏ တိုက်ခိုက်မှုအားလုံးကို အနိုင်ယူခဲ့လေသည်။

ယွမ်ကျွင်းဧကရီနှင့် ဆန်းလျန်တို့သည် အဝေးမှပင် တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြလေသည်။

သူတို့ (၂)ယောက်လုံး၏ ဂုဏ်သတင်းကျော်ကြားမှုသည် ကောလဟလမျှ မဟုတ်ဘဲ အစစ်အမှန်ဖြစ်သည်ကို နားလည်သွားကြလေသည်။

ယွမ်ကျွင်းဧကရီက ပိုပြီး အံ့သြနေခဲ့ရလေသည်။ သူမ၏ ခံစားချက်များကို ဖော်ပြခြင်းပင် မစွမ်းနိုင်တော့ပေ။

သူမ၏တန်ခိုးစွမ်းအားများကို မြှင့်တင်ရန်အတွက် သူမသည် ကျယ်ကျောက်အမိန့်တော်ဂိုဏ်း၏ ကျန်ရှိနေသေး သည့်ဝိညာဉ်များအားလုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ စုဝေးရောက်ရှိစေလိုက်လေသည်။ သို့သော်… ဆန်းလျန်ကို အနိုင်ယူနိုင်ပါမည်လားဆိုသည်ကတော့ မသေချာလှပေ။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“မင်းရဲ့ပညာက ဒီလောက်လေးပဲဆိုင်တော့ အပြာရောင်ခရီးရှည်နန်းတော်က အသက်ရှင်လျက် ထွက်သွားနိုင်မှာ မဟုတ်ဘူးနော်”

ယွမ်ကျွင်းဧကရီက တိုးလျသည့်လေသံဖြင့်…

“ငါ ဘယ်တော့မှ ဒီနေရာက ထွက်သွားမှာမဟုတ်ဘူး”

ဆန်းလျန်က နှာခေါင်းတစ်ချက်ရှုံ့လိုက်လေသည်။

ထို့နောက်… သူ၏ခန္ဓာကိုယ်ထဲမှ အနက်ရောင်နှင့်အဖြူရောင် တန်ခိုးစွမ်းအားများ ထွက်ပေါ်လာလေသည်။ သူ၏ခြေထောက်အောက်တွင်တော့ ကျယ်ပြန့်လွန်းသည့် ပင်လယ်ရေပြင်အလား တောက်ပသည့်လှိုင်းလုံးများရှိနေ လေသည်။ သူက ကျင့်စူး၏တန်ခိုးစွမ်းအားများကို အသုံးပြုကာ မြောက်ပိုင်းအသူရာချောက်မှ ပင်လယ်ကို ဖန်ဆင်း ခဲ့ပြီးကွေလိ၏တန်ခိုးစွမ်းအားများကို အသုံးပြုကာ ယင် နှင့် ယန် ကို ဖန်ဆင်းခဲ့ခြင်း ဖြစ်လေသည်။

လှပသည့်အစိမ်းရောင်ငှက်တစ်ကောင်နှင့် ခွန်ဖိန်တစ်ကောင်သည် ဆန်းလျန်၏ဘေးတွင်ပေါ်လာပြီး ထိပ်တန်းမိစ္ဆာ စွမ်းအားများကို ထုတ်လွှတ်နေလေသည်။

ကျင့်စူးက…

“သူက ငါတို့တန်ခိုးစွမ်းအားနဲ့ အဲဒီပုံစံတွေ ဖန်ဆင်းနေတာပဲ ၊ သူက သိုကျန့်စန့်ဖူကိုယ်တော်ရဲ့ (၇၂)မျိုး ဖန်ဆင်းနိုင် တဲ့ပညာကိုတောင် ယှဉ်နိုင်တယ်”

ကွေလိက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် အရာအားလုံးကို နက်နက်ရှိုင်းရှိုင်းနားလည်သူ တစ်ယောက်ဖြစ် သည်မှာထင်ရှားနေလေသည်။ ထို့ကြောင့်သာလျှင် ဆန်းလျန်သည် ကျင့်စူးနှင့် ကွေလိ၏တန်ခိုးစွမ်းအားများကို အသုံးပြုကာနတ်မိစ္ဆာပုံသဏ္ဍန်များကို ဖန်ဆင်းနိုင်ခြင်း ဖြစ်လေသည်။ သူ၏ဖန်ဆင်းခြင်းမှာ ပုံရိပ်ယောင်မျှသာဖြစ် သော်လည်းတန်ခိုးစွမ်းအားများကတော့ သူမတို့ (၂)ယောက်နီးပါး မြင့်မားလေသည်။

ယွမ်ကျွင်းဧကရီကတော့ သူမရှေ့မှ ထူးဆန်းသည့်မြင်ကွင်းကို အေးစက်သည့်အကြည့်များဖြင့် စိုက်ကြည့်နေခဲ့လေသည်။ သူမကို ဝန်းရံနေသည့် ကြယ်စင်အလင်းတန်းများသည် ကြယ်စင်အမှုံများအလား စီးဆင်း သွားလေသည်။

ထို့နောက် သူမ၏မျက်ဝန်းထဲတွင် တင်ပျဉ်ခွေထိုင်နေသည့် လူသေးသေးလေးတစ်ယောက်၏ပုံ ပေါ်လာလေသည်။ ထိုပုံလေးမှာ သူမ၏ မူလဝိညာဉ်ခန္ဓာပင်ဖြစ်လေသည်။ နတ်ဘုရားတေးသွားများပျံ့လွင့်လာပြီး ဂီတသံများလည်း ထွက်ပေါ်လာလေသည်။ သူမ၏မျက်ဝန်းများထဲတွင် များပြားလှစွာသည့် စည်းတံဆိပ်များထွက်ပေါ်လာပြီး သူမ၏ မူလဝိညာဉ်ခန္ဓာကို ဝန်းရံထားကြလေသည်။

ဤသည်မှာ “ဟွမ်ထင်ကိုယ်တွင်းမြင်ကွင်း” ဖြစ်လေသည်။ သူမကျင့်ကြံထားသည့် ကျင့်ကြံမှုအတွေ့အကြုံများသည် ကြောက်မက်ဖွယ်ရာအဆင့်သို့ ချက်ချင်းပင် ကူးပြောင်းသွားလေသည်။

အပြာရောင်ခရီးရှည်နန်းတော်အပြင်ဘက်ရှိ အသူရာချောက်၏ ကောင်းကင်ထက်တွင်တော့ ကြယ်စင်များ လင်းလက်စွာတောက်ပနေကြလေသည်။

ယွမ်ကျွင်းဧကရီ၏ နတ်ဘုရားတေးသွားသည် သူမနှင့် ကြယ်စင်များအကြားရှိ ရှေးဟောင်းပဋိညဉ်စာချုပ်တစ်ခု အလားဖြစ်လေသည်။ သူမ ကြယ်စင်များကိုဆက်သွယ်လိုက်သည်နှင့် အဆုံးမဲ့ ဥက္ကာပျံများက သူမဘေးသို့ ဆင်းသက်လာလေသည်။

ဆန်းလျန်သည် လှပသည့် ရှုမျှော်ခင်းကို ငေးကြည့်နေခဲ့လေသည်။

အသူရာချောက်၏ ဒဏ္ဍာရီများအရ ယွမ်ကျွင်းဧကရီသည် ကြယ်စင်များ၏ဧကရီဖြစ်လေသည်။ သူမသည် နေနှင့်လ မှလွဲပြီး ကြယ်စင်များအားလုံးကို အနိုင်ယူခဲ့သူ ဖြစ်လေသည်။ ယခုတော့ ထိုဒဏ္ဍာရီများသည် လုပ်ကြံဇာတ်မဟုတ် သည်မှာသေချာနေလေပြီ။

ခွန်ဖိန်ငှက်နှင့် အစိမ်းရောင်ငှက်တို့သည် ယွမ်ကျွင်းဧကရီ၏ ကြယ်စင်စွမ်းအားများကို အရေးမစိုက်ပါ။ တစ်ကောင်က ယွမ်ကျွင်းဧကရီ၏ ဦးခေါင်းနေရာကို တိုက်ခိုက်လိုက်ပြီး တစ်ကောင်ကတော့ ယွမ်ကျွင်းဧကရီ၏ အောက်ဘက်ပိုင်းကို တိုက်ခိုက်လိုက်လေသည်။ ငှက်များသည် ဆန်းလျန်ဖန်ဆင်းထားသည့် ပုံရိပ်ယောင်များဖြစ် သည့်အတွက် သေမည်ကို မကြောက်ဘဲ အစွမ်းကုန် တိုက်ခိုက်ကြလေသည်။

တန်ခိုးစွမ်းအားများ ပြင်းထန်လွန်းသည့်အတွက် အပြာရောင်ခရီးရှည်နန်းတော်ကြီးမှာ တစ်ချက်တုန်ခါသွားပြီး ယွမ်ကျွင်းဧကရီမှာ လဲကျမလိုပင်ဖြစ်သွားရလေသည်။

သို့သော်… သူမသည် ကြယ်စင်စွမ်းအားများကို စနစ်တကျစုစည်းလိုက်ပြီး ရှေးဟောင်းဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။ ဂါထာရွတ်ဆိုလိုက်သည်နှင့် ကြယ်စင်စွမ်းအားများမှာ ပြင်းထန်စွာ မြင့်တက်လာကြလေ သည်။ ထို့ကြောင့် နတ်မိစ္ဆာငှက် (၂)ကောင်သည် သူမကို တိုက်ခိုက်ရန် ခက်ခဲသွားရလေသည်။

ဆန်းလျန်သည် အံ့သြမင်သက်စွာဖြင့်ကြည့်နေလေသည်။

ယွမ်ကျွင်းဧကရီသည် မည်သို့သော တန်ခိုးစွမ်းအားများကို ထုတ်ဖော်အသုံးပြုနေသည်ကို သူ မသိသော်လည်း သူမကို ရှေ့ဆက်ခွင့်မပြုနိုင်ပေ။

ဆန်းလျန်သည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ကြယ်စင်များရှိရာသို့ ဝင်ရောက်သွားလိုက်လေသည်။

ဆန်းလျန်၏ အသက်ဓာတ်စါမ်းအားများသည် ချက်ချင်းပင် ရေခဲတမျှ အေးစက်သွားရလေသည်။ ဆန်းလျန် အနည်းငယ်ထိခိုက်သွားသည်နှင့် နတ်မိစ္ဆာငှက် (၂)ကောင်မှာလည်း ချက်ချင်းပင် ဖိနှိပ်မှုကို ခံလိုက်ကြရလေသည်။

ဆန်းလျန်သည် ကြယ်စင်များကြားထဲတွင် ဖြတ်သန်းသွားပြီး အာကာသအတွင်းသို့ ရောက်ရှိသွားလေသည်။ ထို့နောက်သူသည် နဂါးငွေ့တန်းကို ဖြတ်သန်းကာ ယွမ်ကျွင်းဧကရီရှိရာသို့ တဖြည်းဖြည်းစီးဆင်းလာလေသည်။

သူတိုက်ခိုက်လိုက်သည့် အမှတ်တမဲ့တိုက်ခိုက်လိုက်သည့် တိုက်ကွက်လေးတစ်ကွက်ကပင် တာအိုလမ်းစဉ်တစ်ခု ကိုပုံဖော်ပြလေသည်။

ယွမ်ကျွင်းဧကရီ၏မျက်နှာမှာ အေးစက်ပြီး အမူအရာကင်းမဲ့နေလေသည်။ သူမသည် ကြယ်စင်များကြားတွင် လမ်းလျှောက်လာလေသည်။

သူမသည် ရှေးဟောင်းဂါထာကို အဆက်မပြတ်ရွတ်ဆိုနေပြီး တစ်ချိန်တည်းမှာပင် တန်ခိုးစွမ်းအားများကို ထုတ်လွှတ်ကာ ဆန်းလျန်ကို တိုက်ခိုက်လိုက်လေသည်။

သူမသည် ယုံကြည်မှုအပြည့် ၊ တည်ငြိမ်မှုအပြည့်ဖြင့် ရပ်နေလေသည်။

ဆန်းလျန်သည် ယွမ်ကျွင်းဧကရီ၏ တန်ခိုးစွမ်းအားများကို ရှောင်တိမ်းလိုက်လေသည်။ သူ၏နှလုံးသားအတွင်းသို့ ဝင်ရောက်လာသည့် ရှေးဟောင်းဂါထာကို ဆန်းလျန်သည် ခွဲခြမ်းစိတ်ဖြာကြည့်နေခဲ့လေသည်။

နောက်ဆုံးတွင်တော့ ယိလမ်းစဉ်သည် လျှင်မြန်စွာ ပြောင်းလဲသွားပြီး နက်နဲသောကိစ္စတစ်ခုကို ဖော်ထုတ်နိုင်ခဲ့လေ သည်။

ရှေးဟောင်းဂါထာသည် တာအိုပဲ့တင်သံရိုက်ခတ်မှုတစ်ခု ဖြစ်လေသည်။

တာအိုလမ်းစဉ်သည် နာရီတစ်ခုဆိုလျှင် ရှေးဟောင်းဂါထာသည် စည်းချက်မှန်မှန်သွားနေသည့် နာရီလက်တံများနှင့် ဆင်တူလေသည်။

သူမသည် တာအိုကို ဖန်ဆင်းရန်အတွက် သူမကိုယ်သူမ အမှန်တကယ် စတေးခံချင်နေလေသည်။ သူမသည် ဘယ်လောက်ပင်ပေးဆပ်ရပါစေ ဆန်းလျန်ကို အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် သတ်ပစ်ရန် ဆုံးဖြတ်ချက်ချ ထားဟန်ရှိလေသည်။

သူမ၏စိတ်ဆုံးဖြတ်ချက်ကို ဆန်းလျန်လေးစားမိပါသည်။ သို့သော် သူမအောင်မြင်ရန်အတွက်တော့ ဆန်းလျန် ခွင့်မပြုနိုင်ပါချေ။ ဆန်းလျန်၏ရှေ့တွင် ပန်းချီကားလိပ်တစ်ခု ပေါ်လာလေသည်။ ထိုပန်းချီကားသည် ကြမ်းတမ်း သည့် သတ္တဝါတစ်ကောင်အလား သူ၏ပါးစပ်ကိုဖွင့်ကာ အဆုံးမရှိသည့် ကြင်စင်စွမ်းအားများကို စုပ်ယူပစ်လိုက် လေသည်။

ပန်းချီကားသည် ထိန်းချုပ်နိုင်မှုမရှိတော့ဘဲ တုန်လှုပ်နေလေသည်။ ကြယ်စင်စွမ်းအားများထဲတွင် များပြားလှစွာ သောဖိအားများပါဝင်နေသည်မှာ ထင်ရှားနေလေသည်။

သို့သော်… ဆန်းလျန်နှင့် ယွမ်ကျွင်းဧကရီကြားတွင် အတားအဆီးမရှိတော့ပါ။

ဆန်းလျန်၏လက်ထဲတွင် ထုန်ထျန်းဓားဝိညာဉ်ထွက်ပေါ်လာလေသည်။

ဆန်းလျန်က ခံစားချက်ကင်းမဲ့သည့်လေသံဖြင့်…

“ထုန်ထျန်းရဲ့အကြင်နာမဲ့ဓား ၊ ကိုယ့်ကိုကိုယ်စတေးခံပြီး တာအိုကို ရရှိစေတယ် ၊ ဒါဟာ မရဏဓားရဲ့ အနက်ရှိုင်း ဆုံးအဆင့်တစ်ခုပါပဲ ၊ ကျုပ်ရဲ့ ခံစားချက်ကင်းမဲ့တဲ့ဓားကို မြည်းကြည့်လိုက်စမ်းပါ”

ဆန်းလျန်အဖြစ်ကို ပြန်မရခင် သူသည် စိတ်ပျက်အားလျော့သည့် အခြေအနေတွင် နာကျင်ခံစားခဲ့ရလေသည်။ သူ၏နှလုံးသားသည် အမှောင်ထုထဲတွင် အေးစက်အထီးကျန်နေခဲ့လေသည်။ သူ့ကိုယ်သူပင်မေ့လျော့နေခဲ့ပြီး ခံစားချက်အားလုံးမှာလည်း လျစ်လျူရှုခံခဲ့ရလေသည်။ ထို့ကြောင့် ဆန်းလျန်၏ အနတ္တဓားဝိညာဉ်သည် အရှိန်အဝါ ကြီးစွာဖြင့် လင်းလက်တောက်ပနေခြင်း မရှိပါ။

ဓားဝိညာဉ်သည် အလွန်ရိုးရှင်းပြီး သန့်စင်နေလေသည်။

ယွမ်ကျွင်းဧကရီသည် သူမထံသို့ ဝင်ရောက်လာသည့် ဓားဝိညာဉ်ကို ခံစားလိုက်ရလေသည်။ သူမသည် ရှေးဟောင်းဂါထာကို ဆက်လက်ရွတ်ဆိုနိုင်ခြင်း မရှိတော့ပါ။ သူမ၏ဝိညာဉ်အတွင်းမှ နတ်ဘုရားစွမ်းအားများသည် ပေါက်ကွဲထွက်သွားပြီး သူမ၏ တာအိုနှလုံးသားသည် အေးစက်သွားလေသည်။

သူမသည် တစ်ကိုယ်လုံးစတင် တုန်ယင်လာလေသည်။

ရှေးဟောင်းဂါထာကို ရွတ်ဆိုပြီး ကိုယ့်ကိုကိုယ်စတေးခံခြင်းသည် အပြည့်အဝမပြီးသေးသည့်တိုင် ယွမ်ကျွင်းဧကရီ သည်အလွန်မတည်မငြိမ်ဖြစ်နေပြီ ဖြစ်လေသည်။ သူမ၏ ဝိညာဉ်ခန္ဓာမှ အဆုံးမရှိသည့်အလင်းတန်းများဖြာထွက် လာပြီးရွှေရောင်ပန်းလေးတစ်ပွင့်သည် လေထဲတွင် လွင့်မျောနေလေသည်။

ဆန်းလျန်၏ ဓားဝိညာဉ်သည် အချိန်ကိုက်ပင် ရွှေရောင်ပန်းပွင့်လေးကို တိုက်ခိုက်လိုက်လေသည်။

နောက်ဆုံးတွင် လေထုထဲတွင် ရွှေရောင်ပန်းပွင့်လေးနှင့်ထိမိသည်နှင့် ဆန်းလျန်၏ ဓားဝိညာဉ်သည် ပျောက်ကွယ် သွားရလေသည်။

ဆန်းလျန်၏မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေလေသည်။

သို့သော်… သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်လိုက်လေသည်။

ဆန်းလျန်သည် သူ့ကိုယ်သူ ရွှေဇလားအသွင်သို့ ပြောင်းလဲလိုက်လေသည်။ ရွှေဇလားသည် အောက်ဘက်သို့ မျက်နှာမူလိုက်ပြီး ရွှေရောင်ပန်းပွင့်ကို ပြင်းထန်သော စွမ်းအားများနှင့် ဖိနှိပ်ထားလိုက်လေတော့သည်။

All Chapters