← Chapters

သင်၏အမည်ကို ပြောစမ်း

Vol. 11 Ch. 101

သင်၏အမည်ကို ပြောစမ်း

Vol. 11 Ch. 101

​"ငါ သိတယ် မင်း ပြန်လာမယ်ဆိုတာ ငါ သိပြီးသား ဘယ်တွေ ရောက်နေတာလဲ မင်း ဖြေရှင်းမယ်ဆိုတဲ့ ပြဿနာက အခု အဆင်ပြေသွားပြီမလား လူတစ်ယောက်ကို ခုနစ်ရက် ပိတ်လှောင်ထားဖို့ တကယ် လိုအပ်လို့လား မင်းကို အလိုရှိတဲ့ ရာဇဝတ်သားအဖြစ် ကြေညာထားတာ သိရဲ့လား အော်... ဟုတ်သားပဲ မင်း သိမှာပေါ့ ဒီရက်ပိုင်း ရဲတွေနဲ့ ကြောင်နဲ့ကြွက် ကစားနေတာကိုး။ ငါကတော့ မင်း ရဲကားရုပ်ရှင် ရိုက်နေတယ် လို့တောင်ထင်မိတယ်။ ဘယ်လိုများ ပျောက်သွားတာလဲ တောင်ပေါ်မှာ တရားသွားကျင့် နေတာလား။"

​တန်ဝမ်ကျဲ သည် မိမိရှေ့တွင် လက်ဟန်ခြေဟန် အကြီးအကျယ် လုပ်နေသော ချွမ်ဟုန် ကို ကြည့်နေသည်။ သူက လက်သီးကို မြှောက်လိုက်ပြီး

"တကယ်လို့ ရင်သားထွားထွား အလှလေးတစ်ယောက်က ငါ့ရှေ့မှာ ခုန်ပေါက်ပြီး မေးခွန်းတွေ မေးနေရင်တော့ ငါ ဝမ်းသာအားရ တစ်ကြောင်းချင်းစီ ရှင်းပြမိမှာပဲ။ ဒါပေမဲ့ မုတ်ဆိတ်ဗရပွနဲ့ မျောက်ရုပ်ပေါက်နေတဲ့ လူတစ်ယောက်ဆိုရင်တော့ ငါ့လက်သီးက မင်းခေါင်းကို မထုမိအောင် တားဆီးနိုင်မှာ မဟုတ်ဘူး။"

​နောက်ဆုံးစကားတွင် ထိုမျောက်ရုပ်မှာ ချွမ်ဟုန် ဖြစ်သောကြောင့် သူက အရွဲ့တိုက်လိုက်ခြင်းပင်ဖြစ်သည်။

​ချွမ်ဟုန်ကတော့ ဂရုမစိုက်ပါ။ သတင်းထူး သတင်းဦးတွေကို စောင့်နေပြီး သရဲတစ္ဆေနှင့် မြို့ပြဒဏ္ဍာရီတွေကို ဝါသနာပါသူတစ်ယောက်အတွက် တန်ဝမ်ကျဲသည် ဆွဲဆောင်မှုရှိသော မှော်အတတ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ အတိုချုပ်ပြောရလျှင် သူသည် တန်ဝမ်ကျဲထံသို့ အလွယ်တကူ ဆွဲဆောင်ခြင်း ခံထားရသည်။

​ထို့အပြင် သူသည် တန်ဝမ်ကျဲအပေါ် အကြွင်းမဲ့ ယုံကြည်မှုရှိသည်။ အချို့သောအရာများကို ယုတ္တိမရှိသော နည်းလမ်းများဖြင့်သာ ရှင်းပြနိုင်သည် မဟုတ်ပါလား။

​"မင်းကို အခု ရဲတွေ လိုက်ဖမ်းနေတာ။ နောက် ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ။"

​"ငါ့ကိစ္စပြီးရင် ထွက်သွားမှာပါ။ အမှန်အတိုင်း ပြောရရင် ငါက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးပဲ။ ထူးဆန်းတဲ့ ပါရမီရှင်တွေနဲ့ မိစ္ဆာတွေ ပေါ်လာတဲ့အခါမှပဲ လူ့ပြည်ကို ဆင်းလာတာ။"

​"အမလေး... ဟုတ်လိုက်လေခြင်း။"

ချွမ်ဟုန်ကတန်ဝမ်ကျဲကို ဖက်ဖို့ အတင်းတိုးကပ်လာသည်။

​"ဖယ်စမ်းးး"

တန်ဝမ်ကျဲကခြေထောက်ဖြင့် ချွမ်ဟုန်၏ ရင်ဘတ်ကို ကန်ပြီး ခပ်ဖွဖွ တွန်းထုတ်လိုက်သည်။

"နတ်ဘုရားရဲ့ အငွေ့အသက်လေး ရအောင် တစ်ချက်လောက် ကိုင်ကြည့်ပါရစေဦး။ ငါလည်း နတ်ဘုရားဖြစ်ချင်လို့ပါ။"

"ကောင်းကင်ဘုံမှာ မိန်းမစိုး (Eunuch) တွေ ရှားနေတယ်။ မင်း အဲဒီနေရာ ဝင်မလား။"

​ချွမ်ဟုန်က ချက်ချင်းပင် သူ၏ ပေါင်ကြားကို အုပ်လိုက်ပြီး

"နတ်ဘုရားတွေတောင် အဲဒါတွေနဲ့ ပတ်သက်နေရတာလား။"

​"ဘာတွေ လျှောက်ပြောနေတာလဲ။အဲဒါမှ မလုပ်ရင် မင်း ဘာအရည်အချင်းနဲ့ ကောင်းကင်ဘုံကို သွားမှာလဲ။ကောင်းကင်ဘုံက မိန်းမစိုးနေရာက အရမ်းကန့်သတ်ချက် များတယ်ကွ။"

​"မင်း ငါ့ကို ညာနေတာ မဟုတ်လား။"

"မင်း သိသွားတာပဲ။ မင်းရဲ့ IQ နဲ့ဆိုရင် မိန်းမစိုးလုပ်ရင်တောင် ဒုတိယပိုင်းမှာတင် အသက်ပျောက်မှာ။တကယ်လို့ မင်း တကယ်လုပ်ချင်ရင် လူ့ပြည်မှာလည်း လုပ်လို့ရပါတယ်။ စိတ်မပျက်ပါနဲ့ အခွင့်အရေး ရှိပါသေးတယ်။ ကြားဖူးလား။အဲဒါက တကယ့်ကို အစွမ်းထက်တဲ့ ဆေးဖက်ဝင် ပစ္စည်းတစ်ခုပဲ။"

​"အဲဒါတော့ ဟုတ်တယ်... နေပါဦး ငါက မိန်းမစိုး လုပ်ဖို့ အစီအစဉ် မရှိပါဘူး။"

​တစ်ဖက်လူ မိမိကို အလကားနေရင်း လွှတ်ခနဲ ခုန်မအုပ်မိစေရန် အပေါက်အလမ်းမတည့်သည်များကို စမြုံ့ပြန်ပြီးနောက် တန်ဝမ်ကျဲက အလုပ်ကိစ္စ စပြောလိုက်သည်။

"အရင်တစ်ခါ မင်းရခဲ့တဲ့ ဓားမကြီးက ဘယ်က ရတာလဲ။"

​ယခင်က သူသည်ဇာတ်ကောင်အတိုင်း သရုပ်ဆောင်ရခြင်း ကန့်သတ်ချက်ကြောင့် လွတ်လပ်စွာ မလှုပ်ရှားနိုင်ဘဲ နေရာတိုင်းတွင် မမြင်ရသော အတားအဆီးများနှင့် ကြုံခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် သူ၏ ခိုင်းဖတ်အဖြစ် ချွမ်ဟုန် ရှိနေခဲ့သည်။

​ယခုအခါ နောက်ထပ် ဓားမကြီးတစ်လက် လိုချင်သော်လည်း ချွမ်ဟုန်ကို ကျော်ဖြတ်၍ မရသေးပေ။

​"တကယ်တော့ ဒီကိစ္စက တော်တော် ရှုပ်ထွေးတယ်။ အဲဒီတုန်းက မင်းအတွက် လူသတ်လက်နက် ရှာပေးဖို့ ငါ နေရာအများကြီး လိုက်ရှာခဲ့ရတာ..."

သူကစကားစသည်နှင့် ရှေးရှေးတုန်းက ဟု စတင်ချင်နေသည်။

​တန်ဝမ်ကျဲက ချက်ချင်း ဖြတ်ပြောလိုက်သည်။

"မင်း တကယ်ပဲ မျောက်လား။ဓားပိုင်ရှင်က ဘယ်သူလဲ ဆိုတာပဲ ပြောလေ။ ဒါမှမဟုတ်... တခြား ဘယ်သူ့ဆီမှာ ဓားမကြီး ရှိသေးလဲ ဆိုတာ။ တစ်ကြောင်းတည်းနဲ့ ပြီးတာကို။ ဟေ့... ဟေ့... မင်း ဘာလို့ အင်္ကျီတွေ ချွတ်နေတာလဲ။ငါ ပြောထားမယ်နော် ငါက လောကီအာရုံ တွေကို ဖြတ်တောက်ပြီးသား။ နတ်ဘုရားတစ်ပါးကို မြူဆွယ်တာက ကောင်းကင်ဘုံ ဥပဒေကို ချိုးဖောက်တာပဲ။"

​ချွမ်ဟုန်သည် တန်ဝမ်ကျဲ ရှေ့တွင် အင်္ကျီကို ချွတ်ပြီးနောက် သူထိုင်နေသော ဆိုဖာအဆုံးရှိ ပုံပန်းပျက်နေသော အဝတ်ပုံထဲမှ အင်္ကျီအသစ်တစ်ထည်ကို ဆွဲထုတ်လိုက်သည်။ အဝတ်ပုံကြီး မပြိုကျဘဲ အင်္ကျီတစ်ထည်ကို ကျွမ်းကျင်စွာ ဆွဲထုတ်နိုင်ခြင်းမှာ သူ့ဘာသာသူ တတ်မြောက်ထားသော ပညာရပ်တစ်ခုပင် ဖြစ်ပေမည်။

​"ငါလည်း မင်းနဲ့ လိုက်ခဲ့မှာပေါ့။ အလိုရှိတဲ့ ရာဇဝတ်သား တစ်ယောက်တည်း ဘယ်လောက်အထိ သွားနိုင်မှာမို့လို့လဲ။"

ချွမ်ဟုန်ကနက်ကတိုင် တစ်ခုကိုလည်း တစ်နေရာမှ ဆွဲထုတ်လိုက်သည်။

​ဝတ်စားပြင်ဆင်ပြီးသောအခါ သူသည် အတော်လေး ကြည့်ကောင်းသွားပြီး ရေမွှေးပင် ဆွတ်လိုက်သေးသည်။ သို့သော် သူ၏အိမ်မှာ ခွေးအိမ်ထက်ပင် ပို၍ ရှုပ်ပွနေသည်ကိုတော့ မည်သူမျှ သိမည်မဟုတ်ပေ။

​"တကယ်တော့ အဲဒီဓားက ဂျပန်တော်လှန်ရေးစစ်ပွဲက စစ်ပြန်တွေ နေထိုင်တဲ့ ရပ်ကွက်တစ်ခုက ရတာ။ နေပါဦး... မင်း ကင်မရာနဲ့ ဘာလုပ်နေတာလဲ။"

​သူ ရှင်းပြနေစဉ်မှာပင် တန်ဝမ်ကျဲက ကင်မရာပစ္စည်းတွေကို ကောက်ကိုင်လိုက်သည်ကို ချွမ်ဟုန် သတိထားမိသွားသည်။

"ငါ့ကိုယ်ငါ ဗီဒီယို ပြန်ရိုက်မလို့လေ။"

​ချွမ်ဟုန် မျက်လုံးပြူးသွားပြီး

"သူငယ်ချင် မင်းက အလိုရှိတဲ့ ရာဇဝတ်သားနော်။"

"ရဲတွေက ငါ့ကို လမ်းပေါ်မှာ ဗီဒီယိုရိုက်နေလိမ့်မယ်လို့ ဘယ်လိုမှ ထင်မှာမဟုတ်ဘူး။"

​ချွမ်ဟုန်က ခေါင်းညိတ်လိုက်ပြီး

"အင်း... ငါလည်း မထင်ထားဘူး။"

​ယခုတော့ တန်ဝမ်ကျဲကို နတ်ဘုရားဟု သူ တကယ် ယုံကြည်သွားပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လူသားတစ်ဦးအနေဖြင့် ဤကဲ့သို့ အတွေးမျိုး ရှိနိုင်မည် မဟုတ်သောကြောင့်ပင်။

​သတ္တိဆိုသည်မှာ ကြောက်ရွံ့မှု ကင်းမဲ့ခြင်းမှ လာခြင်းဖြစ်ပြီး တန်ဝမ်ကျဲက ထိုအချက်နှင့် ကွက်တိပင်။ သူ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ဥပဒေဘောင်များထဲမှ ရုန်းထွက်ရန် ပိုမိုလွယ်ကူလာသည်။ ကံကောင်းသည်မှာ ဆရာကြီးတန် သည် ကမ္ဘာကြီးကို အုပ်စိုးရန် သို့မဟုတ် ဖျက်ဆီးရန် စိတ်မဝင်စားဘဲ နတ်ဘုရားဖြစ်ရန်နှင့် ထာဝရအသက်ရှင်ရန်သာ စိတ်ဝင်စားခြင်း ဖြစ်သည်။

​ရက်အနည်းငယ်ကြာ ခြေရာခံခံနေရသော တန်ဝမ်ကျဲသည် လမ်းမပေါ်တွင် ပြန်လည် ပေါ်လာပြန်သည်။ အနီးအနားတွင် ကင်းလှည့်နေသော ရဲကားတစ်စီးနှင့်ပင် တိုးခဲ့သော်လည်း သူ ဗီဒီယိုရိုက်နေသည်ကို မည်သူမျှ သတိမပြုမိကြပေ။ အချို့က ဘာအစီအစဉ် ရိုက်နေတာလဲဟုပင် လာမေးကြပြီး ဖုန်းဖြင့် ဗီဒီယိုရိုက်ကြသူများပင် ရှိသေးသည်။

​တန်ဝမ်ကျဲသည် သတင်းထောက်အဖြစ် ဟန်ဆောင်ကာ အနားသို့ တိုးလာသော မိန်းကလေးများကို မေးခွန်းအချို့ မေးခဲ့သည်။ ချွမ်ဟုန်က ကင်မရာကြီးထမ်းကာ မျက်ရိပ်ပြနေမှသာ တန်ဝမ်ကျဲသည် မိန်းကလေးများ ပေးသွားသော ဖုန်းနံပါတ်ပါသည့် စက္ကူစလေးများကို သိမ်းလိုက်တော့သည်။

​"ဟေ့ ငါ့ကို နည်းနည်းလောက် ပေးပါဦး။ ငါက ဒုတိယမြောက် မိန်းကလေးကို သဘောကျတာ။ မျက်မှန်အနီနဲ့ ရုံးဝတ်စုံ ဝတ်ထားတဲ့ မိန်းကလေးတွေကို ငါ အကြိုက်ဆုံးပဲ။"

​"ငါက အလိုရှိတဲ့ ရာဇဝတ်သားပါဆို မင်း ဘာတွေ တွေးနေတာလဲ။"

တန်ဝမ်ကျဲက ဖုန်းနံပါတ်တွေကို လှန်ကြည့်လိုက်ပြီး

"နေပါဦး ဘာလို့ စီးပွားရေး ကတ်ပြားပါနေတာလဲ သရုပ်ဆောင် အရွေးခံတဲ့သူ လား။"

​"မော်ဒယ်လ်လား။"

​"ရော့... မင်းပဲ ယူလိုက်တော့။"

တန်ဝမ်ကျဲကစီးပွားရေး ကတ်ပြားကို ချွမ်ဟုန်၏ အင်္ကျီအိတ်ကပ်ထဲ ထည့်ပေးလိုက်သည်။

"ဟေး... မင်းက ခန္ဓာကိုယ် တောင့်တာပဲ။ မင်း နာမည်ကြီးလာရင် ငါ့ကို လက်မှတ်ထိုးထားတဲ့ ဓာတ်ပုံ ပေးဖို့ မမေ့နဲ့ဦး။ မင်းက ဓာတ်ပုံရိုက်ရင် တော်တော် ကြည့်ကောင်းမှာ။"

​ချွမ်ဟုန်သည် ကျန်ရှိသော မိန်းကလေးများ၏ ဖုန်းနံပါတ်များကို တန်ဝမ်ကျဲက သူ၏ အိတ်ကပ်ထဲ ထည့်လိုက်သည်ကို ကြည့်ပြီး သွားကြိတ်လိုက်သည်

"ငါ သူငယ်ချင်း ရွေးတာ မှားသွားပြီ။"

"အမှန်အတိုင်း ပြောရရင် အဲဒီထဲက တစ်ယောက်က မကောင်းဆိုးဝါး ပူးကပ်ခံနေရတာ။"

"ဒါဆို မင်းက အဲဒီ မကောင်းဆိုးဝါးကို မောင်းထုတ်ပေးဖို့ အင်္ကျီတွေ ဘာတွေ ချွတ်ရဦးမှာလား။"

"မင်း ငါ့ကို ကျန်းဝူကျိများ ထင်နေလား။"

​"ကဲ... နောက်နေတာ တော်ပြီ။"

တန်ဝမ်ကျဲကဆက်ပြောသည် ။

"မင်း အရမ်း စိတ်လှုပ်ရှားနေရင် ငါတို့ အကွက်ပေါ်သွားလိမ့်မယ်။ ငါတို့ လမ်းပေါ်မှာ ကင်မရာပစ္စည်းတွေ သယ်လာတဲ့အခါ လမ်းသွားလမ်းလာတွေက ငါတို့ကို ရှောင်ရမှာ။ ငါတို့က သူတို့လာမှာကို ကြောက်နေရင် ငါတို့မှာ တစ်ခုခု ချို့ယွင်းချက် ရှိနေလို့ပဲ။"

​"မျက်မှန်အနီနဲ့ အလှလေးရဲ့ ဖုန်းနံပါတ်ကို ပေးရင်တော့ မင်းပြောတာ ငါ ယုံမယ်။"

​"မင်းကို စားစရာ တစ်ခုခု ဝယ်ကျွေးပါ့မယ်။ ဗိုက်ပြည့်သွားရင် အဲဒီလောက် တွေးနေမှာ မဟုတ်တော့ဘူး။"

​တန်ဝမ်ကျဲသည် ချွမ်ဟုန်ကို ကုန်စုံဆိုင်တစ်ခုသို့ ခေါ်သွားပြီး ဘင်ဘင် နှင့် အားဝေတို့ အကြိုက်ဆုံး ပေါင်မုန့်များအပြင် မုန့်မျိုးစုံနှင့် အရက်များကို ဝယ်ယူခဲ့သည်။ ဟုတ်ပါသည်။ ချွမ်ဟုန်ကသာ ပိုက်ဆံရှင်းခဲ့ရသည်။

​တန်ဝမ်ကျဲနှင့် အတူရှိနေပြီးနောက် ချွမ်ဟုန်သည် ရဲများ၏ စစ်ဆေးမေးမြန်းခြင်းကို ခံရမည်မှာ သေချာသည်။၎င်းမှာ ကောင်းသော အချက်ပင် ဖြစ်သည်။ချွမ်ဟုန်၏ ကိုယ်ပေါ်တွင် အားနည်းသော မိစ္ဆာအငွေ့အသက်ကို တန်ဝမ်ကျဲ သတိထားမိလိုက်သည်။ ဤလူသည် မကြာသေးမီက သရဲတစ္ဆေနှင့် တွေ့ခဲ့သူတစ်ဦးနှင့် ထိတွေ့မှု ရှိခဲ့ပုံရသည်။

​သူသည် ချွမ်ဟုန်ကို ကလေးထိန်းတစ်ယောက်ကဲ့သို့ အမြဲ မကာကွယ်နိုင်ပေ။ ထို့ကြောင့် ရဲများ၏ အစောင့်အရှောက်ဖြင့် အသွားအလာ ကန့်သတ်ခံထားရခြင်းက ချွမ်ဟုန်အတွက် ပို၍ ဘေးကင်းပေလိမ့်မည်။

​"ငါ့အလုပ်တွေ ပြီးသွားရင် လုပ်စရာတွေ ကျန်သေးတယ်။"

တန်ဝမ်ကျဲသည်ချွမ်ဟုန်၏ ကျောပိုးအိတ်ကို ယူကာ အရက်နှင့် မုန့်များကို အထဲသို့ ထည့်ပြီး ကားပေါ်သို့ တက်လိုက်သည်။

သရဲဆရာကြီး နှင့်အနီရောင် ဝတ်စုံဝတ် မိန်းကလေးငယ်။အချိန်ရလျှင် သွားကြည့်ပါဦးမည်။ သူသည် သရဲဆရာကြီး သို့မဟုတ် အနီရောင်ဝတ် မိန်းကလေးကို စိတ်မဝင်စားသော်လည်း မိစ္ဆာကလေးငယ် ကိုမူ အတော်လေး စိတ်ဝင်စားနေသည်။

​ကင်မရာကြီး ထမ်းနေဆဲဖြစ်သော ချွမ်ဟုန်ကို ကြည့်ကာ သူက အော်ပြောလိုက်သည်။

"တက်တော့လေ။"

​ကား စတင်ထွက်ခွာလာသည်။ တန်ဝမ်ကျဲသည် လက်ရှိတွင် ချွမ်ဟုန်၏ ဖုန်းကို ကိုင်ထားသည်။ သူ လုယူခဲ့သော ဖုန်းကိုမူ မြေပုံကြည့်ရန် အသုံးပြုပြီးနောက် လမ်းဘေး အများသုံး အိမ်သာတစ်ခု၏ အမိုးပေါ်တွင် ထားခဲ့လိုက်သည်။

​ဖုန်းများတွင် GPS ခြေရာခံစနစ် ပါရှိသည် မဟုတ်ပါလား။

​ကားအတွင်းပိုင်းသည် တိတ်ဆိတ်သွားသည်။ ယခုတစ်ခါသည် အရင်နှင့် မတူပေ။ သူတို့သည် လမ်းမပေါ်တွင် မည်သည့် "ယဇာတ်လမ်းကြောင်းကန့်သတ်ချက်မှ မရှိတော့ပေ။ တန်ဝမ်ကျဲက နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကိုပင် စဉ်းစားမိသည်။ဖြစ်နိုင်သည်မှာ လျှို့ဝှက်နယ်မြေ ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းသည် သော့ချက်တစ်ခုမျှသာ ဖြစ်ပေလိမ့်မည်။

​ဆက်လက် ချဲ့ထွင်သွားမှသာ ၎င်းသည် လုံးဝ ပွင့်လင်းသော ကမ္ဘာစစ်စစ် ဖြစ်လာမည် ဖြစ်သည်။

​တကယ်လို့ အဲဒီလိုသာဆိုရင် သူကတော့ဇာတ်ကောင်အတိုင်း သရုပ်ဆောင်ခြင်းကိုသာ ပိုနှစ်သက်သည်။ ၎င်းမှာ ဝင်ငွေအာမခံချက် ရှိပြီး ယခုကဲ့သို့ နေရာအနှံ့ လျှောက်သွားနေရသည်ထက် ပိုအဆင်ပြေသည်။

​ချွမ်ဟုန်က ကားစတီယာရင်ကို ကိုင်ထားသော်လည်း သူ၏ တင်ပါးများမှာ ပိုးကောင်ကိုက်နေသကဲ့သို့ ယားကျိကျိ ဖြစ်နေသည်။ နောက်ဆုံးတွင် သူ မနေနိုင်ဘဲ မေးလိုက်သည်။

"မင်းမှာ အဆောင်လက်ဖွဲ့ တို့ ဘာတို့ မရှိဘူးလား။ဟိုလေ... မကောင်းဆိုးဝါးတွေကို မောင်းထုတ်တဲ့ အမျိုးအစားပေါ့။"

​တန်ဝမ်ကျဲက မသိချင်ယောင်ဆောင်ကာ

"ဘာလုပ်ဖို့လဲ။"

​"ငါတို့ သတင်းဌာနက အမျိုးသမီး သတင်းထောက်တစ်ယောက် ရှိတယ်။သူက မကြာသေးမီက သရဲခြောက်တဲ့ ကျောင်းတစ်ကျောင်းအကြောင်း စုံစမ်းရင်း တစ်ခုခုနဲ့ တိုးခဲ့ပုံရတယ်။"

ချွမ်ဟုန်ကအသံကို နှိမ့်လိုက်သည်။

"သတင်းထောက် လျန် လေမှတ်မိလား။"

​"မမှတ်မိဘူးသတိမထားမိဘူး။ မင်းကတော့ မိန်းကလေးကိစ္စဆို မှတ်မိနေတာပဲ။"

တန်ဝမ်ကျဲကခေါင်းခါလိုက်သော်လည်း သူ၏ မျက်လုံးများမှာ ဖုန်းပေါ်တွင်သာ ရှိနေသည်။

​သူသည် သတင်းများထဲတွင် တစ်ခုပြီးတစ်ခု ပါဝင်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အထူးသဖြင့် နာမည်ကြီးလောကအောက်ပိုင်း ဖိုရမ်တွင် သူ၏အကြောင်းကို ဆွေးနွေးနေကြပြီဖြစ်သည်။လူမြင်ကွင်းတွင် လူမိုက်တစ်ဦး၏ ကားကို လုယူသွားခြင်းနှင့် သူ၏ အရင်က အပြုအမူများကြောင့် သူ့ကို ဥပဒေမဲ့ ရာဇဝတ်သား အဖြစ် သတ်မှတ်နေကြသည်။

​ထို့ကြောင့် အစွန်းရောက် လူငယ်တစ်စုက သူ့ကို အတော်လေး မိုက်သည်ဟုပင် ထင်နေကြသည်။

​'အလိုရှိခံနေရလို့ အဖမ်းခံရမှာ ကြောက်ပြီး အိမ်သာတက်ရင်တောင် အေးအေးဆေးဆေး မတက်ရတဲ့ ဘဝက ဘာများ မိုက်စရာ ရှိလို့လဲ။'

​ချွမ်ဟုန်က နှုတ်ခမ်းမဲ့လိုက်ပြီး။

"မင်း အဲဒီ မိန်းကလေးတွေရဲ့ ဖုန်းနံပါတ်တွေကို လွှင့်ပစ်လိုက်ရင်တော့ မင်းပြောတာ ငါ ယုံမယ်။"

​"ငါက တခြားသူတွေအတွက် ကိုယ့်ကိုယ်ကိုယ် အနစ်နာခံနေတာပါကွာ မင်း နားမလည်ပါဘူး။"

​တန်ဝမ်ကျဲသည် ခေါင်းမဖော်ဘဲ ဖုန်းကို ဆက်ကြည့်နေရင်း ပြောလိုက်သည်။

"တကယ်လို့ သရဲနဲ့ တွေ့တာဆိုရင် ဘုရားကျောင်း သွားပြီး ဆုတောင်းခိုင်းလိုက်။ မြေသီရိဂမ္ဘ ဘုရားကျောင်း ပဲဖြစ်ဖြစ်မကောင်းဆိုးဝါး နှိမ်နင်းတဲ့ ဘုရားကျောင်းပဲဖြစ်ဖြစ်။ အတိုချုပ်ပြောရရင် အစွမ်းအထက်ဆုံး ဘုရားကျောင်းမှာ ဆုတောင်း။ အကယ်၍ ဆရာကြီးတစ်ယောက်ယောက်က ဒါကို မလုပ်နဲ့လို့ တားရင် မလုပ်နဲ့။ တစ်ခုခု ရလာရင်လည်း ဘုရားရှေ့မှာပဲ ထား။ စကားနားထောင်ရင် အသက်ရှင်မယ် နားမထောင်ရင်တော့ သေရုံပဲ။"

​သည်းထိတ်ရင်ဖို ရုပ်ရှင်တွေမှာ လူတွေသာ စကားနားထောင်မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းသော ရုပ်ရှင်တွေက ကြောက်စရာ ကောင်းတော့မှာ မဟုတ်ဘူး။

​"တကယ်ပဲ ဘာမှ မရှိဘူးလား။ဒါဆို ငါလည်း ဓားမကြီးတစ်လက်လောက် ဆောင်ထားရင်ကော။"

ချွမ်ဟုန်၏ မျက်လုံးများ ဝင်းလက်သွားသည်။

"လမ်းပေါ်မှာ ဓားမကြီး ကိုင်သွားမလို့လား။မင်း အဖမ်းခံရမှာ သေချာတယ်။"

​ချွမ်ဟုန်သည် ထိုအမျိုးသမီး သတင်းထောက်ကို ကူညီရန် အတော်လေး စိတ်အားထက်သန်နေသည်ကို မြင်သောအခါ တန်ဝမ်ကျဲက သူ၏ သူငယ်ချင်းကောင်းကို ကူညီရန် ဆုံးဖြတ်လိုက်သည်။သူ၏ အလုပ်ပြီးသည်နှင့် ရဲကို အကြောင်းကြားကာ ချွမ်ဟုန်ကို ရဲလက်ထဲ ထည့်ပေးလိုက်မည် ဖြစ်သည်။

​"ရောက်ပြီ ဒီနေရာပဲ။"

​သူတို့ ရောက်ရှိချိန်တွင် မိုးချုပ်လုနီးပါး ဖြစ်နေပြီ။ ကားသည် စွန့်ပစ်ထားသော ရပ်ကွက်တစ်ခုတွင် ရပ်တန့်သွားသည်။

​ကားပေါ်မှ ဆင်းလိုက်သည်နှင့် ပုပ်စော်နံသော အနံ့တစ်ခုကို ရလိုက်ကြသည်။

​"လူသေကောင် ပုပ်စော်နံသလိုပဲ"

တန်ဝမ်ကျဲကနှာခေါင်းကို ပိတ်ကာ မှောင်မည်းနေသော လမ်းကြားထဲသို့ ကြည့်လိုက်သည်။

​"မင်း လူသေကောင် အနံ့ကို ရဖူးလို့လား။"

​"ဖုတ်ကောင် တွေကော အကျုံးဝင်လား။"

​ချွမ်ဟုန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"လမ်းဘေးကြောင် သေနေတာလည်း ဖြစ်နိုင်ပါတယ်။"

​တန်ဝမ်ကျဲက ခေါင်းညိတ်လိုက်သည်။

"ဖြစ်နိုင်တယ်။"

​သရဲအငွေ့အသက် မရှိသလို သူ၏ ယင်ယန်မျက်လုံး ဖြင့်လည်း ဘာမှ မမြင်ရသေးပေ။ သို့သော် သူ၏ မကြာသေးမီက အတွေ့အကြုံများအရ ဤနေရာတွင် မကောင်းဆိုးဝါးများ ကြီးစိုးနေပြီး လူသားများ အင်အားနည်းနေသည်မှာ ထင်ရှားသည်။

နတ်ဘုရားများသည်ကြီးမားသော စွမ်းအားများ ရှိသော်လည်း အခြားသော ကမ္ဘာများကဲ့သို့ပင် တိုက်ရိုက် ဆင်းသက်၍ မရပေ။ သူတို့သည် ကြားခံနယ်များ ဆရာကြီးများကို လိုအပ်သည်။

​ကန့်သတ်ချက်များကလည်း အလွန်များပြားသည်။ ဆရာကြီး အားချင် သို့မဟုတ် ဆရာကြီး အားလုံ တို့လို လူမျိုးများသည်လည်း အသက်ကြီးနေပြီဖြစ်ကာ လူငယ်တစ်ယောက်၏ လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည် ရှိမည်မဟုတ်ပေ။

​"သွားကြစို့။"

​အဆောက်အအုံထဲသို့ ဝင်ပြီးနောက် ချွမ်ဟုန်သည် သူ၏ ဖုန်းကို ပြန်ရခဲ့သည်

​"ဟေ့... မင်း ဒီကောင်မန့် ကို Like ပေးထားတာလား သူက မင်းကို ချောတယ်လို့ ပြောလို့လား။"

သူကဖုန်းထဲက ဝက်ဘ်စာမျက်နှာကို ကြည့်ကာ တန်ဝမ်ကျဲကို မေးလိုက်သည်။

​"သူက အမှန်အတိုင်း ပြောတာပဲ ငါက ဘာလုပ်ရမှာလဲ? Like ပေးရမှာပေါ့။"

​သူတို့ နှစ်ယောက်သည် စကားပြောရင်း အပေါ်ထပ်သို့ တက်လာခဲ့ကြသည်။ အဆောက်အအုံအတွင်းမှ မှိုနံ့များမှာ ပိုမို ပြင်းထန်လာပြီး အိုမင်းရင့်ရော်မှု အနံ့နှင့် ဆီးနံ့များလည်း ရလာသည်။

​"ဟေ့... ဘယ်သူတွေလဲ။"

အသက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ရုတ်တရက် ပေါ်လာပြီး သူတို့နှစ်ဦးကို တားလိုက်သည်။

​"ကျွန်တော် သိပါရစေ ခင်ဗျားက ဘယ်သူလဲ။"

ချွမ်ဟုန်ကမေးလိုက်သည်။

​"အိမ်လခ ကောက်တဲ့သူ။"

​"မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်တို့က TV သတင်းဌာနက သတင်းထောက်တွေပါ။"

ချွမ်ဟုန်ကစကားဦးသန်းလိုက်သည်။

"ကျွန်တော်တို့ စစ်ပြန်ကြီးတစ်ယောက်ကို အင်တာဗျူးချင်လို့ပါ။"

​အိမ်လခကောက်သူက ပြောသည်။

"ဒီမှာရှိတဲ့သူတွေက မှတ်ဉာဏ်ချို့ယွင်းနေတဲ့သူတွေချည်းပဲ။ မင်းတို့ ဘာမှ သိရမှာ မဟုတ်ဘူး။"

​ချွမ်ဟုန်က သူ၏ သတင်းထောက် ကတ်ပြားကို ထုတ်ပြရန် ပြင်နေစဉ် တန်ဝမ်ကျဲက စကားဖြတ်ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့ အင်တာဗျူးက အရမ်း အရေးကြီးလို့ပါ။ ကူညီပေးပါဦး ကျွန်တော်တို့ တခြားသူတွေကို ဘာမှ အနှောင့်အယှက် မပေးပါဘူး။"

​တန်ဝမ်ကျဲသည် သူ၏ ဆွဲဆောင်မှုရှိသော အမူအရာဖြင့် အသက်လတ်ပိုင်း အမျိုးသမီးကို ညှို့ယူလိုက်သည်။

​ချွမ်ဟုန်က စိတ်ထဲမှ ကန့်ကွက်နေစဉ်မှာပင် အိမ်လခကောက်သူ အမျိုးသမီးသည် ရှက်ပြုံးလေးဖြင့် ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။

"ငါ နာရီဝက်နေရင် အိမ်ပြန်တော့မှာ မင်းတို့ကို သုံးနာရီပဲ အချိန်ပေးနိုင်မယ်။"

​ချွမ်ဟုန် အံ့အားသင့်သွားသည်။ သူ ယခုမှ နားလည်သွားသည်။ဤကမ္ဘာကြီးသည် ရုပ်ချောသူများအတွက် တရားမျှတမှု မရှိဘဲ ကောင်းသမျှအရာအားလုံးမှာ တန်ဝမ်ကျဲထံသို့သာ ဦးတည်နေသည်။

​အမှန်တကယ်တော့ တန်ဝမ်ကျဲ၏ ပြောင်းလဲမှုများကို ချွမ်ဟုန် သတိပြုမိသည်။ ဤပြောင်းလဲမှုမှာ တိုတောင်းသော အချိန်အတွင်း သာမန်လူတစ်ယောက်မှ စူပါဟီးရိုးအဖြစ် ပြောင်းလဲသွားခြင်းပင်။ သူ၏ ရုပ်ရည်သည်သာမက သူ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ကြွယ်ဝသော အရှိန်အဝါမှာလည်း အထင်ကြီးစရာပင်။

​ကုန်စုံဆိုင်တွင် ကတ်ခြစ်လိုက်ပုံမှာလည်း ပိုက်ဆံကို ရေလိုသုံးနိုင်သူတစ်ယောက်ကဲ့သို့ပင်။ ထိုကတ်မှာ ချွမ်ဟုန်၏ ကတ်ဖြစ်နေသော်လည်းပေါ့။

​"သွားကြစို့။"

တန်ဝမ်ကျဲက ချွမ်ဟုန်၏ ပုခုံးကို ပုတ်ကာ အပေါ်ထပ်သို့ အရင်တက်သွားသည်။

​ချွမ်ဟုန်သည် တန်ဝမ်ကျဲက စာသင်ခုံအဟောင်းတစ်လုံး၏ ခြေထောက်ကို အလွယ်တကူ ချိုးလိုက်သည်ကို မြင်သောအခါ သူ၏ ဒေါသများမှာ အလိုအလျောက် ပျောက်ကွယ်သွားသည်။

​ချွမ်ဟုန် ဦးဆောင်မှုဖြင့် သူတို့နှစ်ဦးသည် မှိုများတက်နေသော တံခါးအစုတ်တစ်ခု ရှေ့သို့ ရောက်လာသည်။ တန်ဝမ်ကျဲက တံခါးခေါက်ရန် လက်မြှောက်လိုက်စဉ်မှာပင် တံခါးမှာ အလိုအလျောက် ပွင့်သွားသည်။

​မှောင်မည်းပြီး ကျဉ်းမြောင်းသော အခန်းလေးထဲတွင် ထိပ်ပြောင်ပြောင်နှင့် အဖိုးအိုတစ်ဦးသည် စားပွဲတွင် ထိုင်ကာ ငေးငိုင်နေသည်။

​"ဖာဟိုင်"

တန်ဝမ်ကျဲကလွှတ်ခနဲ ပြောလိုက်သည်။

​"ဘာ ဖာဟိုင်လဲ"

ချွမ်ဟုန်ကမျက်စောင်းထိုးလိုက်သည်။

"ဒီအဖိုးရဲ့ နာမည်က လီရုံဖုန်းတဲ့။ အရင်တစ်ခါ ငါရခဲ့တဲ့ ဓားမကြီးက သူ့ရဲ့ ရဲဘော်ဟောင်းဆီက ရတာ။ သူ့ရဲဘော်ကတော့ သတိကောင်းသေးတယ်။ဒါပေမဲ့ ဒီအဖိုးကတော့ မှတ်ဉာဏ်ချို့ယွင်းနေတာ။"

​တန်ဝမ်ကျဲက သူ၏ ညာဘက်လက်ကို နောက်သို့ ပို့လိုက်ပြီး ပြန်ထုတ်လိုက်သောအခါ ယခင်က ဘာမှမရှိသော သူ၏လက်ထဲတွင် ဓားမကြီးတစ်လက် ပါလာသည်။ သူသည် ထိုဓားမကြီးကို စားပွဲပေါ်သို့ တင်လိုက်သည်။

​ဘေးနားမှ ချွမ်ဟုန်မှာ မျက်လုံးပြူးသွားသည်။ သူသည် စားပွဲပေါ်က ဓားကို တစ်လှည့် တန်ဝမ်ကျဲ၏ တင်ပါးကို တစ်လှည့် ကြည့်ကာ အံ့ဩနေသည်။

​'သူ ဘယ်လိုလုပ်လိုက်တာလဲ။'

​တန်ဝမ်ကျဲက ချွမ်ဟုန်ကို ဂရုမစိုက်ဘဲ

"ကျွန်တော်က သရဲတွေနဲ့ ရန်သူတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ဖယ်ရှားချင်တာပါ။ အဖိုး... အဖိုးရဲ့ အဖိုးတန်ဓားကို တစ်ချက်လောက် ငှားသုံးပါရစေ။"

​ငေးငိုင်နေသော အဖိုးအိုသည် တစ်ခုခုကို ကြားလိုက်ရပုံရသည်။ သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး တန်ဝမ်ကျဲ၏ ဓားကို စူးစိုက်ကြည့်လိုက်သည်။

​လီရုံဖုန်း၏ နှုတ်ခမ်းများ တုန်ယင်လာသည်။

"ဓားမကြီးတပ်ဖွဲ့ ၂၉ တပ်ရင်း တပ်စိတ် ၇၆၅ တပ်စိတ်မှူး လီရုံဖုန်း။"

​"သူ ဘာပြောတာလဲ။"

ချွမ်ဟုန်ကသေချာ မကြားလိုက်ရသော်လည်း ကင်မရာကိုတော့ တန်ဝမ်ကျဲနှင့် လီရုံဖုန်းထံသို့ အသင့်ချိန်ထားလိုက်သည်။

​"ဓားမကြီးတပ်ဖွဲ့၊ ၂၉ တပ်ရင်း၊ တပ်စိတ် ၇၆၅၊ တပ်စိတ်မှူး လီရုံဖုန်း။"

​လီရုံဖုန်း၏ မျက်လုံးများမှာ ရုတ်တရက် ထက်မြက်လာပြီး တံခါးအပြင်ဘက်သို့ ကြည့်လိုက်သည်။ အပြင်ဘက်တွင် တစ်ခုခု ပြေးသွားသော အသံကို ကြားလိုက်ရသည်။ ထိုအသံမှာ ကြမ်းပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အသံ မဟုတ်ဘဲ မျက်နှာကြက်ပေါ်တွင် လမ်းလျှောက်နေသည့်အသံ ဖြစ်သည်။

​"အာ.. အာ... အာကျဲ။"

ချွမ်ဟုန်သည်ကြောက်လွန်း၍ ခြေထောက်များ တုန်နေသော်လည်း သူ၏ ကင်မရာကိုတော့ တန်ဝမ်ကျဲထံမှ မခွာဘဲ ပရော်ဖက်ရှင်နယ် ဆန်ဆန် ရိုက်ကူးနေသည်။

​တန်ဝမ်ကျဲက လီရုံဖုန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"အပြင်မှာ တစ်ခုခု ရှိနေတယ် အဲဒီ လူသေကောင် ပုပ်စော်နံတဲ့ အရာပဲ။"

​လီရုံဖုန်းသည် မှတ်ဉာဏ်ချို့ယွင်းနေသော်လည်း သူ၏ အာရုံခံစားမှုမှာ တန်ဝမ်ကျဲထက် စက္ကန့်ပိုင်းမျှသာ နောက်ကျသည်။ သူသည် မွေးရာပါ စွမ်းအားရှင်တစ်ဦး ဖြစ်ပေလိမ့်မည်။

​အဖိုးအို၏ အမူအရာကို ကြည့်ပြီး တန်ဝမ်ကျဲ၏ သွေးများမှာလည်း ဆူပွက်လာသည်။

​အသံမှာ ပိုမို နီးကပ်လာသည်။

​ချွမ်ဟုန်သည် အခန်းထောင့်သို့ ကပ်သွားပြီး ကင်မရာဖြင့်သာ အစွမ်းကုန် ရိုက်ကူးနေသည်။

​"ချွတ်"

​ဓားအိမ်ထဲမှ ဓားများ ဆွဲထုတ်လိုက်သော အသံ ထွက်ပေါ်လာသည်။

​ဓားမကြီး နှစ်လက်။

​သူတို့နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"သင်၏အမည်ကို ပြောစမ်း။"

All Chapters