← Chapters

အစ်ကိုကျဲသည် အိမ်ပြေးများကို ကူညီပေးရခြင်းကို အနှစ်သက်ဆုံးပင်။

Vol. 11 Ch. 104

အစ်ကိုကျဲသည် အိမ်ပြေးများကို ကူညီပေးရခြင်းကို အနှစ်သက်ဆုံးပင်။

Vol. 11 Ch. 104

တန်ဝမ်ကျဲသည် တောင်ပေါ်မှ ဆင်းလာသည်နှင့်အမျှ ရှေ့တွင် လှုပ်လှုပ်ရွရွ ဖြစ်နေသော လူအုပ်ကြီးကို တွေ့လိုက်ရသည်။

“ဟင်...”

သူသည် မြေပြင်ပေါ်တွင် ဝပ်နေသော နတ်ဝင်သည်ထံသို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလိုက်သည်။

နတ်ဝင်သည် တစ်ဦးသည် နတ်ဘုရားကို မိမိခန္ဓာကိုယ်ထဲသို့ ပင့်ဖိတ်လိုက်သည်နှင့် ၎င်းသည် မိမိကိုယ်တိုင် မဟုတ်တော့ဘဲ ထိုနတ်ဘုရား၏ ကိုယ်စားလှယ်သာ ဖြစ်တော့သည်။ သို့သော် ဤကဲ့သို့ နတ်ပူးခြင်းမှာမြေနင်းနတ်ပူးခြင်း နှင့် မတူပေ။အဝတ်စုတ်နှင့် မြေနင်းဂိုဏ်း သည် နတ်ဘုရား၏ စွမ်းအားကိုသာ ခန္ဓာကိုယ်ထဲ ပင့်ဆောင်ခြင်းဖြစ်ကာ သူတို့၏ လှုပ်ရှားမှုနှင့် အမူအကျင့်များမှာ နတ်ဘုရား၏ လွှမ်းမိုးမှုကို ခံရသော်လည်း မိမိကိုယ်ပိုင် အသိစိတ် ရှိနေသေးသည်။

သူ့ရှေ့က နတ်ဝင်သည်မှာမူ သိသိသာသာ ကွဲပြားနေသည်။ သူ၏ ခန္ဓာကိုယ်မှာ သားရဲတစ်ကောင်ကဲ့သို့ပင် ပြောင်းလဲလာသော လက္ခဏာများ ရှိနေသည်။ ၎င်းမှာ ဤတစ်ယောက်တည်းလား သို့မဟုတ် လူတိုင်း ထိုသို့ဖြစ်သလားဆိုသည်ကို သူ မသိပေ။

“ဝေါင်း ဝေါင်း။”

တန်ဝမ်ကျဲက ဖမ်းဆီးလာသော အရာများကို တွဲချည်သယ်ဆောင်လာသည်ကို မြင်သောအခါ ကျားမင်းက အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်သည်။

ကျန်ရှိသော သူများကတော့ ကွဲပြားသည်။ တန်ဝမ်ကျဲက ထူးဆန်းသော အရာများကို တွဲချည်ပြီး သယ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများမှာ ချက်ချင်း ပျက်ယွင်းသွားကြသည်။မကြာမီ လူတိုင်း၏ အမြင်အာရုံမှာ ဝေဝါးသွားပြီး သူတို့ မြင်တွေ့လိုက်ရသည်မှာ တန်ဝမ်ကျဲက သနားစရာကောင်းသော မိန်းကလေးငယ် အချို့ကို အတင်းအဓမ္မ ဆွဲခေါ်လာသည့် ပုံရိပ်ပင် ဖြစ်သည်။။

“ဦးလေး... ကယ်ပါဦး ကယ်ပါဦး “

“အီးဟီး... ကူညီကြပါ...အီး”

“မေမေ... သမီး မေမေဆီ သွားချင်တယ်။”

အနောက်က ရဲများမှာ ပင်ကိုယ်အသိစိတ်ဖြင့် သေနတ်ထုတ်ရန် ပြင်လိုက်ကြသော်လည်း တန်ဝမ်ကျဲက ရုတ်တရက် ကျောပိုးအိတ်ထဲမှ ဓားမကြီးကို ထုတ်ကာ ပထမဆုံး မိန်းကလေးငယ်၏ လည်ပင်းကို ခုတ်ချလိုက်သည်ကို မြင်လိုက်ရသည်။

ခေါင်းမှာ တောင်တက်လမ်းပေါ်သို့ ဗုန်း ခနဲ ပြုတ်ကျကာ လိမ့်ဆင်းသွားသည်။

ကျားမင်း စီတန်းလှည့်လည်မှုအဖွဲ့ကို ဖြတ်ကျော်ချိန်တွင် လူတိုင်း ကြောက်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“အားးး”

လူတိုင်း အော်ဟစ်နေကြသည်။

“ကယ်ပါဦး”

ကျန်ရှိနေသော မိန်းကလေးငယ်များမှာ ပို၍ပင် အသည်းအသန် အော်ဟစ်လာကြသည်။

သူတို့၏ သနားစရာကောင်းသော ပုံစံမှာ လူတိုင်းကို တန်ဝမ်ကျဲနှင့် အသေအလဲ တိုက်ခိုက်ချင်စိတ် ပေါက်အောင် ပြုလုပ်နေသည်။

“ငိုနေတုန်းလား။ထပ်ငိုရင် မင်းတို့ခေါင်းကိုပါ ဖြတ်ပစ်မယ်။”

တန်ဝမ်ကျဲကဒုတိယမြောက် မိစ္ဆာကလေးငယ်ကို ကြည့်ကာ ပြောလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဤတောင်ပေါ်တွင် အခြားအရာများ ရှားပါးသော်လည်း ဤအရာများမှာမူ အပေါဆုံးပင်။သဘာဝရန်သူ မရှိဘဲ နှစ်ပေါင်းရာနှင့်ချီ၍ ပေါက်ဖွားလာခဲ့ကြသဖြင့် အရေအတွက်မှာ လျှံထွက်နေပြီဖြစ်သည်။

သူသည် စပ်စုချင်စိတ်ဖြင့် ၎င်းတို့ကို ဖမ်းဆီးပြီး သုတေသန လုပ်ချင်နေခြင်းသာ ဖြစ်သည်။ တောင်ပေါ်က နာနာဘာဝ များမှာ သူတစ်ခါမှ မမြင်ဖူးသော မျိုးစိတ်သစ်များ ဖြစ်နေသည်။

“ဓားကို ချလိုက် မလှုပ်နဲ့။”

ရဲများကအော်ပြောလိုက်စဉ်မှာပင် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။ လှည့်စားမှုများ အားလုံး ပျက်ပြယ်သွားပြီး မိစ္ဆာကလေးငယ်များ၏ မူလရုပ်ဆိုးသော ပုံစံများမှာ လူတိုင်းရှေ့တွင် ပြန်လည် ပေါ်လာတော့သည်။

လူတိုင်းမှာ အားးးခနဲ ထပ်မံ အော်ဟစ်ကာ နောက်သို့ ဆုတ်သွားကြပြန်သည်။

၎င်းတို့အကြောင်း ကြားဖူးခြင်းနှင့် မိမိမျက်စိဖြင့် တပ်အပ်မြင်ရခြင်းမှာ မတူပေ။ မိစ္ဆာကလေးငယ်ကို မြင်တွေ့လိုက်ရသောအခါ မကြောက်ဘဲ မနေနိုင်ကြတော့ပေ။ ၎င်းမှာ လူ့သဘာဝပင် ဖြစ်သည်။

တန်ဝမ်ကျဲသည် ယခုအခါ သရဲများကို နေ့တိုင်း သတ်နေသော်လည်း ဝတ်စုံအပြာနှင့် ဆံပင်ဖားလျားချထားကာ ရင်နာစရာ ကော်တွန်အော်ပရာ သီချင်းဆိုနေသည့် သရဲမတစ်ကောင်သာ သူ့ကျောပေါ် လာတွယ်လျှင် သူလည်း ကြောက်လန့်တကြား အော်ဟစ်မိမည်မှာ သေချာသည်။

ကြောက်တတ်ခြင်းမှာ ပုံမှန်ပင် ဖြစ်သော်လည်း လူအုပ်ကြီး တစ်ခုလုံး ကြက်မကြီးတွေလို ဝိုင်းအော်နေသည်ကိုတော့ သူ မုန်းသည်။ ထို့ကြောင့် အလုပ်လုပ်လျှင် ယုံကြည်စိတ်ချရသော အသင်းဖော် မရှိပါက တစ်ယောက်တည်း လုပ်ခြင်းက ပို၍ အဆင်ပြေသည်။

ဦးလေးကျူးသည်လည်း အသင်းဖော်ကောင်း တစ်ယောက် မဟုတ်ပေ။သူများတွေကို အရှေ့က အသေခံခိုင်းပြီး သူကတော့ အနောက်မှာ အစွမ်းကုန် အားမွေးကာ နောက်ဆုံးပိတ်မှ ဝင်တိုက်တတ်သည့် အမျိုးအစား ဖြစ်သည်။ ချူစန်းလို အကြမ်းခံနိုင်တဲ့သူမျိုး မရှိရင် အဆင်မပြေပေ။

မြေပြင်ပေါ်တွင် ဝပ်နေသော ကျားမင်းက တန်ဝမ်ကျဲကို ကြည့်ကာ ဟိန်းဟောက်လိုက်သည်။

တန်ဝမ်ကျဲက တစ်ဖက်လူ ဘာပြောသလဲဆိုသည်ကို နှင်းပန်းလေး ကို မေးရန် ပြင်လိုက်သော်လည်း နှင်းပန်းလေးမှာ ဘာသာပြန်တတ်ပုံ မရသည်ကို သတိရသွားသည်။ အနာဂတ်တွင် အခွင့်အရေးရပါက အမှောင်ထဲမှ ထွက်ခွာခြင်း ကမ္ဘာသို့ ပြန်သွားကာ လီယွန် ကို ရှာပြီး နှင်းပန်းလေးကို စွမ်းရည်အသစ်တွေ ထပ်ပေါင်းထည့်ခိုင်းရမည်။ သို့သော် ထိုလူမှာလည်း အတော်လေး ယုံကြည်ရခက်သူ ဖြစ်သည်။

ဆရာကြီး အားလုံက ရှေ့သို့ တိုးလာပြီး ဘာသာပြန်ပေးလိုက်သည်။

“ကျားမင်းက မေးနေတယ် မင်း ဘာလို့ ဒီမိစ္ဆာကလေးငယ်တွေကို တောင်ပေါ်က သယ်လာတာလဲ သူတို့က လူတွေကို ဒုက္ခပေးတတ်တာ မသိဘူးလားတဲ့။”

တန်ဝမ်ကျဲက ကျားမင်း ကို ထူးဆန်းစွာ ကြည့်လိုက်သည်။ ဤကျားမင်းမှာ သူ ဖိတ်ခေါ်ခဲ့သော နက်ကျားမင်း နှင့် ကွဲပြားသည်။ သူ မိစ္ဆာကလေးငယ်တွေကို သတ်ချိန်တွင် နက်ကျားမင်းမှာ အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး သူ၏ နှစ်သက်မှု မှာပင် ၁ မှတ် တိုးသွားခဲ့သည်။

“နက်ကျားဗိုလ်ချုပ်ကတော့ အဲဒါကို သဘောကျပြီး ငါ့ကို မတားခဲ့ဘူး။”

“နက်ကျားဗိုလ်ချုပ်... ဟုတ်တယ် နက်ကျားမင်းက မိစ္ဆာကလေးငယ်တွေရဲ့ ရန်သူတော်ပဲ။ မင်း သူတို့ကို သတ်ပြီး ဖမ်းလာတာကို မြင်ရင် သူကတော့ ပိုတောင် ပျော်နေဦးမှာ။”

မြေပြင်ပေါ်တွင် ဝပ်နေသော ကျားမင်း မှာ အကြိမ်အနည်းငယ် ဟိန်းဟောက်ပြီးနောက် တုန်တုန်ယင်ယင်နှင့် သတိလစ်သွားတော့သည်။

“ကျားမင်း ဘာပြောသွားတာလဲ။”

တန်ဝမ်ကျဲက တိုးတိုးလေး မေးလိုက်သည်။

“တောင်တစ်တောင်မှာ ကျားနှစ်ကောင် အတူမနေနိုင်ဘူး တဲ့။”

“အော်...”

တန်ဝမ်ကျဲခေါင်းညိတ်လိုက်သည်။

နတ်ဘုရားတွေရဲ့ ကိစ္စကို သူ ဘာမှ ဝေဖန်မည်မဟုတ်ပေ။ အပြစ်ပေးခံရမည်ကို သူ ကြောက်သည်။ သူ နတ်ဘုရားဖြစ်မှသာ သူတို့အကွယ်မှာ အတင်းပြောပေလိမ့်မည်။

နတ်ဘုရားက မတားမြစ်သဖြင့် ဆရာကြီး အားလုံသည်လည်း တန်ဝမ်ကျဲကို မတားတော့ပေ။ သူသည် မိစ္ဆာကလေးငယ်များကို ကြောက်ရွံ့စိတ်ဖြင့် ကြည့်နေသည်။ ဆရာကြီး အားလုံသည် မိစ္ဆာကလေးငယ်များကို မြင်ဖူးသော်လည်း သူကိုယ်တိုင် တိုက်ခိုက်ခဲ့ဖူးခြင်း မရှိပေ။ သူ၏ တစ်သက်တာတွင် မိစ္ဆာကလေးငယ်များကို ဤကဲ့သို့ အရှင်ဖမ်းလာသူမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ အရင်ကတော့ မိစ္ဆာကလေးငယ်တွေကသာ လူတွေကို ဖမ်းတတ်ခြင်း ဖြစ်သည်။

“မင်း ဘာလုပ်ဖို့ စိတ်ကူးထားလဲ...။”

ဆရာကြီးအလုံက မေးလိုက်သည်။

“ရွှမ်ဟုဘုရားကျောင်းမှာ ကျွန်တော့်အတွက် နေရာလေး နည်းနည်း ငှားပေးလို့ ရမလား။”

အကြောင်းပြချက် ပေးနေစရာ မလိုပေ။ နက်ကျားဗိုလ်ချုပ် ရှိနေသဖြင့် မည်သည့် ပြဿနာမှ မရှိနိုင်။ နက်ကျားဗိုလ်ချုပ်ကို ကျေးဇူးတင်သောအားဖြင့် နောက်မှ မိစ္ဆာကလေးငယ် အကောင်ပေါင်းများစွာကို ထပ်သတ်ပြီး နတ်ဘုရားကို ပျော်အောင် လုပ်ပေးဦးမည်။

လမ်းတွင် တန်ဝမ်ကျဲနှင့် တွေ့ဆုံခဲ့သဖြင့် ကျားမင်း စီတန်းလှည့်လည်မှုမှာ ပျက်ပြားသွားခဲ့သည်။ ထို့အပြင် တောင်တစ်တောင်မှာ ကျားနှစ်ကောင် အတူမနေနိုင် ဟူသော အချက်ကြောင့် ပျောက်ဆုံးနေသူကို ရှာဖွေခြင်းမှာလည်း ဆက်လုပ်၍ မရတော့ပေ။

အဓိကအကြောင်းရင်းမှာ မိစ္ဆာကလေးငယ်တွေကို မြင်ပြီးနောက် လူအများမှာ ကြောက်လန့်ကာ ရှေ့မဆက်ရဲတော့ခြင်းပင် ဖြစ်သည်။

ရဲအရာရှိ အချို့မှာလည်း ဇဝေဇဝါ ဖြစ်နေကြသည်။ အကယ်၍ သဘာဝလွန် ဖြစ်ရပ်များ ရှိနေသည်ဆိုလျှင် တန်ဝမ်ကျဲ၏ ပြစ်မှုများမှာ ငြင်းခုံစရာ ဖြစ်လာပေလိမ့်မည်။ အများဆုံးအနေဖြင့် ရဲကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ ရဲကားခိုးခြင်း၊ လုယက်ခြင်း စသည်တို့ဖြင့်သာ တရားစွဲဆိုနိုင်ပြီး အခြေအနေအရ ထိုအရာများကို ခွင့်လွှတ်ပေးနိုင်သည့် အကြောင်းပြချက်များ ရှိနေသည်။

သရဲတစ္ဆေ မိစ္ဆာကိစ္စများနှင့် ယှဉ်လျှင် ၎င်းတို့မှာ ပြဿနာ မဟုတ်တော့ပေ။

တန်ဝမ်ကျဲက သူတို့ ဘာလုပ်မည်ကို သိနေသကဲ့သို့ ပြောလိုက်သည်။

“ခင်ဗျားတို့ကျွန်တော့်ကို တွေ့တယ်ဆိုတာ အထက်ကို အစီရင်ခံစာ မတင်တာ ပိုကောင်းမယ်လို့ ကျွန်တော် အကြံပေးချင်တယ်။ ခင်ဗျားတို့ထဲက တစ်ယောက်က သရဲဆရာကြီးရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်။ အဲဒီအရာက လူတွေကို အလိုရှိသလို ပူးကပ်နိုင်ပြီး ကျွန်တော့်ကို မြင်တာနဲ့ ချက်ချင်း သေနတ်နဲ့ ပစ်ခဲ့တာ။”

အလိုရှိရာဇဝတ်သာ အဖြစ် သရုပ်ဆောင်နေသော တန်ဝမ်ကျဲသည် နောက်ဆုံးတွင် ထိုလူအုပ်၏ ယုံကြည်မှုကို ရရှိသွားခဲ့သည်။ သူကိုယ်တိုင်ကတော့ သူတို့ ယုံကြည်ခြင်းမယုံကြည်ခြင်းကို ဂရုမစိုက်ပေ။

ရဲတပ်ဖွဲ့သည် အချိန်မရွေး ပူးကပ်ခြင်းနှင့် ထိုးဖောက်ခြင်း ခံနိုင်သည်ဆိုလျှင် သူတို့သည် အကူအညီ မဟုတ်တော့ဘဲ အန္တရာယ်အရှိဆုံး အချက် ဖြစ်လာသည်။ သူတို့ကို တတ်နိုင်သမျှ ရှောင်ရှားရမည်။

ရွှမ်ဟု ဘုရားကျောင်းသို့ ရောက်သောအခါ...

“လှောင်အိမ် ရပါပြီ။”

ခုနက ကျားမင်း ဝင်ပူးခြင်း ခံခဲ့ရသော လင်ကျွင်းခိုင် သည် သံလှောင်အိမ်ကြီးတစ်ခု သယ်လာသည်။

“ဒါက အရင်က ခွေးအကြီးကြီးတွေ ထည့်တဲ့ လှောင်အိမ်ပါ။”

“ဝင်လိုက်ကြစို့။”

တန်ဝမ်ကျဲသည်ကျန်ရှိနေသော မိစ္ဆာကလေးငယ် သုံးကောင်ကို လှောင်အိမ်ထဲသို့ ထည့်လိုက်တော့သည်။

ပြန်လာသည့်လမ်းတွင် ဤမိစ္ဆာကလေးငယ်များသည် လူများကို ထပ်မံဖြားယောင်းရန် လှည့်စားမှုများ အသုံးပြုခဲ့ကြသည်။ တန်ဝမ်အနေဖြင့် သူတို့ထဲမှ ခေါင်းအချို့ကို ဆက်တိုက်ဖြတ်ပစ်လိုက်သည်။ ဟုတ်ပါသည်။လီရုံဖုန်း၏ ဓားမကြီးမှာ ခေါင်းဖြတ်ရသည်မှာ အလွန်အရသာရှိနေသဖြင့် သူ အနည်းငယ် စွဲလမ်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။

တန်ဝမ်ကျဲက မိစ္ဆာကလေးငယ်များကို လှောင်အိမ်ထဲထည့် မန္တန်စက္ကူများကပ် မင်ကြိုးများဖြင့်ချည်ပြီး နောက်ဆုံးတွင် စားပွဲအောက်ရှိ နက်ကျားမင်းရုပ်တုကိုပါ လှောင်အိမ်ပေါ်သို့ ပင့်ဆောင်တင်ထားသည်ကို ကြည့်ပြီး လင်ကျွင်းခိုင်မှာ စကားပြောရန် အကြိမ်ကြိမ် ဝန်လေးနေမိသည်။

“ဘာဖြစ်လို့လဲ။”

တန်ဝမ်ကျဲကမေးလိုက်သည်။

“ခင်ဗျား ဒီလိုမျိုး သူတို့ကို ယဉ်ပါးအောင်လုပ်ပြီး လီယာတင်းကို တကယ်ရှာပေးနိုင်မှာလား။”

သူသည်တန်ဝမ်ကျဲကို အထင်ကြီးသွားမိသည်။ မိစ္ဆာကလေးငယ်တွေကို ဟင်းသီးဟင်းရွက် ခုတ်သလို သတ်နေသူမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။

“လီယာတင်း... အဲဒါ ဘယ်သူလဲ။”

လင်ကျွင်းခိုင်၏ မျက်နှာ ပျက်သွားသည်။

“ကျွန်တော့်ရည်းစားလေ။ ခင်ဗျားကို ပြောပြီးပြီပဲ သူမ ပျောက်နေတာ နာရီ ၆၀ နီးပါး ရှိပြီ အနီရောင်ဝတ် မိန်းကလေးက ခေါ်သွားတာ။ သူမရဲ့အမေ ဒေါ်လီရှူးဖန်ကလည်း အပြင်မှာ ရှိနေတာပဲ။ ခင်ဗျားပဲ ကူညီမယ်ဆိုပြီး ခေါင်းညိတ်ခဲ့တာ မဟုတ်ဘူးလား။

“ဂျယ်လီငါး ရဲ့ သမီးလို့ ဘာလို့ အစတည်းက မပြောတာလဲ ငါက သူမရဲ့ သီချင်းတွေကို နားထောင်ရတာ ကြိုက်တဲ့အတွက် သေချာပေါက် ကူညီမှာပေါ့။”

သူသည် လက်ရှိတွင် မိစ္ဆာကလေးငယ်များကိုသာ စိတ်ဝင်စားနေခြင်းဖြစ်သည်။ လူကယ်ဖို့ကိစ္စမှာ သူ မကယ်ချင်တာ မဟုတ်သော်လည်း တောင်ပေါ်က မိစ္ဆာကလေးငယ် အရေအတွက်နှင့်ဆိုလျှင် သူတို့က လူတစ်ယောက်ကို ဝှက်ထားပါက ရှာတွေ့ရန် မဖြစ်နိုင်ပေ။ သူကိုယ်တိုင် သွားရှာပါကလည်း ထိုကောင်တွေက ဓားစာခံကို သတ်ပစ်လိုက်နိုင်သည်။

ဒါ့ကင်းတောင်ရဲ့ အခက်အခဲအဆင့် ကောင်းကင်အထိ ထိုးတက်သွားရခြင်းမှာ သူ၏လက်ချက်ဖြစ်သည်ကိုတော့ သူ အခုလောလောဆယ် မပြောရန် ဆုံးဖြတ်ထားသည်။

“အန်တီက လူမှုဝန်ထမ်း တစ်ယောက်ပါ အရင်က အဆိုတော် ဖြစ်ခဲ့ဖူးလို့လား။”

သို့သော်တန်ဝမ်ကျဲထံမှ အဖြေ မရခဲ့ပေ။

တန်ဝမ်ကျဲက ဓားမကြီးဖြင့် လှောင်အိမ်ထဲကို ထိုးဆွကာ မိစ္ဆာကလေးငယ် သုံးကောင်ကို စနောက်ရင်း။

“မင်းရည်းစားကို ခေါ်သွားတာ အနီရောင်ဝတ် မိန်းကလေးဆိုရင် မိစ္ဆာကလေးငယ်တွေကို ရှာနေလို့ ဘာထူးမှာလဲ။”

“အနီရောင်ဝတ် မိန်းကလေးက မိစ္ဆာကလေးငယ် တစ်မျိုး မဟုတ်ဘူးလား။”

လင်ကျွင်းခိုင်ဇဝေဇဝါ ဖြစ်သွားသည်။

“မဟုတ်ဘူးပေါ့ နာမည်တောင် မတူတာ။”

တန်ဝမ်ကျဲကလင်ကျွင်းခိုင်ကို မျက်နှာသေနှင့် ကြည့်လိုက်သည်။

“အနီရောင်ဝတ် မိန်းကလေးက မိစ္ဆာက သူမရဲ့အမေက သူမကို မခွဲနိုင်လောက်အောင် ချစ်လွန်းလို့ လူမဆန်တဲ့ နည်းလမ်းသုံးပြီး ရှင်သန်အောင် ပြန်လုပ်ခဲ့ရာကနေ အနီရောင်ဝတ် မိန်းကလေး ဖြစ်လာတာ။ ဒါနဲ့ သူမအမေ နာမည်က လင်မေဟွာ တဲ့။”

လင်မေဟွာသည် သမီးသေဆုံးမှုကို ဝမ်းနည်းပြီး ပြန်ရှင်အောင် လုပ်ခဲ့သော်လည်း မရည်ရွယ်ဘဲ မိစ္ဆာဖြစ်သွားစေခဲ့သည်။ သူမသည် နာကျင်စွာဖြင့်ပင် သမီးဖြစ်သူကို ချိတ်ပိတ် ထားခဲ့ရသည်။ နောက်ပိုင်းတွင် သမီး နောက်တစ်ယောက်ကို မွေးစားပြီး သေဆုံးသွားသော သမီး၏နာမည်ကိုပဲ အမှတ်တရအနေဖြင့် ပေးခဲ့သည်။ အရာအားလုံး ပြီးဆုံးသွားပြီဟု ထင်ခဲ့သော်လည်း အနီရောင်ဝတ် မိန်းကလေး သတင်းတွေထဲမှာ သူမသမီးရဲ့ ပုံရိပ်ကို ပြန်မြင်ခဲ့ရသည်။

အနီရောင်ဝတ် မိန်းကလေးသည် အမေဖြစ်သူ၏ စွန့်ပစ်ခြင်းကို ခံရသည်ဟု ခံစားရသဖြင့် အမျက်ထွက်ကာ ကပ်ငြိနေခြင်းဖြစ်သည်။ လင်မေဟွာ၏ အစွမ်းမှာလည်း မဆိုးလှပေ သူမသည် အနီရောင်ဝတ် မိန်းကလေးကို တားဆီးထားနိုင်စွမ်း ရှိသည်။

ရုပ်ရှင်တွေအရဆိုလျှင် အနီရောင်ဝတ် မိန်းကလေးသည် ဒါ့ကင်းတောင်က မိစ္ဆာကလေးငယ် အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်စွမ်း ရှိသည်။သူမ၏ စွမ်းအားမှာ အလွန်ကြီးမားသည်။ သို့သော် သူမသည် လင်မေဟွာ၏ မိုးကြိုးငါးသွယ် မန္တန် ကိုတော့ ကြောက်ရသည်။ ၎င်းကို ကြည့်ခြင်းဖြင့် ထိုမန္တန်မှာ အလွန်ပြင်းထန်ကြောင်း သိနိုင်သည်။

ဤကမ္ဘာသည် နတ်ဘုရားများဖြင့် ပြည့်နှက်နေသဖြင့် လင်မေဟွာ၏ မိုးကြိုးငါးသွယ် မန္တန်မှာ နတ်ဘုရားများ၏ ကောင်းချီးရထားသော အထူးဗားရှင်း ဖြစ်လိမ့်မည်ဟု တန်ဝမ်ကျဲ ယုံကြည်နေသည်။

လင်ကျွင်းခိုင် ချက်ချင်း ထရပ်လိုက်သည်။

“လင်မေဟွာ ကျွန်တော် သူမကို အခုသွားရှာမယ်။”

“တွေ့ရင် ငါ့ကို လာပြောဦး။”

တန်ဝမ်ကျဲကပြောသည်။

“မင်းရဲ့ ကျားမင်းက ထွက်သွားပြီ မင်းတစ်ယောက်တည်း ဒါကို မဖြေရှင်းနိုင်ဘူး။”

“သိပြီ”

လင်ကျွင်းခိုင်ကလှည့်မကြည့်ဘဲ အော်ပြောကာ အပြင်က လီရှူးဖန်ထံသို့ ပြေးထွက်သွားသည်။ ထိုအချိန်တွင် လီရှူးဖန်မှာ စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။

မိစ္ဆာကလေးငယ်များသည် သာမန်လူများကို ပြုစားနိုင်သဖြင့် တန်ဝမ်ကျဲနှင့် လင်ကျွင်းခိုင်မှလွဲ၍ မည်သူမျှ ထိုဝင်းထဲသို့ မဝင်ရပေ။ ဆရာကြီး အားလုံသည်လည်း အသက်ကြီးပြီ ဖြစ်သဖြင့် အနားမကပ်ရဲပေ။

ခြေသံကြားသဖြင့် လီရှူးဖန် မော့ကြည့်လိုက်သည်။ လင်ကျွင်းခိုင်က ဝမ်းသာအားရဖြင့်

“အန်တီ လင်မေဟွာတဲ့ အနီရောင်ဝတ် မိန်းကလေးကို ဖြေရှင်းချင်ရင် လင်မေဟွာကို ရှာရမယ်လို့ သူပြောတယ်။ အဲဒီမိန်းကလေးက လင်မေဟွာရဲ့ သမီးပဲ ကျွန်တော်တို့ ရဲစခန်းမှာ သွားစုံစမ်းလို့ ရတယ်။”

“လင်မေဟွာ...”

လီရှူးဖန်၏ မျက်နှာ အမူအရာ ပြောင်းလဲသွားသည်။

“ကျွန်မ သူမကို သိတယ်။”

လွန်ခဲ့သော အချိန်အချို့က သူမ ကိုင်တွယ်ခဲ့ရသော ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှု အမှုတစ်ခုတွင် လင်မေဟွာသည် သူမ၏သမီးကို အဝတ်အစားများ ချွတ်ကာ ခန္ဓာကိုယ်အနှံ့ မန္တန်စာလုံးများ ရေးထိုးပြီး အခန်းထဲမှ အပြင်မထွက်ခိုင်းဘဲ ထားခဲ့သည်။

ထိုစဉ်က လီရှူးဖန်သည် တစ်ဖက်လူက ကလေးကို နှိပ်စက်နေသည်ဟု ယူဆကာ သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ထိုမိန်းကလေးကို အတင်းအဓမ္မ ခေါ်ထုတ်သွားခဲ့သည်။ ၎င်းကို တွေးမိသည်နှင့် လီရှူးဖန် ချက်ချင်း ထရပ်လိုက်တော့သည်။

“အန်တီ ကျွန်တော်လည်း လိုက်မယ်။”

ရွှမ်ဟု ဘုရားကျောင်း အတွင်းတွင်တော့ တန်ဝမ်ကျဲသည် ကျောပိုးအိတ်ကို ဖွင့်ကာ အစားအစာများကို ထုတ်လိုက်သည်။ ပေါင်မုန့်တွေက အသုံးမဝင်ခဲ့သော်လည်း သူသည် အိမ်ပြေး သုံးကောင်ကို အရှင်လတ်လတ် ဖမ်းမိခဲ့သည်။

သူ ပထမဆုံး စမ်းသပ်ချင်သည်မှာ မိစ္ဆာကလေးငယ်များ၏ ဉာဏ်ရည် မည်မျှ မြင့်သနည်း ဆိုသည်ပင်။ ယခင်က လှည့်စားမှု ဖြစ်ရပ်များကို ကြည့်လျှင် သူတို့သည် ပစ်မှတ်ထားသူနှင့် ရင်းနှီးသူအဖြစ် ဟန်ဆောင်ကာ တစ်ဦးချင်းစီကို တောင်ပေါ်တွင် ပိတ်မိအောင် လုပ်နိုင်စွမ်း ရှိကြသည်။

သို့သော် ဦးလေးကျူး ပေါ်လာချိန်တွင် သူ၏ ယူဆချက် မှားနေကြောင်း သိလိုက်ရသည်။ ထိုအရာများသည် လှည့်စားမှုများကိုသာ အသုံးပြုခြင်းဖြစ်ပြီး တစ်ဖက်လူ မြင်တွေ့ရသည့်အရာမှာ ထိုလူ၏ စိတ်ထဲတွင် ဘာရှိသလဲ ဆိုသည့်အပေါ်မှာသာ မူတည်နေသည်

နက်ကျားမင်း၏ ဖိနှိပ်မှုအောက်တွင် မိစ္ဆာကလေးငယ် သုံးကောင်မှာ အလွန် လိမ်မာနေကြသည်။

“ငါပြောတာ နားလည်လား။”

တန်ဝမ်ကျဲက မေးသည်။ သုံးကောင်လုံး ခေါင်းညိတ်ပြကြသည်။

“ကောင်းပြီ ငါ မေးခွန်းအချို့ မေးမယ်။ မှန်ရင် ဆုချမယ်။”

တန်ဝမ်ကျဲကမြေပြင်ပေါ်က မုန့်တွေကို ညွှန်ပြသည်။

“မှားရင်တော့ အပြစ်ပေးမယ်။ ဖြေချင်ရင် လက်မြှောက်။ နားလည်ရင် လက်မြှောက်ကြ။”

သုံးကောင်လုံး လက်မြှောက်ကြသည်။

“မင်းတို့ကို ခွဲရခက်နေလို့ နာမည်ပေးမယ်” တန်ဝမ်ကျဲက တစ်ကောင်ချင်းစီကို ညွှန်ပြသည်။

“မင်းက ဘင်ဘင် မင်းကအားဝေ မင်းကတော့... ရှောင်မင်။ ငါ့ကိုတော့ အစ်ကိုကျဲ လို့ ခေါ်ရမယ်။”

“ဘင်ဘင်”

မိစ္ဆာကလေးငယ်တစ်ကောင် လက်မြှောက်သည်။

“အားဝေ”

နောက်တစ်ကောင်လက်မြှောက်သည်။

“ရှောင်မောင်”

နောက်ဆုံးတစ်ကောင်ကချက်ချင်း လက်မြှောက်လိုက်သည်။

တန်ဝမ်ကျဲက ဓားကျောဖြင့် ခေါက်လိုက်သည်။

“မင်းနာမည်က ရှောင်မင် လို့ ပြောထားတယ်လေ! ရှောင်မောင် က ဘယ်သူလဲ လျှောက်ပြီး လက်မမြှောက်နဲ့။”

မိစ္ဆာကလေးငယ်မှာ ခေါင်းကို ကိုင်ကာ ဝမ်းနည်းပက်လက်ဖြင့် တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။သူသည် မိစ္ဆာကလေးငယ်ထက်ပင် ပို၍ ကြမ်းတမ်းလွန်းသဖြင့် သူတို့မှာ ကြောက်လန့်နေကြသည်။

“ကဲ... ပြန်စမယ်။”

သူတို့ နာမည်တွေကို မှတ်မိသွားအောင် နောက်ထပ် နှစ်ကြိမ်ခန့် စမ်းသပ်ပြီးနောက် သူက ပြောသည်။

“ပထမဆုံးအနေနဲ့ ရိုးရှင်းတဲ့ မေးခွန်းတစ်ခု။ ခြံတစ်ခုထဲမှာ ကြက်အရေအတွက်က ဘဲအရေအတွက်ထက် လေးဆ ပိုများတယ်။ ဝက်အရေအတွက်ထက်စာရင် ဘဲက ကိုးကောင် ပိုနည်းတယ်။ ဘဲနဲ့ ဝက်ပေါင်းရင် ၆၇ ကောင် ရှိတယ်။ အဲဒီခြံထဲက တိရစ္ဆာန်အားလုံးရဲ့ ခြေထောက် စုစုပေါင်း ဘယ်နှချောင်း ရှိသလဲ။”

မိစ္ဆာကလေးငယ် သုံးကောင်မှာ တစ်ကောင်မျက်နှာ တစ်ကောင် ကြည့်ကာ ဆွံ့အသွားကြသည်။

“ဒီလောက် လွယ်တာတောင် မသိဘူးလား။မင်းတို့ဉာဏ်ရည်က တကယ့်ကို နိမ့်တာပဲ။”

တန်ဝမ်ကျဲက သူတို့ကို ကြည့်ကာ။

“အပြစ်ပေးမယ် လက်ဝါးဖြန့်”

ခွေးပေါက်လေးတွေကို လေ့ကျင့်ပေးသကဲ့သို့ပင် ထိုရုပ်ဆိုးသော အရာများ လိမ်မာနေသည်ကို ကြည့်ပြီး တန်ဝမ်ကျဲ သူတို့ကို ကောင်းကောင်း လေ့ကျင့်ပေးချင်စိတ် ပေါက်လာသည်။

မိစ္ဆာကလေးငယ်များသည် အုပ်စုလိုက် နေထိုင်ကြသဖြင့် ခေါင်းဆောင် ရှိရမည်။ အရင်ခေါင်းဆောင်ကတော့ နက်ကျားမင်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီ ဖြစ်ရာ နောက်ထပ် ခေါင်းဆောင်အသစ် ပေါ်လာပေလိမ့်မည်။ သူက ထိုခေါင်းဆောင်ကို သတ်ပြီး ဤသုံးကောင်ကို နေရာပေးမည်။

ထို့နောက်တွင်တော့ တန်ဝမ်ကျဲ သားသတ်ရုံ သို့ မိစ္ဆာကလေးငယ်များကို အခါအားလျော်စွာ ပို့ခိုင်းခြင်းဖြင့် အတွေ့အကြုံမှတ် များကို ရေရှည် ထုတ်ယူနိုင်မည်ဖြစ်သည်။

“ပိုလွယ်တဲ့ မေးခွန်း မေးမယ်။ အရင်ဆုံး လက်မြှောက်တဲ့သူ ဖြေရမယ်။ မဖြေနိုင်တဲ့သူ အပြစ်ပေးမယ်။”

သုံးကောင်လုံး လှောင်အိမ်ထဲတွင် ငြိမ်သက်စွာဖြင့် တန်ဝမ်ကျဲ၏ မေးခွန်းကို အမြန်ဆုံး ဖြေနိုင်ရန် သူတို့၏ ဦးနှောက်ကို အစွမ်းကုန် အသုံးချနေကြသည်။

“မင်းတို့ကို ထမင်းတစ်လုံး ပေးမယ် အဲဒီထဲကို ဟင်းနှစ်မျိုးပဲ ထည့်ရမယ်ဆိုရင် ဘာထည့်မလဲ လူတွေလို တွေးပြီး ဖြေနော်။”

မိစ္ဆာကလေးငယ်တွေက ထမင်းမစားသဖြင့် လူသားတွေ၏ နည်းလမ်းအတိုင်းသာ ဖြစ်ရမည်။

“ဘင်ဘင် အရင် လက်မြှောက်တယ် မင်းဖြေ။”

သို့သော် ဘင်ဘင်က သူ၏ ခေါင်းပေါ်က နက်ကျားမင်းကို လက်ညွှန်ပြသည်။နက်ကျားမင်း၏ ဖိနှိပ်မှုကြောင့် သူတို့ အစွမ်းမသုံးနိုင်သလို စကားလည်း မပြောနိုင်ကြပေ။

တန်ဝမ်ကျဲက နက်ကျားမင်း ရုပ်တုကို ဘေးက စားပွဲပေါ်သို့ ခဏရွှေ့ကာ ဦးညွှတ်လိုက်ပြီးနောက်

“ပြောတော့”

ဘင်ဘင်က ချက်ချင်း ဖြေသည်။

“အမဲသားနှပ်နဲ့ ဝက်ခြေထောက်။”

ကျန်တဲ့ နှစ်ကောင်ကတော့ ခေါင်းငိုက်စိုက် ကျသွားသည်။ သူတို့ ဖြေမည့်အဖြေနှင့် တူသွားပုံရသည်။

“မှားတယ်။ ဟင်... ရှောင်ဆန်း (Xiao Sun)၊ မင်းပြော။”

“ကြက်တောင်ပံနဲ့ အသားနှပ်ပါ။”

တန်ဝမ်ကျဲက ဓားကို ဆွဲထုတ်လိုက်သည်။

“မင်းနာမည်က ရှောင်မင် လို့ ပြောထားတယ်လေ ရှောင်ဆန်း မဟုတ်ဘူး လက်ဝါးဖြန့်။”

တန်ဝမ်ကျဲ၏ အကြည့်ကြောင့် မိစ္ဆာကလေးငယ်မှာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

“အစ်ကိုကျဲ ကျွန်တော် အားဝေပါ”

“ဟုတ်လို့လား။ဒါဆို အခုကစပြီး မင်းက ရှောင်မင်ပဲ။”

ထို့နောက်သူက နောက်တစ်ကောင်ကို ညွှန်ပြသည်။

“မင်းက အားဝေ။”

ဆရာကြီးတန်သည် မည်သည့်အခါမှ မမှားပေ။

အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက် မိစ္ဆာကလေးငယ် သုံးကောင်လုံး တစ်ခါမျှ အဖြေမှန်အောင် မဖြေနိုင်ကြချေ။

တန်ဝမ်ကျဲက ပြောသည်။

“ဟင်းနှစ်မျိုးပဲ ထည့်ရမယ်ဆိုရင် ရွှေနဲ့ စိန် ပေါ့ကွ။ လူတွေ ဘာအလိုချင်ဆုံးလဲဆိုတာတောင် မသိဘဲနဲ့ မင်းတို့တွေ အရင်က လူတွေကို ဘယ်လိုများ လှည့်စားခဲ့ကြတာလဲ မသိဘူး။”

မိစ္ဆာကလေးငယ် သုံးကောင်မှာ

“ဟင်...”

‘ကျွန်တော်တို့က အတည်ဖြေနေတာကို ခင်ဗျားက ဉာဏ်စမ်းတွေ လာလုပ်နေတာလား။ ကျွန်တော်တို့ကို ရိုက်ဖို့ အကြောင်းပြချက် ရှာနေတာ မဟုတ်လား။’

တန်ဝမ်ကျဲသည် တကယ်ပင် ရိုက်ရန် အကြောင်းပြချက် ရှာနေခြင်း ဖြစ်သည်။ ယဉ်ပါးအောင် လုပ်သည်ဆိုသည်မှာ သူတို့ ဒေါသမာန်တွေ လုံးဝ ပျောက်သွားသည်အထိ အရိုက်ခံရခြင်းကို ဆိုလိုသည်။ အဝေနှင့် ဘင်ဘင် သေသွားလျှင်ပင် သူ ဂရုမစိုက်ဘဲ နောက်ဆုံးတစ်ကောင် အသက်ရှင်ကျန်ရစ်လျှင် ရပြီဟု သူ သဘောထားသည်။

ညရောက်သောအခါ လင်ကျွင်းခိုင်နှင့် လီရှူးဖန်တို့သည် အမျိုးသမီးတစ်ဦးကို ရွှမ်ဟု ဘုရားကျောင်းသို့ ခေါ်ဆောင်လာကြသည်။

ထိုနှစ်ယောက် ပြောပြသည်များကို ကြားပြီးနောက်တွင်ပင် လင်မေဟွာသည် မယုံနိုင်သေးပေ။ ဒါ့ကင်းတောင်သည် တားမြစ်နယ်မြေ တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်တွင် မိုးကြိုးငါးသွယ် မန္တန်တက်တူးများ ရှိနေလျှင်ပင် သူမကိုယ်တိုင် တောင်ပေါ်သို့ မတက်ရဲပေ။သို့သော် ယနေ့တွင် တစ်စုံတစ်ယောက်သည် ထိုတောင်ပေါ်မှ တိုက်ခိုက်ဆင်းလာရုံသာမက မိစ္ဆာကလေးငယ် အချို့ကိုပါ ပြန်ပေးဆွဲလာနိုင်သည်ဟု သူမ ကြားသိလိုက်ရသည်။

သူသည် နတ်ဘုရားတစ်ပါး၏ လူဝင်စားများလား။

သို့သော် တစ်ဖက်လူက သူမကို ကူညီပြီး မိစ္ဆာဖြစ်သွားသော သူမ၏ သမီးကို လွတ်မြောက်အောင် လုပ်ပေးနိုင်မည်ဆိုလျှင် သူမသည် မည်သည့်ရင်းနှီးမှုကိုမဆို ပေးဆပ်ရန် အသင့်ရှိနေသည်။

သူမသည် တန်ဝမ်ကျဲ ရှိရာ ဝင်းငယ်လေးအတွင်းသို့ လိုက်ပါလာခဲ့သည်။ ဝင်းတံခါးမှာ တင်းကျပ်စွာ ပိတ်ထားသည်။

“သူ ဘယ်မှာလဲ။”

လင်မေဟွာကစိုးရိမ်တကြီး မေးလိုက်သည်။

လင်ကျွင်းခိုင်က

“အထဲမှာပါ။ ဟို မိစ္ဆာကလေးငယ် သုံးကောင်ကို စစ်မေးနေတုန်း ထင်တယ်။”

လူအားလုံးထဲတွင် သူသည် တန်ဝမ်ကျဲကို အယုံကြည်ဆုံး ဖြစ်သည်။အခြားသူများက တန်ဝမ်ကျဲ မိစ္ဆာကလေးငယ်များနှင့်အတူ တစ်ယောက်တည်း ဆင်းလာသည်ကိုသာ မြင်သော်လည်း ကျားမင်း ဝင်ပူးခြင်း ခံခဲ့ရသော သူတစ်ဦးတည်းသာလျှင် ထိုစဉ်က မိမိခန္ဓာကိုယ်ထဲမှ ကျားမင်းသည် တန်ဝမ်ကျဲကို မြင်ချိန်တွင် အလိုအလျောက် နောက်ဆုတ်သွားသည်ကို သိရှိလိုက်ခြင်း ဖြစ်သည်။

၎င်းမှာ နက်ကျားဗိုလ်ချုပ်ကြောင့်လား သို့မဟုတ် တန်ဝမ်ကျဲကိုယ်တိုင်ကြောင့်လား ဆိုသည်မှာ အရေးမကြီးပေ။ လင်ကျွင်းခိုင်အနေဖြင့် ထိုလူကို ရိုသေလေးစားပြီး သူပြောသမျှကို မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်ဟု မှတ်ယူရန် လုံလောက်နေပြီဖြစ်သည်။ နက်ကျားဗိုလ်ချုပ် ရွေးချယ်ထားသူမှာ သေချာပေါက် အဆင်ပြေပေလိမ့်မည်။

လင်ကျွင်းခိုင် တံခါးခေါက်ပြီး ဝင်ရန် ပြင်လိုက်စဉ်မှာပင် အထဲမှ တန်ဝမ်ကျဲ၏ အသံ ထွက်ပေါ်လာသည်

“ကဲ... အားဝေ သေသွားပြီ။ ဒါပေမဲ့ မင်းတို့နှစ်ယောက် စိတ်မပူနဲ့ဦး အခွင့်အရေး ရှိသေးတယ်။”

ထို့နောက် အသံတစ်ခု ထွက်လာသည်။

“ကျွန်တော် အားဝေပါ အစ်ကိုကျဲ။ ခုနက သေသွားတာက ရှောင်မင်ပါ။”

တန်ဝမ်ကျဲ၏ အသံက ဆက်ထွက်လာသည်။

“ဒါဆို မင်းက နာမည်ပြောင်းပြီး ရှောင်မင် လုပ်လိုက် သေသွားတဲ့ကောင်က နာမည်ပြောင်းပြီး အားဝေ လုပ်လိုက်။”

သူသည် ရှောင်မင်ကိုသာ နောက်ဆုံးအထိ အသက်ရှင်စေရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကိုကျဲ။ ကျွန်တော်က ရှောင်မင်ပါ။”

“ဒေါက်... ဒေါက်”

အထဲက စကားဝိုင်း ပြီးဆုံးသွားပြီဟု သိရသဖြင့် လင်ကျွင်းခိုင်က တံခါးကို ခေါက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“အစ်ကိုကျဲ ကျွန်တော်တို့ လူခေါ်လာပါပြီ။”

“ဝင်လာခဲ့။ ဂျယ်လီငါး ကိုတော့ အပြင်မှာပဲ စောင့်ခိုင်းလိုက် သူမမှာ မန္တန်စွမ်းအား မရှိလို့ ပြုစားခံရလိမ့်မယ်။”

လီရှူးဖန်သည် လက်တွေ့ဘဝကို လက်ခံလိုက်ပြီ ဖြစ်သည်။ သူမ သမီးကို ကယ်နိုင်မည်ဆိုလျှင် အမည်ပြောင်လေး တစ်ခုကိစ္စက... သို့သော် သူမသည် အရင်က တကယ်ပင် ဂျယ်လီငါးပုံစံ ဆံပင်ညှပ်ခဲ့ဖူးသည်။နတ်ဘုရားများမှာ အတိတ်နှင့် အနာဂတ်ကို တွက်ချက်နိုင်ရုံသာမက အရင်က ဆံပင်ပုံစံကိုပါ တွက်ချက်နိုင်ကြသည်လား။

လင်ကျွင်းခိုင်သည် လင်မေဟွာကို အထဲသို့ ခေါ်ဆောင်လာရာ တန်ဝမ်ကျဲသည် သံလှောင်အိမ်ထဲမှ မိစ္ဆာကလေးငယ် အလောင်းကို မထုတ်နေသည်ကို မြင်လိုက်ရသည်။

ဘေးတွင်ကျောက်သွေးတစ်ခု ရှိနေပြီး သံချေးအနည်းငယ် တက်နေသော ဓားမကြီးမှာ ၎င်းကို မှီထားသည်။ ကျန်ရှိသော မိစ္ဆာကလေးငယ် နှစ်ကောင်မှာတော့ ကြမ်းပြင်ပေါ်တွင် ခေါင်းကို ကိုင်ကာ ဝပ်နေကြပြီး အလွန်ပင် လိမ်မာနေကြသည်။

ဤမြင်ကွင်းကို ပထမဆုံးအကြိမ် မြင်လိုက်ရသဖြင့် ထိုသူနှစ်ဦးလုံး၏ မျက်နှာ အမူအရာများမှာ အံ့အားသင့်ကာ မှင်သက်သွားကြသည်။

“မင်္ဂလာပါ ကျွန်မက လင်မေဟွာပါ။”

လင်မေဟွာသည်တန်ဝမ်ကျဲ၏ အစွမ်းကို အသိအမှတ်ပြုထားပြီးသား ဖြစ်သည်။ မိစ္ဆာကလေးငယ်တွေကို သတ်နိုင်သူတွေ အများကြီး ရှိသော်လည်း ဤအဆင့်အထိ လုပ်နိုင်သူမှာတော့ အနည်းငယ်သာ ရှိသည်။

သူမ အနည်းငယ် စိတ်လှုပ်ရှားနေသည်။

“ကျွန်မက ယုံ... အနီရောင်ဝတ် မိန်းကလေးရဲ့ အမေပါ။ ရှင် သူမကို တကယ်ပဲ လွတ်မြောက်အောင် လုပ်ပေးနိုင်မှာလား။”

တန်ဝမ်ကျဲသည် ဆောင့်ကြောင့်ထိုင်ကာ သူ၏ ဓားကို တစ်ချက်ပြီးတစ်ချက် အားပါပါ သွေးနေသည်။ ဓားသွေးသံကြားတိုင်း လှောင်အိမ်ထဲက မိစ္ဆာကလေးငယ်များမှာ တုန်တုန်ယင်ယင် ဖြစ်နေကြသည်။

ထို့နောက်မှ သူက ပြောလိုက်သည်။

“အဲဒါ မပြောခင် ခင်ဗျားကို အရင်ဆုံး ပြောပြရမယ်။ သူမက လူတွေကို သတ်ခဲ့ပြီးပြီ။ သူမကို ကယ်တင်လို့ မရတော့ဘူး။”

All Chapters