ဒါက တကယ်ပဲ အားရပါးရ တိုက်ပွဲတစ်ခု ဟုတ်ရဲ့လား။
Vol. 11 Ch. 107
ဒါ့ကင်းတောင်။
မိုးကြိုးငါးသွယ် မန္တန် ဆိုင်ကယ်တစ်စီးသည် လီဗာကို အစွမ်းကုန်ရုန်းကာ တောင်စောင်းအတိုင်း တက်လာနေသည်။ ရံဖန်ရံခါ ဆိုင်ကယ်ဖြင့် ဖြတ်ကျော်၍မရသော နေရာများတွင်မူ သူသည် ဆိုင်ကယ်တစ်စီးလုံးကို လက်တစ်ဖက်တည်းဖြင့် မကာ လမ်းလျှောက်သွားတတ်သည်။
တစ်ခါတစ်ရံ လူက ဆိုင်ကယ်ကို ထမ်းပြီး၊ တစ်ခါတစ်ရံ ဆိုင်ကယ်က လူကို တင်ဆောင်သည်။
ဒါ့ကင်းတောင်တစ်ခုလုံးသည် အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်နေသည်။ လှည့်စားမှုများ၊ ထူးခြားမှုများ မရှိတော့သလို အစာရှာထွက်လေ့ရှိသော ငှက်ကလေးများပင် ပျောက်ကွယ်နေကြသည်။
မိစ္ဆာကလေးငယ်တစ်ကောင်သည် သစ်ကိုင်းပေါ်တွင် ဝပ်နေရင်း လင်းလက်တောက်ပနေသော ပုံရိပ်ကို ထိတ်လန့်တကြား ကြည့်နေမိသည်။ သူသည် ခြေဆုံးခေါင်းဆုံး မိုးကြိုးငါးသွယ် မန္တန်ဝတ်စုံကို ဝတ်ထားသဖြင့်... ပြင်းထန်သော နတ်ဘုရားအရှိန်အဝါများ ထွက်ပေါ်နေရာ မိစ္ဆာကလေးငယ်မှာ လှည့်စားမှုကိုပင် အသုံးမပြုရဲပေ။
ထိုသူ၏ မျက်နှာကို သေချာမြင်လိုက်ရသောအခါမှ မိမိအနေဖြင့် သူ့ကို မဆင်မခြင် သွားမနှောင့်ယှက်ခဲ့မိသည်မှာ အလွန်မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်ကြောင်း သိလိုက်ရသည်။ရှောင်မင်၏ စကားကို အမြဲနှလုံးသွင်းထားသဖြင့် ၎င်းသည် မြေပြင်ပေါ်သို့ ဆင်းကာ တုန်တုန်ယင်ယင်ဖြင့် လျှောက်သွားလိုက်သည်။
“မင်းက ဘယ်သူလဲ။”
တန်ဝမ်ကျဲကဇဝေဇဝါဖြင့် မေးသည်။
“ကျွန်တော် အားဝေပါ။”
ထိုမိစ္ဆာကလေးငယ်မှာ၎င်းသည် လျှို့ဝှက်ကုဒ်တစ်ခုမှန်းသာ သိသည်။ယခု ကုဒ်ပြောလိုက်သော်လည်း တစ်ဖက်လူက ဘာမှမလုပ်သဖြင့်... တော်သေးသည်၊ အသက်ဘေးမှ လွတ်ပြီ။
ရှောင်မင်သည် မိစ္ဆာကလေးငယ် အုပ်စုထဲသို့ ပြန်ရောက်ချိန်တွင် သိပ်ပြီး အာရုံစိုက်ခြင်း မခံခဲ့ရပေ။ အမှန်အတိုင်းပြောရလျှင် ဤတောင်ပေါ်က ဝိညာဉ်သတ္တဝါများ၏ ဉာဏ်ရည်မှာ ယေဘုယျအားဖြင့် နိမ့်ပါးလှသည်။ သူတို့သည် လူသားများကို ဒုက္ခပေးရသည့် ဗီဇအတိုင်း လူတွေကို ပိုးကောင်တွေ သို့မဟုတ် မစင်တွေ ကျွေးခြင်း၊ လှည့်စားမှုထဲ ပိတ်မိအောင်လုပ်ပြီး အိမ်ပြန်မရောက်အောင် လုပ်ခြင်းတို့ကိုသာ ပျော်စရာဟု ထင်မှတ်ကြသည်။
သို့သော် ၎င်းမှာလည်း အားကြီးသူက အားနည်းသူကို အနိုင်ယူသည့် လောကပင် ဖြစ်သည်။ အုပ်စုလိုက်နေထိုင်သော သတ္တဝါများဖြစ်သဖြင့် အဆင့်အတန်း ခွဲခြားမှုကတော့ ရှိစမြဲပင်။
ရှောင်မင်မှာ ထင်ထားသည့်အတိုင်းပင် အစွန်အဖျားသို့ ရောက်သွားခဲ့သော်လည်း ရှောင်မင်က ဉာဏ်ကောင်းသည်။ ၎င်းသည် မိမိကဲ့သို့ပင် အပယ်ခံထားရသော အခြားမိစ္ဆာကလေးငယ်များကို ရှာဖွေခဲ့သည်။ ထိုနေ့က တောင်ပေါ်ကို သတ်ဖြတ်တက်လာသော ထိုလူကြမ်းကြီးနှင့် ပူးပေါင်းနိုင်သရွေ့ သူတို့၏ အခြေအနေဆိုးကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်သည်။
တန်ဝမ်ကျဲက
“လမ်းပြ။”
ဆိုင်ကယ်စက်သံနှင့်အတူမိစ္ဆာကလေးငယ် အားဝေ၏ လမ်းပြမှုဖြင့် ရှေ့သို့ ဆက်သွားကြသည်။စွန့်ပစ်ထားသော တောင်ပေါ် ကစားကွင်းတစ်ခုတွင် လူဝံနှင့်တူပြီး ပို၍သန်မာသော မိစ္ဆာကလေးငယ် တစ်ကောင်သည် တောင်ပေါ်သို့ တက်လာသော ကယ်ဆယ်ရေးသမား အချို့ကို အိမ်မွေးတိရစ္ဆာန်များကဲ့သို့ စနောက်နေသည်။
၎င်းသည် သူတို့အတွက် လှည့်စားမှုများ ဖန်တီးပေးထားသည်။ ဤအစွမ်းမှာ အလိုအလျောက် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လူသားတွေ ဘာအလိုချင်ဆုံးလဲ ဆိုသည်ကို ၎င်းနားမလည်သော်လည်း လူသားတွေ ထိုထဲတွင် နစ်မွန်းနေသည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားစရာကောင်းသည်ဟု ၎င်းထင်သည်။
ထိုမိစ္ဆာကလေးငယ် မော့ကြည့်လိုက်သလို ဘေးက အခြားကောင်တွေလည်း မော့ကြည့်လိုက်ကြသည်။ ၎င်းမှာ နတ်ဘုရား စွမ်းအားများနှင့် မိုးကြိုးအရှိန်အဝါများ တောက်ပနေသော၊ လမ်းမှာရှိသမျှ အရာအားလုံးကို တိုက်ခိုက်လာနေသော အလင်းပုံရိပ်ကြီး တစ်ခုပင် ဖြစ်သည်။
မိစ္ဆာကလေးငယ် တစ်ကောင်က လမ်းပိတ်သော်လည်း နောက်တစ်စက္ကန့်တွင် ထိုအလင်းလူသား၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားသည်။ ထို့နောက် အလင်းလူသားသည် ဘယ်ဘက်လက်ကို မြှောက်ကာ အနက်ရောင် အမိန့်ပေးအလံကို ပစ်ပေါက်လိုက်ရာ မိစ္ဆာကလေးငယ်ကို ဖောက်ထွက်သွားတော့သည်။
မိစ္ဆာကလေးငယ် ပေါက်ကွဲသွားပြီး အမိန့်ပေးအလံမှာ မြေပြင်ပေါ်သို့ စောင်းစောင်းလေး ကျရောက်သွားသည်။
သူသည် ရပ်တန့်ခြင်းမရှိဘဲ ဆက်လက် တိုက်ခိုက်နေသည်။ အလင်းလူသားသည် အမိန့်ပေးအလံများကို ဆက်တိုက် ပစ်ပေါက်ကာ မိစ္ဆာကလေးငယ်များကို တစ်ကောင်ပြီးတစ်ကောင် ရှင်းလင်းနေသည်။
ကျန်ရှိနေသော မိစ္ဆာကလေးငယ်များ သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် သူသည် ဘယ်ခြေကို အမာခံထားကာ ကိုယ်ကို လှည့်ပြီး ပြန်ပြေးလာကာ မြေပြင်ပေါ်က အမိန့်ပေးအလံ အားလုံးကို ပြန်ကောက်ပြီး နောက်ထပ်တစ်ကျော့ ပြန်လည် ပစ်ပေါက်နေသည်ကို မြင်လိုက်ရသည်။
၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပင် ဖြစ်သည်။ မိစ္ဆာကလေးငယ်များ ပိုမိုများပြားလာပြီး သူ့နောက်သို့ လိုက်လာကြသော်လည်း ဆူးတွေနှင့် ပြည့်နေသကဲ့သို့ တောက်ပနေသော ထိုအလင်းလူသားကို ကြည့်ပြီး သူတို့ ဘာမှမတတ်နိုင်ကြပေ။
နောက်ဆုံးတွင် အလင်းလူသားသည် ဆိုင်ကယ်ကို လူဝံနှင့်တူသော မိစ္ဆာကလေးငယ် ခေါင်းဆောင်ရှေ့အထိ စီးလာပြီး ၎င်း၏ခေါင်းကို ကန်လိုက်သည်။ တစ်မီတာလောက်သာ မြင့်သော ထိုခေါင်းဆောင်၏ ခန္ဓာကိုယ်မှာ ကန်ရသည်မှာ အတော်လေး အရှိန်ရလှသည်။
ထို့နောက် ဓားကို ဝှေ့ယမ်းကာ ၎င်း၏ခေါင်းကို ဖြတ်ပစ်လိုက်သည်။ ၎င်းမှာလည်း ခံစားချက် အတော်လေး ကောင်းလှသည်။
ရင်းနှီးနေသော ဓားမကြီးကို မြင်လိုက်ရချိန်တွင်မှ မိစ္ဆာကလေးငယ်များသည် ဤအလင်းလူသားမှာ မည်သူဖြစ်ကြောင်း သိလိုက်ကြတော့သည်။သူတို့ ကြည့်ဖို့တောင် မဝံ့ရဲခဲ့သော၊ နတ်ဘုရား အလင်းတန်းများ ထွက်ပေါ်နေသော ထိုလူပင် ဖြစ်သည်။
သူ ဘာလို့ ဒီကို ရောက်လာတာလဲ။
ထပ်ပြီး ထွက်ပြေးရမည့် အချိန်ပင် ဖြစ်သည်။သို့သော် ဤနေ့ရက်တွေက ဘယ်တော့မှ ကုန်ဆုံးမှာလဲ။မိစ္ဆာကလေးငယ်များနှင့် ကျားမင်း မှာ ရန်သူများ ဖြစ်ကြသော်လည်း ကျားမင်းကို ကိုင်တွယ်ရသည်မှာ မခက်ခဲလှပေ။နတ်ဝင်သည် တစ်ယောက်သည် ကျားမင်းကို မိမိကိုယ်ထဲတွင် အကြာကြီး ထည့်မထားနိုင်သဖြင့် သူတို့သည် အမျိုးမျိုး ပတ်ပြေးရင်း ကျားမင်းကို ဆုတ်ခွာသွားအောင် လုပ်နိုင်ကြသည်။
တဖြည်းဖြည်းနှင့် မိစ္ဆာကလေးငယ်များနှင့် ကျားမင်းအကြားတွင် နားလည်မှုတစ်ခု ရှိလာခဲ့သည်။ ဒါ့ကင်းတောင်သည် မိစ္ဆာကလေးငယ်များ၏ နယ်မြေဖြစ်လာပြီး မည်သူမျှ လွယ်လွယ်နှင့် တောင်ပေါ်မတက်သလို မိစ္ဆာကလေးငယ်များကလည်း အောက်သို့ ဆင်းမလာကြပေ။
သို့သော် ယခု သူတို့ ရင်ဆိုင်နေရသည်မှာ မတူညီပေ။ ဤလူကြမ်းကြီးမှာ သူတို့ကို တစ်ယောက်တည်းနှင့် အကုန်သတ်နိုင်ရုံသာမက သူယူလာသော ကျားမင်းနှင့် ပတ်သက်သည့် ပစ္စည်းများကို ကြည့်လျှင် ကျားမင်းကိုလည်း သေချာပေါက် ပင့်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် မိစ္ဆာကလေးငယ် တစ်ကောင်က အလိုအလျောက် ရှေ့သို့ ထွက်လာသည်။
“အားလုံး နောက်ဆုတ်ကြ ငါ ရှောင်မင် အားလုံးကို ကာကွယ်ပေးမယ်။”
တန်ဝမ်ကျဲသည် ရဲရဲဝံ့ဝံ့ ရှေ့ထွက်လာသော ထိုမိစ္ဆာကလေးငယ်ကို ကြည့်ကာ ခဏမျှ ဆွံ့အသွားသည်။
တောက်... မင်းရဲ့ သရုပ်ဆောင်ချက်က တကယ့်ကို ညံ့ဖျင်းလွန်းတယ်ကွာ။
“ဝိုး... တကယ့်ကို သန်မာတဲ့ မိစ္ဆာကလေးငယ်ပဲ။”
သူ၏ စကားပြောပုံမှာ အသက်မပါဘဲ အမူအရာများမှာလည်း လုပ်ကြံထားမှန်း သိသာလှသော်လည်း၊ ဘေးက မိစ္ဆာကလေးငယ်များမှာ ရှောင်မင်၏ အနောက်သို့ တဖြည်းဖြည်း စုဝေးလာကြသည်ကို မြင်လိုက်ရသဖြင့် ဤကလေး၏ ရှက်စရာကောင်းသော သရုပ်ဆောင်ချက်မှာ အလုပ်ဖြစ်နေကြောင်း သူဝန်ခံလိုက်ရသည်။ ထိုက်ထိုက်တန်တန် ရွေးချယ်ထားသော ရှောင်မင်ပင် ဖြစ်သည်။
“လာစမ်းးးး”
တန်ဝမ်ကျဲရှေ့သို့ ပြေးထွက်လိုက်သည်။
မိစ္ဆာကလေးငယ် ရှောင်မင်သည်လည်း တစ်နေရာရာမှာ မြင်ဖူးသည့် ဂျပန်ကာတွန်း ဇာတ်လိုက်များကဲ့သို့ အားးးး ဟု အော်ဟစ်ကာ ရှေ့သို့ ပြေးထွက်လာသည်။
သူတို့နှစ်ဦး တိုက်မိတော့မည့် အချိန်တွင် တန်ဝမ်ကျဲမှာ နှေးကွေးသော လှုပ်ရှားမှု ဖြင့် ကပြသလို ရှောင်မင်ကလည်း ထို့အတူပင်။
ထို့နောက်တွင်တော့ အနားက မိစ္ဆာကလေးငယ်များမှာ သူတို့နှစ်ဦး သုံးမီတာခန့် အကွာအဝေးတွင် ရပ်ကာ
“အား အား အား”
အော်ဟစ်ရင်းလက်သီးတစ်ချက် ပစ်ရန်အတွက် စက္ကန့်အတော်ကြာ အချိန်ယူနေကြသည်ကို မြင်လိုက်ရသည်။ သုံးမီတာ အကွာအဝေးမှ လက်သီးထိုးချက်ပင် ဖြစ်သည်။
“အု...”
တန်ဝမ်ကျဲကရင်ဘတ်ကို ကိုင်ကာ လေးငါးလှမ်းခန့် နောက်ဆုတ်သွားသည်။
ကြည့်နေသော မိစ္ဆာကလေးငယ်များမှာ ဝမ်းသာသွားကြသည်။ ရှောင်မင်က တကယ်ပဲ ဒီလောက် သန်မာတာလား။
သို့သော် မကြာမီမှာပင် တန်ဝမ်ကျဲက လက်ချောင်းကို ကိုက်ကာ ရှောင်မင်၏... အနောက်ဘက်သို့ လက်ဝါးဖြင့် ပစ်ပေါက်လိုက်သည်။
“ဘုန်းးး”
ပွဲကြည့်နေသော မိစ္ဆာကလေးငယ် တစ်ကောင်မှာ လွင့်ထွက်သွားပြီး ထိုနေရာ၌တင် ပေါက်ကွဲသွားတော့သည်။
အခြား မိစ္ဆာကလေးငယ်များက
မဟုတ်သေးဘူး။ တစ်ခုခု မှားနေပြီလား။
နှစ်ဖက်လုံးမှာ အဝေးကနေ စွမ်းအားပြိုင်ပွဲကို စတင်ကြသည်။ မိစ္ဆာကလေးငယ်များမှာ သူတို့၏ မျိုးနွယ်စုတွင် မမြင်ရသော လက်သီးများကို ပစ်ပေါက်သည့် ပညာရပ် ဘယ်တုန်းက ပေါ်လာမှန်းပင် မသိကြတော့ပေ။
တန်ဝမ်ကျဲ၏ တိုက်ခိုက်မှုများမှာလည်း ရပ်တန့်မသွားပေ။ သို့သော် သူ၏ ချိန်သားကိုက်မှုမှာ အလွန် ညံ့ဖျင်းလှသည်။
သူ၏ လက်ချောင်းမန္တန်မှာ ရှောင်မင်ကို လွဲချော်သွားပြီး အဝေးကနေ ပွဲကြည့်နေသော မိစ္ဆာကလေးငယ်များကိုသာ ဆက်တိုက် ထိမှန်နေသည်။
“ဘုန်းးး”
လက်ဝါးမိုးကြိုး ပစ်သည့်အကြိမ် အရေအတွက် မများသော်လည်း ပစ်တိုင်း ကံဆိုးသူ တစ်ယောက်ယောက်တော့ ပါသွားစမြဲပင်။
နှစ်ဖက်လုံးမှာ အကြာကြီး တိုက်ခိုက်နေကြသော်လည်း သူတို့နှစ်ဦးကြားတွင် သုံးမီတာထက် ပိုမနီးကပ်သလို ဒဏ်ရာလည်း တစ်ချက်မျှ မရကြပေ။
“ကောင်းပြီ မင်းကသန်မာတယ်။”
တန်ဝမ်ကျဲက ဒူးကိုထောက်ကာ အမောတကော ပြောသည်။
“မင်းနာမည်က ရှောင်မင်လား။”
မိစ္ဆာကလေးငယ် ရှောင်မင်က ရင်ကိုကော့ကာ ရပ်နေသည်။-
“ငါက ရှောင်မင်ပဲ ငါရှိနေသရွေ့ မင်း နောက်ထပ် မိစ္ဆာကလေးငယ် တစ်ကောင်ကိုမှ မထိခိုက်စေရဘူး။”
အခြား မိစ္ဆာကလေးငယ်များမှာ မြေပြင်ပေါ်တွင် ပြင်းထန်စွာ ဒဏ်ရာရနေသူများနှင့် အပိုင်းပိုင်း ပြတ်နေသူများကို ကြည့်လိုက်ကြသည်။ ဒီလောက် ပြင်းထန်တဲ့ တိုက်ပွဲကြီးမှာ မင်းတို့နှစ်ယောက်က ဒဏ်ရာ တစ်ချက်တောင် မရဘဲ၊ ငါတို့ ပွဲကြည့်ပရိသတ်တွေပဲ တစ်ဝက်လောက် သေသွားတယ်ပေါ။
တန်ဝမ်ကျဲက တည်တည်ငြိမ်ငြိမ်ဖြင့်။
“မင်း သန်မာတယ်။ အခုကစပြီး ရှောင်မင် မင်း ဒါ့ကင်းတောင်ပေါ်မှာ ရှိနေသရွေ့ ငါ ထပ်မလာတော့ဘူးလို့ ကတိပေးတယ်။ ဒါပေမဲ့ မင်းတို့လည်း တောင်ပေါ်ကနေ ဆင်းခွင့်မရှိဘူး။ ငါက နှစ်ပေါင်း ထောင်သောင်းချီပြီး အသက်ရှင်နေဦးမှာ။မင်းနဲ့ ငါ အေးအေးဆေးဆေး အချိန်ယူလို့ ရပါတယ်။”
ငါ သူတို့ကို ထိန်းချုပ်ထားမယ်။ မင်းပြောတဲ့အတိုင်း မင်းလည်း မှတ်ထားပါ မဟုတ်ရင် ငါ မင်းကို အသေအလဲ တိုက်ခိုက်မှာပဲ။”
“ငါ့မှာ နောက်ထပ် အခြေအနေတစ်ခု ရှိသေးတယ်။ အရင်က ဖမ်းသွားတဲ့ လူတွေအားလုံးကို ပြန်ပေး အလောင်းတွေ အပါအဝင်ပေါ့။”
ရှောင်မင် ဝန်လေးခြင်း မရှိပေ။ မျိုးနွယ်စုအတွက် ၎င်းက ခေါင်းညိတ်ပြသည်။
“ကောင်းပြီ။”
မိစ္ဆာကလေးငယ်များမှာလည်း ဤအချက်ကို ကန့်ကွက်ခြင်း မရှိကြပေ။သူတို့က လူတွေကို စနောက်ဖို့နဲ့ ဒုက္ခပေးဖို့ ဝါသနာပါကြသော်လည်း တန်ဝမ်ကျဲ၏ နှစ်ကြိမ်တိုင်တိုင် တောင်ပေါ်သို့ သတ်ဖြတ်တက်လာမှုက သူတို့ကို ထိတ်လန့်စေခဲ့ပြီ ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ရှောင်မင်က ရှေ့တန်းမှ ကာကွယ်ပေးသော်လည်း သေဆုံးမှု အရေအတွက်မှာ အရင်ကထက်ပင် ပိုများနေပြီး မိစ္ဆာကလေးငယ်များ၏ အသန်မာဆုံး ခေါင်းဆောင်မှာလည်း ခုနတင် ခေါင်းဖြတ်ခံလိုက်ရသည်။
မဟုတ်ဘူး အခု သူတို့မှာ ရှောင်မင် ရှိနေပြီ။ ပွဲကြည့်ပရိသတ်တွေ အများကြီး သေသွားပေမဲ့ ရှောင်မင်က အသန်မာဆုံး ခံစစ်ပဲ။
မိစ္ဆာကလေးငယ် အချို့ကတော့ တစ်ခုခု မှားနေပြီဟု ခံစားမိကြသည်။အုပ်စုထဲတွင် အနည်းငယ် ဉာဏ်ကောင်းသူများ အမြဲရှိစမြဲဖြစ်ပြီး သူတို့က တန်ဝမ်ကျဲနှင့် ရှောင်မင်တို့ကြားတွင် ပြောမပြတတ်သော သဘောတူညီချက်တစ်ခု ရှိနေကြောင်း သိမြင်နေကြသည်။
အကြောင်းမှာရှောင်မင်သည် တန်ဝမ်ကျဲ၏ အကျဉ်းသားအဖြစ် ခဏတာ ပျောက်ကွယ်သွားခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
ပြန်ရောက်လာချိန်တွင် ရှောင်မင်၏ စွမ်းအားမှာ အောက်ဆုံးတွင်သာ ရှိနေသေးသော်လည်း ယခုအခါ တန်ဝမ်ကျဲနှင့် ယှဉ်တိုက်နိုင်နေပြီ ဖြစ်သည်။ ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရင်း မိစ္ဆာကလေးငယ်များ သက်ပြင်းချလိုက်ကြသည်။
တကယ်ပဲ တစ်ခုခု ရှိနေလျှင်တောင် သူတို့ ဘာတတ်နိုင်မှာလဲ။မိစ္ဆာဘဝက ခက်ခဲလှသည်၊ အချို့အရာများကို မသိချင်ယောင်ဆောင်နေခြင်းကသာ အကောင်းဆုံးပင် ဖြစ်သည်။
ရှောင်မင်သည် မိစ္ဆာကလေးငယ် အုပ်စု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၎င်း၏ သေးငယ်သော ခန္ဓာကိုယ်လေး လမ်းလျှောက်သွားချိန်တွင် လမ်းမှာရှိသော မိစ္ဆာကလေးငယ်များမှာ ရိုသေစွာဖြင့် ခေါင်းငုံ့ပေးကြသည်။
ကဲ... အရင်ဆုံး လူသားတွေ အကုန်လုံးကို တောင်အောက်ကို ပြန်ပို့ကြ အလောင်းတွေ အပါအဝင်ပဲ။ ပြီးမှ သစ္စာဖောက်တွေ အကြောင်းကို ငါတို့ ဆွေးနွေးကြတာပေါ့။”
ဉာဏ်ကောင်းသော မိစ္ဆာကလေးငယ်များသည် ရှောင်မင်နောက်သို့ ချက်ချင်း လိုက်ကြတော့သည်။ဘက်မှန်ရန်သာ လိုသည်၊ ဒါဆိုလျှင် သူတို့ ဘယ်တော့မှ သစ္စာဖောက် ဖြစ်လာမည် မဟုတ်ပေ။ ဉာဏ်မကောင်းသော သူများကိုတော့ သားသတ်ရုံသို့ ပို့ဆောင်ရန်အတွက်သာ အသုံးချခံရပေလိမ့်မည်။