← Chapters

လျှို့ဝှက်ချက်

Vol. 7 Ch. 673

လျှို့ဝှက်ချက်

Vol. 7 Ch. 673

ရွှေဇလားထဲမှ နတ်ဘုရားအလင်းတန်းများ ထွန်းလင်းလာလေသည်။

ယွမ်ကျွင်းဧကရီကလည်း သေမည့်အရေး ထိုင်စောင့်နေမည့်သူမဟုတ်ပေ။ သို့သော်… လောကနိယာမတရား များသည်ရွှေဇလားထဲမှ စတင်ထွက်ပေါ်လာလေသည်။

ဆန်းလျန်ကို တိုက်ခိုက်ရန်အတွက် ယွမ်ကျွင်းဧကရီအသုံးပြုလိုက်သည့် နတ်ဘုရားစွမ်းအားများသည် နွေဦးရာသီတွင် အရည်ပျော်ကျခဲ့ရသည့် နှင်းများအလားပင် ဖြစ်သွားလေသည်။

ယွမ်ကျွင်းဧကရီ၏ တုံ့ပြန်တိုက်ခိုက်မှုများသည် တဖြည်းဖြည်းအားနည်းလာလေသည်။ နောက်ဆုံးတွင်တော့ ရွှေဇလားသည် ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ဘဲ ရပ်တန့်သွားလေသည်။

ကျင့်စူးနှင့် ကွေလိမှာ သူတို့၏ ခန္ဓာကိုယ်ထဲသို့ တန်ခိုးစွမ်းအားများ ပြန်လည်စီးဆင်းဝင်ရောက်လာသည်ကို ခံစားလိုက်ရလေသည်။ တိုက်ပွဲတွင် ဆန်းလျန်အနိုင်ရသွားပြီ ဖြစ်သည်ကို သူတို့ သိရှိလိုက်ကြလေသည်။

သူတို့ (၂)ယောက်သည် လက်ချင်းတွဲရင်းဖြင့်ပင် ခန်းမဆောင်အတွင်းသို့ ပြေးဝင်သွားကြလေသည်။

ရွှေဇလားသည် ကြမ်းပြင်ထက်တွင် ရေများစီးဆင်းနေသည့်အလား ရွှေ့လျားနေလေသည်။ ထို့နောက် ဖြည်းဖြည်း လူတစ်ယောက်အသွင်သို့ ကူးပြောင်းသွားလေသည်။ ထိုသူသည် ဆန်းလျန်ဖြစ်ပြီး ကြမ်းပြင်ထက်တွင် တင်ပျဉ်ခွေ ထိုင်လျှက်ရှိလေသည်။ သူသည် လှုပ်ရှားခြင်းမရှိတော့ဘဲ အလွန်ပင်ပန်းနေသည့်ဟန် ဖြစ်လေသည်။

ယွမ်ကျွင်းဧကရီကို အနိုင်ယူခဲ့ရခြင်းသည် သူထင်ထားခဲ့သလောက် မလွယ်ကူခဲ့ပေ။

ကျင့်စူးက…

“ဒီတိုက်ပွဲသတင်းသာပျံ့သွားရင် ရှင်ကတော့ေ လာကသုံးပါးမှာ အကြီးမြတ်ဆုံးပုဂ္ဂိုလ်လို့ အပြောခံရတော့မှာပဲ”

သူမက ဆန်းလျန်ကို အလွန်အမင်းချီးကျူးလိုက်ခြင်း ဖြစ်လေသည်။

ဆန်းလျန်က သူမကို စကားပြန်ပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ခန္ဓာကိုယ်ထဲမှ ကြုံးဝါးသံများထွက်ပေါ်လာ လေသည်။ ထို့နောက် သူသည် အပိုင်းပိုင်းပျက်စီးသွားပြီး ထောင်ပေါင်းများစွာသောအလင်းတန်းများအဖြစ် ပေါက်ကွဲထွက်သွားလေတော့သည်။

ကျင့်စူးနှင့် ကွေလိမှာ တန်ခိုးစွမ်းအားများ ပြန်လည်ရရှိနေပြီဖြစ်သည့်အတွက် အလင်းတန်းများကို အလျှင်အမြန်ပင် ကာကွယ်လိုက်ကြရလေသည်။ ထို့ကြောင့် ဒဏ်ရာရရှိခြင်း မဖြစ်ကြပေ။

ကျင့်စူးက ကြက်သေသေသွားပြီး….

“သူသေသွားပြီလား…”

ကွေလိက ခေါင်းခါယမ်းပြလိုက်လေသည်။

ခန်းမအတွင်းရှိအလင်းတန်းများသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ခန်းမအတွင်းရှိတစ်နေရာတွင် လေပွေ တစ်ခုဖြစ်ပေါ်လာလေသည်။ ထိုလေပွေသည် လူတစ်ယောက်၏ ပုံသဏ္ဍန်ဖြစ်ပေါ်လာပြီး ဆန်းလျန် ပေါ်ထွက်လာ လေသည်။ သို့သော်… သူ၏ဝိညာဉ်မှာ ပိုပြီးမှေးမှိန်ဖျော့တော့လျှက် ရှိလေသည်။

ဆန်းလျန်က…

“ယွမ်ကျွင်းဧကရီက တော်တော် ဆုံးဖြတ်ချက်ခိုင်မာတဲ့သူပဲ ၊ သူ့ရဲ့ တာအိုခန္ဓာကို စွန့်လွှတ်ခဲ့တာတောင်မှ သူ့အနေနဲ့ လူပြန်ဝင်စားနိုင်သေးတယ် ၊ သူ့မှာ အကြောက်တရားလုံးဝမရှိတာ ကျုပ်ယုံသွားပါပြီ"

ကွေလိက…

“မင်း ဘာမှ မဖြစ်ပါဘူးနော်…”

ကျင့်စူးက…

“ညီမငယ်လေး ၊ နင်က ငါ့ကိုကျတော့မမေးဘူး ၊ နင်ဒဏ်ရာရထားတုန်းက ငါက နင့်အတွက် တိုက်ခိုက်ပေးခဲ့ရတာ လေ”

ကွေလိက မျက်လုံးတစ်ချက်လှန်လိုက်ပြီး…

“နင့်အခြေအနေက နဂါးကိုတောင် ဖမ်းပြီးမြိုချနိုင်နေတာ ငါက ဘာလို့ မေးရမှာလဲ”

ခွန်ဖိန်အနွယ်တော်များကို နဂါးကိုစားသည့်အနွယ်တော်များဟု လူသိများကြလေသည်။ ခွန်ဖိန်အနွယ်တော်များနှင့် နဂါးမျိုးနွယ်များသည် ခေတ်အဆက်ဆက် ရန်သူများဖြစ်ကြလေသည်။

သို့သော်… နတ်နဂါးများကို သာမန်အားဖြင့် မြင်တွေ့ရလေ့မရှိပေ။ နဂါးမျိုးနွယ်များသည် တန်ခိုးဖြင့်ဖန်ဆင်းထား သည့်နဂါးမျိုးနွယ်များ၏လောကတွင်သာ နေထိုင်ကြလေသည်။

ကျင့်စူးသည် အဆုံးမဲ့တောင်ကြားတွင် မွေးဖွားလာသူဖြစ်လေသည်။ သူမ ငယ်ငယ်တုန်းက နဂါးအသားကို အနည်းငယ် မြည်းကြည့်ဖူးပြီးသည့်နောက်ပိုင်း ထပ်ပြီး စားသောက်ရခြင်း မရှိတော့ပေ။

နဂါးအသားအကြောင်းကို တွေးလိုက်မိသည်နှင့် ကျင့်စူးသည် အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။

“တာ့ရှားပြည်မှာ ယင်းလုန်နဂါးကြီးရှိတယ်လို့ ကြားဖူးတယ် ၊ နင် ငါနဲ့အတူ သူ့ကိုလိုက်ဖမ်းပေးပါလား ၊ အတူတူ စားကြမယ်လေ”

ဆန်းလျန်က ရယ်မောလိုက်ရင်း…

“လျှောက်မလုပ်နဲ့ ၊ တာ့ရှားပြည်မှာ တန်ခိုးစွမ်းအားအရမ်းကြီးမားတဲ့သူ (၂)ယောက်ရှိတယ် ၊ ယင်းလုန်က သာမန် နဂါးတစ်ကောင်မဟုတ်ဘူး ၊ မင်း ယင်းလုန်ကိုသာသွားဖမ်းရင် သူစားတာ ပြန်ခံလာရလိမ့်မယ်”

ကျင့်စူးက မျက်လုံးကို တစ်ချက်လှန်လိုက်ရင်း…

“ရှင်ကရော ဘာလို့ ကျွန်မကို မကူညီချင်ရတာလဲ ၊ ကျွန်မတို့  (၃)ယောက်ပေါင်းလိုက်ရင် အသူရာချောက် တစ်ခုလုံးကိုတောင် ဖျက်စီးပစ်လို့ရတယ် ၊ အကုန်လုံးတောင် စားပစ်လိုက်ဦးမှာ…”

ကွေလိလည်း မနေနိုင်တော့ဘဲ ကျင့်စူး၏တင်ပါးကို ဖောင်းခနဲနေအောင် ရိုက်လိုက်လေသည်။

“ဆန်းလျန်က တာအိုကျင့်ကြံသူတစ်ယောက်လေ ၊ နင့်လို သောက်စားပဲ ငမ်းနေတာမဟုတ်ဘူး”

ကွေလိ၏အပြုအမူကြောင့် ကျင့်စူးမှာ ရှက်သွားရလေသည်။

သူမက ကွေလိ၏လက်လေးကိုကိုင်လိုက်ရင်း…

“ညီမငယ်လေး ၊ နင်ဘာလို့ ငါ့တင်ပါးကို လာရိုက်ရတာလဲ”

သူမက ကွေလိ၏ နားရွက်လေးများအနားသို့ တိုးကပ်ရင်းပြောလိုက်လေသည်။

သူမ၏အပြုအမူကြောင့် ကွေလိမှာအသဲယားသွားရလေသည်။

စကားပြောပြီးသည်နှင့် ကျင့်စူးက ဆန်းလျန်ကို တစ်ချက်လှမ်းကြည့် လိုက်လေသည်။ သူမက ကွေလိသည် ဆန်းလျန်နှင့်ဆာလျှင် သူမနှင့်ပိုရင်းနှီးသည်ဟု ပြသလိုက်ခြင်း ဖြစ်လေသည်။

ခွန်ဖိန်မလေးသည် အလွန်မှ ရယ်စရာကောင်းပြီး ချစ်စရာလည်းကောင်းသည်ကို ဆန်းလျန် သိလိုက်ရလေသည်။ အရင်အချိန်က ပေမင်ကျီနှင့်ပတ်သက်ပြီး သူမကို ခွဲခြားဆက်ဆံလိုစိတ်များသည် ဆန်းလျန်ထံမှ ပျောက်ကွယ်သွား ခဲ့ရလေသည်။

ဆန်းလျန်က ကွေလိကို တစ်ချက်ကြည့်လိုက်ရင်း….

“ကျုပ် ဘာမှ မဖြစ်ပါဘူး ၊ ဒါနဲ့ မင်းကရော အသူရာချောက်ကို ဘယ်လိုလုပ်ရောက်လာရတာလဲ”

ခက်ခဲသည့် တိုက်ပွဲကိုရင်ဆိုင်ရပြီးသည့်နောက် ဆန်းလျန်သည် များစွာ တိုးတက်လာခဲ့လေသည်။

ယွမ်ကျွင်းဧကရီသည် တိုက်ပွဲတွင် ရှုံးနိမ့်သွားသည့်တိုင် ခွဲဖြာထွက်သည့်နည်းလမ်းကို နောက်ဆုံးအဖြစ်အသုံးပြု ကာ သူ့ကို တိုက်ခိုက်မည်ကို ကြိုပြီး သိမြင်နေခဲ့လေသည်။ ထို့ကြောင့် ဆန်းလျန်က ထောင်ပေါင်းများစွာသော အလင်းတန်းများအဖြစ် သူ၏ဝိညာဉ်ကို ခွဲဖြာကာ ကာကွယ်လိုက်ရခြင်း ဖြစ်လေသည်။

ထို့ကြောင့် သူ၏ဝိညာဉ်သည် ထိခိုက်မှု သိပ်မရှိခဲ့ခြင်း ဖြစ်လေသည်။

ကွေလိက…

"ကျုပ်မှာ ဇာမဏီနတ်ဘုရားနန်းတော်ရဲ့အချိန်နဲ့အာကာသအချက်ပြသင်္ကေတရှိတယ်လေ ၊ အဲဒါနဲ့ဆိုရင် အသူရာ ချောက်ကို လာဖို့ မခက်ပါဘူး"

သူမက စကားပြောပြီးသွားသည်နှင့် သူမ၏ လက်ဖဝါး (၂)ဖက်ကို အသာဖြန့်လိုက်လေသည်။ လက်ဖဝါးထက်တွင် စကြာဝဠာပုံစံငယ်တစ်ခု ပေါ်လာလေသည်။ ထိုစကြာဝဠာငယ်ထဲတွင် အချိန်နှင့်နေရာသည် မျောလွင့်ပြီး နစ်မြုပ်နေ လေသည်။ ထိုအထဲတွင် နေရာတစ်ခုသည် အတော်လေး မှေးမှိန်နေလေသည်။ သို့သော်… ထိုနေရာမှ အသက်ရှူသံသည် အလွန်မှ ထင်ရှားလွန်းလေသည်။ ထိုနေရာသည် မှောင်မှိုင်းနေပြီး အသူရာချောက် တည်ရှိရာ နေရာဖြစ်လေသည်။

ထိုစကြာဝဠာပုံစံငယ်လေးသည် ဆန်းလျန်ရှိရာသို့ ပျံသန်းထွက်ခွာသွားလေသည်။ ထို့နောက် ဆန်းလျန်၏ စိတ်ဝိညာဉ်နှင်ပေါင်းစပ်သွားပြီး လျှို့ဝှက်နက်နဲသည့် အချိန်နှင့်အာကာသဆိုင်ရာ အချက်အလက်များကို ဆန်းလျန် သိရှိလိုက်ရလေသည်။

"အဲဒါက ဇာမဏီနတ်ဘုရားနန်းတော်က နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အချိန်နဲ့အာကာသ အချက်ပြသင်္ကေတ တွေပဲ ၊ မိုးနဲ့မြေ ၊ ကြယ်စင်တွေတည်ရှိရာနေရာတွေတောင် ပါသေးတယ် ၊ အရမ်းဝေးတဲ့နေရာတွေကို သွားမယ် ဆိုရင်တော့ အသက်ဓာတ်စွမ်းအားတွေ အများကြီးလိုတယ် ၊ အဲဒါက တကယ်တော့ အရမ်းထူးဆန်းတယ် ၊ ရှင်ပေါ့ပေါ့ဆဆတော့လုပ်လို့မရဘူး ၊ အချို့နေရာတွေက အနန္တတန်ခိုးရှင်တွေရဲ့ တရားအလင်းရရာနယ်မြေတွေ လေ ၊ တန်ခိုးစွမ်းအားတွေပွင့်နေတာ ၊ အဲဒီလိုနေရာမျိုးတွေကို လမ်းမှားပြီးရောက်သွားလို့တော့ မဖြစ်ဘူး"

ဆန်းလျန်က…

"ကျေးဇူးတင်ပါတယ် ၊ မင်းပေးတဲ့ အချိန်နဲ့အာကာသ သင်္ကေတတွေက တော်တော်လေးပြည့်စုံပါတယ် ၊ ဒါနဲ့ ဇာမဏီနတ်ဘုရား နန်းတော်ဆိုတာ ဘာလဲ"

ဆန်းလျန်၏အမေးကို ကွေလိမဖြေခင် ကျင့်စူးက ဝင်ဖြေလိုက်လေသည်။

"ဇာမဏီနတ်ဘုရားနန်းတော်ဆိုတာ လောကကြီးစတင်ဖြစ်တည်လာတုန်းက မီးတောင်တစ်တောင်ပဲ ၊ အဲဒီ မီးတောင်ထဲကနေ မိုးနဲ့မြေရဲ့ ပထမဆုံးဇာမဏီငှက်ကို မွေးဖွားခဲ့တယ် ၊ အဲဒီဇာမဏီငှက် တာအိုလမ်းစဉ်ကို အောင်မြင်သွားတဲ့အခါ အဲဒီမီးတောင်ကို ပြန်ပြီးသန့်စင်ခဲ့တယ် ၊ ပြီးတော့ ဗလာနယ်ထဲမှာ တာအိုနန်းတော်တစ်ခု တည်ဆောက်ခဲ့ပြီး ဇာမဏီနတ်ဘုရားနန်းတော်လို့ အမည်ပေးခဲ့တယ် ၊ ဇာမဏီမျိုးနွယ်တွေအားလုံး အဲဒီနန်းတော် ကိုဝင်လို့ရတယ် ၊ ဒီနှစ်တွေအတွင်းမှာတော့ ဇာမဏီနတ်ဘုရားနန်းတော်ဟာ အပြောင်းအလဲတွေအများကြီး ဖြစ်ပေါ်ခဲ့တယ် ၊ ပြီးတော့ အမွေဆက်ခံတဲ့မျိုးဆက်လည်း ပျောက်ဆုံးသွားခဲ့တယ် ၊ ဒီလောကနဲ့ စကြာဝဠာတစ်ခု လုံးမှာ စွမ်းအားကြီးမားတဲ့ နေရာအနည်းငယ်ပဲရှိတဲ့အထဲမှာ ဇာမဏီနတ်ဘုရားနန်းတော်က တစ်ခုအပါအဝင်ပါပဲ"

ကွေလိက…

"သူပြောသလောက်လည်း မဟုတ်ပါဘူး ၊ မင်းရဲ့ တာအိုကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ဇာမဏီနတ်ဘုရားနန်းတော်မှာ မင်းကို ယှဉ်နိုင်မယ့်သူတောင် သိပ်မရှိနိုင်ဘူး"

ကျင့်စူးက ပြုံးလိုက်ရင်း…

"ညီမလေးကွေလိ ပြောတာမှန်ပါတယ် ၊ ဇာမဏီနတ်ဘုရားနန်းတော်က စွမ်းအားကြီးမားပေမယ့် အပြာရောင် ခရီးရှည်နန်းတော် ၊ ကျောက်စိမ်းဝိညာဉ်နန်းတော် ၊ ဘုရင်ရှစ်ပါးနန်းတော်တွေကို မယှဉ်နိုင်ပါဘူး ၊ အပြာရောင် ခရီးရှည်နန်းတော် ကျဆုံးသွားရပေမယ့် ဘုရင်ရှစ်ပါးနန်းတော်နဲ့ ကျောက်စိမ်းဝိညာဉ်နန်းတော်တွေက မျိုးဆက်ပြတ် မသွားသေးဘူး ၊ ဘုရင်ရှစ်ပါးနန်းတော်က စန့်တုန့်နတ်ဘုရား (၈)ပါးဆိုရင် မရေမတွက်နိုင်အောင် လူပြန်ဝင်စားပြီး ကျင့်ကြံခဲ့ကြတာ တာ့လော်အဆင့်ကိုတောင် ဝင်ရောက်နိုင်ကြတော့မယ် ၊ ဘုရင်ရှစ်ပါးနန်းတော်ရဲ့ လက်ရှိ နန်းတော်သခင် တာအိုအရှင်သခင်ရွှမ်တုဟာဆိုရင် တာ့လော်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီလို့ ဆိုကြတယ် ၊ ဒေါင်းစိမ်းမင်းကြီးမဟာမာရူယိတောင်မှ သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး ၊ ကျောက်စိမ်းဝိညာဉ်နန်းတော်ရဲ့ လက်ရှိ နန်းတော်သခင်ကတော့ ယွိတင်နတ်ဘုရားပဲ ၊ သူက စိတ်ထားတော့သိပ်မကောင်းပေမယ့် သူ့လူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးလေ့ရှိတယ် ၊ သူ့ရဲ့ နတ်ဘုရားထောင်ခြောက်ဓားကြောင့် မရေမတွက်နိုင်တဲ့ နတ်ဘုရားတွေ ၊ နတ်မိစ္ဆာတွေ အများကြီး အသက်ဆုံးရှုံးခဲ့ရတယ် ၊ သူ့ရဲ့တပည့်ဖြစ်တဲ့ ချင်းယွမ်မြောင်တောက်အရှင်ဆိုရင် အနောက်ဘက်ကောင်းကင်ဘုံက သိုကျန့်စန့်ဖူကိုယ်တော်နဲ့တောင် ကောင်းကောင်းယှဉ်နိုင်တယ်၊ အဲဒီနတ်ဘုရား (၂)ပါးရှိနေသရွေ့ ဘယ်သူမှ ကျောက်စိမ်းဝိညာဉ်နန်းတော်ကို မစော်ကားရဲဘူး ၊ တကယ်လို့ ရှင်သာ အပြာရောင် ခရီးရှည်နန်းတော်ကိုသိမ်းပိုက်လိုက်မယ်ဆိုရင် ဘုရင်ရှစ်ပါးနန်းတော်နဲ့ ကျောက်စိမ်းဝိညာဉ်နန်းတော်တွေနဲ့ အကောင်းအဆိုးပတ်သက်ရမှုတွေ ရှိလာမှာပဲ ၊ ဒါကြောင့် သေသေချာချာ စဉ်းစားစေချင်တယ်"

ကျင့်စူး၏ စကားများကို ဆုံးအောင်နားထောင်ပြီးသည်နှင့် ဆန်းလျန်က ပြုံးလိုက်လေသည်။

"ကျုပ်မှာရွေးခြယ်စရာမရှိပါဘူး ၊ အပြာရောင်ခရီးရှည်နန်းတော်ကို တာဝန်ယူရတော့မှာပဲ ၊ စန့်ချင်တာအိုဆရာသခင် ပြောခဲ့တယ် ၊ 'အခက်အခဲတွေမရှိဘူးဆိုရင် နာကျင်ခံစားရမှုတွေမရှိဘူးဆိုရင် ဘယ်တော့မှ တာအိုဆရာသခင်ကြီး တစ်ပါးဖြစ်လာမှာမဟုတ်ဘူး' တဲ့ ၊ ပြီးတော့ ကျုပ်ဒီနေ့ ဒီလောက်အထိ တန်ခိုးစွမ်းအားမြင့်မားခဲ့ရတာလည်း စန့်ချင်တာအိုဆရာသခင်ရဲ့ ဝိညာဉ်စွမ်းအားမြှင့်တင်တဲ့ ကျင့်စဉ်ကြောင့်ပါပဲ ၊ ဒါကြောင့် ကျုပ်ဟာ အရင်ကတည်းက အပြာရောင်ခရီးရှည်နန်းတော်နဲ့ ပတ်သက်နေခဲ့တဲ့သူပါ ၊ တကယ်လို့ ဘုရင်ရှစ်ပါးနန်းတော်နဲ့ ကျောက်စိမ်းဝိညာဉ် နန်းတော်တွေက မကျေနပ်ကြဘူးဆိုရင်လည်း ကျုပ်အပြာရောင်ခရီးရှည်နန်းတော်ကို မအုပ်ချုပ်ခင် ကျုပ်ကိုလာရှာ ကြရုံရှိတာပေါ့"

ကျင့်စူးက ထူးဆန်းသည့်အမူအရာဖြင့်…

"ရှင်က စန့်ချင်တာအိုဆရာသခင်ရဲ့ ဝိညာဉ်စွမ်းအားမြှင့်တင်တဲ့ ကျင့်စဉ်ကို ကျင့်ကြံထားတယ် ဟုတ်လား ၊ အဲဒါက 'စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း' ဆိုတဲ့ စာအုပ်များလား"

ဆန်းလျန်သည် ထိုကျင့်စဉ်စာအုပ်ကို စတင်ကျင့်ကြံခဲ့သည့်အချိန်မှစပြီး စာအုပ်အမည်ထုတ်ဖော်ပြောနိုင်သူ တစ်ဦးတစ်ယောက်ကိုမှ တွေ့ခဲ့ဖူးခြင်း မရှိပေ။

ထို့ကြောင့် သိချင်စိတ်ဖြင့်မေးလိုက်မိလေသည်။

"မင်း ဘယ်လိုလုပ် အမှန်ကိုသိနေရတာလဲ"

ကျင့်စူးသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လေသည်။

ပြီးမှ သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ဒီနေရာက အပြာရောင်ခရီးရှည်နန်းတော်ဖြစ်နေလို့ တော်သေးတယ် ၊ မဟုတ်ရင် ရှင့်ကြောင့် ကျွန်မ ကောင်းကောင်းဒုက္ခရောက်သွားနိုင်တယ်"

သူမကိုကြည့်ရသည်မှာ အလွန်မတည်မငြိမ်ဖြစ်နေလေသည်။

"စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" စာအုပ်သည် ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်များဖြင့် ပြည့်နေသည့် စာအုပ်တစ်အုပ်ဖြစ်လေသည်။

ထို့ကြောင့် ခိုင်မာသည့်ဇာစ်မြစ်တစ်ခုမှ ဆင်းသက်လာသည့် ကျင့်စူးသည်ပင်လျှင် ထိုစာအုပ်ကို ကြောက်ရွံ့လျှက်ရှိ လေသည်။

All Chapters