ရည်ရွယ်ချက်ပေါ်လာခြင်း
Vol. 7 Ch. 674
ဆန်းလျန်၏ တာအိုနှလုံးသားသည် အာရုံခံနိုင်စွမ်း အလွန်ကောင်းလေသည်။
ထို့ကြောင့် ကျင့်စူးကြောက်ရွံ့နေသည်မှာ လိမ်ညာနေခြင်းမဟုတ်သည်ကို ချက်ချင်းသိလိုက်လေသည်။ ကျင့်စူး သည်လေးစားစရာဇာစ်မြစ်တစ်ခုမှ ဖြစ်သည့်တိုင် သူမ၏ ဝိညာဉ်စွမ်းအားသည် သေသေချာချာကျင့်ကြံ ထားခြင်း မရှိသည့်အတွက် သိပ်ပြီး အားမကောင်းလှပါ။ သို့သော်… သူမသည် အသက်အရှည်ကြီး နေခဲ့ရသည့်အတွက် စိတ်အာရုံစူးစိုက်မှုတော့ ကောင်းမွန်လေသည်။
ထို့ကြောင့် ဆန်းလျန်သည် သူမ အဘယ်ကြောင့် ထိတ်လန့် ကြောက်ရွံ့နေရသည်ကို သိချင်သွားမိလေသည်။
အရင်ကစိတ်နှင့်ဆိုလျှင်တော့ ဆန်းလျန်သည် ထိုကဲ့သို့သောကိစ္စများကို မေးမြန်းခြင်းပြုမည်မဟုတ်ဘဲ မလိုအပ် သည့်ပြဿနာများကို မဖြစ်အောင် ရှောင်လွှဲမည် ဖြစ်လေသည်။
သို့သော်… စိတ်ပျက်အားလျော့ခြင်း အခြေအနေကို အကူအညီမဲ့စွာခံစားဖြတ်ကျော်ပြီးခဲ့သည့်နောက် ဆန်းလျန် သည် ပိုပြီး ပွင့်လင်းလာခဲ့လေသည်။ သူသည် မည်သည့်ပြဿနာကိုမှ ကြောက်ရွံ့ခြင်း မရှိတော့ပေ။
သူက ပွင်ပွင့်လင်းလင်းပင် မေးလိုက်လေသည်။
"မင်းဘာလို့ ကြောက်နေတာလဲ ပြောပြပါလား"
ကျင့်စူးက ကွေလိကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ကွေလိသည် နတ်မိစ္ဆာများကြားတွင် အတော်ဆုံးတစ်ယောက်ဖြစ်လေရာ ကျင့်စူးဆိုလိုသည့်အဓိပ္ပါယ်ကို ချက်ချင်း သဘောပေါက်သွားလေသည်။
ကွေလိက ပြုံးလိုက်ရင်း…
"ကျွန်မ အပြင်ခဏသွားလိုက်ဦးမယ်"
အစိမ်းရောင်အလင်းတန်းလေးသည် ရေများစီးဆင်းသွားသည့်အလား အပြာရောင်ခရီးရှည်နန်းတော်အတွင်းမှ ပျံသန်းထွက်ခွာသွားလေတော့သည်။
ကွေလိထွက်ခွာသွားတော့မှ ကျင့်စူးက စကားစပြောလိက်လေသည်။
"ဒီကိစ္စက အရမ်းရှုတ်ထွေးတယ် ၊ သူသိသွားရင် ဘေးဆိုးတွေ သူ့ဆီကျရောက်လာမှာကို စိတ်ပူမိတယ်"
သူမက ပြောပြီးသည်နှင့် ဆန်းလျန်ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။
သူမသည် လှည့်စားခံရသည်ဟု ခံစားနေရလေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကဲ… ပြောပြတော့လေ…"
ဆန်းလျန်က ဘာမှမဖြစ်သလို တည်ငြိမ်အေးဆေးသည့်ပုံဖြင့်ပင် ပြောလိုက်လေသည်။
ကျင့်စူးက တွေးလိုက်မိသည်။
"ဒီကိစ္စတွေအားလုံးသိသွားပြီးတဲ့နောက်မှာ ရှင် ဒီလိုပဲ တည်ငြိမ်နိုင်ဦးမလားဆိုတာ ကြည့်ကြတာပေါ့"
သူမက စိတ်ကိုတည်ငြိမ်အောက် ထိန်းလိုက်ရင်း…
"ရှင် ကျင့်ကြံခဲ့တဲ့ 'စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းစာအုပ်' က ပြီးပြည့်စုံတဲ့ကျင့်စဉ်တစ်ခု မဟုတ်ဘူး"
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ကျုပ်လည်းရိပ်မိပါတယ် ၊ အဲဒီကျင့်စဉ်ကို စပြီးကျင့်ကြံကတည်းက ကျုပ်ရဲ့ဝိညာဉ်စွမ်းအားတွေ အဆက်မပြတ် တိုးတက်လာပေမယ့် ဘယ်အတားအဆီးကိုမှ ရင်မဆိုင်ခဲ့ရဘူး ၊ ပြီးတော့ အဲဒီကျင့်စဉ်မှာ တစ်ခုခုပျောက်ဆုံး နေတယ်ဆိုတာကို ကျုပ်လည်း ခံစားမိပါတယ်"
ဆန်းလျန်က အမှန်တရားကို ပြောလိုက်ခြင်း ဖြစ်လေသည်။
ကျောက်ရှောင်ယွီကျင့်ကြံခဲ့သည့် ဝိညာဉ်စွမ်းအားမြှင့်တင်ခြင်းကျင့်စဉ်ဖြစ်သည့် ကြာပန်းကိုးပွင့်ကျင့်စဉ်ကျမ်းသည် ထူးဆန်းသော်လည်း ကျင့်စဉ်လမ်းအဆုံးထိ ကျင့်ကြံသွားနိုင်ခြင်း ရှိလေသည်။
ထို့အတူ ထျန်းယီကျင့်ကြံခဲ့သည့် ယွမ်ကုန်းပုံပြောင်း (၉)ဆင့်ကျင့်စဉ်သည်လည်း ဖျက်ဆီး၍ မရနိုင်သည့် မူလဝိညာဉ်ခန္ဓာကိုရရှိသည့် အဆင့်အထိ တက်ရောက်နိုင်ခဲ့လေသည်။
သို့သော်… သူ ကျင့်ကြံခဲ့သည့် စန့်ချင်တာအိုဆရာသခင်၏ ဝိညာဉ်စွမ်းအားမြှင့်တင်သည့်ကျင့်စဉ်ကတော့ သူ၏ ဝိညာဉ်စွမ်းအားတစ်ခုတည်းကိုသာ မြှင့်တင်ပေးခဲ့လေသည်။ အခြားသော ထူးခြားချက်များ ပါဝင်ခြင်းမရှိပေ။ ဆန်းလျန်ပြုလုပ်ခဲ့သည့် ထူးခြားမှုတစ်ခုမှာ ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင်၏ပုံကို စိတ်အာရုံတွင် အမြဲတမ်း ပုံဖော်ကြည့်ခဲ့ခြင်းသာလျှင် ရှိလေသည်။ ထိုသို့ ပုံဖော်ကြည့်ခဲ့ခြင်းက များစွာသော အခက်အခဲများကို ဖြေရှင်းပေးနိုင်ခဲ့လေသည်။ ထိုပညာဖြင့် ဆန်းလျန်သည် အခက်အခဲများစွာကို ကျော်လွန်ပြီး အသက်ရှင်သန်နိုင်ခဲ့ လေသည်။
ကျင့်စူးက ဖြည်းညင်းစွာဖြင့်…
“အဲဒီဝိညာဉ်စွမ်းအားမြှင့်တင်တဲ့ကျင့်စဉ်ကို စန့်ချင်တာအိုဆရာသခင်က ရည်ရွယ်ချက်ရှိရှိနဲ့ မပြည့်မစုံရေးသားခဲ့တာ ၊ အဲဒီလိုဘာလို့လုပ်ရလဲဆိုတာကိုတော့ သိတဲ့သူ နည်းနည်းလောက်ပဲ ရှိလိမ့်မယ် ၊ အဲဒီစာအုပ်က လောကမှာရှိနေ တာအရမ်းကြာခဲ့ပြီ ၊ ဒါပေမယ့် ဘယ်သူမှ အဲဒီစာအုပ်ကို မလိုချင်ကြဘူး ၊ ကျင့်ကြံဖို့ဆိုတာတော့ ပြောမနေနဲ့တော့"
“တားမြစ်ချက်တစ်ခုခုများရှိလို့လား…”
ဆန်းလျန်က သိချင်စိတ်ဖြင့်မေးလိုက်လေသည်။
ကျင့်စူးက…
“အဲဒီကျင့်စဉ်ကိုကျင့်ကြံမယ်ဆိုရင် အချိန်တိုလေးအတွင်းမှာ ဝိညာဉ်စွမ်းအားတွေ အရမ်းမြင့်မားလာလိမ့်မယ် ၊ အဲဒီကျင့်စဉ်ကို ကျင့်ကြံတာ ရပ်လိုက်မယ်ဆိုရင်တောင်မှ နှစ်ပေါင်းသန်းနဲ့ချီပြီးကြာတဲ့တစ်နေ့ကျရင် ရှင်ရောက်ရှိ မယ့်အဆင့်က တာ့လော်အဆင့်ထက်မနိမ့်နိုင်ဘူး ၊ ရှင့်မှာ တာ့လော်အဆင့်နဲ့ညီမျှတဲ့ အဆန်းကျယ်ဆုံး မူလဝိညာဉ် ခန္ဓာနဲ့ဆန်းကျယ်တဲ့တန်ခိုးစွမ်းအားတွေကို ပိုင်ဆိုင်ရလိမ့်မယ် ၊ အဲဒီကျင့်စဉ်ကိုကျင့်ကြံတဲ့သူက အသက်လည်း ရှည်ရှည်နေရပြီး လောကမှာ ကြီးကျယ်မြင့်မြတ်တဲ့သူတစ်ယောက် တဖြည်းဖြည်းနဲ့ ဖြစ်လာရလိမ့်မယ်”
ထိုစကားများကြောင့် ဆန်းလျန်၏စိတ်ထဲတွင် ပျော်ရွှင်ခြင်းကို မခံစားရပါ။
“ဒီလောက်ကောင်းကျိုးတွေများနေမှတော့ ဆိုးကျိုးကလည်း အရမ်းကြီးမားနေမယ် မဟုတ်လား”
ကျင့်စူးက…
“ဆိုးကျိုးလို့တော့ပြောလို့မရပါဘူး ၊ လောကမှာ ဘယ်အရာမှ ထာဝရမတည်ရှိနိုင်ဘူးမဟုတ်လား ၊ ဒါပေမယ့် စန့်ချင်တာအိုဆရာသခင်ရေးခဲ့တဲ့ အဲဒီကျင့်စဉ်က စကြာဝဠာရဲ့နိယာမတရားတွေအားလုံးကို ဆန့်ကျင်ထားခဲ့တယ် ၊ သူက တာအိုဆရာသခင်ကြီးပဲလေ ၊ သူက သဘာဝတရားရဲ့ အပြစ်ပေးခြင်းခံရမှာကို ကြောက်တဲ့သူမှမဟုတ်တာ ၊ ဒါပေမယ့် အဲဒီကျင့်စဉ်ကိုကျင့်ကြံတဲ့သူကတော့ သဘာဝတရားရဲ့အပြစ်ပေးခြင်းကို အချိန်တစ်ခုမှာ ကျိန်းသေ ပြင်းပြင်းထန်ထန်ခံစားရလိမ့်မယ် ၊ နောက်ဆုံးတော့ ရွေးခြယ်စရာမရှိဘဲ (၁၀)ကြိမ်တိတိသေခြင်းတရားကို ရင်ဆိုင်ရပြီး ထာဝရပျက်စီးပျောက်ကွယ်သွားရလိမ့်မယ်"
ဆန်းလျန်က…
“မိုးကောင်းကင်နိယာမအရဆိုရင်တော့ လမ်းပျောက်တဲ့အချိန်တိုင်းမှာ အခွင့်အရေးတစ်ခုအမြဲရှိတယ်လို့ဆိုထား တယ် ၊ မင်းပြောပုံအရဆိုရင် အဲဒီကျင့်စဉ်ကိုကျင့်ကြံတဲ့သူက လွတ်လမ်းမရှိတော့ဘူးပေါ့”
ကျင့်စူးက…
“သဘာဝတရားကအပြစ်ပေးတဲ့တစ်နေ့ကိုရောက်လာရင် ရှောင်လွှဲနိုင်မယ့် နည်းလမ်းတစ်ခုတော့ရှိတယ် ၊ အဲဒါကတော့ ထိုက်ချင်တာအိုဆရာသခင်နဲ့ ယွိချင်တာအိုဆရာသခင်တို့ရဲ့ မူလသင်္ကေတတွေကို ရယူနိုင်မှ ဖြစ်လိမ့်မယ် ၊ ဘာလို့လဲဆိုတော့ အဲဒီကျင့်စဉ်က စန့်ချင်တာအိုဆရာသခင်ရဲ့ မူလသင်္ကေတနဲ့ဖန်တီးထား တာဖြစ်လို့ပဲ ၊ ရှင့်ဘက်က အဲဒီ မူလအမှတ်အသားနှစ်ခုကိုရရှိနိုင်မှ ရှင်ကျင့်ကြံနေတဲ့ပညာက ချင် (၃) ပါးလို့ခေါ်တဲ့ မူလသုံးဖြာတာအိုဆရာသခင် (၃)ပါးရဲ့ မူလသင်္ကေတ (၃)ခုနဲ့ပြည့်စုံပြီး အောင်မြင်ပြည့်စုံတဲ့ ပညာရပ်တစ်ခု ဖြစ်သွားလိမ့်မယ် ၊ အဲဒီလို မူလသုံးဖြာတာအိုဆရာသခင် (၃)ပါးရဲ့ မူလသင်္ကေတ (၃)ခုဟာ ခန္ဓာကိုယ်တစ်ခု အတွင်းမှာ ပေါင်းစပ်နိုင်သွားတော့မှ ကျင့်စဉ်ကပြီးပြည့်စုံသွားလိမ့်မယ် ၊ အဲဒီလိုပြီးပြည့်စုံသွားရင်တော့ အဆုံးသတ် ဆိုတာ ရှိမလာနိုင်တော့ဘူး ၊ အဆုံသတ်ရှိမလာနိုင်တော့တဲ့အခါကျရင် ရှင်က တာအိုဆရာသခင်ကြီး တစ်ပါး ဖြစ်မလာဘူးဆိုရင်တောင် ပျက်စီးခြင်းတရားကိုတော့ ကျော်လွန်သွားနိုင်လိမ့်မယ်”
ဆန်းလျန်က မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
“အခု ကျုပ်နားလည်ပါပြီ ၊ လောကမှာ မူလသုံးဖြာတာအိုဆရာသခင် (၃)ပါးရဲ့ မူလသင်္ကေတတွေကို ယူရဲတဲ့သူ ဘယ်သူရှိမှာတဲ့လဲ ၊ ဒီပညာကို ကျင့်ကြံခဲ့မယ်ဆိုရင်လည်း နောက်ဆုံးမှာ မူလသင်္ကေတတွေကိုရယူနိုင်ဖို့အတွက် ထိုက်ချင်တာအိုဆရာသခင်နဲ့ ယွိချင်တာအိုဆရာသခင်ကို ဘယ်သူက သွားရင်ဆိုင်ရဲမှာတဲ့လဲ”
ကျင့်စူးက…
“အမှန်ပဲ ၊ အဲဒီတာအိုဆရာသခင်တွေကို ရင်ဆိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ရှင်လည်းနာလည်မှာပါပဲ"
ဆန်းလျန်က သက်ပြင်းတစ်ချက် ကြိတ်ပြီးချလိုက်မိလေသည်။
ထိုတာအိုဆရာသခင်များကိုရင်ဆိုင်ရန်မှာ မဖြစ်နိုင်သည့်ကိစ္စတစ်ခုတော့ မဟုတ်ပေ။ မဖြစ်နိုင်ခြင်းထက်ပင် ပိုလေသည်။ ထိုတာအိုဆရာသခင်များကို သူ့အနေဖြင့် ယခုထက် အဆတစ်ထောင်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားဦး တော့မည်သည့်နည်းနှင့်မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါချေ။
ဆန်းလျန်က…
“တာအိုဆရာသခင်ကြီးတွေကလည်း လောကမှာ ပေါ်မလာတာ အချိန်အရမ်းကြာနေခဲ့ပြီမဟုတ်ဘူးလား ၊ အဲဒီတာအိုဆရာသခင်ကြီးတွေ သုံးလောကမှာတောင် ရှိကြသေးရဲ့လား မသိပါဘူး ၊ အဲဒါဆိုရင် ကျုပ်ရဲ့ ကျင့်စဉ်က ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်တော့ဘူးပေါ့”
ကျင်းစူးက…
“တကယ်တော့ ရှင့်အနေနဲ့ ထိုက်ချင်တာအိုဆရာသခင်နဲ့ ယွိချင်တာအိုဆရာသခင်ကို သွားရှာစရာတော့မလိုပါဘူး ၊ သူတို့ တာအိုကျင့်စဉ်လမ်းအောင်မြင်သွားတဲ့အချိန်တုန်းက ရတနာပစ္စည်း (၂)ပါးကို ထားခဲ့တယ် ၊ အဲဒီရတနာတွေ ကဖန်ကူအလံနဲ့ ထိုက်ချိပန်းချီကားပဲ ၊ အဲဒီရတနာပစ္စည်းတွေထဲမှာ တာအိုဆရာသခင်ကြီးတွေရဲ့ မူလသင်္ကေတ တွေရှိနေတယ် ၊ ပြီးတော့ အဲဒီရတနာပစ္စည်းတွေက ကျောက်စိမ်းဝိညာဉ်နန်းတော်နဲ့ ဘုရင်ရှစ်ပါးနန်းတော်မှာ ရှိတယ်လေ"
ထိုစကားကြောင့် ဆန်းလျန်မှာ ချက်ချင်းပင် ပျော်သွားရလေသည်။
နောက်ဆုံးတော့ စန့်ချင်တာအိုဆရာသခင်၏ ရည်ရွယ်ချက်ကို သူ ရှင်းရှင်းလင်းလင်း နားလည်ခဲ့ပြီဖြစ်လေသည်။
သူ့အနေဖြင့် စန့်ချင်တာအိုဆရာသခင်၏ “စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ်ကို စတင်ကျင့်ကြံခဲ့ကတည်း က အခြားသော တာအိုဆရာသခင် (၂)ပါဖြစ်သည့် ယွိချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင်တို့နှင့် ပတ်သက်လာရန် ကြမ္မာဖန်ခဲ့ပြီးသား ဖြစ်လေသည်။
အခြားတစ်နည်းဖြင့်ပြောရမည်ဆိုလျှင် ထိုသို့ မူလသင်္ကေတ (၃)ခုစလုံးပြည့်စုံမှသာလျှင် တာအိုဆရာသခင် (၃)ပါး၏ ဓမ္မအလုံးစုံကို ဆက်ခံနိုင်သူ တစ်ယောက်ဖြစ်လာမည် ဖြစ်လေသည်။
ကျင့်စူးသည် လျှို့ဝှက်ချက်များကိုသိသော်လည်း ကျင့်စဉ်၏ရည်ရွယ်ချက်ကို သိရှိမည် မဟုတ်ပါ။
တိုက်ဆိုင်သည့်အချက်မှာ ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှလူများသည် ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင်၏ “စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ်ကို ကျင့်ကြံထားသည်ဆိုသည့်အချက်ကို မသိရှိကြခြင်း ဖြစ်လေသည်။ ဤအချက်မှာလည်း နည်းနည်းတော့ထူးဆန်းလေသည်။
သို့သော်… စန့်ချင်တာအိုဆရာသခင်ကိုယ်တိုင်က ဤအကြောင်းကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ပေးထားခြင်း လည်းဖြစ်နိုင်လေသည်။ ထို့ကြောင့် ဆန်းလျန်အနေဖြင့် ဆက်လက်လျှို့ဝှက်ထားနိုင်လေသည်။ သို့သော်… မည်သည့်လျှို့ဝှက်ချက်မှ အမြဲထာဝရ ဖုံးကွယ်ထားနိုင်ခြင်း ရှိမည်မဟုတ်ပါပေ။
သူကျင့်ကြံနေသည့်ကျင့်စဉ်၏ လျှို့ဝှက်ချက်သာ ပေါ်ပေါက်သွားပါက အသူရာချောက်ကိုစုစည်းမည့် အကြံအစည် ကိုအကောင်အထည်မဖော်နိုင်မီမှာပင် ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှလူများ သူ့ကို လာသတ်ကြမည် ဖြစ်လေသည်။
ထို့ပြင် သဘာဝတရား၏အပြစ်ပေးမှုသည်လည်း တစ်ချိန်ချိန်တွင် သူ့ထံသို့ မဖြစ်မနေ ရောက်ရှိလာမည်ဖြစ်လေ သည်။ ထို့ကြောင့် သူ့အနေဖြင့် သဘာဝတရား၏အပြစ်ပေးခြင်းကို ကျော်လွှားနိုင်ရန်အတွက် ကျောက်စိမ်းဝိညာဉ် နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှလူများနှင့် အနှေးနှင့်အမြန် တွေ့ဆုံရမည်ပဲ ဖြစ်လေသည်။ ထို့ကြောင့် သူ၏ လျှို့ဝှက်ချက်သည် နောက်ဆုံးတွင်တော့ ဘူးပေါ်သလို ပေါ်လာမည်ပဲ ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်ပြောခဲ့သည့် -
"အခက်အခဲတွေမရှိဘူးဆိုရင် နာကျင်ခံစားရမှုတွေမရှိဘူးဆိုရင် ဘယ်တော့မှ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာမှာမဟုတ်ဘူး"
ဆိုသည့်စကားသည် ကြီးမားသည့်နိမိတ်စကားတစ်ခု ဖြစ်ရပေမည်။
တာအိုဆရာသခင်ကြီး (၂)ပါးကို ရင်ဆိုင်ရဲသူသည် တာအိုဆရာသခင်ကြီးတစ်ပါး ကျိန်းသေဖြစ်လာရမည်ဖြစ်လေ သည်။
မဟုတ်ပါက သဘာဝတရား၏ ရှောင်လွှဲမရသည့်အပြစ်ပေးခံရခြင်းတွင် မည်သို့ အသက်ရှင်နိုင်ပါမည်နည်း။
“စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း” စာအုပ်ကို ရယူလိုသည့်လူပင် လောကတွင်မရှိဟု ကျင့်စူးက ပြောခဲ့လေသည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် ဤကျင့်စဉ်သည် ရေနက်ပိုင်းအထိ ရေငုပ်ရခြင်းနှင့်ဆင်တူလေသည်။ ခံနိုင်ရည်ရှိရန် အလွန်မှ ခက်ခဲလေသည်။ အဘယ်ကြောင့်ဆိုသော် မည်သူမှ အကြောက်တရားကို ရင်ဆိုင်နိုင်ခြင်းမရှိသလို အခက်အခဲပြဿနာများကို ရုန်းကန်လိုစိတ်လည်း မရှိကြသောကြောင့် ဖြစ်လေသည်။
"စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်း" ကျင့်စဉ်ကို ကျင့်ကြံမိသည့်အတွက် ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင် ပိုင်ဆိုင်သည့် ဓားတစ်လက်ကဲ့သို့ ဘဝမျိုးကို ရောက်ရှိသွားရသည်ဟု ဆိုနိုင်လေသည်။
မည်ကဲ့သို့သော ဓားမျိုးဖြစ်ပါသနည်း။
ယွိချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင်ကို ရင်ဆိုင်ရမည့် ဓားဖြစ်လေသည်။ အမှန်တော့ မူလ (၃)ဖြာ တာအိုဆရာသခင် (၃)ပါးမှ စန့်ချင်တာအိုဆရာသခင်သည် ခွဲထွက်သွားခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်လေသည်။
စန့်ချင်တာအိုဆရာသခင်က ဆန်းလျန်ကို တာအိုဆရာသခင်တစ်ပါးဖြစ်လာရန် ပျိုးထောင်ပေးခဲ့သော်လည်း သူ့အနေဖြင့် အခြားသော တာအိုဆရာသခင်ကြီး (၂)ပါးကို မည်သို့ ရင်ဆိုင်နိုင်ပါမည်နည်း။ သူလုပ်နိုင်သည်မှာ ထိုတာအိုဆရာသခင်ကြီး (၂)ပါး ထားခဲ့သည့် မူလသင်္ကေတများကို စိန်ခေါ်ရန်သာ ရှိလေသည်။ ဤသည်မှာလည်း စန့်ချင်တာအိုဆရာသခင်၏ ဖြစ်စေချင်သည့် ဆန္ဒပင် ဖြစ်ပေလိမ့်မည်။
နတ်ဘုရားဒဏ္ဍာရီများအတိုင်းသာ အမှန်ဆိုလျှင်….
စန့်ချင်တာအိုဆရာသခင်၏ မူလသင်္ကေတသည် ယွိချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင်တို့၏ လက်ထဲတွင် ဖျက်စီးခံခဲ့ရလေသည်။ ထို့ကြောင့် စန့်ချင်တာအိုဆရာသခင်က လက်စားချေလိုခြင်း ဖြစ်လေသည်။ စန့်ချင်တာအိုဆရာသခင်၏ လက်စားချေလိုသည့်ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်ပါက ဆန်းလျန်၏ ဘဝအဆုံးသတ် သည်လည်း မည်သည့်နည်းနှင့်မျှ လှပနိုင်မည် မဟုတ်ပေ။
ကျင့်စူးသည် ဆန်းလျန်၏ မျက်နှာအမူအရာကို သေသေချာချာလေ့လာနေလေသည်။
သူမက ဆန်းလျန်၏မျက်နှာတွင် အကြောက်လွန်သွားမည့် အမူအရာကို ရှာဖွေနေခြင်းဖြစ်လေသည်။ သို့သော်… ဆန်းလျန်၏မျက်နှာတွင် မည်သည့်ခံစားချက်ကိုမှ မြင်တွေ့ရခြင်း မရှိပေ။
သူမသည် အရူးတစ်ယောက်မဟုတ်ပါ။ ထို့ကြောင့် စန့်ချင်တာအိုဆရာသခင်၏ရည်ရွယ်ချက်ကို သူမလည်း ကောင်းကောင်းသိလေသည်။ သို့သော်… ကံမကောင်းသည့်အချက်မှာ သူမသည် ယခုအခြေအနေများတွင် ကံဆိုးစွာဖြင့် ပါဝင်ပတ်သက်မိခြင်း ဖြစ်လေသည်။
ထို့ပြင် တာအိုဆရာယွိတင်၏ ဒေါသကို သူမကောင်းကောင်းသိလေသည်။
ဆန်းလျန်၏လျှို့ဝှက်ချက်ကိုသာ တာအိုဆရာယွိတင်သိသွားပါက သူမသည်လည်း ဆရာဘိုးဘိုးကြီးခွန်ဖိန် ကိုယ်တိုင်လာပြီးကယ်တင်ပေးမည်ဆိုလျှင်တောင်မှ လွတ်လမ်းရှိတော့မည် မဟုတ်ပေ။