← Chapters

တာဝန်ခံမှု

Vol. 7 Ch. 676

တာဝန်ခံမှု

Vol. 7 Ch. 676

အပြာရောင်ခရီးရှည်နန်းတော်သည် စန့်ချင်တာအိုဆရာသခင် လေထဲမှ ဖန်ဆင်းလိုက်သည့် နေရာတစ်ခုတော့ မဟုတ်ခဲ့ပါ။

ထုန်ထျန်းအရှင်သခင်သည် ဤနန်းတော်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး သူ၏တန်ခိုးစွမ်းအားများကို အပြာရောင်ခရီးရှည်နန်းတော်သို့ ဖြည့်တင်းပေးခဲ့ပြီးမှ ဖြစ်ပေါ်စေခဲ့သည့် ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်လေသည်။

ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင်၏ အသိအမှတ်ပြုခြင်းကို ခံခဲ့ရသူ ဖြစ်လေသည်။ ထို့ကြောင့် ဝိညာဉ် စွမ်းအားများနှင့်ပြည့်နက်နေသည့် အပြာရောင်ခရီးရှည်နန်းတော်သည် ဆန်းလျန်ကို ငြင်းဆန်ခဲ့ခြင်းမရှိဘဲ အရှင်သခင်အသစ်အဖြစ် လက်ခံခဲ့လေသည်။

ထို့ကြောင့် ဆန်းလျန်သည် နန်းတော်ကို မျှော်လင့်ထားသည်ထက်ပိုပြီး လွယ်လွယ်ကူကူဖြင့် သိမ်းပိုက်နိုင်ခဲ့လေ သည်။

ထို့နောက်တွင်တော့… ဆန်းလျန်သည် ကွေလိနှင့် ကျင့်စူးကိုခေါ်ကာ တာ့ကျိုးပြည်သို့ ပြန်လာခဲ့လေသည်။

တာ့ကျိုးပြည်သူပြည်သားများမှာ ဆန်းလျန်သည် အလွန်တရာချောမောလှပသည့် နတ်သမီးလေး (၂)ပါးနှင့်အတူ ပြန်လာသည်ကို တွေ့လိုက်ရသည့်အတွက် စပ်စုချင်နေကြလေသည်။ သူတို့က ဧကရာဇ်မင်းသည် နောက်ဆုံးတော့ ကြင်ယာတော် ရှာတွေ့သွားပြီဟု တွေးထင်နေကြလေသည်။

သို့သော်… ချင်းရွှမ်တည်ရှိရာလောကမှ ဆန်းလျန်ခေါ်လာခဲ့သည့် ကျင့်ကြံသူများနှင့် နတ်ဘုရားများကတော့ အခြေအနေမှန်ကို ရိပ်မိကြလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုနတ်သမီး (၂)ပါးမှ တစ်ပါးမှာ လောကတစ်ခုလုံး ကိုတုန်လှုပ်စေသည့် နတ်မိစ္ဆာဘုရင်ကွေလိဖြစ်သည်ကို သိရှိနေကြသောကြောင့်ပင်။

သူတို့သည် ကျင့်စူးကိုတော့ သိရှိကြခြင်းမရှိပေ။ သို့သော် ကျင့်စူးသည် နတ်မိစ္ဆာဘုရင်မကွေလိနှင့် ခင်မင်ရင်းနှီး သည်ကို တွေ့မြင်လိုက်ရသည့်အတွက် ကြောက်မက်ဖွယ်ရာ နတ်မိစ္ဆာတစ်ပါးဖြစ်သည်ကို ချက်ချင်းပင် ရိပ်မိလိုက် ကြလေသည်။

ကျင့်စူးနှင့် ကွေလိရောက်ရှိလာသည့်အတွက် တာ့ကျိုးပြည်သည် ပိုမိုအင်အားကြီးမားလာမည်ကို ရိပ်မိလိုက်ကြ သော်လည်း ဆန်းလျန်ရင်ဆိုင်ရတော့မည့် အန္တရယ်များလွန်းသည့် အခြေအနေများကိုတော့ သူတို့ မသိရှိခဲ့ကြပေ။

သို့သော်… ကွေလိကတော့ ရိပ်မိခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏အမူအရာများက အေးအေးဆေးဆေးပင်ရှိနေသည့်တိုင် ကျင့်စူး၏ပုံစံမှာ တစ်ခါတစ်လေတွင် စိုးရိမ်သောကရောက်နေဟန် ရှိလေသည်။ သူမသည် ကျင့်စူးအကြောင်းကို ကောင်းကောင်း သိလေသည်။ ကျင့်စူးသည် နတ်မိစ္ဆာအဓိပတိနန်းတော်မှ မြင့်မြတ်သည့် ခွန်ဖိန်အနွယ်တော်တစ်ယောက် ဖြစ်လေ ရာ သူမ ဘဝတွင် စိုးရိမ်သောကရောက်စရာ သိပ်မရှိလှပေ။

သို့သော်… ထိုနေ့က ကျင့်စူးသည် သူမကို ထွက်သွားရန် မျက်ရိပ်ပြလိုက်ပြီးသည့်နောက် ဆန်းလျန်နှင့် ကျင့်စူးပြောသည့် စကားများသည် ပြဿနာရှိနိုင်လေသည်။ ကျင့်စူးကိုယ်တိုင်လည်း ထိုပြဿနာများကို ဖြေရှင်းနိုင်ဟန် မရှိပေ။

ကျင့်စူးကြောက်ရွံ့နေသည်ကို ကွေလိသည် မမြင်ရက်သည့်အတွက် ဖြစ်နိုင်လျှင် မဟာမာရူယိထံသို့သွားကာ အကူအညီတောင်းပေးမည်ဟု စိတ်ကူးလိုက်မိလေသည်။ သူမ၏အတ္တထက် သူငယ်ချင်းဖြစ်သူက ပိုအရေးကြီး သည်မဟုတ်ပါလား။ သို့သော်… သူမအနေဖြင့် မည်သည့်ပြဿနာဖြစ်နေသည်ကို  ပထမဆုံး သိရှိရန် လိုအပ်လေသည်။

သို့သော်… ဆန်းလျန်ရော ကျင့်စူးပါ သူမကို လုံးဝပြောမပြရန် ဆုံးဖြတ်ထားကြဟန် ရှိလေသည်။

ကွေလိသည် ဆန်းလျန်ကို မေးမြန်းရန်တော့ မစဉ်းစားခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် ပွင့်လင်းသူ တစ်ယောက်ဖြစ်သည့်အတွက် သူမသိဖို့လိုသည့်ကိစ္စဆိုလျှင် သူမမေးစရာပင်မလိုဘဲ ပြောပြမည် ဖြစ်လေသည်။ သို့သော်… ဆန်းလျန် လုံး၀ မပြောချင်ဘူးဆိုလျှင်တော့ သူမကို လုံးဝမသိစေချင်သောကြောင့်သာဖြစ်လေသည်။

ကွေလိ၏အစောပိုင်းအစီအစဉ်မှာ နွားရိုင်းမင်းကြီးထံမှ ရရှိခဲ့သည့် ပုံရိပ်မဲ့ပုလဲကိုယူပြီး စကြာဝဠာတစ်ခုလုံးသို့ အလည်အပတ်သွားကာ အလှတရားများကို လျှောက်ကြည့်ရန် ဆုံးဖြတ်ထားခဲ့လေသည်။ သို့သော်… ယခုတော့ သူမ၏ဆန္ဒများ ပျောက်ကွယ်သွားရပြီ ဖြစ်လေသည်။

ဆန်းလျန်၏ပြဿနာသည် မည်သည့်ပြဿနာမှန်းမသိသည့်တိုင် သူမသာ ဆန်းလျန်နှင့်အတူရှိနေလျှင် အနည်းနှင့် အများတော့ ဆန်းလျန်ကို ကူညီနိုင်မည်ဟု မျှော်လင့်ထားခဲ့လေသည်။

ထို့ပြင် … သူမ၏စိတ်အခြေအနေသည်လည်း သိပ်ပြီး မကောင်းပေ။ သူမသည် ဟွမ်ချွမ်နတ်ဆိုးဂိုဏ်းမှ ရဲ့လျိုယွင် နှင့် ယင်းစန်းမှထျန်းယီတို့နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများကို လျစ်လျူရှုမထားနိုင်သေးပေ။

ဆန်းလျန်သည် တာ့ကျိုးပြည်သို့ ပြန်ရောက်သည်နှင့် ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်လေသည်။

ထို့ကြောင့် ကွေလိသည် တာ့ကျိုးပြည်တွင်ပင် လွတ်လွတ်လပ်လပ်နေထိုင်နေလေတော့သည်။ သူမသည် ဆန်းလျန် အသူရာချောက်သို့ခေါ်လာသည့် အချို့သောကျင့်ကြံသူများနှင့်လည်း သိရှိသူဖြစ်လေရာ သူမသည် ထိုသူများနှင့် ကျင့်စဉ်လမ်းအကြောင်း စကားစမြည်ပြောလေ့ရှိလေသည်။

သူတော်စင်များ ပြောလေ့ရှိသည့် စကားတစ်ခုရှိလေသည်။

“လူ (၃)ယောက်တွင် (၁)ယောက်ကတော့ သင်၏ဆရာဖြစ်လာနိုင်သည်” ဟူ၍ပင်။

ချင်းရွှမ်တွင် အချိန်ကြာမြင့်စွာနေခဲ့ပြီးသည့်နောက်ပိုင်းတွင် ကွေလိနားလည်လာရသည့်ကိစ္စ (၁)ခု ရှိလေသည်။ ထိုအချက်မှာ သူမသည် မည်မျှပင် ကျင့်ကြံခြင်းအဆင့်အောင်မြင်နေပါစေ လိုအပ်ချက်ကတော့ အမြဲရှိနေသည် ဆိုသည့်အချက်ပင်ဖြစ်လေသည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့်နိမ့်သည့် ကျင့်ကြံသူများသည်လည်း တစ်ခါတလေ တွင်ကောင်းမွန်သည့်အကြံဉာဏ်များကို ပေးနိုင်လေသည်။

ယနေ့တွင်တော့… တာ့ကျိုးပြည်၏မြို့တော် ရှီးလျန်တွင် ကွေလိသည် ကျိကျိုက်ဝတ်ကျောင်းတော်မှ ကျိုးနန် ဆရာလေးနှင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင်ထိုင်ရင်း ဗုဒ္ဓဘာသာအကြောင်းကို ဆွေးနွေးနေခဲ့ကြလေသည်။

ထိုအချိန်မှာပင်…

တာ့ကျိုးနန်းတော်အနီးပတ်ဝန်းကျင်တွင် ဓားဝိညာဉ် (၂)ခု တိုက်ခိုက်သံကို ကြားလိုက်ရလေသည်။

ကျိုးနန်းဆရာလေးကလည်း ခေသူမဟုတ်ပါ။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ကွေလိထက်တော့ အဆင့်မနိမ့်ပေ။

ကျိုးနန်းဆရာလေးက…

“တောင်သခင်ကွေလိ ၊ ကျင့်စူးနတ်သမီးနဲ့ ဖန်းကျန်းရန်နတ်သမီးတို့ ဘာလို့ တိုက်ခိုက်နေကြတာလဲ”

ကွေလိက မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…

“သွားကြည့်ရအောင်…”

သူတို့ (၂)ယောက်လုံးသည် ချက်ချင်းပင် လက်ဖက်ရည်ဆိုင်ထဲမှ ပျောက်ကွယ်သွားပြီး နန်းတော်အနားသို့ ရောက်ရှိသွားလေသည်။

ထိုနန်းတော်သည်ကား… အပြာရောင်ခရီးရှည်နန်းတော် ဖြစ်လေသည်။

အပြာရောင်ခရီးရှည်နန်းတော်သည် ရွှေ့လျားနိုင်သည့် တာအိုနန်းတော်တစ်ခု ဖြစ်လေသည်။

ထို့ကြောင့် ဆန်းလျန်အနေဖြင့် အပြာရောင်ခရီးရှည်နန်းတော်ကို မြေလှန်ပြီး ရွှေ့ပြောင်းလာစရာမလိုဘဲ လွယ်လွယ်ကူကူပင် တာ့ကျိုးသို့ ဆောင်ယူလာနိုင်ခဲ့လေသည်။

အပြာရောင်ခရီးရှည်နန်းတော်၏ ခိုင်မာသည့်အခြေခံအုတ်မြစ်ကြောင့် တာ့ရှားဧကရာဇ်နှင့် ထျန်းယီတို့လောက်ကို တော့အသာလေးတောင့်ခံနိုင်လေသည်။ သူတို့ (၂)ယောက်ပေါင်းပြီး တိုက်ခိုက်လျှင်တောင်မှ နန်းတော်သည် ပျက်စီးမည်မဟုတ်ပေ။

ထို့ပြင်…. အပြာရောင်ခရီးရှည်နန်းတော်သည် တစ်ယောက်တည်းတံခါးပိတ်ကျင့်ကြံရန်အတွက် အသင့်တော်ဆုံး နေရာဖြစ်လေသည်။

ဆန်းလျန် တစ်ယောက်တည်းတံခါးပိတ်ကျင့်ကြံရသည့် အကြောင်းရင်းမှာ ဆုံးရှုံးသွားသည့် တန်ခိုးစွမ်းအားများ ပြန်လည်ရရှိရန်အတွက် ဖြစ်လေသည်။ အမှန်တော့ သူ၏တန်ခိုးစွမ်းအားများ မူလအတိုင်းပြန်ရရန်မှာ အချိန်အတန် ကြာအောင် ကျင့်ကြံရမည် ဖြစ်လေသည်။ သို့သော်… တာ့ကျိုးပြည်၏ ကံကြမ္မာနှင့် ပြည်သူများ သူ့အပေါ်ထားရှိ သည့်ယုံကြည်မှုများကြောင့် ဆန်းလျန်သည် တန်ခိုးစွမ်းအားများ လျှင်မြန်စွာပင် ပြန်လည်တိုးတက်လာခဲ့လေသည်။ နှစ်ဝက်အတွင်းမှာပင် ယခင်ကကဲ့သို့ တန်ခိုးစွမ်းအားများ ပြန်လည်ရရှိလာခဲ့လေသည်။

ဤသည်မှာ တိုင်းပြည်ကံကြမ္မာကြောင့် ရရှိခဲ့သည့် အကျိုးအမြတ်ပင်ဖြစ်လေသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် တိုင်းပြည်များတွင် တိုင်းပြည်အကြံပေးအမတ်မင်းများအဖြစ် တာဝန်ထမ်းဆောင်ကြခြင်း ဖြစ်လေသည်။  သူတို့၏ ကျင့်စဉ်လမ်းတွင် တိုင်းပြည်၏ကံကြမ္မာကို အသုံးပြုလိုသောကြောင့် ဖြစ်လေသည်။ သို့သော်… လောကီရေးရာ၏ ဆိုးညစ်မှုများကြောင့် သူတို့၏ ကံကြမ္မာတွင်လည်း အပြောင်းအလဲများ ဖြစ်နိုင်လေသည်။ ထို့ကြောင့် ဤနည်းလမ်း သည်အကျိုးအပြစ်ရောထွေးနေသည့် နည်းလမ်းဖြစ်လေသည်။

ဆန်းလျန်သည် မည်သည့်ကံကြမ္မာကိုမှ ကြောက်ရွံ့ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်အတွက်တော့ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာရန်ထက် ကောင်းမွန်သည့် ကံကြမ္မာမရှိသောကြောင့် ဖြစ်လေသည်။

လက်ရှိအချိန်တွင် သူအာရုံစိုက်နေသည့်အချက်မှာ ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်မှလူများ နှင့်ရင်ဆိုင်ရန်သည့်အခါ တန်ခိုးစွမ်းအားများ မြင့်မားနေစေရန် ဖြစ်လေသည်။

ဆန်းလျန်သည် သူ၏နတ်ဘုရားခန္ဓာကို ပြန်လည်တည်ဆောက်ရန်အတွက် အသက်ဓာတ်စွမ်းအားများကို စုစည်း နေခဲ့လေသည်။ သူသည် စိတ်အာရုံစူးစိုက်မှုအနက်ရှိုင်းဆုံးအဆင့်သို့ ရောက်ရှိနေလေသည်။

ထို့ကြောင့် သူက ဖန်းယန်ယင်းကို ယိုစန်းပြည်မှ ပြန်ခေါ်လိုက်ပြီး နန်းတော်အတွင်းသို့ မည်သူမှ မဝင်စေရန် စောင့်ကြပ်စေခဲ့လေသည်။

ထို့ကြောင့် ကျင့်စူးတစ်ယောက် အပြာရောင်ခရီးရှည်နန်းတော်အတွင်းသို့ အလောတကြီးဝင်လာသည့်အခါ ဖန်းယန်ယင်းက တားဆီးလိုက်ခြင်း ဖြစ်လေသည်။

တန်ခိုးစွမ်းအားနှင့် ကျင့်ကြံခြင်းအဆင့်တွင် ဖန်းယန်ယင်းသည် ကျင့်စူးကို မမီပေ။ သို့သော် ဖန်းယန်ယင်း၏ တိုက်ခိုက်မှုက အခြားသောနတ်ဘုရားများထက်ပိုပြီး ရက်စက်လေသည်။

ကျင့်စူးမှာ ဆန်းလျန်ကို မေးစရာရှိသည့် အတွက် ရောက်လာခြင်းဖြစ်ပြီး ဆန်းလျန်ကို နှောက်ယှက်ရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူမကို ဖန်းယန်ယင်းက တိုက်ခိုက်လိုက်သည့်အခါ အနည်းငယ် တုံ့ဆိုင်းသွားမိလေသည်။

အခြားသူများအမြင်တွင်တော့ ဖန်းယန်ယင်း၏ဓားသည် လှိုင်းများပြင်းထန်နေပြီး လှိုင်းများကြားတွင် ပိတ်မိနေသည့် ခွန်ဖိန်တစ်ကောင်ကို တွေ့ရမည် ဖြစ်လေသည်။

ကျင့်စူး၏တန်ခိုးစွမ်းအားမှာ သူမထက် များစွာသာလွန်သည်ကို ဖန်းယန်ယင်း ကောင်းကောင်းသိထားပါသည်။ သူမ၏ ဓားဝိညာဉ်သည် ခုခံရန်ခက်ခဲသည့် ဓားဝိညာဉ်ဖြစ်သည့်တိုင် ကျင့်စူး၏မိစ္ဆာခန္ဓာအနားသို့ရောက်သည်နှင့် ပျက်ပြယ်သွားရလေသည်။ မမြင်ရသည့် စွမ်းအားတစ်ခုက ဓားဝိညာဉ်ကို စုပ်ယူလိုက်သည့်အလားပင်ဖြစ်လေ သည်။

သူမ၏ ဓားဝိညာဉ်သည် အလွန်မှ ပြင်းထန်ပြီးကြောက်မက်ဖွယ်ရာကောင်းလေသည်။ သို့သော်… ကျင့်စူးအပေါ်တွင် သက်ရောက်နိုင်မှု သုညဖြစ်နေလေသည်။

ကျင့်စူးမှာလည်း ဖန်းယန်ယင်း၏ ကြောက်မက်ဖွယ်ရာ မရဏဓားကြောင့် များစွာ အံ့သြထိတ်လန့်သွားရလေသည်။ သူမသည် ဗဟုသုတကြွယ်ဝသူတစ်ယောက်ဖြစ်သည့်အတွက် ဖန်းယန်ယင်း၏ မရဏဓားတွင် တာအိုဆရာသခင် ထိုက်စန့်၏ အငွေ့အသက်များပါဝင်နေသည်ကို ချက်ချင်းသိလိုက်လေသည်။ ထိုအငွေ့အသက်များမှာ ဘုရင်ရှစ်ပါး နန်းတော်မှ ထိုက်စန့်တာအိုကာရံနှင့် ဆင်တူလေသည်။

သူမသည် ယွမ်တုဓား သို့မဟုတ် ငရဲလမ်းဓားကဲ့သို့ ဖြစ်မလာနိုင်ဘူးဟု မည်သူက အတတ်ပြောနိုင်ပါမည်နည်း။

ကံကောင်းသည်မှာ သူမသည် "ပေမင်" အကာအကွယ်ကို အသုံးပြုထားသည့်အတွက် ဖန်းယန်ယင်း၏ ထက်မြက် လွန်းသည့်မရဏဓားကို ကာကွယ်ထားနိုင်ခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဖန်းယန်ယင်း စတင်တိုက်ခိုက်လိုက်သည့် အချိန်တွင် ကျင့်စူးသည် အနည်းငယ်တုံ့ဆိုင်းသွားသည့်တိုင် သူမတွင် ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်ခဲ့ပေ။

သို့သော်… သူမသည် ဖန်းယန်ယင်း၏ တိုက်ခိုက်မှုကို ပြန်လည်ရင်ဆိုင်ရန်အတွက် အချိန်အနည်းငယ် လိုအပ်လေ သည်။

ကျင့်စူးက ဖန်းယန်ယင်းကို မည်သို့ပြန်လည်တိုက်ခိုက်ရမည်ကို စဉ်းစားနေစဉ်မှာပင် ရောင်စဉ် (၅)မျိုးသည် ဓားဝိညာဉ်လှိုင်းများအတွင်းသို့ ဝင်ရောက်လာပြီး ဓားဝိညာဉ်ကို လုံး၀ ပျောက်ကွယ်သွားစေလေသည်။

ကွေလိရောက်ရှိလာခြင်းဖြစ်သည်ကို ကျင့်စူးက ကောင်းကောင်း သိလိုက်လေသည်။

ကွေလိသည် အပြာရောင်ခရီးရှည်နန်းတော်ရှေ့ တွင်ရှိနေသည့် ဖန်ယန်ယင်း၏ဘေးတွင် မတ်တပ်ရပ်နေလေသည်။

ကျင့်စူးက ဖန်းယန်ယင်းကို ကြည့်လိုက်ရင်း…

"ငါ ဆန်းလျန်ကို တွေ့ရမှ ဖြစ်မယ်"

ဖန်းယန်ယင်းက…

"ဆရာဦးလေးက တံခါးပိတ်ကျင့်ကြံနေတာ ၊ ဘယ်သူ့ကိုမှ အတွေ့ခံမှာ မဟုတ်ဘူး"

ကွေလိနှင့် ဖန်ယန်ယင်းမှာ ရင်းနှီးကြသူများဖြစ်လေရာ ဖန်းယန်ယင်း မည်မျှ မာနကြီးပြီးခေါင်းမာသည်ကို ကွေလိက အသိဆုံးဖြစ်လေသည်။

အထူးသဖြင့် ဆန်းလျန် တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေသည့်အချိန်မျိုးတွင် သူမဘက်မှ မည်သည့်နည်း နှင့်မှ အလျှော့ပေးလိမ့်မည် မဟုတ်ပေ။ ဆန်းလျန်ကို မည်သူမှ မနှောက်ယှက်စေရန် အတတ်နိုင်ဆုံး ကာကွယ်မည် ဖြစ်လေသည်။

ကွေလိက ဝင်ရောက်ဖြန်ဖြေပေးရလေသည်။

"မမကျင့်စူး ၊ ဘာလို့ ဆန်းလျန်ကို ရှာရတာလဲ"

ကျင့်စူးက…

"ငါ့ အစ်ကို (၉)ရဲ့ နတ်မိစ္ဆာခန္ဓာကို ဖျက်စီးပစ်လိုက်တာ ဆန်းလျန်လုပ်တာလားလို့ မေးမလို့"

ကွေလိက…

"ဒီမှာ ဘာတွေများဖြစ်ခဲ့ကြလို့လဲ"

All Chapters