← Chapters

မျှော်လင့်ချက်ကင်းမဲ့သည့်ကျင့်စဉ်လမ်း

Vol. 7 Ch. 677

မျှော်လင့်ချက်ကင်းမဲ့သည့်ကျင့်စဉ်လမ်း

Vol. 7 Ch. 677

ကျင့်စူးက ဖန်းယန်ယင်းကို လက်ညိုးထိုးပြလိုက်ပြီး…

"သူ့ကိုမေးကြည့်လေ…"

ဖန်းယန်ယင်းက ကွေလိမေးသည်ကို မစောင့်တော့ဘဲ ချက်ချင်းဖြေလိုက်လေသည်။

"မင်းရဲ့ အစ်ကို (၉)ဆိုတဲ့သူက ငါတို့ တာ့ကျိုးပြည်တစ်ပြည်လုံးကို ရေလွှမ်းမိုးအောင်လုပ်ဖို့အတွက် ရောက်လာတာ ၊ သူက တာ့ကျိုးရဲ့ ဥပဒေကို ချိုးဖောက်တာပဲ ၊ ဒါကြောင့် အပြစ်ပေးခံရတာ"

ကျင့်စူးက…

"ဆန်းလျန်က ငါ့ကို ဘာလို့ ပြောမပြရတာလဲ"

ဖန်းယန်ယင်းက…

"ဒါတော့ ဆရာဦးလေး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာမှပဲ မေးကြည့်ပေါ့ ၊ အခုတော့ ဝင်လို့မရဘူး"

ကျင့်စူးက မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"ငါက အခုပဲ မေးချင်တာ"

အမှန်တော့ သူမနှင့် ပေမင်ကျီသည် ဒီလောက်လည်း ရင်းနှီးကြသူများမဟုတ်ပေ။ သို့သော်… ဆန်းလျန်က သူမကို ပြောပြခဲ့ခြင်းမရှိသည့်အတွက် ဒေါသထွက်နေရခြင်း ဖြစ်လေသည်။

ဖန်းယန်ယင်းက…

"ငါသေမှပဲ ဖြစ်နိုင်မယ်"

ကျင့်စူး၏ မျက်ဝန်းများသည် စူးရှထက်မြက်နေပြီး သတ်ဖြတ်လိုသည့်အငွေ့အသက်များ ထွက်ပေါ်နေလေသည်။ သူမ၏ ခွန်ဖိန်တန်ခိုးစွမ်းအားများသည် ဖန်းယန်ယင်းကို လွှမ်းခြုံသွားလေသည်။

ကျင့်စူးကို ယှဉ်နိုင်သူဆို၍ လောကတွင် အနည်းငယ်သာ ရှိနိုင်လေသည်။

ဖန်းယန်ယင်းကတော့ ထူးခြားသည့်ပါရမီရှင်တစ်ယောက် ဖြစ်လေသည်။ ထို့ပြင် သူမသည် ခွန်ဖိန်အနွယ်တော်များထက် သာလွန်သူလည်း ဖြစ်လေသည်။

သို့သော်.. သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ကျင့်စူးကိုမမီသေးသည့်အတွက် ကျင့်စူးထံမှ ပြင်းထန်လွန်းသည့် တန်ခိုးစွမ်းအားအငွေ့အသက်များထွက်ပေါ်လာသည့်အခါ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရလေသည်။ သို့ရာတွင်… သူမသည် အလျှော့ပေးလိုသည့် ရည်ရွယ်ချက်မရှိဘဲ ခပ်မတ်မတ်ရပ်နေဆဲ ဖြစ်လေသည်။

ကွေလိက သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"ဖန်းယန်ယင်း… ကျုပ်ရော ဆန်းလျန်ကို ခဏလောက်တွေ့ခွင့်ရနိုင်မလား"

ဖန်းယန်ယင်းက…

"ရတယ်…"

ထိုအခါမှ ကွေလိသည် စိတ်သက်သာရာရသွားလေသည်။ သူမသည် ဆန်းလျန်၏ တပည့်ဖြစ်သူ ဖန်းယန်ယင်းကို သတ်ဖြတ်လိုခြင်း မရှိပေ။

သို့သော်… ဖန်းယန်ယင်းက ဆက်ပြောလိုက်လေသည်။

"ရတယ်ဆိုတာ ငါသေမှပဲရမယ်လို့ ပြောတာ…"

ကျင့်စူးက…

"ညီမလေးကွေလိ ၊ ဒုက္ခမရှာနဲ့တော့… ငါ အထဲကို မဝင်တော့ဘူး"

ပြောပြီးသည်နှင့် ကျင့်စူးသည် တစ်ချက်ပြုံးလိုက်လေသည်။

ထို့နောက် … သူမသည် ရွှေရောင်သိမ်းငှက်ကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပြီး ရွှေရောင်အတောင်ပံများကို ခမ်းနားစွာဖြင့် တစ်ဖျတ်ဖျတ်ခတ်လိုက်လေသည်။ ထိုအခါ ပြင်းထန်လှသည့် မုန်တိုင်းတစ်ခုသည် အပြာရောင် ခရီးရှည်နန်းတော်ရှိရာသို့ တိုက်ခတ်လာလေတော့သည်။

အပြာရောင်ခရီးရှည်နန်းတော်မှာ မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်သည့်တိုင် ပတ်ဝန်းကျင်မှ အဆောက်အဦများမှာတော့ ပျက်စီးကုန်ကြရလေသည်။ အကယ်၍ မြို့တော်ထဲတွင် တာအိုအရံအတားများကို ဖန်ဆင်းနိုင်သည့် ကျင့်ကြံသူများ သာမရှိခဲ့ဘူးဆိုလျှင် အခြေအနေမှာ ပိုပြီးဆိုးရွားမည် ဖြစ်လေသည်။

ကွေလိမှာ အကြပ်ရိုက်သွားလေသည်။ ကျင့်စူးသည် စိတ်ထင်တိုင်းသောင်းကြမ်းနေပြီ ဖြစ်လေသည်။ သို့သော် ယခုအချိန်တွင် ကျင့်စူးကို သွားပြီးတားဆီးပြန်လျှင်လည်း စိတ်ကူးကြည့်၍ပင်မရနိုင်သည့် နောက်ဆက်တွဲဆိုးကျိုး များဖြစ်ပေါ်လာမည် ဖြစ်လေသည်။

အရာရာကို ပြတ်ပြတ်သားသားလုပ်တတ်သည့် ကွေလိပင်လျှင် လက်ရှိအချိန်တွင် မည်သို့လုပ်ရမည်မသိနိုင်အောင် အကြပ်ရိုက်လျှက်ရှိလေသည်။

ကျင့်စူးသည် ရပ်တန့်မည့်ဟန်မရှိပေ။ မုန်တိုင်းသည် ပိုပြီးပြင်းထန်ကြမ်းတမ်းလာလေသည်။

အပြာရောင်ခရီးရှည်နန်းတော်ရှေ့တွင် အဆုံးမရှိသည့်အပေါက်ကြီးတစ်ပေါက် ဖြစ်ပေါ်လာပြီး မြေကြီးများ မွစာကျဲကာ လွင့်ထွက်ကုန်လေသည်။ ဖန်းယန်ယင်းနှင့်ကွေလိတို့မှာ တန်ခိုးစွမ်းအားမြင့်မားသူများ မဟုတ်ကြလျှင် သူတို့သည်လည်း တစ်ချက်တည်းဖြင့် အမှုန့်ဖြစ်သွားနိုင်လေသည်။

ကျင့်စူးဒေါသချောင်းချောင်းထွက်နေသည့်အချိန်မှာပင် အပြာရောင်ခရီးရည်နန်းတော်၏ ခေါင်မိုးထက်တွင် ရွှေဇလားတစ်ခု ထွက်ပေါ်လာလေသည်။ ရွှေဇလားသည် ဖြည်းညင်းစွာတစ်ချက်လှည့်ပတ်လိုက်ပြီး မုန်တိုင်းကို စုပ်ယူလိုက်လေသည်။ ထိုအခါမှ ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည် အေးဆေးငြိမ်သက်သွားရလေသည်။

ရွှေဇလားသည် မုန်တိုင်းကိုစုပ်ယူပြီးသည့်နောက် ကြာပလ္လင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ကြာပလ္လင် ထက်တွင် နတ်ဘုရားတစ်ပါးပေါ်လာလေသည်။

ထိုနတ်ဘုရားသည် အခြားသူမဟုတ်။ ဆန်းလျန်သာ ဖြစ်လေ၏။

"တော်လောက်ပြီ ကျင့်စူး"

ဆန်းလျန်က ပြောလိုက်လေသည်။

ကျင့်စူးသည် ဆန်းလျန်ကို တွေ့သည့်တိုင် ရွှေရောင်သိမ်းငှက်ကြီးအသွင်မှ လူသားအသွင်သို့ ပြန်လည် ပြောင်းလဲခြင်း မရှိသေးပေ။

သူမက…

"ရှင်က အစ်ကို (၉) အကြောင်း ကျွန်မကို ဘာလို့ ပြောမပြတာလဲ ၊ ဘာလဲ… ကျွန်မ အမှန်ကိုသိသွားရင် ရှင့်ကို သစ္စာဖောက်သွားမှာ စိုးရိမ်လို့လား ၊ ရှင် ကျွန်မကို အသုံးချလို့မရတော့မှာ စိုးရိမ်လို့မဟုတ်လား ၊ ကျွန်မပြောတာ မှန်တယ်မဟုတ်လား"

ဆန်းလျန်က…

"မင်းကို အသုံးချခဲ့တာတော့ မှန်ပါတယ် ၊ ဒါပေမယ့် မင်းသစ္စာဖောက်မှာကိုတော့ မစိုးရိမ်ပါဘူး ၊ တကယ်တော့ လူတစ်ယောက်ကို မျှားခေါ်ဖို့အတွက် ဒီလိုလုပ်ခဲ့ရတာပါ"

ကျင့်စူးက…

"ရှင့်စကားက ဘာအဓိပ္ပါယ်လဲ…"

"မင်းကို လျှို့ဝှက်ထားစရာ မလိုပါဘူး ၊ မင်းရဲ့ အစ်ကို (၉)အကြောင်းကို ကျုပ်မပြောလည်း အနှေးနဲ့အမြန် မင်းသိလာမှာပဲလေ ၊ ဒါပေမယ့် ကျုပ် မင်းကို ပြောမပြရတဲ့အကြောင်းက ကျုပ်မပြောဘဲ မင်းကို ဘယ်သူပြောပြ လိုက်သလဲ ဆိုတာ သိချင်တာပါ"

ဆန်းလျန်သည် ထိုစကားကို ကျင့်စူးတစ်ယောက်တည်းသာ ကြားသိနိုင်အောင် စိတ်စွမ်းအားဖြင့် ပြောလိုက်ခြင်း ဖြစ်လေသည်။

ကျင့်စူးသည် ငတုံးတစ်ယောက်မဟုတ်ပါ။ သူမသည် အတောင်များကို တစ်ဖျတ်ဖျတ်ခတ်ကာ အပြာရောင်ခရီးရှည် နန်းတော်အတွင်းသို့ ပျံသန်းဝင်ရောက်သွားလေသည်။

ဖန်းယန်ယင်းသည်ပင် သူမကို တားချိန်မရလိုက်တော့ပေ။

နန်းတော်အတွင်းသို့ရောက်သည့်အခါတွင်တော့ သူမကိုစောင့်နေသည့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။ ဆန်းလျန်သည် သူမထက်ပင်လျှင်မြန်လွန်းသည်ကို တွေ့လိုက်ရသည့်အတွက် ကျင့်စူးမှာ အလွန်အံ့သြသွားရလေ သည်။

သူမက…

"တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက် ရှင် တော်တော်တိုးတက်လာတာပဲ"

ဆန်းလျန်က ပြုံးလိုက်ရင်း…

"ကျုပ်က အန္တရယ်များတဲ့ ရေခဲအလွှာပါးလေးပေါ်မှာ လမ်းလျှောက်နေရတဲ့သူပဲလေ ၊ နည်းနည်းလောက်တိုးတက် လာတာက ဘာလုပ်လို့ရမှာလဲ"

ကျင့်စူးက…

"အဲဒီကိစ္စမပြောတော့ဘူး ၊ ခုနပြောတဲ့စကားရဲ့ အဓိပ္ပါယ်က ဘာလဲ "

ဆနးလျန်က…

"အသူရာချောက်မှာ ကျုပ်ရဲ့ရန်သူတွေ အများကြီးရှိတယ် ၊ အားလုံးကလည်း လျှို့ဝှက်ချက်တွေ ကိုယ်စီနဲ့ ၊ ကျုပ်က အနာဂတ်ကိုသိမြင်နိုင်တယ်ဆိုပေမယ့် အတိအကျတော့ မသိနိုင်ဘူး ၊ ဒါကြောင့် မရည်ရွယ်ဘဲ မင်းကို အသုံးချမိ သလိုဖြစ်သွားတယ်"

ကျင့်စူး၏မျက်နှာသည် ချက်ချင်းပင် အေးစက်ခက်ထန်သွားလေသည်။

"ဒီတော့ ကျွန်မကို ငါးစာအဖြစ်အသုံးချလိုက်တယ်ပေါ့လေ ၊ ကောင်းလိုက်တဲ့အကြံ … ၊ ကျွန်မ ရှင့်ကို ဆန့်ကျင် တိုက်ခိုက်မှာ ရှင် စိတ်မပူဘူးလား"

"မင်းရဲ့အစ်ကို (၉)နဲ့ မင်းက ရင်းနှီးကြတဲ့လူတွေဆိုရင် မင်း အနှေးနဲ့အမြန် ကျုပ်ကို တိုက်ခိုက်မှာပဲလေ"

ကျင့်စူးက…

"အစ်ကို (၉)နဲ့ပတ်သက်ပြီး ကျွန်မမှာ ဘာခံစားချက်မှ မရှိပါဘူး ၊ ဒါပေမယ့် ကျွန်မဒေါသထွက်တာက ရှင် ကျွန်မကို ဖုံးကွယ်ထားလို့ပဲ ၊ ပြီးတော့… ရှင်က ကျွန်မကို ဖုံးကွယ်ထားရုံသာမက အသုံးတောင်ချလိုက်သေးတယ် ၊ ကျွန်မ ဒေါသအရမ်းထွက်နေပြီ"

ကျင့်စူးသည် ဆန်းလျန်ကို ဒေါသတကြီး မီးဝင်းဝင်းတောက်သည့် မျက်ဝန်းများဖြင့် ကြည့်နေလေသည်။ သို့သော်.. ဆန်းလျန်က တစ်ချက်လေးပင် တွန့်သွားခြင်း မရှိခဲ့ပေ။

"ကျုပ်က မင်းအကူအညီကို လိုအပ်နေတာပါ ၊ အဲဒီအကြောင်း မင်းကိုဘယ်သူပြောလဲဆိုတာ ပြောပြပါလား"

ကျင့်စူးသည် ဒေါသအကြီးအကျယ်ထွက်နေခဲ့လေသည်။

သို့သော် ဆန်းလျန်သည် အရှက်မရှိ သူမထံမှ အကူအညီကိုပင် ပွင့်ပွင့်လင်းလင်းတောင်းခံနေလေရာ သူမမှာ စိတ်ဆိုးရအခက် ဖြစ်သွားရလေသည်။  မည်သို့ပင်ဖြစ်စေ သူမနှင့်ဆန်းလျန်သည် စန့်ချင်တာအိုဆရာသခင်၏ ကံတရားတစ်ခုတွင် အတူတကွ ချည်နှောင်မိနေကြသူများဖြစ်လေသည်။

ထိုအကြောင်းကို တွေးမိသည့်အခါတွင်တော့ သူမသည် စိတ်ဓာတ်ကျသွားပြီး အဖြေပေးလိုက်လေတော့သည်။

"အနက်ရောင်ယူနီကွန်းကြီး ကျွန်မကို ပြောပြတာ…"

ဆန်းလျန်သည် ကျင့်စူး၏ အတွင်းစိတ်ကို ချက်ချင်းဖတ်လိုက်နိုင်လေသည်။

ဆန်းလျန်က…

"ကဲ… တိချိုးမြို့တော်ကို အတူတူသွားမယ် ၊ မင်းစားဖို့ ယင်းလုန်ကို ဖမ်းပေးမယ် ၊ မင်း အသက်ရှင်ရမယ့်ရက် သိပ်မကျန်တော့ဘူးလို့ တွေးနေတာမလား ၊ မင်းရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်လာအောင် ကျုပ်ကူညီပေးပါ့မယ်"

ကျင့်စူးသည် ဆန်းလျန် ထိုသို့ပြောလိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

သူမက…

"ရှင် အသေးစိတ်မမေးတော့ဘူးလား ၊ အနက်ရောင်ယူနီကွန်းကြီးပြောတယ်လို့ သိသွားတာနဲ့ ပြီးသွားပြီလား ၊ ဘာမှ မလုပ်တော့ဘူးလား"

ဆန်းလျန်သည် သူမကို စကားပြန်မပြောတော့ပါ။

ကျင့်စူးကို မမေးလည်း အဖြေကို ဆန်းလျန်က သိပြီးသားဖြစ်လေသည်။ အနက်ရောင်ယူနီကွန်းကြီးကိုပင် ဖားဟိုင်ဆရာတော်က ရွှေခရမ်းရောင်သပိတ်ထဲတွင် ဖမ်းချုပ်ထားပြီးပြီ ဖြစ်လေသည်။ သို့သော်… ကျင့်စူးကတော့ သိရှိခဲ့ခြင်း မရှိပေ။

ဆန်းလျန်သည် ပွင့်လင်းသူတစ်ယောက်ဖြစ်လေသည်။ သို့သော်.. ယခုတစ်ကြိမ်တော့ ထိုအကြောင်းများကို ပြောမပြတော့ရန် ဆုံးဖြတ်လိုက်မိလေသည်။ တစ်ခါတစ်ရံတွင် အမှန်တရားကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလိုက်ရ ခြင်းက အခြားသူများကို နာကျင်စေသလို သူကိုယ်တိုင်လည်း နာကျင်ရမည် ဖြစ်လေသည်။

နန်းတော်အတွင်းသို့ဝင်လာသည့် ကွေလိနှင့် ဖန်းယန်ယင်းတို့မှာလည်း သူတို့နှစ်ယောက် ပြောနေသည့်စကားများ ကိုကြားသွားကြလေသည်။

ကွေလိက…

"ဒါဖြင့် အတူတူသွားကြမယ်လေ…"

ကျင့်စူးက မသွားဘူးဟု ငြင်းရန်ပြင်နေစဉ်မှာပင် ကွေလိက ဝင်ပြောလိုက်သည့်အတွက် ငြင်းရန် ခက်သွားရလေ သည်။ မည်သို့ပင်ဖြစ်စေ သူမလည်း ယင်းလုန်နဂါးကြီးကို စားချင်မိလေသည်။

ယင်းလုန်အကြောင်းကို စာအုပ်ထဲတွင် ရေးသားထားသည်များကို သူမ ဖတ်ဖူးလေသည်။

ယင်းလုန်သည် အတောင်ပံများပါသည့် နတ်နဂါးတစ်ပါးဖြစ်ပြီး အလွန်မှ ထင်ရှားသူဖြစ်လေသည်။ သူမသည် နဂါးအသားကိုစားချင်ရုံသာမက နဂါးတောင်ပံကိုပါ ကိုက်ချင်နေမိလေသည်။

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ပြုံးလိုက်ရင်း…

"ဒါဖြင့် အချိန်မဖြုန်းနဲ့တော့ ၊ အခုပဲ သွားကြရအောင် ၊ ဒါပေမယ့် မသွားခင် ပြဿနာလေးနည်းနည်း ဖြေရှင်းဖို့ရှိ သေးတယ်"

ကျင့်စူးက…

"တွေ့လား… ရှင်ပဲ အချိန်ဖြုန်းနေတာလေ…"

ဆန်းလျန်က ကျင့်စူးစကားကို အရေးမထားတော့ပါ။

ဆန်းလျန်က သူ၏အင်္ကျီလက်ကို တစ်ချက်ဝေ့ယမ်းလိုက်လေရာ ကြည်လင်သည့်အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။

ထိုအခါ... ကျင့်စူး၏ မုန်တိုင်းကြောင့် သေဆုံးသွားကြရသည့် တာ့ကျိုးပြည်သားများ၏ ဝိညာဉ်များ ထွက်ပေါ်လာ လေသည်။ ထိုဝိညာဉ်များသည် ဆန်းလျန်၏ အဖြူရောင်အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် တဖြည်းဖြည်း ရုပ်လုံးပေါ်လာကြလေသည်။ သူတို့သည် ရုပ်ခန္ဓာများ ပြန်လည်ရရှိသွားပြီး မည်သည့်နည်းနှင့်မျှ ဤလောကမှ ပျောက်ကွယ်သွားကြတော့မည် မဟုတ်ပေ။

မုန်တိုင်းကြောင့် လူပေါင်းတစ်ရာမက သေကြေပျက်စီးခဲ့ကြပြီး ဆန်းလျန်က သူတို့ကို ပြန်လည်ရှင်သန်စေခဲ့လေ သည်။

သူတို့အားလုံးသည် နန်းတော်ရှေ့တွင် ဒူးထောက်ပြီး ဆန်းလျန်ကို ကျေးဇူးတင်စကား ဆိုနေကြလေသည်။ သို့သော်… ဆန်းလျန်ထံမှ နူးညံ့သည့် တန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ထိုသူများကို အသာမတ်တပ်ရပ်စေ လိုက်လေသည်။

"မင်းတို့တွေ သွားလိုရာသွားလို့ရပါပြီ"

အပြာရောင်နန်းတော်ထဲမှ ဆန်းလျန်၏အသံသည် ပဲ့တင်ထပ်ကာ ထွက်ပေါ်လာလေသည်။

ကျင့်စူးသည် လူအများ၏အသက်ကို ပုရွက်ဆိတ်များ၏အသက်အလား မည်သည့်အခါမှ အရေးစိုက်ခဲ့သူ မဟုတ် ပေ။

ဆန်းလျန်က တန်ခိုးစွမ်းအားများစွာကိုအသုံးပြုကာ ထိုသူများအားလုံးအတွက် ရုပ်ခန္ဓာများ ဖန်ဆင်းပေးလိုက်သည် ကိုတွေ့ရှိလိုက်ရသည့်အခါ သူမက ပြောလိုက်လေသည်။

"ရှင့်စိတ်ထားက ဗောဓိသကျတစ်ပါးလိုပဲ ကြင်နာတတ်လိုက်တာ…"

ဆန်းလျန်က သူမကို တစ်ချက်လှမ်းကြည့်လိုက်ပြီး…

"ဒါက ဘာဟုတ်သေးလို့လဲ…"

ပြောပြီးသည်နှင့် ဆန်းလျန်က တိတ်တဆိတ်သက်ပြင်းတစ်ချက်ချလိုက်လေသည်။

ယနေ့သူက လူအများကို ကူညီခဲ့လေသည်။ သို့သော်… နောင်တစ်ချိန်တွင် သူ့ကိုရော မည်သူက ကူညီပါမည်နည်း။

ယခုအချိန်တွင် သူ၏ကျင့်စဉ်လမ်းသည် မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်စရာဖြစ်နေသည့်တိုင် ရှောင်လွှဲမရ ရင်ဆိုင်ရမည်ပဲ ဖြစ်လေသည်။

All Chapters