ကွမ်ဟန်
Vol. 7 Ch. 678
ပုရွက်ဆိတ်များကဲ့သို့ အသုံးမကျသည့် လူသားများ၏အသက်ကို ကယ်တင်ရန်အတွက် ကျင့်စူးသာဆိုလျှင် သူမ၏ တန်ခိုးစွမ်းအားများကို မည်သည့်အခါမှ အသုံးပြုလိမ့်မည် မဟုတ်ပေ။
သို့သော်… ဆန်းလျန်လုပ်ရပ်ကို မြင်တွေ့လိုက်ရသည့်အခါတွင်တော့ သူမ၏စိတ်ထဲမှ ခံစားချက်များ ပြောင်းလဲသွား လေသည်။ ဆန်းလျန်သည် အခြားသူများနှင့်မတူသည့် လူတစ်ယောက်ဖြစ်သည်ဟု သူမ ခံစားလိုက်ရလေသည်။
ကွေလိကတော့ ထူးထူးခြားခြားခံစားရခြင်း မရှိပါ။ သူမနှင့်ဆန်းလျန်သည် အချိန်ကြာမြင့်စွာ သိကျွမ်းခင်မင်လာခဲ့ ကြသူများ ဖြစ်သည့်အတွက် ထိုကဲ့သို့သောအလုပ်မျိုး ဆန်းလျန်ပြုလုပ်သည်မှာ သိပ်ပြီး မထူးဆန်းတော့ပါ။
ထို့နောက် သူတို့ (၃)ယောက်သည် တိမ်ပေါ်သို့ခုန်တက်ကာ ပျောက်ကွယ်သွားကြလေတော့သည်။ သူတို့သည် မည်သည့်အရာကိုမှ အလေးမထားသည့် ခံစားချက်များဖြင့် တစ်ချက်ပင် တုံ့ဆိုင်းနေခြင်းမရှိဘဲ ထွက်ခွာသွားကြ လေတော့သည်။
တာ့ကျိုးပြည်နှင့် တိချိုးမြို့တော်သည် သာမန်လူများအတွက်တော့ အလွန်ကွာဝေးသည့် နေရာဒေသများဖြစ်လေ သည်။ သို့သော်… သူတို့ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူများအတွက်တော့ ဟိုဘက်အိမ်နှင့် ဒီဘက်အိမ်ကူးရသလိုပင် နီးလွန်းလှပါလေ၏။
တိချိုးမြို့တော်….
ရှားတူးမြောင်းမှ မြစ်ရေများသည် ခမ်းနားလှပစွာ ၊ ဝိညာဉ်စွမ်းအားပြည့်ဝစွာဖြင့် စီးဆင်းနေဆဲ ဖြစ်လေသည်။
သို့သော်… ရှားတူးမြောင်းမှ ဝိညာဉ်စွမ်းအားများ သိသိသာသာလျော့နည်းပျက်စီးနေသည်ကိုတော့ ဆန်းလျန်က ရှင်းရှင်းလင်းလင်း သတိပြုလိုက်မိလေသည်။
တာ့ရှားပြည်၏ ကံကြမ္မာသည် အထွတ်ထိပ်တွင် ရှိမနေတော့ဘဲ ကျဆင်းသွားခဲ့ပြီ ဖြစ်လေသည်။ တိချိုးမြို့တော်ကြီး သည်လည်း တိတ်ဆိတ်ငြိမ်သက်နေလေသည်။ တိချိုးမြို့တော် ခံတပ်တံတိုင်းမှာလည်း အနက်ရောင်လုံးလုံး ဖြစ်နေလေသည်။ အနက်ရောင်မင်ရည်ကဲ့သို့ လုံး၀ နက်မှောင်နေခြင်း ဖြစ်လေသည်။
အနက်ရောင်ဆိုသည်က ထူးဆန်းပြီး ခန့်မှန်း၍မရနိုင်ခြင်းကို ကိုယ်စားပြုလေသည်။ အနက်ရောင်သည် ဖုံးကွယ် ထားခြင်း ၊ ရှောင်တိမ်းခြင်းနှင့် ရှုတ်ထွေးခြင်းကိုလည်း ကိုယ်စားပြုလေသည်။
အဖြူရောင်စာရွက်တစ်ရွက်ပေါ်တွင် မည်သည့်အရောင်ကိုမဆို ထင်ရှားစွာ တွေ့မြင်နိုင်မည် ဖြစ်လေသည်။ သို့သော် အနက်ရောင်စာရွက်အပေါ်တွင်တော့ အဖြူရောင်ကသာ ထင်ရှားနိုင်မည် ဖြစ်လေသည်။
ဆန်းလျန်တို့ (၃)ယောက်မှာ တိချိုးမြို့တော်သို့ အဖြူရောင်တိမ်တိုက်ကို စီးနင်းပြီး ရောက်ရှိလာကြသည့်အတွက် အနက်ရောင်နှင့် မလိုက်ဖက်လှစွာ အဖြူရောင်သည် ထင်ရှားလျှက် ရှိလေသည်။
ကျင့်စူးသည် ခွန်ဖိန်အနွယ်တော်ဖြစ်သည့်အတွက် ငှက်တစ်ကောင်အသွင်လည်းပြောင်းနိုင်သလို ငါးတစ်ကောင် အဖြစ်လည်း အသွင်ပြောင်းနိုင်လေသည်။ ထို့ကြောင့် သူမက ဧရာမခွန်သတ္တဝါငါးကြီးအသွင်ပြောင်းကာ ရေထဲတွင် ကူးခတ်သွားလေသည်။ သို့သော်… သူမသည် တိချိုးမြို့တော်၏ ရှားတူးမြောင်းကို နှစ်သက်ခြင်းမရှိပါ။ အဘယ်ကြောင့်ဆိုသော် ရှားတူးမြောင်းထဲမှ ရေများသည် ဝိညာဉ်စွမ်းအားပြည့်ဝသည့်တိုင် ခါးသက်သည့်အရသာ ရှိသောကြောင့် ဖြစ်လေသည်။
ခါးသက်သည့်အရာသာသည် ပိုးမွှားကောင်များ၏အရသာကဲ့သို့ ခါးသက်ခြင်းမဟုတ်ပေ။ ခါးသက်သည့်အရသာ သည် လူသားတစ်ယောက်၏ မျှော်လင့်ချက်ကင်းမဲ့မှု ၊ စိတ်ဓာတ်ကျဆင်းမှုများကြောင့် ခါးသက်ရခြင်းနှင့်ဆင်တူ လေသည်။
ကျင့်စူးသည် သူမရယ်ချင်လျှင်ရယ်မောပြီး ငိုချင်လျှင်ငိုချလိုက်သည့် နတ်မိစ္ဆာတစ်ပါးဖြစ်လေသည်။ သို့သော်… ယခုတော့ သူမသည် အလွန်စိတ်ဓာတ်ကျနေပြီး ကျယ်လောင်စွာဖြင့်ပင် ငိုလိုက်ချင်စိတ် မရှိတော့ပေ။
တိချိုးမြို့တော်၏ဖွဲ့စည်းပုံသည် ကန့်လန့်ဖြတ်ဖွဲ့စည်းပုံ ဖြစ်လေသည်။ လမ်းမကြီးများကလည်း ကျယ်ပျံ့လေသည်။ သို့သော်… မြို့တော်အတွင်းသို့ ဝင်လိုက်သည်နှင့် အနက်ရောင်မြူခိုးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းနေ လေရာ သာမန်လူသားများဆိုလျှင် ခပ်ဝေးဝေးသို့ မြင်နိုင်မည် မဟုတ်ပေ။
သို့သော်… သူတို့ (၃)ယောက်လုံးသည် သာမန်လူများမဟုတ်ကြပါ။
ကျင့်စူးက တောက်ပသည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို လှမ်းကြည့်လိုက်ရင်း…
"ဒီနေရာက တော်တော်ထူးဆန်းတာပဲ"
ဆန်းလျန်က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရင်း…
"ကြည့်ရတာ တာ့ရှားဧကရာဇ်က မူလမိစ္ဆာခန္ဓာကို ကျင့်ကြံအောင်မြင်ပြီးသွားပြီထင်တယ်"
သူ ယခုတစ်ကြိမ် တိချိုးမြို့သို့ ရောက်လာရသည့် နောက်ထပ်အကြောင်းတစ်ခုမှာ ယွမ်စီမှော်မိစ္ဆာကျင့်စဉ်ကို လေ့လာချင်သောကြောင့် ဖြစ်လေသည်။
အဘယ်ကြောင့် ထိုပညာကို လေ့လာချင်ရပါသနည်း။
အဘယ်ကြောင့်ဆိုသော် ယွမ်စီမှော်မိစ္ဆာကျင့်စဉ်သည် ယွမ်စီထျန်းကျွင်းဟုခေါ်သည့် ယွိချင်တာအိုဆရသခင်၏ ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခု ဖြစ်သောကြောင့် ဖြစ်လေသည်။
ယွမ်စီမှော်မိစ္ဆာပညာသည် ယွမ်စီထျန်းကျွင်း၏ နှလုံးသားလည်း ဖြစ်လေသည်။ နောက်ဆုံးတွင် ယွမ်စီးထျန်းကျွင်း သည် ထိုကျင့်စဉ်ကို အဆက်ဖြတ်ပစ်ခဲ့သော်လည်း ယွမ်စီမှော်မိစ္ဆာပညာနှင့် ယွမ်စီးထျန်းကျွင်း၏ပတ်သက် ဆက်နွယ်မှုမှာ အလွန်မှ နက်ရှိုင်းလွန်းလေသည်။
ထိုအတွေးများကို အပြာရောင်ခရီးရှည်နန်းတော်တွင် ရှိစဉ်က ဆန်းလျန် တွေးခဲ့မိခြင်း ဖြစ်သော်လည်း တိချိုးမြို့တော်သို့ ရောက်လာသည့်အခါတွင်တော့ ထိုအတွေးကိုမေ့ထားလိုက်တော့သည်။ သူသည် ယွမ်စီမှော်မိစ္ဆာ ပညာကို လေ့လာရန်ကိစ္စကို အသာထားလိုက်ပြီး ကျင့်စူးကို ကတိပေးထားသည့်အတိုင်းသာ ယင်းလုန်ကိုဖမ်းရန် စိတ်ကူးလိုက်မိလေသည်။
အဘယ်ကြောင့်ဆိုသော် တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သည့် ယွိချင်တာအိုဆရာသခင် "ယွမ်စီထျန်းကျွင်း" သည် သူ၏အတွေးများကို သိသွားမည်ကို စိတ်ပူသောကြောင့် ဖြစ်လေသည်။
အပြာရောင်ခရီးရှည်နန်းတော်နှင့် ချင်းရွှမ်နတ်တံခါး နေရာ (၂)ခုသာလျှင် ယွိချင်တာအိုဆရာသခင်အကြောင်းကို လွတ်လပ်စွာတွေးတောနိုင်သည့် နေရာများဖြစ်လေသည်။ အခြားနေရာများတွင်ဆိုလျှင် ယွိချင်တာအိုဆရာသခင် သည် သူ့အတွေးများကို သတိထားပြုမိသွားနိုင်လေသည်။ ထိုနေရာ (၂)နေရာကသာ ဆန်းလျန်၏အတွေးများကို ကာကွယ်ပေးနိုင်ခြင်း မရှိလျှင်တော့ သူ့အနေဖြင့် အသက်ရှင်ရန်အတွက် ထိုင်ဆုတောင်းနေရန်သာ ရှိတော့သည်။
တာအိုဆရာသခင်ကြီးများ၏မျက်ဝန်းထဲတွင် သူသည် ပုရွက်ဆိတ်တစ်ကောင်လောက်မျှသာ အဆင့်ရှိသော်လည်း သူ့အနေဖြင့် အနည်းငယ်တော့ ရင်ဆိုင်ကြည့်ချင်မိလေသည်။ ထို့ပြင် သူက စန့်ချင်တာအိုဆရာသခင်ဖြစ်သည့် လင်ပေါင်ထျန်းကျွင်း၏ ရွေးခြယ်ခြင်းကို ခံထားရသူတစ်ယောက် ဖြစ်သည့်အတွက် လွယ်လွယ်ကူကူနှင့်တော့ ပျက်စီးသွားနိုင်မည် မဟုတ်ပေ။
သူ့ဘဝအဆုံးသတ်သည် စိတ်ပျက်ဖွယ်ရာဖြစ်မည်ဆိုသည့်တိုင် သူ့အနေဖြင့် အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်မိ လေသည်။ အတတ်နိုင်ဆုံးကြိုးစားကြည့်ပြီးမှသာ နောက်ဆုံးအချိန်တွင် အဆုံးသတ်မလှသည့်တိုင် နောင်တတရား ကျန်ရစ်ခဲ့ခြင်း မရှိဘဲ နေပေလိမ့်မည်။
ယွမ်စီမှော်မိစ္ဆာပညာဟုကြားလိုက်သည်နှင့် တိချိုးမြို့တော်သည် ထူးဆန်းသည်ဟု ခံစားနေရသည့် ခံစားချက်များသည် ကျင့်စူးစိတ်ထဲမှ ချက်ချင်းပျောက်ကွယ်သွားလေသည်။
ကျင့်စူးက…
"ဒီတိုင်းပြည်ရဲ့ဘုရင်က ယွမ်စီမှော်မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံနေတာ…. ဟုတ်လား ၊ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ ယွမ်စီမှော်မိစ္ဆာပညာဆိုတာ လောကမှာ မရှိသင့်တဲ့ပညာတစ်ခုပဲ"
ဆန်းလျန်သည် ရှားတူးမြောင်းအဆုံးတစ်နေရာသို့ ငေးကြည့်နေလေသည်။
ထိုနေရာအဆုံး မြူခိုးများကြားတွင် တာ့ရှားနန်းတော်တည်ရှိမည် ဖြစ်လေသည်။ တာ့ရှားနန်းတော်ထဲတွင် တာ့ရှား ဧကရာဇ်နေထိုင်လေသည်။
ထို့ကြောင့် ဆန်းလျန်က ရှားတူးမြောင်း၏ အသံပျံ့လွင့်နိုင်သည့် ဒီရေများကို တားဆီးလိုက်ပြီး ကျင့်စူးကို စကား ပြန်ပြောလိုက်လေသည်။
"မင်းကတော့ ကောင်းကောင်းသိမှာပါလေ ၊ ယွမ်စီမှော်မိစ္ဆာပညာဟာ လောကရဲ့နေရာတိုင်းမှာ သဲလွန်စတွေ ကျန်ခဲ့တာပဲ မဟုတ်ဘူးလား ၊ အဲဒီပညာရဲ့တည်ရှိမှုကို အမြစ်ပြတ်ဖယ်ထုတ်ဖို့ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ တာ့ရှားဧကရာဇ်ကိုယ်တိုင်တောင်မှ ယွမ်စီးမှော်မိစ္ဆာပညာရဲ့ သဲလွန်စတွေကနေ မွေးဖွားလာတဲ့သူတစ်ယောက် ဖြစ်နိုင်တာပဲ မဟုတ်လား"
သူ၏စကားလုံးများထဲတွင် မနာလိုအားကျသည့် အငွေ့အသက်များ အနည်းငယ်ပါဝင်နေလေသည်။
ထိုသို့ လောကတွင် အမြစ်မပြတ်ဘဲ တည်ရှိနေမှုသည် အချိန်ရေစီးကြောင်းတွင် တစ်ချိန်မဟုတ်တစ်ချန် ပြန်ပေါ် လာမည်ပဲဖြစ်လေသည်။
ထိုစဉ်မှာပင်… တစ်ချိန်လုံးတိတ်ဆိတ်နေသည့် ကွေလိက စကားဝင်ပြောလိုက်လေသည်။
"အခု ည ရောက်နေပြီမဟုတ်လား"
လောလောဆယ်အချိန်တွင် တိချိုးမြို့တော်တစ်ခုလုံးသည် မှောင်မိုက်နေပြီး နေ့နှင့်ည ကွဲပြားခြင်း မရှိတော့ပေ။
သို့သော်… ကွေလိကလည်း "ည ရောက်ပြီ" ဟု ပြောလိုက်ရသည်မှာ အကြောင်းရင်း ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် ကောင်းကင်ထက်တွင် လတစ်စင်း ထွက်ပေါ်လာသောကြောင့် ဖြစ်လေသည်။
သစ်ပင်ကြီးများသည် လေအဝေ့တွင် ယိမ်းထိုးလှုပ်ရှားနေကြလေသည်။ သစ်ပင်များထက်မှ ရေစက်လေးများသည် လရောင်၏အေးစက်လွန်းခြင်းကြောင့် ရေခဲမှုံများအဖြစ်ပြောင်းလဲသွားကြလေသည်။ မြူခိုးများသည် လရောင် အောက်တွင် လွင့်ပျံနေပြီး မြို့တော်တစ်ခုလုံးသည် မိန်းမောကာ မှောင်မှိုင်းလျှက်ရှိလေသည်။
ကျင့်ကြံသူအများစုသည် တိချိုးမြို့တော်ကို စွန့်ခွာ ထွက်ပြေးသွားကြပြီ ဖြစ်လေသည်။
ကျင့်ကြံသူများဆိုသည်က သူတို့၏အသက်ကို အခြားအရာများထက် တန်ဖိုးထားသူများ ဖြစ်ကြလေသည်။ လူတစ်ယောက်သည် အသက်ရှည်လွန်းပါက သိပ်ပြီး မစွန့်စားရဲကြတော့ပေ။
သို့သော်… ထိုသို့သောလူများထဲတွင် ကွေလိနှင့် ကျင့်စူးကတော့ ပါဝင်ခြင်း မရှိပေ။
သူတို့သည် စစ်မှန်သည့် နတ်မိစ္ဆာများဖြစ်လေသည်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်သည့် ကွေလိသည် မည်သည့်အရာကိုမှ ကြောက်တတ်သူမဟုတ်ပေ။ အခက်အခဲများသည် သူမ၏ ကျင့်စဉ်လမ်းကို ပိုပြီးခိုင်မာစေလေ သည်။
ကျင့်စူးကတော့ လမင်းကိုကြည့်ပြီ ကြက်သေသေနေမိလေသည်။
သူမစိတ်ထဲတွင် လေးလံနေသည့်ခံစားချက်များ ပျောက်ကွယ်သွားပြီး တောက်ပသည့်လမင်းကိုငေးကြည့်ရင်း ပြောလိုက်လေသည်။
"ဒီထိုက်ယင်းစွမ်းအားက သန့်စင်လိုက်တာ ၊ ဟန်အယ်ဆီက အမွေဆက်ခံထားတယ်လို့တောင် ထင်မိတယ်"
ဟန်အယ်ဆိုသည်မှာ လေးသည်တော်တာ့ယိ၏ ဇနီးဖြစ်လေသည်။
သူမသည် အနောက်ဘက်မယ်တော်ကဲ့သို့ ထင်ရှားသည့် ရှေးဟောင်းနတ်သမီးတစ်ပါး ဖြစ်လေသည်။ တာ့ယိသည် ဒဏ္ဍာရီဆန်သည့်လေးသည်တော်တစ်ဦးအဖြစ် ထင်ရှားကျော်ကြားသူဖြစ်လေသည်။ သို့သော် သူ၏ဇနီးဖြစ်သူ ဟန်အယ်မှာ အနန္တတန်ခိုးရှင်တစ်ပါးဖြစ်သည်ကို မည်သူမှ သိရှိကြခြင်း မရှိပေ။
သူမသည် တာ့ယိထက်ပင် အဆင့်မြင့်သူတစ်ယောက် ဖြစ်လေသည်။ သို့သော် သူမသည် တိုက်ခိုက်မှု အတွေ့အကြုံတော့ သိပ်မရှိပေ။
တာ့ယိမရှိတော့သည့်နောက် ဟန်အယ်သည် တာအိုနန်းတော်တစ်ခုကို တည်ဆောက်ခဲ့လေသည်။ ထိုနန်းတော်၏ အမည်မှာ "ကွမ်ဟန်" ဖြစ်လေသည်။ ထိုနန်းတော်သည် ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော် လောက်ခမ်းနားခြင်းမရှိပါ။ သို့သော် နတ်မိစ္ဆာအဓိပတိနန်းတော်နှင့် ဇာမဏီနတ်ဘုရားနန်းတော်များနှင့်တော့ ကောင်းကောင်းယှဉ်ပြိုင်နိုင်လေသည်။
ကောင်းကင်ထက်တွင်သာနေသည့် လမင်းသည် ကွမ်ဟန်နန်းတော်နှင့်ပတ်သက်မှုရှိနေမည်ကို ကျင့်စူးက စိတ်ပူနေခဲ့လေသည်။
ဟန်အယ်မရှိတော့သည့်တိုင် ကွမ်ဟန်နန်းတော်တွင် တပည့်မျိုးဆက်များ ကျန်ရစ်ခဲ့ကြလေသည်။ ကျင့်စူးသည် နတ်မိစ္ဆာအဓိပတိနန်းတော်သို့ မပြန်နိုင်တော့ကတည်းက အခြားသူများနှင့် သိပ်ပြီးပြဿနာတက်လိုခြင်း မရှိပေ။
ကျင့်စူး၏စကားကို ကြားလိုက်ရသည့်တိုင် ဆန်းလျန်ကတော့ အေးဆေးတည်ငြိမ်နေဆဲဖြစ်လေသည်။
ဆန်းလျန်က…
"အဲဒါ အသူရာချောက်က လနတ်သမီးပဲ ၊ သူက ဟန်အယ်နဲ့ပတ်သက်နေတယ်ဆိုရင်တောင်မှ အရေးစိုက်စရာ မလိုဘူး"
ဆန်းလျန်အေးဆေးတည်ငြိမ်နေသည်ကို တွေ့ရတော့မှ ကျင့်စူးလည်း စိတ်သက်သာရာရသွားလေသည်။
ကျင့်စူးက…
"ဒါဖြင့်လည်း အဲဒီတစ်ယောက်ကို စမ်းကြည့်တာပေါ့…"
ထိုအချိန်မှာပင် တာ့ရှားဧကရာဇ်၏ ဧကရီမိဖုရားဖြစ်သူ လနတ်သမီးသည် တာ့ရှားနန်းတော်ခေါင်မိုးထက်တွင် ပေါ်လာလေသည်။ သူမဘေးတွင်တော့ အနက်ရောင်ဘုရင်ဝတ်စုံကိုဝတ်ဆင်ထားသည့် တာ့ရှားဧကရာဇ်ရပ်နေလေ သည်။
လနတ်သမီးက နူးညံ့သိမ်မွေ့သည့်လေသံဖြင့်…
"အဲဒီ ဆန်းလျန်ကို သတ်မပစ်ဘူးဆိုရင် ရှင်ဟာ ဘယ်တော့မှ စစ်မှန်တဲ့ မူလမိစ္ဆာတစ်ပါး ဖြစ်လာမှာမဟုတ်ဘူး"
တာ့ရှားဧကရာဇ်က…
"ငါကိုယ်တော်က ငါကိုယ်တော်ပဲလေ ၊ ဘယ်တော့မှ မူလမိစ္ဆာတစ်ပါး ဖြစ်လာမှာမဟုတ်ဘူး ၊ ငါကိုယ်တော်က အသူရာချောက်ရဲ့အရှင်သခင်ဖြစ်မလာတော့ဘူးဆိုရင်တော့ အသူရာချောက်တစ်ခုလုံးကိုပါ ဆန်းလျန်နဲ့အတူ သေတွင်းကို ပို့ပစ်လိုက်တော့မယ်"