ကြယ်စင်များကိုပင်ဆင့်ခေါ်နိုင်သူ
Vol. 7 Ch. 680
လေထုထဲတွင် ဦးတည်ချက်နှင့် ဆုံမှတ်များ ပျောက်ဆုံးသွားလေသည်။
တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်သည် စစ်တုရင်ခုံကို ကန့်လတ်ဖြတ် ဖြတ်သန်းလာသကဲ့သို့ လေထုထဲတွင် ကန့်လတ်ဖြတ်ပျံသန်းလာလေသည်။ သူ၏ ဓားဝိညာဉ်မှ အတိတ်နှင့် အနာဂတ်ပင် လွတ်မြောက်နိုင်ခြင်းရှိမည် မဟုတ်ပေ။
ဆန်းလျန်၏ ဝိညာဉ်ပုံရိပ်သည် တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်များကြားတွင် ရှောင်တိမ်းကာ သွားလာနေလေသည်။ ဆန်းလျန်သည် တိုက်ခိုက်မှုများကို ရှောင်တိမ်းနေသည့်တိုင် အလွန်မှ တည်ငြိမ်အေးဆေးနေလေသည်။
တာ့ရှားဧကရာဇ်၏မျက်လုံးများသည် မွန်းတည့်ချိန်နေရောင်ကဲ့သို့ စူးရှလောင်ကျွမ်းနေလေ၏။
ယနေ့ထိ သူအာမခံနိုင်သည့်အချက်မှာ ယင်းစန်းပြည်မှ ထျန်းယီတစ်ယောက်မှလွဲပြီး အခြားသူများအားလုံးမှာ သူ၏ဓားချက်အောက်တွင် အသက်ပျောက်ခဲ့ရသည်ပဲ ဖြစ်လေသည်။ သို့သော်… ဆန်းလျန်၏ ကျင့်ကြံခြင်းအဆင့် သည် အတိတ်နှင့်အနာဂတ်ကို ကျော်လွန်နိုင်သည့် အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။ ထိုကဲ့သို့ အောင်မြင်မှုများကို ပေးအပ်ခဲ့သည့် စန့်ချင်တာအိုဆရာသခင်၏ ရည်ရွယ်ချက်ကိုလည်း သူ ရှင်းလင်းစွာနားလည်ခဲ့ ရလေသည်။
တာ့ရှားဧကရာဇ်၏မျက်ဝန်းများမှထွက်ပေါ်နေသည့် အပူရှိန်များသည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပင် ဖုံးလွှမ်းနေလေ သည်။ သူသည် ယွမ်စီမှော်မိစ္ဆာပညာကို အမွေဆက်ခံကျင့်ကြံခဲ့သော်လည်း ယွိချင်တာအိုဆရာသခင် ဖြတ်တောက် ခဲ့သည့်မကောင်းမိစ္ဆာနှလုံးသားကို ဖြတ်တောက်နိုင်ခြင်းမရှိသည့်အတွက် တာအိုဆရာသခင်ကြီး လောက်တော့ တန်ခိုးစွမ်းအားမြင့်မားနိုင်ခြင်း မရှိသေးပေ။
ယွမ်စီးမှော်မိစ္ဆာပညာကို ကျင့်ကြံခဲ့သည့်အတွက် သူ နောင်တအရဆုံးအချက်မှာ မည်သူ့ကိုမဆို လူမဆန်စွာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့်တိုင် သူသည် အမြင့်ဆုံးစွမ်းအားကို ရရှိနိုင်ခြင်း မရှိသေးခြင်း ဖြစ်လေသည်။
ယခုတော့ တာ့ရှားဧကရာဇ်သည် တာအိုဆရာသခင်ကြီး၏ ထိပ်တန်းအဆင့် ဝိညာဉ်စွမ်းအားကိုရရှိထားပြီဖြစ်သည့် တိုင် ယွမ်စီမှော်မိစ္ဆာပညာမှ ဖြစ်တည်လာသည့် မိစ္ဆာမျိုးစေ့သည် သူ့ကို သွေးဆောင်နေဆဲ ဖြစ်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တာ့ရှားဧကရာဇ်၏ ဓားဝိညာဉ်များအားလုံး ပျောက်ကွယ်သွားလေသည်။ ဆန်းလျန် သည် မိုးနှင့်မြေကို ကျော်လွန်သွားပြီး ဓားဝိညာဉ်များအားလုံးကို ရှောင်ထွက်သွားလေသည်။
ဆန်းလျန်၏မျက်ဝန်းများက တည်ငြိမ်အေးချမ်းနေသည့်တိုင် အရာအားလုံးကို ထိုးဖောက်မြင်နိုင်သည့်အလား ထင်မှတ်ရလေသည်။ တာ့ရှားဧကရာဇ်၏ ခြေအဆုံးခေါင်းအဆုံးရှိ လျှို့ဝှက်ချက်များအားလုံးသည် ဆန်းလျန်၏ မျက်ဝန်းများဆီမှ ဖုံးကွယ်မရနိုင်သည့်အလား ဖြစ်လေသည်။
သို့သော်… တကယ်တမ်းတွင်တော့ ဆန်းလျန်တွင် ထိုကဲ့သို့သော အရည်အချင်းမျိုးမရှိသည်ကို တာ့ရှားဧကရာဇ် သိထားပါလေသည်။ မည်သို့ပင်ဖြစ်စေ… ဆန်းလျန်၏အကြည့်များကို သူ အလွန်မုန်းတီးမိလေ၏။
တာ့ရှားဧကရာဇ်က နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးလိုက်လေသည်။
သူ၏လက်တွင် နဂါးတစ်ကောင်ရစ်ပတ်နေပြီး နဂါးဟိန်းသံကြီးကိုပါ ကြားလိုက်ရလေသည်။ စောစောက ကွဲအက် သွားသည့်လေထု ပြန်လည်အသားမကျသေးမိမှာပင် လေထုသည် အစိတ်စိတ်အမွှာမွှာ ထပ်မံကွဲထွက်သွားရ ပြန်လေသည်။ တာ့ရှားဧကရာဇ်၏ တိုက်ခိုက်မှုတိုင်းသည် မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်နေပြီး ကောင်းကင်နှင့် လမင်းကိုပင် သက်ရောက်မှုရှိနေလေသည်။
ခွန်သတ္တဝါဧရာမငါးကြီးသည် ထိုက်ယင်းသမုဒ္ဒရာကြီးထဲတွင် ကူးခတ်နေလေသည်။ သူမနောက်သို့ လိုက်လာသည့် မိစ္ဆာအငွေ့အသက်များကို ဖယ်ရှားရန်အတွက် အမြီးကို ယိမ်းရင်း ရှောင်တိမ်းနေလေသည်။
တာ့ရှားဧကရာဇ်၏ နဂါးလက်သီးကို ရင်ဆိုင်လိုက်ရသည့်တိုင် ဆန်းလျန်က ရှောင်တိမ်းခြင်းမရှိပါ။ သူကတောင်နှင့် မြစ်ရေသင်္ကေတကို ရေးဆွဲလိုက်ပြီး တန်ပြန်တိုက်ခိုက်လိုက်လေသည်။
တာ့ရှားဧကရာဇ်၏ ရက်စက်ကြမ်းကြုတ်လှသည့် နဂါးလက်သီးသည် တကယ့်တောင်နှင့်မြစ်များကို ဖျက်စီးပစ်နိုင် စွမ်းရှိလေသည်။ ထို့ကြောင့် ဆန်းလျန်ရေးဆွဲလိုက်သည့် တောင်နှင့်မြစ်ရေများသည် ဖျက်စီးခံရတော့ မည့်အလား ထင်မှတ်ရလေသည်။
သို့သော်… တောင်နှင့်မြစ်ရေသင်္ကေတသည် ဆန်းလျန်တကယ်တိုက်ခိုက်လိုက်သည့် တိုက်ကွက်ဖြစ်လေသည်။ ဆန်းလျန်ဖန်ဆင်းလိုက်သည့် တောင်နှင့်မြစ်ရေများသည် ညအမှောင်တွင်တောက်ပနေသည့် ပုလဲတစ်လုံးအလား တာ့ရှားဧကရာဇ်၏ နဂါးလက်သီးဆီသို့ ကြီးမားသည့်အရှိန်အဟုန်ဖြင့် တိုးဝင်သွားလေသည်။
လေထုထဲတွင် အဆုံးမရှိသည့် ပေါက်ကွဲသံများထွက်ပေါ်လာပြီး လျှပ်စီးများလည်း လက်လာလေသည်။ လေထု တစ်ခုလုံးပြိုကွဲသွားပြီး နဂါးလက်သီး၏ အမျက်ဒေါသများအားလုံးလည်း ပျောက်ဆုံးသွားရလေသည်။
တောင်နှင့်မြစ်ရေသင်္ကေတမှာ သန့်စင်သည့်အလင်းတန်းများကတော့ ဆက်လက်လင်းလက်နေဆဲ ဖြစ်လေသည်။ တန်ခိုးစွမ်းအားများ ပြင်းထန်လွန်းသည့်အတွက် တာ့ရှားဧကရာဇ်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။ တာ့ရှား ဧကရာဇ်၏ဓားဝိညာဉ်မှာလည်း တောင်နှင့်မြစ်ရေသင်္ကေတ၏ ဖျက်စီးခြင်းကို ခံလိုက်ရလေသည်။ ဓားဝိညာဉ်များမှာ တာ့ရှားဧကရာဇ်၏ အနောက်ဘက်တွင် တစ်စစီပျံ့နှံ့သွားပြီး သူ၏ နန်းတော်ကြီးပင် ပြိုကျသွားရလေတော့သည်။
သူတို့ (၂)ယောက်၏ တိုက်ပွဲသည် အသူရာချောက်မှ ပညာရှင်ပေါင်းများစွာ၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။
သူတို့ (၂)ယောက်စလုံးသည် ရဲရင့်စွာဖြင့် တိုက်ခိုက်နေကြလေရာ ပညာရှင်အများစုသည် တိုက်ပွဲကြောင့် တုန်လှုပ် ခဲ့ကြရလေသည်။
ဆန်းချင်းရွှမ်သည် အသူရာချောက်၏ သူတော်စင် (၃)ပါးထဲတွင် အတော်ဆုံးဖြစ်သည်ကို အားလုံးက သိရှိထားပြီး သားဖြစ်သည့်တိုင် ဆန်းလျန်သည် တာ့ရှားဧကရာဇ်ကို ယခုကဲ့သို့ တိုက်ရိုက်စိန်ခေါ်တိုက်ခိုက်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့မိကြပေ။
တုန်းယီဒေသ ၊ ပင်လယ်များနံဘေးရှိ တောင်တစ်တောင်ထက်တွင် အဖြူရောင်မင်းကြီး၏သားတော် ယွမ်ယန် ရှိနေလေသည်။ ယွမ်ယန်၏မျက်နှာသည် ဖြူဖပ်ဖြူလျော် ဖြစ်နေလေသည်။
သူ့ဘေးနားတွင်ရပ်နေသည့် နတ်မိစ္ဆာမဟာတန်ခိုးရှင်က ယွမ်ယန်၏ပခုံးကို တစ်ချက်ပုတ်လိုက်ရင်း…
"ညီလေးယွမ်ယန် ၊ မင်း ဘာလို့ ကျုပ်နဲ့ မလိုက်ချင်ရတာလဲ ၊ အသူရာချောက်ဟာ မင်းပါဝင်ပတ်သက်လို့ကောင်းတဲ့ နေရာတစ်ခု မဟုတ်တော့ဘူး"
ယွမ်ယန်က မကျေမနပ်ဖြင့်…
"သူတို့ နှစ်ယောက်က ဘာလို့ ဒီလောက်တန်ခိုးကြီးနေရတာလဲ ၊ ဘာကြောင့်လဲ… ၊ တကယ်ဆို ကျုပ်က အဖြူရောင်မင်းကြီးရဲ့သားတော်လေ ၊ အနာဂတ်မှာ နတ်မိစ္ဆာမျိုးနွယ်အားလုံးရဲ့ ခေါင်းဆောင်ဖြစ်လာရမှာ မဟုတ် ဘူးလား"
နတ်မိစ္ဆာမဟာတန်ခိုးရှင်က…
"အမှန်ပဲ ၊ မင်းက အနာဂတ်မှာ နတ်မိစ္ဆာမျိုးနွယ်အားလုံးရဲ့ ခေါင်းဆောင်ဖြစ်လာမယ့်သူပဲ ၊ ဒါကြောင့် ကိုယ့်ကိုကိုယ် အန္တရာယ်ကင်းအောင် နေသင့်တယ် ၊ စကြာဝဠာအရှင်ကြီးစွန်းဝူခုံးဟာ အရမ်းစိတ်ဓာတ်ကြံ့ခိုင်ပြီး အကြင်နာတရား ကင်းမဲ့ခဲ့ လို့ နှစ်အနည်းငယ်အတွင်းမှာပဲ ထိုက်ယီထျန်းရှန်းအဆင့်ကို တက်ရောက်နိုင်ခဲ့တယ် ၊ ဒါပေမယ့် တစ်ခုခု အစွန်းရောက်သွားပြီဆိုရင် အခြေအနေတွေက ပြောင်းပြန်ဖြစ်သွားနိုင်တယ် ၊ ဒါကြောင့်လည်း စကြာဝဠာအရှင်ကြီး ဟာနှစ်ပေါင်း (၅၀၀) တောင်အောက်မှာ အပိတ်ခံလိုက်ရတယ် ၊ မင်းသာ ဒီအခြေအနေတွေထဲမှာဝင်ပြီးပတ်သက် ချင်တယ်ဆိုရင် စကြာဝဠာအရှင်ကြီးလို နှစ်ပေါင်း (၅၀၀)တောင် အသက် ရှင်ခွင့်ရနိုင်မယ် မထင်ဘူး"
နတ်မိစ္ဆာမဟာတန်ခိုးရှင်၏စကားများကြောင့် ယွမ်ယန် အနည်းငယ်တည်ငြိမ်သွားသော်လည်း မကျေမနပ်တော့ ဖြစ်နေဆဲ ဖြစ်လေသည်။
သူသည် မွေးကတည်းက ဒုက္ခသုက္ခများကို ခံစားခဲ့ရပြီး နောက်ဆုံးမှ ကျင့်စဉ်လမ်းတွင် အောင်မြင်ခဲ့ရလေသည်။ သို့သော် တာ့ရှားဧကရာဇ်၏ တိုက်ခိုက်မှုအောက်တွင် လေပြင်းတိုက်ခတ်သောကြောင့် ကြွေကျသည့် သစ်ရွက်လေး ပမာရှုံးနိမ့်ခဲ့ရလေသည်။ သူသည် ယင်နှင့်ယန်မီးအိမ်ကို ရှာဖွေတွေ့ရှိခဲ့သော်လည်း ကွမ်းလုန်ကျီက ယူဆောင်သွား ခြင်းကို ခံခဲ့ရလေသည်။
သူသည်… မည်မျှ ကံဆိုးလိုက်ပါသနည်း။
အသူရာချောက်တွင် အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီး သူ့အနေဖြင့် အခွင့်အာဏာကို ချုပ်ကိုင်ရန် အချိန်ကောင်းသို့ ရောက်ရှိခဲ့လေသည်။ သို့သော်… ယခုတော့ သူသည် ဆုတ်ခွာထွက်သွားရတော့မည်။ သူ့အနေဖြင့် မည်သည့်နည်း နှင့်မှလက်မခံနိုင်ပါချေ။
နတ်မိစ္ဆာမဟာတန်ခိုးရှင်က…
"ဒီကနေထွက်သွားကြရအောင်ပါ ၊ ကျုပ်ရဲ့ဘိုးဘေးနဲ့တွေ့ဖို့ မင်းကိုခေါ်သွားပေးမယ် ၊ ကျုပ်ရဲ့ဘိုးဘေးက နတ်မိစ္ဆာ မဟာတန်ခိုးရှင်တစ်ပါးဖြစ်တဲ့ ချွီရှန်တာ့စန့်အရှင်ကြီးပဲ ၊ မင်း သူ့ဆီက နည်းနည်းလောက် သင်ယူလိုက်မယ်ဆိုရင် အဲဒီ (၂)ယောက်လုံးကို အနိုင်ယူနိုင်မှာပါ"
ယွမ်ယန်သည် အချိန်အကြာကြီး စကားမပြောဘဲ တိတ်ဆိတ်နေပြီးမှ…
"ဒါဖြင့်လည်း အစ်ကိုကြီးကိုပဲ ဒုက္ခပေးရတော့မယ်…."
ဟု ပြောလိုက်လေသည်။
နတ်မိစ္ဆာမဟာတန်ခိုးရှင်နှင့် ယွမ်ယန်တို့ စကားပြောနေကြစဉ်မှာပင် ဆန်းလျန်နှင့် တာ့ရှားဧကရာဇ်တို့မှာ အကြိမ် ပေါင်းထောင်နှင့်ချီပြီး တိုက်ခိုက်ပြီးကြပြီ ဖြစ်လေသည်။
သူတို့ထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအားအငွေ့အသက်များကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ငလျင်လှုပ်သလို တုန်လှုပ်နေပြီး တာ့ရှားဧကရာဇ်၏ ဝမ်ချန်နန်းတော်ကြီးတစ်ခုလုံးမှာလည်း ပြိုကျပျက်စီးသွားပြီ ဖြစ်လေသည်။
ကွေလိသည် တိုက်ပွဲ၏အဝေးတစ်နေရာတွင်ရှိနေလေသည်။ ရှားမျိုးနွယ်မိစ္ဆာများသည် မည်မျှပင်တိုက်ခိုက်ပါစေ သေဆုံးသွားခြင်းလည်းမရှိသလို လျော့နည်းသွားခြင်းလည်း မရှိပေ။ သူတို့သည် ကွေလိ၏ဘေးနားတွင် လှည့်ပတ် နေကြလေသည်။
သူမသည် ရောင်စဉ် (၅)မျိုး တန်ခိုးစွမ်းအားကို ကျင့်ကြံထားသည့်တိုင် ထိုမိစ္ဆာများကိုတိုက်ခိုက်ရသည်မှာ ကြီးမား သည့်စိန်ခေါ်မှု တစ်ခု ဖြစ်နေရလေသည်။
ဆန်းလျန်သည် အသူရာချောက်၏ စွမ်းအားအမြင့်မားဆုံးစစ်ဘုရင်တစ်ပါးဖြစ်သည့် တာ့ရှားဧကရာဇ်နှင့် သူသေ ကိုယ်သေ (၂)ဦးချင်း ရင်ဆိုင်တိုက်ခိုက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
တာ့ရှားဧကရာဇ်၏ အနက်ရောင်ဘုရင်ဝတ်ရုံမှာ စုတ်ပြဲနေပြီး ရင်ပတ်တစ်ခုလုံး သွေးချင်းချင်းနီရဲနေကာ ဒဏ်ရာများဖြင့်ပြည့်နေလေသည်။ သူ၏ ဆံပင်များမှာလည်း ပြေကျနေလေသည်။ သို့သော်… မည်မျှ ဒဏ်ရာ အပြင်းအထန်ရထားပါစေ သူ၏ တိုက်ခိုက်လိုသည့်စိတ်ဓာတ်သည် တစ်စက်ကလေးမှ လျော့မသွားဘဲ ထက်မြက်ပြီး ကြံ့ကြံ့ခိုင်လျှက် ရှိနေဆဲ ဖြစ်လေသည်။
ယွမ်စီမှော်မိစ္ဆာပညာ၏ မိစ္ဆာမျိုးစေ့သည် မယုံကြည်နိုင်လောက်သည့် အသက်ဓာတ်စွမ်းအားများကို ပိုင်ဆိုင်ထား လေသည်။ မပျက်စီးနိုင်သည့် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသည့် တာ့ရှားဧကရာဇ်သည် ဒုတိယစကြာဝဠာအရှင်ကြီး အလားပင် ဖြစ်လေသည်။
တာ့ရှားဧကရာဇ်က သွေးပျက်နေသည့် ပုံစံဖြင့် ရယ်မောလိုက်ရင်း…
"မင်း ကျုပ်ကိုမသတ်ဘူးဆိုရင် ၊ ကျုပ်က မင်းကို သေတဲ့အထိ နှိပ်စက်ပြီး သတ်ပြမယ်"
ဆန်းလျန်၏ မျက်နှာကတော့ ခံစားချက်ကင်းမဲ့နေလေသည်။
သူ၏ ဝတ်ရုံက သန့်စင်နေပြီး သူ၏ ဝိညာဉ်ခန္ဓာမှာလည်း ထိခိုက်မှုတစ်စက်ကလေးမှ မရှိသေးပေ။ သူက တာ့ရှားဧကရာဇ်ကို အထက်စီးမှာ တိုက်ခိုက်နေခဲ့လေသည်။
ဆန်းလျန်က…
"ကျုပ်ရဲ့ကျင့်စဉ်က မိုးနဲ့မြေကိုတောင် ပိုင်ဆိုင်နိုင်တယ် ၊ မင်း မာနကြီးနိုင်သလောက်တော့ ပြောထားဦးပေါ့ တာ့ရှားဧကရာဇ်ရယ်…"
သူ့အသံက ကြည်လင်ပြီး ရှင်းလင်းပြတ်သားနေလေသည်။
ထို့နောက် သူက တာ့ရှားဧကရာဇ်ကို ဆက်လက်တိုက်ခိုက်လိုက်လေသည်။
ထိုအချိန်မှာပင်… တိမ်များပျောက်ကွယ်သွားပြီး တောက်ပသည့်လရောင်လင်းလက်လာကာ ကောင်းကင်တစ်ခုလုံး တွင် ကြယ်စင်များဖြင့် ပြည့်နေလေသည်။
ကြယ်စင်များသည် ပုံမှန်မဟုတ်သည်ကို တာ့ရှားဧကရာဇ် သတိထားလိုက်မိလေသည်။
လင်းလက်တောက်ပနေသည့် ကြယ်စင်များသည် ကြွေကျလာကြပြီး လောကကြီးတစ်ခုလုံး တောက်ပသွားလေ သည်။
ထိုကြယ်စင်များသည် အသူရာချောက်မှ ကြယ်စင်များမဟုတ်ပါ။ စကြာဝဠာထဲတွင် ထာဝရတည်ရှိနေသည့် ကြယ်စင်အစစ်များ ဖြစ်လေသည်။ တောက်ပသောအလင်းတန်းများနှင့်အတူ အကန့်အသတ်မရှိသည့်စွမ်းအားများ ကိုထုတ်လွှတ်နေလေသည်။
ကောင်းကင်ထက်မှ မိုးများရွာသွန်းလာလေသည်။ သို့သော်… ဥက္ကာပျံမိုးများ ဖြစ်လေသည်။
အာကာသထဲမှ တောင်များအလားကြီးမားသည့် ဥက္ကာပျံများကို ဆန်းလျန်ကဆင့်ခေါ်လိုက်ခြင်း ဖြစ်လေသည်။ ထို့နောက် ဥက္ကာပျံရောင်ခြည်တန်းများအဖြစ် ပြောင်းလဲလိုက်ပြီး တာ့ရှားဧကရာဇ်ကို ထိုးနှက်တိုက်ခိုက်လိုက်လေ တော့သည်။
ထိုစွမ်းအားများသည် ကမ္ဘာဖျက်စွမ်းအားများဖြစ်ပြီး ဆန်းလျန်၏ ပုံသဏ္ဍန်သည်ပင်လျှင် အနည်းငယ် မတည်မငြိမ် ဖြစ်သွားရလေသည်။
အနက်ရောင်ယူနီကွန်းကြီးကို စီးပြီးကောင်းကင်ထက်မှပျံသန်းလာသည့် လူတစ်ယောက်သည် ထိုမြင်ကွင်းကို တိချိုးမြို့တော်အပေါ်ဘက်မှ ကြည့်နေလေသည်။ ထိုလူတွင် မျက်လုံး (၃)လုံးပါရှိလေသည်။ ထိုသူသည်ကား ဝမ်ကျုန်းပင်ဖြစ်ပါလေ၏။
ဝမ်ကျုန်းသည် မျက်မှောင်များကို ကြုတ်ထားလေသည်။
ဝူတင်၏ ပျံသန်းကြယ်စင်ကျင့်စဉ်သည်ပင်လျှင် အမြင့်ဆုံးအဆင့်ထိကျင့်ကြံအောင်မြင်မှ ယခု ဆန်းလျန်ပြုလုပ် သကဲ့သို့ ပြုလုပ်နိုင်မည် ဖြစ်လေသည်။ ဆန်းလျန် အသုံးပြုလိုက်သည့် ပညာမှာ ဝူတင်၏ပျံသန်းကြယ်စင်ကျင့်စဉ် နှင့်အခြေခံသဘောတရားများတူညီသည့်တိုင် အနည်းငယ်သာလွန်နေလေသည်။
ဝမ်ကျုန်းသည် အလွန်မှ အံ့သြတုန်လှုပ်နေခဲ့လေသည်။
ထို ဆန်းလျန် ဆိုသူသည် မည်သို့သော မကောင်းဆိုးဝါးမျိုး ဖြစ်ပါသနည်း။ ဝမ်ကျုန်းသည် ဆရာဖြစ်သူ ယွမ်ကျွင်းဧကရီအတွက် လက်စားချေမည့်အစီအစဉ်ကိုပင် တစ်ယောက်တည်း ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
ဥက္ကာပျံကြယ်စင်မိုးများရွာသွန်းသည့်အတွက် ကောင်းကင်တစ်ခုလုံးသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလေ သည်။ တာ့ရှားဧကရာဇ်၏ ဝိညာဉ်သည် ကြီးမားသည့် ဖိအားများကို ရင်ဆိုင်လိုက်ရလေသည်။ သူ့ဘဝတွင် ထိုကဲ့သို့ အကြပ်ရိုက်သည့်အခြေအနေကို ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းဖြစ်လေသည်။