မြားခုနစ်စင်းကျမ်းစာ
Vol. 7 Ch. 683
"ဒါဆို ဒီပြဿနာကို ဘယ်လိုဖြေရှင်းမှာလဲ…"
ယီကျီးက မေးလိုက်လေသည်။
ဆန်းလျန်က…
"သူ့ကိုရှင်းပစ်ရမှာပေါ့ ၊ ဒါပေမယ့် သူက အပုန်းတော်တယ် ၊ ဒါကြောင့် သူ့ကို ခြေရာခံဖို့ သိပ်မလွယ်ဘူး"
ယီကျီးသည် ဆန်းလျန်၏စကားများကြောင့် စိတ်သက်သာရာ ရသွားလေသည်။
ဆန်းလျန်ပြောသည့် "သိပ်မလွယ်ဘူး" ဆိုသည့်စကားမှာ "မဖြစ်နိုင်ဘူး" ဆိုသည့်စကားမှ မဟုတ်လေပဲ။
ယီကျီးက…
"ကျွန်တော် ဘာဆက်လုပ်ရမလဲ"
ဆန်းလျန်က…
"တိုင်းပြည်ကိုစောင့်ရှောက်ပြီး တိုင်းသူပြည်သားတွေကို နှစ်သိမ့်လိုက်ပါ ၊ ပြီးတော့ မင်းလုပ်နေကျအလုပ်တွေပဲ ဆက်လုပ်နေပါ ၊ ကျန်တာကို ကျုပ်တာဝန်ထားလိုက်…"
ဆန်းလျန်ဆီမှ အမိန့်ရသည်နှင့် ယီကျီးလည်း ပြန်သွားလေတော့သည်။
ဆန်းလျန်သည် ယီကျီးလုပ်ဆောင်သမျှ တိုင်းရေးပြည်ရာစီမံဆောင်ရွက်မှုများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ ထို့ကြောင့် ယီကျီး၏ရည်မှန်းချက်များဖြစ်လာနိုင်ပြီး ကျင့်ကြံရန်အတွက် အခွင့်အရေးလည်းရမည် ဖြစ်လေသည်။ ခဲတစ်လုံးတည်းဖြင့် ငှက် (၂)ကောင် ပစ်ခြင်းဖြစ်သလို ဆန်းလျန်ကလည်း သူ့ကိုကတိပေးထားသည့်အတိုင်း ဖြည့်ဆည်းပေးခြင်း ဖြစ်လေသည်။
ယီကျီးထွက်သွားတော့မှ ဆန်းလျန်က သက်ပြင်းတစ်ချက် ချလိုက်လေသည်။ ရေမိစ္ဆာမယ်ကို ရှာဖွေရန်မှာ လွယ်ကူ သည့်ကိစ္စမဟုတ်ပါ။ သူမသည် ယင်းလုန်လောက် တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိပေ။ သို့သော်… သူမကို ခြေရာခံ နိုင်ရန်မှာ ခက်ခဲလေသည်။
ထို့ပြင် ယခုကဲ့သို့ ရေမိစ္ဆာမယ် ခြေရာဖျောက်ပုန်းအောင်းနေခြင်းမှာ သူ့တစ်ယောက်တည်း၏ တန်ခိုးစွမ်းအားဖြင့် တော့မဟုတ်ပေ။ တစ်စုံတစ်ယောက်က သူကို ပုန်းအောင်းနေနိုင်ရန် ကာကွယ်ပေးနေခြင်း ဖြစ်လေသည်။
ထိုသို့ကာကွယ်ပေးနေသူမှာ မည်သူဖြစ်သည်ကို ဆန်းလျန်သည် လုံး၀ ခန့်မှန်းမရဖြစ်နေလေသည်။
အသူရာချောက်သည် ကြီးမားကျယ်ပြန့်သည့်နေရာတစ်ခု ဖြစ်ပါသည်။ သို့သော်… စကြာဝဠာ ၊ နဂါးငွေ့တန်းတို့နှင့် ယှဉ်လျှင်တော့ ပြောစမှတ်ပြုစရာမလိုပေ။ သို့သော်… ရေမိစ္ဆာမယ်၏နောက်ကွယ်မှလူကတော့ မလွယ်သည့် လူတစ်ယောက် ဖြစ်လေသည်။
ဆန်းလျန်သည် အခက်အခဲပြဿနာကို ကြောက်ရွံ့သူတစ်ယောက်မဟုတ်ပါ။ သို့သော်… သူမကြိုက်သည့်အချက် မှာပြဿနာ၏အရင်းအမြစ်ကို မသိနိုင်ခြင်း ဖြစ်လေသည်။ ထိုသို့ မသိနိုင်သည့်အတွက် သူ့ဘက်မှ တစ်ပန်းရှုံးလေ သည်။
ရေမိစ္ဆာမယ်၏သဲလွန်စကို ရှာမတွေ့မချင်း တိုင်းပြည်တွင် ရေပြတ်လပ်မှုကတော့ ဆက်ဖြစ်နေမည် ဖြစ်လေသည်။ သူက ရေမိစ္ဆာမယ်ကို လွယ်လွယ်ကူကူဖြင့် ထွက်ပေါ်လာမည်ကိုလည်း မလိုလားပါ။ အဘယ်ကြောင့်ဆိုသော်… သူမ၏နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နေသူကို သိချင်သောကြောင့် ဖြစ်လေသည်။
ထို့ပြင်… ယွမ်စီမှော်မိစ္ဆာနှလုံးသားကိုလည်း ထိန်းချုပ်ရန် လိုအပ်နေသေးသည်။ ထိုကိစ္စမအောင်မြင်ခင်သူ့အနေဖြင့် လှုပ်ရှားမှုပြုရန်လည်း မသင့်တော်သေးပေ။
ဆန်းလျန်အတွေးလွန်နေစဉ်မှာပင် သူ့စိတ်ထဲတွင် တစ်ချက်လှုပ်ခတ်သွားလေသည်။
ရှီးလျန်မြို့တော်ရှိ အပြာရောင်ခရီးရှည်နန်းတော်ရှေ့တွင် အနီရောင်ဝတ်ဆင်ထားသည့် မိန်းကလေး တစ်ယောက် ပေါ်လာလေသည်။ အစောင့်စစ်သည်တော်များမှာလည်း ကျင့်ကြံသူများဖြစ်ကြလေရာ သူမကို တားဆီးလိုက်ကြ လေသည်။
သို့သော်… အစောင့်စစ်သည်တော်များက ဆန်းလျန်ကို သတင်းမပို့မီမှာပင် ဆန်းလျန်၏ အသံထွက်ပေါ်လာလေ သည်။
"သူ့ကိုဝင်လာခိုင်းလိုက်…."
အနီရောင်ဝတ်မိန်းကလေးသည် အပြာရောင်ခရီးရှည်နန်းတော်အတွင်းသို့ ဝင်ရောက်လာလေသည်။
သူမ၏ ငယ်ရွယ်ပြီးချစ်စရာကောင်းသည့်မျက်နှာလေးသည် တည်ကြည်လေးနက်နေလေသည်။ သို့သော်… သူမသည် ရန်ပြုလိုခြင်းမရှိကြောင်း သိသာနေလေသည်။ သူမသည် နန်းတော်ခန်းမဆောင်အတွင်းသို့ရောက်သည် နှင့် ဆန်းလျန်ကို တွေ့လိုက်ရလေသည်။
သို့သော်… ဆန်းလျန်သည် ကျောက်သလွန်တစ်ခုထက်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူမကို ကျောခိုင်းထားလေ သည်။
သူတို့ (၂)ယောက်ကြားတွင် ပုတီးစေ့လိုက်ကာသည်လည်း ခြားနားလျှက်ရှိလေသည်။
မိန်းကလေးက ဆန်းလျန်ကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
"ဖူဟောင် ရှန်းကျွင်းအရှင်ကို ဂါရဝပြုပါတယ်"
ဆန်းလျန်က…
"မင်းက ဘာလို့ကျုပ်ကို ရှန်းကျွင်းအရှင်လို့ ခေါ်ရတာလဲ"
ဖူဟောင်က…
"လူတိုင်းဒီလိုပဲ ခေါ်ကြတာလေ"
သူမသည် ပတ်ဝန်းကျင်ကို စပ်စပ်စုစုဖြင့် လေ့လာနေခဲ့သော်လည်း သူမအလွန်မှ လေးစားရသည့်လူ၏မျက်နှာကို တော့မြင်တွေ့ရခြင်း မရှိသေးပါ။
သို့သော်… သူမရှေ့မှလူသည် ဆန်းလျန်ဖြစ်သည်ကို သံသယမဝင်မိပါ။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် အပြာရောင်ခရီးရှည်နန်းတော်ဖြစ်ပြီး အသူရာချောက်တွင် ဆန်းလျန်အဖြစ် ဟန်ဆောင်ရဲသူ တစ်ယောက်မှ မရှိပေ။
ဆန်းလျန်ကရယ်မောလိုက်ရင်း…
"သူတို့ဟာသူတို့ ဘယ်လိုခေါ်ခေါ်ပေါ့ ၊ မင်းအမေက ကျုပ်လက်အောက်က နတ်သမီးတစ်ပါးပဲ ၊ ဒါကြောင့် ကျုပ်ကို နတ်ဘုရားဆရာလို့ပဲခေါ်ပါ"
"ဟုတ်ကဲ့…"
ဖူဟောင်ကပြောလိုက်လေသည်။
"ကျွန်မ နတ်ဘုရားဆရာကို ပစ္စည်းတစ်ခုပေးစရာရှိလို့ပါ"
ဖူဟောင်က စာလိပ်လေးတစ်ခုကို ထုတ်ယူလိုက်လေသည်။
ထိုစာလိပ်လေးထံမှ နူးညံ့သည့်စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရလေသည်။ ထိုစာလိပ်ပေါ်တွင် "မြားခုနစ်စင်းကျမ်းစာ" ဟု ရေးသားထားလေ သည်။
ထိုစကားလုံးများကိုမြင်တွေ့လိုက်ရသည်နှင့် ထိုစာအုပ်၏လျှို့ဝှက်သမိုင်းကြောင်းကို သိရှိကြသည့် ကျင့်ကြံသူများစွာ သည်စိတ်လှုပ်ရှားသွားကြမည် ဖြစ်လေသည်။ သို့သော်… ဆန်းလျန်ကတော့ အေးဆေးတည်ငြိမ်နေဆဲပင်။
ဆန်းလျန်က…
"ဒါ တကယ်အဖိုးတန်တဲ့ပစ္စည်းပဲ"
ဖူဟောင်က…
"ဆရာလုယာပြောလိုက်တာက ဒီပညာကို ပေါ့ပေါ့တန်တန်သဘောမထားပါနဲ့တဲ့ ၊ နတ်ဘုရားဆရာရဲ့အဆင့် အတန်းနဲ့ဆိုရင် အမြင့်ဆုံးအဆင့်အဖြစ် တစ်ကြိမ်အသုံးပြုနိုင်ပါလိမ့်မယ်တဲ့ ၊ ဒါပေမယ့် တစ်ကြိမ်ထက်ပိုပြီးအသုံးပြု မိရင်တော့ ကံဆိုးရလိမ့်မယ်တဲ့ ၊ ဒါကြောင့် ဉာဏ်နဲ့ယှဉ်ပြီးအသုံးပြုပါလို့ မှာလိုက်ပါတယ်"
ဆန်းလျန်က…
"ကျုပ်သိပါပြီ ၊ ဒါနဲ့ မင်းအခုပြန်တော့မလို့လား"
ဖူဟောင်က…
"ကျွန်မအမေနဲ့ သွားတွေ့မလို့ပါ"
သူမစကားဆုံးသွားသည်နှင့် ဆန်းလျန်သည် သူမရှေ့တွင် ပေါ်လာလေသည်။
သို့သော်… ပုတီးစေ့လိုက်ကာကြားရှိ ကျောက်သလွန်ထက်တွင် ကျောခိုင်းပြီး တင်ပျဉ်ခွေထိုင်နေသည့် ဆန်းလျန်ကလည်း ယခင်အတိုင်းပင် ရှိနေလေသည်။
ဖူဟောင်၏ရှေ့မှ ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကျုပ်လည်း ကိစ္စတစ်ခုလုပ်ဖို့အတွက် မြောက်ပိုင်းကိုသွားစရာရှိတယ် ၊ မင်းကျုပ်နဲ့လိုက်ခဲ့ပါလား ၊ မင်းအမေနဲ့တွေ့ ဖို့လည်း မင်းကိုခေါ်သွားပေးမယ်လေ"
ဖူဟောင်သည် ခဏတာမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးမှ သဘောတူလိုက်လေသည်။
သူမသည် ပျော်ရွှင်နေလေသည်။ အသူရာချောက်တွင် ဆန်းလျန်အနားတွင်မနေချင်သူ မည်သူရှိပါမည်နည်း။
ဆိုရိုးတစ်ခုရှိသည်မှာ -
"လူတစ်ယောက် တရားရကာ နတ်ဘုရားတစ်ပါးဖြစ်သွားလျှင် သူ၏အိမ်မွေးတိရစ္ဆန်များသည်လည်း ကောင်းကင်ဘုံ သို့ရောက်ကြရမည်"
ဟူ၍ဖြစ်လေသည်။
ထိုဆိုရိုးမှာ မှန်ကန်လေသည်။ ဆန်းလျန်အနားတွင်နေထိုင်ရလျှင် များပြားလှစွာသည့်အကြောင်းအရာများကို သင်ယူနိုင်မည် ဖြစ်လေသည်။ ထို့ပြင် ဖူဟောင်သည် ဆန်းလျန်ကို အလွန့်အလွန်ရိုသေလေးစားသူဖြစ်ရကား ဆန်းလျန်စိတ်ပျက်အောင် မည်သည့်အခါမှ လုပ်မည့်သူမဟုတ်ပေ။
သို့သော်… သူမရှေ့တွင်ရပ်နေသည့်ဆန်းလျန်သည့် နတ်ဘုရားဆရာ၏ ကိုယ်ပွားတစ်ခုသာဖြစ်ကြောင်း ရိပ်မိထား လေသည်။
ဆန်းလျန်၏ကိုယ်ပွားသည် တန်ခိုးစွမ်းအားများစွာရှိမည်မဟုတ်ပေ။ သို့သော်… စစ်မှန်သည့်အခြေအနေတစ်ခုတွင် တော့ရှိနေဆဲ ဖြစ်လေသည်။ ဆန်းလျန် ဖူဟောင်နှင့်အတူ ခရီးထွက်ချိန်တွင် သူ၏ တည်ရှိမှုကို နတ်ဘုရားများစွာက အာရုံခံမိကြလေရာ နတ်ဘုရားများသည် သူတို့လုပ်လက်စအလုပ်များကို ရပ်ထားကြပြီး သူတို့ကို နှုတ်ဆက်စကား ဆိုကြလေသည်။
ဆန်းလျန်က သူတို့တစ်ယောက်ချင်းစီကို နှုတ်ဆက်မနေအားပါ။ သူက ဖူဟောင်ကိုခေါ်ကာ ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားပြီး ပျောက်ကွယ်သွားလေတော့သည်။
သူတို့သည် တာ့ရှားပြည်နယ်နိမိတ်ကိုဖြတ်ကျော်ကာ မြောက်ပိုင်းသို့ ဦးတည်လိုက်ကြလေသည်။
မြောက်ပိုင်းဒေသတွင် မျိုးနွယ်စုများစွာ ရှိလေသည်။ မြောက်ပိုင်းဒေသမှ မျိုးနွယ်စုများသည် လူရိုင်းမျိုးနွယ်များ ဖြစ်ကြပြီး မြောက်ပိုင်းဒေသတစ်ခုလုံးသည် အဆုံးမရှိသည့် မြက်ခင်းပြင်များ ၊ တောင်တန်းများဖြင့် ပြည့်နက်လျှက် ရှိလေသည်။
ကောင်းကင်ကပြာပြီး တောကနက်ရှိုင်းလေသည်။
မြက်ခင်းပြင်များတွင် ကျွဲ ၊ နွား ၊ သို့များဖြင့် ပြည့်နက်နေခြင်းမရှိပါ။ သို့သော် မိစ္ဆာသားရဲများဖြင့် ပြည့်နေလေသည်။
မြောက်ပိုင်းဒေသသည် အခြားသောဒေသများနှင့်မတူကွဲပြားလေသည်။ မိစ္ဆာသားရဲအရေအတွက်များပြားပြီး သားရဲများအားလုံးမှာလည်း စွမ်းအားကိုယ်စီရှိကြလေသည်။ သားရဲများအာလုံးသည်လည်း သွေးနှောများဖြစ်ကြ သည်ဟု ဆိုစမှတ်ရှိကြလေသည်။
ထို့ပြင် မြောက်ပိုုင်းဒေသမျိုးနွယ်စုများမှာလည်း မျိုးဆက်ပေါင်းများစွာ ရှင်သန်ပြီး အစွမ်းထက်မြက်သူများ ဖြစ်ကြ လေသည်။
တာ့ရှားပြည်နယ်ခြားအစောင့်တပ်မှာ မြောက်ပိုင်းဒေသမျိုးနွယ်စုများကို ခိုင်မာစွာပိတ်ဆို့ထားနိုင်သည့်အတွက်သာ မြောက်ပိုင်းမျိုးနွယ်စုများသည် တာ့ရှားပြည်ကို ခြိမ်းခြောက်လာနိုင်ခြင်း မရှိခြင်း ဖြစ်လေသည်။
မြောက်ပိုင်းနယ်ခြားစောင့်တပ်ကိုဦးဆောင်သူမှာ တာ့ရှားဧကရာဇ်၏ တစ်ဦးတည်းသောသားတော်ဖြစ်လေသည်။ သူသည် ကျင့်စဉ်လမ်းအဆင့်မြင့်မားသည့်တိုင် ဆန်းလျန်လောက်တော့ တန်ခိုးစွမ်းအားမြင့်မားခြင်း မရှိပေ။ ထို့ပြင် တာ့ရှားပြည် ပျက်စီးသွားပြီးသည့်နောက် သူက တာ့ကျိုးပြည်ကိုတိုက်ခိုက်ရန်အတွက် စစ်အင်အားစုဆောင်းခြင်း များကိုမပြုလုပ်ခဲ့ပေ။
ဆန်းလျန် မြောက်ပိုင်းသို့သွားရသည့်အကြောင်းရင်းမှာ တာ့ရှားဧကရာဇ်၏သားတော်ကို သွားရောက်တိုက်ခိုက်ခြင်း မဟုတ်ပါ။ ဆန်းလျန်သည် မည်သူ့ကိုမှ အလွတ်မပေး အမြစ်ပြတ်သုတ်သင်ပစ်တတ်သည့် လူတစ်ယောက် မဟုတ်ပေ။
မြောက်ပိုင်းမျိုးနွယ်စုများသည် မည်သည့်အခါမှ စည်းလုံးညီညွတ်ခဲ့ကြသည် မရှိပေ။ သူတို့ကိုယ်ပိုင်နယ်မြေများဖြင့် သာနေထိုင်ကြလေသည်။
သို့သော်… သူတို့ထဲတွင် အကြီးမားဆုံးတိုင်းပြည်တစ်ခုမှာ ချုန်းကော်တိုင်းပြည်ဖြစ်လေသည်။
ချုန်ကော်တိုင်းပြည်၏ ဘုရင်ကို တာ့ရှားဧကရာဇ်က ချုန်းဟိုဆိုသည့်အမည်ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့လေသည်။ မြောက်ပိုင်းတွင် တာ့ရှားဧကရာဇ်အသိအမှတ်ပြုခံရသည့် မျိုးနွယ်စုမှာ ရှားပါးလေသည်။ ထို့ကြောင့် ချုန်းဟို ဆိုသည့်အမည်မှာ တာ့ရှားဧကရာဇ်ချီးမြှင့်သည့် အမည်ဖြစ်သည့်အတွက် ချုန်းကော်တိုင်းပြည်ဘုရင်က သူတို့၏ မျိုးနွယ်အဖြစ် တရားဝင် သတ်မှတ်လိုက်လေသည်။
ချုန်းကော်တိုင်းပြည်သည် တိုးတက်အောင်မြင်သည့်တိုင်းပြည်တစ်ခုဖြစ်သော်လည်း နန်းတွင်းရေးရာပဋိပက္ခလေး အနည်းငယ်တော့ ရှိနေခဲ့လေသည်။ ထိုပဋိပက္ခများမှာ ချုန်းကော်တိုင်းပြည်၏ မင်းသားငယ် (၂)ပါးနှင့်ပတ်သက်နေ လေသည်။
ချုန်းကော်တိုင်းပြည်ဘုရင်တွင် သားတော် (၂)ပါးရှိလေသည်။
ပထမသားတော် မွေးကင်းစအရွယ်ကတည်းကပင် နတ်ဘုရားတစ်ပါးက တပည့်အဖြစ် မွေးစားကာ ပညာသင်ပေးခဲ့လေသည်။ ပြောကြသည်မှာတော့ ပထမသားတော်သည် ကျားမိစ္ဆာတစ်ပါး လူပြန်ဝင်စားခြင်း ဖြစ်သည်ဟု ဆိုလေသည်။ ထို့ကြောင့် ချုန်းဟိုဘုရင်က သားတော်အကြီးကို ချုန်းဟိုဟူဟု အမည်ပေးခဲ့လေသည်။ သူသည် ချုန်းဟိုဟူကို ချုန်းကော်တိုင်းပြည်၏ အနာဂတ်ဘုရင်ဖြစ်လာစေရန် မျှော်လင့်ခဲ့မိလေသည်။
သို့သော်… မကြာမီပင် ချုန်းဟိုဘုရင်တွင် ဒုတိယသားတော်တစ်ပါး မွေးဖွားခဲ့ပြန်လေသည်။
ထိုသားတော်ကို မွေးမွေးချင်းပင် နတ်ဘုရားနိမိတ်များထင်ဟပ်လာပြီး ကျားနက်တစ်ကောင်၏ သူ၏ခန္ဓာကိုုယ် ထက်တွင်မွေးရာပါ အမှတ်အသား ပါရှိလေသည်။
ပထမသားတော်ကို ချုန်းဟိုဟူဟု အမည်ပေးခဲ့ပြီးသည့်အတွက် ကျားအနွယ်တစ်ယောက်ဖြစ်သည့် ဒုတိယ သားတော်ကိုလည်း ချုန်းဟိုဟူဆိုသည့်အမည် ထပ်ပေး၍ မဖြစ်တော့ပြီ။ ထို့ကြောင့် သားတော်အငယ်ကို ချုန်းဟိုဟေးဟူဟု အမည်ပေးလိုက်လေသည်။ နောက်ပိုင်းတွင် ခေါ်ရလွယ်ရန်အတွက် ဒုတိယသားတော်ကို ချုန်းဟေးဟူဟု ခေါ်ကြလေသည်။
(ဟူ = ကျား ဟု အဓိပ္ပါယ်ရ ၊ ဟေးဟူ = ကျားနက် - ဘာသာပြန်သူ)
သားတော်အကြီးချုန်းဟိုဟူသည် အမှန်တကယ်ပင် ကျားမိစ္ဆာဝင်စားခြင်းဖြစ်လေသည်။ သူသည် အသက် (၁၀)နှစ် အရွယ်တွင်ပင် တိုင်းပြည်၏ ထိပ်တန်းစစ်သည်တော်တစ်ယောက် ဖြစ်လာခဲ့လေသည်။ ထို့ပြင် သူသည် နတ်ဘုရား ကျင့်စဉ်များကို ကျင့်ကြံခဲ့ပြီး များပြားလှစွာသည့် အစွမ်းထက်မိစ္ဆာသားရဲများသည် သူ့ကို လုံးဝယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ ပေ။
သို့သော်… ချုန်းဟိုဟူသည် သူ၏ညီငယ်ဖြစ်သူ ချုန်းဟေးဟူကို အလွန်မုန်းတီးလေသည်။
သူက ညီဖြစ်သူ ထိခိုက်ဒဏ်ရာရအောင် နည်းမျိုးစုံဖြင့် အကောက်ကြံလေ့ရှိလေသည်။ သို့သော်… ချုန်းဟေးဟူကို နတ်ဘုရားအလင်းတန်းများက အမြဲတမ်းကာကွယ်ပေးထားလေသည်။ ထို့ကြောင့် သူက ညီဖြစ်သူကို ဒုက္ခပေးရန် ကြိုးစားတိုင်း နတ်ဘုရားအလင်းတန်းများထွက်ပေါ်လာပြီး ချုန်းဟိုဟူသာလျှင် နာကျင်ဒဏ်ရာရရစမြဲ ဖြစ်လေသည်။
ချုန်းဟေးဟူသည် အစ်ကိုဖြစ်သူ၏ရန်မှ သူ့ကိုယ်သူကာကွယ်ရန် တတ်နိုင်သော်လည်း သူ့အစ်ကိုကဲ့သို့ အရည်အချင်းရှိသူတစ်ယောက် မဟုတ်ပါချေ။ ထို့ကြောင့် သူ၏နေ့ရက်များသည် လွယ်ကူခြင်းမရှိခဲ့ပါ။
သို့သော်… ချုန်းဟေးဟူသည် ပျော်ပျော်နေတတ်ပြီး လူများအပေါ်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံတတ်သူ တစ်ယောက် ဖြစ်သည့်အတွက် တိုင်းသူပြည်သားများက သူ့ကိုပိုပြီး ချစ်ခင်ကြလေသည်။ ထို့ကြောင့် ချုန်းဟိုဟူ သည်မနာလိုဖြစ်ကာ ချုန်းဟေးဟူနှင့်အဆင်ပြေသည့် လူများကို လက်စားချေပစ်လေ့ရှိလေသည်။
ထိုသို့သောအခြေအနေများကြောင့် ချုန်းဟေးဟူမှာ စိတ်မကောင်းဖြစ်ရရုံမှတစ်ပါး မည်သို့မှ မတတ်နိုင်ခဲ့ပေ။
ချုန်းဟိုဘုရင်ကြီးအသက်အရွယ်ကြီးရင့်လာသည့်အခါ ညီအစ်ကို (၂)ယောက်ကြားမှ အခြေအနေတင်းမာမှုများမှာ တဖြည်းဖြည်းမြင့်မားလာလေသည်။ ချုန်းဟေးဟူမှာ သူ့အသက်ကိုသာ ကာကွယ်နေရပြီး အခြေအနေအရပ်ရပ် သည် သူ့အတွက် ခက်ခဲလျှက်ရှိလေတော့သည်။
တစ်နေ့တွင်တော့…
ချုန်းဟေးဟူသည် စိတ်ဓာတ်ကျပြီး အမဲလိုက်ခရီးတစ်ခုထွက်ခွာသွားရန် ဆုံးဖြတ်လိုက်လေတော့သည်။