← Chapters

ကျားမိစ္ဆာကျင့်စဉ်

Vol. 7 Ch. 684

ကျားမိစ္ဆာကျင့်စဉ်

Vol. 7 Ch. 684

ချုန်းဟေးဟူတွင် သူ့ကိုကာကွယ်ပေးသည့် နတ်ဘုရားအလင်းတန်းရှိနေသဖြင့် မည်သူမှ သူ့ကို နာကျင်အောင် မလုပ်နိုင်ပေ။

သူက စိတ်ပြေလက်ပျောက် အမဲလိုက်ခရီးထွက်လာခြင်းဖြစ်ပြီး မည်သူနှင့်မှ အပေါင်းအသင်းလုပ်လိုစိတ်မရှိပေ။ ထို့ကြောင့် သူက သူ၏ မြင်း ၊ လေးနှင့်မြားကိုယူဆောင်ကာ မြောက်ပိုင်းကုန်းပြင်မြင့်များဆီသို့ ထွက်လာခဲ့လေတော့ သည်။

ယခုနှစ်များအတွင်းတွင် အသူရာချောက်တွင် ယန်စွမ်းအားများ သိသိသာသာကျဆင်းလာပြီး ယင်စွမ်းအားများက သိသိသာသာ မြင့်တက်လာခဲ့လေသည်။ ထို့ကြောင့် ဆောင်းတွင်းကာလာသို့ မရောက်သေးသည့်တိုင် ရာသီဥတုက အေးစိမ့်လျှက်ရှိလေသည်။ ချုန်းဟေးဟူသည် ကျန်းမာသန်စွမ်းသည့် လူငယ်လေးတစ်ယောက်ဖြစ်သည့်တိုင် အအေးဓာတ်ကိုခံစားနေခဲ့ရလေသည်။ လေပြေလေးတိုက်ခတ်လာသည့်အခါ ချမ်းအေးလွန်းသည့်အတွက် အနည်းငယ်ပင် တုန်တုန်ယင်ယင်ဖြစ်သွားရှာလေသည်။

ထိုအချိန်မှာပင်…

အရှေ့ဆီမှ တောအုပ်ထဲရှိ သစ်ရွက်များလှုပ်ရှားလာကြပြီး သစ်ကိုင်းများထက်တွင် အရိပ်များထွက်ပေါ်လာကြလေ သည်။ နတ်မိစ္ဆာသားရဲအသိုက်တစ်ခုကို ဖြစ်လေမည်လားဟု တွေးမိသည့်အခါ ချုန်းဟေးဟူသည် ကျောရိုးထဲအထိ စိမ့်သွားအောင် ကြောက်ရွံ့သွားမိလေသည်။

သူသည် လေးနှင့်မြားကိုဆွဲထုတ်လိုက်ကာ တောအုပ်အတွင်းသို့ ချိန်ရွယ်လိုက်လေသည်။

အချိန်ကြာလာလေလေ အရိပ်များကပိုပြီးထင်ရှားလာပြီး သစ်ပင်များကလည်း ပိုပြီး လှုပ်ရမ်းလာကြလေသည်။

ချုန်းဟေးဟူသည် နတ်ဘုရားအလင်းတန်းများဖြင့် သူ့ကိုယ်သူကာကွယ်ထားလိုက်လေသည်။ သို့သော်… သူသည် ကြောက်ရွံ့နေဆဲ ဖြစ်လေသည်။ ကြောက်လွန်းသဖြင့် ချွေးစေးများပင် ပျံလာလေတော့သည်။

သူ အလွန်စိတ်ရှုတ်ထွေးနေဆဲမှာပင် တောအုပ်ထဲမှ ကြီးမားသည့်တီကောင်ကြီးတစ်ကောင် ထွက်ပေါ်လာလေ သည်။ တီကောင်ကြီးမှာ အနက်ရောင်ဖြစ်ပြီး အမွှေးများလည်းပါရှိကာ မျက်လုံးများကလည်း တောက်ပလျှက်ရှိလေ ၏။

မကြာမီမှာပင် လေပြင်းများတိုက်ခတ်လာပြီး သူစီးနင်းလာသည့်ကမြင်းမှာ သေသေချာချာလေ့ကျင့်ပေးထားသည့် စစ်မြင်းတစ်ကောင်ဖြစ်သည့်တိုင် ဆက်လက်ရပ်တန့်နေနိုင်ခြင်းမရှိတော့ဘဲ တစ်ချက်ဟီလိုက်လေသည်။ ချုန်းဟေးဟူသည် မည်သို့မှ မတတ်နိုင်တော့ဘဲ မြားကို ပစ်လွှတ်လိုက်မိလေသည်။

သို့သော်… ချုန်းဟေးဟူ အလွန်အံ့သြထိတ်လန့်သွားလေသည်။

အဘယ်ကြောင့်ဆိုသော်… သူ၏မြားသည် တီကောင်ကြီးကို မပစ်မိဘဲ ကျားနက်ကြီးတစ်ကောင်ကို ပစ်မိသွားသော ကြောင့်ဖြစ်လေသည်။

ကျားနက်ကြီးသည် သူ့ကို ချက်ချင်းပင် ခုန်အုပ်လိုက်လေသည်။ ထိုအခါ… သူ၏စိတ်အာရုံအတွင်းသို့ မှတ်ဉာဏ်များ စွာစီးဆင်းဝင်ရောက်လာသည့်အတွက် ခေါင်းများပင် မူးဝေသွားရပြီး မြင်းပေါ်မှ ပြုတ်ကျသွားရတော့သည်။

သူ၏မြင်းသည်ကြောက်လန့်သွားပြီး သခင်ဖြစ်သူကိုပင်စွန့်ပစ်ကာ ကဆုန်ပေါက်ပြီး မြို့တော်ရှိရာသို့ ပြန်ပြေးသွား လေသည်။

ချုန်းဟေးဟူက မျက်လုံးများကို ဖွင့်ကြည့်လိုက်လေသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ကိုကာကွယ်ပေးထားသည့် နတ်ဘုရားအလင်းတန်းများမှာ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

နတ်ဘုရားအလင်းတန်းများပျောက်ကွယ်သွားပြီး မြင်းပေါ်မှ မြေပြင်ထက်သို့ အရှိန်ဖြင့် ပြုတ်ကျသည့်အတွက် နာကျင်သည်မှာ မဆန်းလှပါ။

ထိုအချိန်မှာပင်…

သူ့မျက်ဝန်းများရှေ့တွင် လက်တစ်ဖက်ပေါ်လာလေသည်။

သူသည် ကံကောင်းသွားသည်ဟု ခံစားလိုက်ရပြီး ထိုလက်ကို ဆုပ်ကိုင်လိုက်လေသည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ် တစ်ခုလုံးနွေးထွေးသွားပြီး ရုပ်ပိုင်းဆိုင်ရာနာကျင်မှုများ သက်သာသွားရလေသည်။ သူက ခေါင်းမော့ကြည့်လိုက် လေရာ  သူ့ရှေ့တွင်ရပ်နေသည့် ငယ်ရွယ်သည့်တာအိုဆရာတစ်ယောက်ကို တွေ့လိုက်ရလေသည်။

တာအိုဆရာ၏ပုံစံမှာ အိပ်မက်ဆန်လွန်းလှပြီး လူ့လောကမှ လွတ်မြောက်နေသည့်အလား ခံစားရလေသည်။

ချုန်းဟေးဟူသည် တာအိုဆရာလူငယ်၏လက်ကိုလွှတ်လိုက်ပြီး ချက်ချင်းပင်ဒူးထောက်လိုက်လေသည်။ ထို့နောက် သူက တာအိုဆရာလူငယ်လေး၏ ခြေထောက်ကိုဖက်ကာ ငိုကြွေးလေတော့သည်။

"သခင်လေး… နောက်ဆုံးတော့ ကျွန်တော့်ကို သတိရပြီပေါ့"

သူသည် လူတစ်ယောက်အဖြစ် ပြန်ဝင်စားခဲ့သော်လည်း ကျားနက်ကြီးဘဝမှ မှတ်ဉာဏ်များကို ပြန်လည်ရရှိသွား သည့်အခါ ယခင်ဘဝမှအပြုအမူအတိုင်း လုပ်ဆောင်လိုက်မိခြင်း ဖြစ်လေသည်။

ထိုအချိန်မှာပင်… နူးညံ့သည့်ရယ်မောသံလေးနှင့်အတူ မိန်းကလေးတစ်ယောက်၏ စကားသံထွက်ပေါ်လာလေ သည်။

"နတ်ဘုရားဆရာ ၊ ဒီလူက ဘယ်လိုဖြစ်လို့ ခွေးတစ်ကောင်လို ပြုမူနေရတာလဲ"

ဆန်းလျန်က…

"ထပါ…"

ဟု ပြောလိုက်လေသည်။

ချုန်းဟေးဟူက မတ်တပ်ရပ်လိုက်ပြီး ရယ်မောနေသည့် မိန်းကလေးကို လှမ်းကြည့်လိုက်လေသည်။

သူမသည် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့်အတွက် မီးတောက်လေးတစ်ခုအလားထင်မှတ်ရပြီး သူမ၏ အလှတရားကလည်းပြိုင်ဘက်ကင်းလွန်းလေသည်။ ထို့ပြင် ချုန်းဟေးဟူသည် သူမကို ရင်းနှီးနေသလို ခံစားလိုက်ရ လေသည်။

ထို့ကြောင့် သူက ဆန်းလျန်ကို မေးလိုက်လေသည်။

"သခင်လေး… ဒီမိန်းကလေးက ဘယ်သူလဲ"

ဆန်းလျန်ကရယ်မောလိုက်ရင်း…

"မင်း မမှတ်မိဘူးလား ၊ သူက အားလျန်ရဲ့သမီးလေ…"

ချုန်းဟေးဟူက ထိုမိန်းကလေးသည် နောက်ခံကောင်းကောင်းတစ်ခုမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်မည်ဟု ထင်နေခဲ့လေရာ အားလျန်၏သမီးဟု ကြားလိုက်ရသည်နှင့် ချက်ချင်းပင် အထင်အမြင်သေးသည့်အမူအရာ ပြောင်းလဲသွားပြီး…

"မင်းအမေနဲ့ ကျုပ်နဲ့တွေ့တုန်းက မင်းက မွေးစလေးပဲရှိသေးတာ ၊ လာစမ်း လာစမ်း ၊ ကျုပ်ကို ဦးလေးလို့ ခေါ်စမ်း…"

ဆန်းလျန်က…

"သူက အခု တာအိုဆရာလုယာရဲ့တပည့်ဖြစ်နေပြီ ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဝူတင်ထက်တောင်သာနေသေး တယ်"

ထိုစကားကိုကြားသည့်အခါတွင်တော့ ချုန်းဟေးဟူ၏မျက်နှာအမူအရာက ပြန်လည် ပြောင်းလဲသွားလေသည်။

ဆန်းလျန်၏လေသံအရဆိုလျှင် တာအိုဆရာလုယာဆိုသူမှာ တန်ခိုးစွမ်းအားမြင့်မားသည့်လူတစ်ယောက်ဖြစ်နိုင်ပြီး မိန်းကလေးငယ်ကလည်း ဝူတင်ထက်ပင်အစွမ်းထက်နေသည်တဲ့လေ။

သူ့အနေဖြင့် ထိုမိန်းကလေးနှင့် သွားမပတ်သက်သည်က အကောင်းဆုံးဖြစ်လေသည်။ မဟုတ်ပါက ပြဿနာတစ်ခုခုဖြစ်ခဲ့လျှင် သခင်လေးကလည်း သူ့ဘက်မှ ရပ်တည်ပေးမည့်ပုံ မပေါ်ပေ။

ထို့ကြောင့် သူက ချက်ချင်းပင် ရယ်မောလိုက်ပြီး…

"မင်္ဂလာပါ မိန်းကလေး"

ဟု နှုတ်ဆက်လိုက်လေတော့သည်။

အနီရောင်ဝတ်မိန်းကလေးက တစ်ချက်ရယ်မောလိုက်လေသည်။ သူမက ချုန်းဟေးဟူသည် စိတ်ဝင်စားစရာ ကောင်းသည်ဟုတွေးနေမိလေသည်။

ဆန်းလျန်က ချောင်းတစ်ချက်ဟန့်လိုက်ပြီး…

"ဟေးဟူ ၊ မင်းကို လူဝင်စားခွင့်ရအောင် ကျုပ်ကလုပ်ပေးခဲ့တာ ၊ ဒါကြောင့်လည်း မင်းကို ပြန်လာရှာပြီး အတိတ်ကို မှတ်မိအောင်ပြန်လုပ်ပေးခဲ့တာပဲ ၊ အခု မင်းဘာလုပ်ဖို့ စဉ်းစားထားလဲ ၊ မင်း ကျုပ်နောက်ကိုလိုက်ချင်သလား ၊ ဒါမှမဟုတ် ချုန်းကော်တိုင်းပြည်ရဲ့ ဘုရင်ဖြစ်ချင်သလား"

ချုန်းဟေးဟူက…

"ကျွန်တော် သခင်လေးနောက်ပဲလိုက်မှာပေါ့ ၊ ဒါပေမယ့် အခု လူ့ဘဝဖြစ်နေတော့ အရင်တုန်းကလို သခင်လေး ကျွန်တော့်အပေါ်မှာ စီးလို့တော့မရတော့ဘူးပေါ့"

ဆန်းလျန်က အေးဆေးတည်ငြိမ်သည့်လေသံဖြင့်…

"ဒီနှစ်တွေအတွင်းမှာ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ အရမ်းမြင့်မားလာတယ် ၊ ဒါကြောင့် မင်းအတွက် ကျင့်စဉ် တစ်ခုတီထွင်ထားတယ် ၊ ကျားမိစ္ဆာကျင့်စဉ်လို့ခေါ်တယ် ၊ နည်းလမ်းကျကျပြောရရင်တော့ ကျင့်စဉ်အောင်မြင်သွား ရင် သင်္ကေတ (၄)မျိုးထဲက ကျားဖြူလိုမျိုး တန်ခိုးစွမ်းအား မြင့်မားလာလိမ့်မယ် ၊ ဒါပေမယ့် လူသားပုံစံကနေ မိစ္ဆာပုံစံကိုပြောင်းပြီး ကျင့်ကြံရမှာဖြစ်လို့ ယုတ္တိဗေဒကိုတော့ ဆန့်ကျင်နေတယ် ၊ အဲဒီကျင့်စဉ်မှာ အဆင့် (၇)ဆင့်ရှိ တယ် ၊ အဆင့်တိုင်းမှာ ရုပ်ခန္ဓာကို အသွင်ပြောင်းလဲဖို့နဲ့ နတ်မိစ္ဆာစွမ်းအားနဲ့ နတ်မိစ္ဆာသွေး ရအောင်ကျင့်ကြံနိုင်ဖို့ အတွက် အသက်ဓာတ်စွမ်းအားတွေ အများကြီးလိုတယ် ၊ အဲဒါကြောင့် ကျင့်စဉ်ကျင့်ကြံရတာ အရမ်းခက်ခဲလိမ့်မယ် ၊ ဒါပေမယ့် ကောင်းတာတစ်ခုတော့ရှိတယ် ၊ မင်း ဒီကျင့်စဉ်ကိုစပြီးကျင့်ကြံပြီဆိုတာနဲ့ နတ်မိစ္ဆာတစ်ပါးလို အသက်ရှည်လိမ့်မယ် ၊ တခြားကျင့်ကြံသူတွေလို အဆင့်တက်ဖို့အတွက် မိုးကောင်းကင် အစစ်ဆေးခံရတာမျိုးတွေ ကိုလည်း ရှောင်ရှားနိုင်လိမ့်မယ်"

ဆန်းလျန်၏စကားကိုကြားသည့်အခါ ချုန်းဟေးဟူသည် ဝမ်းသာသွားလေသည်။

"ဟုတ်… ကျွန်တော် အဲဒီကျင့်စဉ်ကို သင်ယူချင်ပါတယ် ၊ တခြားတာအိုကျင့်စဉ်တွေလိုမျိုး စိတ်ဝိညာဉ်ငြိမ်းအေးဖို့ တရားထိုင်ရတာတွေ ဘာတွေက ကျွန်တော်နဲ့ သိပ်မကိုက်ပါဘူး ၊ သခင်လေး နေ့တိုင်းတုတ်နဲ့ရိုက်မယ်ဆိုရင်တောင် ကျင့်ကြံဖို့ခက်မှာပဲ…"

ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"တာအိုကျင့်စဉ်တွေကတော့ စကြာဝဠာရဲ့ အခြေခံအကျဆုံးကျင့်စဉ်တွေပါပဲ ၊ ဒါပေမယ့် မင်းနဲ့ မသင့်တော်ဘူး ၊ ဒီ ကျားမိစ္ဆာကျင့်စဉ်ကို သင်ယူတာပဲ ပိုကောင်းပါတယ် ၊ အနည်းဆုံးတော့ တန်ခိုးစွမ်းအားတွေရရှိပြီး အသုံးပြုလို့ ရတာပေါ့"

လူသားတိုင်းသည် စိတ်ထားအမျိုးမျိုးရှိကြပြီး ရွေးခြယ်မှုအမျိုးမျိုးကိုလည်း ပြုလုပ်နိုင်ကြလေသည်။ တာအိုကျင့်စဉ် များသည် ကောင်းမွန်းသော်လည်း လူသားတိုင်းကျင့်ကြံနိုင်ရန်တော့ မဖြစ်နိုင်ပေ။

နတ်ဘုရားတို့၏တံခါးဝတွင် သေလွန်ခဲ့ကြသူများ၏ အရိုးများတောင်လိုပုံနေသည်က သက်သေပင် ဖြစ်လေသည်။

ချုန်းဟေးဟူ၏စိတ်သဘောကို နားလည်သည့်အတွက် ဆန်းလျန်က ကျားမိစ္ဆာကျင့်စဉ်ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်လေသည်။ ထိုကျင့်စဉ်သည် တာအိုကျင့်စဉ်လမ်းကိုတော့ အောင်မြင်နိုင်မည်မဟုတ်သည့်တိုင် တန်ခိုးစွမ်းအား များကိုတော့ရရှိမည် ဖြစ်လေသည်။ ထို့ပြင်… လူတစ်ယောက်သည် စိတ်ဓာတ်ခိုင်မာပြီး ကြိုးစားမည်ဆိုလျှင် ထိုသူ၏အနာဂတ်သည် တောက်ပနေမည် ဖြစ်လေသည်။

သို့သော်… ထိုကျင့်စဉ်သည် အနာဂတ်ကျင့်စဉ်လမ်းကိုတော့ အဟန့်အတားဖြစ်စေမည့်အတွက် ရည်မှန်းချက် မြင့်မားလွန်းသူတစ်ယောက်ဆိုလျှင်တော့ ရွေးခြယ်ရန် မသင့်တော်ပေ။

ထိုကဲ့သို့သော ကျင့်စဉ်မျိုးကို ဆန်းလျန်သာလျှင် တီထွင်နိုင်လေသည်။ ကျားမိစ္ဆာကျင့်စဉ်သည် သက်ရှိသတ္တဝါများ ၏အသွေးအသားဖွဲ့စည်းမှုများကို ဆန်းလျန်လေ့လာထားသမျှ အနှစ်ချုပ်ထည့်သွင်းထားသည့်ကျင့်စဉ် ဖြစ်လေ သည်။ ဆန်းလျန်၏ လေ့လာမှုစွမ်းအားကောင်းခြင်းကို ထိုကျင့်စဉ်က ပြသလျှက်ရှိလေသည်။

ဆန်းလျန်သည် အချိန်မဆိုင်းတော့ဘဲ ချက်ချင်းပင် ကျားမိစ္ဆာကျင့်စဉ်ကို ချုန်းဟေးဟူကို သင်ကြားပေးလိုက်လေ သည်။ တာအိုဆရာလုယာ၏ တပည့်ဖြစ်ပြီး ကျင့်စဉ်လမ်းအတွေ့အကြုံမြင့်မားလွန်းသည့် အနီရောင်ဝတ် မိန်းကလေးသည်ပင်လျှင် အံ့သြနေခဲ့ရလေသည်။

သူမသည် ချက်ချင်းပင် ထိုကျင့်စဉ်၏ သဘောတရားကို နားလည်သွားလေသည်။ သို့သော်… နတ်မိစ္ဆာတစ်ပါး အသွင်သို့ပြောင်းလဲနိုင်သည့်လူသားတစ်ယောက်သည် မည်သည့်နည်းနှင့်မှ တာအိုလမ်းစဉ်သို့ လိုက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုကျင့်စဉ်သည် သဘာဝမကျသော်လည်း စိတ်ဝင်စားဖွယ်တော့ ဖြစ်လေသည်။

သို့သော်… ဆန်းလျန်သည် ထိုကျင့်စဉ်ကို အဘယ့်ကြောင့် ချုန်းဟေးဟူကို သင်ကြားပေးရသည်ကို သူမက သိပ်ပြီး နားမလည်ပေ။ ဆန်းလျန်သည် အခြားသူတစ်ယောက်၏ ရည်မှန်းချက်ကို အလေးမထားခြင်းလေပဲလား။

နေဝင်သွားပြီဖြစ်ပြီး ကောင်းကင်ထက်တွင် ကြယ်များတောက်ပလာလေသည်။

ယခင်ဘဝက နတ်မိစ္ဆာတစ်ပါးဖြစ်ခဲ့သည့် ချုန်းဟေးဟူသည် ကျင့်စဉ်၏သဘောတရားကို ချက်ချင်းပင် နားလည် သွားလေသည်။ အသူရာချောက်မှ ယင်စွမ်းအားများနှင့်အသက်ဓာတ်စွမ်းအားများ ချက်ချင်းပင် သူ့ထံသို့စုစည်းလာ ပြီးသူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားလေသည်။ မြူခိုးများထူထပ်နေပြီး သူ၏ ခြေလက်များ ၊ အရိုးများ ၊ အသားများ ထဲတွင် နတ်မိစ္ဆာစွမ်းအားများ မြင့်မားလာပြီး သူ၏ အသွေးအသားများထဲသို့ ပျံ့နှံ့သွားလေသည်။

ဆန်းလျန်သည် ချုန်းဟေးဟူ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို အာရုံခံလိုက်နိုင်လေသည်။ လူသားအသွေးအသား များထဲတွင် သန့်စင်သည့်မိစ္ဆာစွမ်းအားနှင့်သွေးများက အစားထိုးဝင်ရောက်နေပြီ ဖြစ်လေသည်။

ချုန်းဟေးဟူ၏ကျောရိုးသည် နဂါးတစ်ကောင်၏ကျောရိုးအလား လွန့်လူးနေလေသည်။

အချိန် (၂)နာရီခန့် ကြာပြီးသည့်အခါတွင်တော့…

ကောင်းကင်ထက်တွင် ကြယ်ရောင်များ လင်းလက်တောက်ပနေခြင်း မရှိတော့ပါ။

သို့သော်… အနောက်ဘက်ကောင်းကင်ဘုံဆီမှ ကျားဖြူကြယ်တာရာသည် အလင်းလက်ဆုံး တောက်ပနေခဲ့လေ သည်။

ကျားဖြူကြယ်တာရာမှ ကြယ်စင်စွမ်းအားများသည် သတ်ဖြတ်လိုသည့်အငွေ့အသက်များနှင့် ပေါင်းစပ်သွားပြီး မြေပြင်ထက်သို့ ဆင်းသက်လာလေသည်။

ချုန်းဟေးဟူသည် အသက်တစ်ချက်ရှူလိုက်တိုင်းကြီးထွားလာလေသည်။ သူ၏လက်များမှ လက်သည်းများ ထွက်ပေါ်လာလေသည်။ သူ၏အရေပြားထက်မှာ အမွှေးများမှာ ထူထပ်ရှည်လျားလာပြီး အရိုးဖွဲ့စည်းပုံမှာလည်း တဖြည်းဖြည်း ပြောင်းလဲသွားလေသည်။

ဆန်းလျန်နှင့် ကျားဖြူကြယ်တာရာစွမ်းအားများ၏ အကူအညီဖြင့် ချုန်းဟေးဟူသည် လူသားပုံသဏ္ဍန်မှ ကျားတစ်ကောင်၏ပုံသဏ္ဍန်သို့ ပြောင်းလဲရန်အတွက် အရေးကြီးဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်လေသည်။

All Chapters