တိကျွင်းအရှင်
Vol. 7 Ch. 686
ဆန်းလျန် နတ်ဘုရားကျောင်းတော်ထဲတွင် ရှိနေစဉ်တွင် အခြားသော စကြာဝဠာဘက်ခြမ်းတွင်တော့ မငြိမ်မသက်ဖြစ်လျှက်ရှိလေသည်။
စကြာဝဠာတစ်ခုလုံးတွင် တည်ရှိမှုအများဆုံးမှာ ကြယ်စင်များဖြစ်လေသည်။ တာအိုဆရာသခင်ကြီးပင်လျှင် ကြယ်စင်များ၏အရေအတွကို သိရှိနိုင်ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အချိန်တစ်ခဏအတွင်းမှာပင် ကြယ်များသည် ကြွေကျလိုက် ၊ ဖြစ်တည်လာလိုက်နှင့် အဆုံးမရှိ ပြောင်းလဲနေသောကြောင့် ဖြစ်လေသည်။
ကြယ်အစုအဝေးတိုင်းတွင် သန်းနှင့်ချီသည့် ကြယ်စင်များ တောက်ပနေကြလေသည်။ ကြယ်စင်တစ်ခုချင်းစီတိုင်း သည် ချင်းရွှမ်နတ်တံခါးတည်ရှိရာ လောကထက် သေးငယ်ခြင်း မရှိကြပေ။ ထို့ပြင်… ကြယ် (၂)စင်း၏ အကွာအဝေး သည် အလင်းအလျှင်ဖြင့်ခရီးသွားလျှင်တောင်မှ လပေါင်းများစွာ နှစ်ပေါင်းများစွာ ခရီးသွားမှ ရောက်ရှိနိုင်လောက် အောင်ဝေးကွာလွန်းကြလေသည်။
အာကာသထဲတွင် သတ်မှတ်ထားသည့် အချက်ပြသင်္ကေတများသာ မရှိပါက ကြယ်စင်များကြား ခရီးသွားရသည်မှာ ပို၍ပင် အချိန်ကြာနိုင်လေသည်။
ထို့ပြင် ကြယ်စင်များတစ်ခုနှင့်တစ်ခုကြား ခရီးသွားနိုင်သူများသည် မိုးကောင်းကင်နတ်ဘုရားတစ်ပါးအဆင့် ရှိမှသာ ဖြစ်နိုင်လေသည်။ မဟုတ်ပါကလည်း ကြယ်အစုအဝေးများထဲတွင် ခရီးသွားနိုင်သည့် မှော်အင်းသင်္ကေတ ပိုင်ဆိုင်ထားမှသာ ဖြစ်နိုင်လေသည်။
ကြယ်အစုအဝေးများစွာရှိသည့်တိုင် သက်ရှိများနေထိုင်နိုင်သည့်နေရာကတော့ ရှားပါးလေသည်။ ထို့ထက်ပိုသော အချက်မှာ ကျင့်ကြံသူများနေထိုင်ရန် သင့်တော်သည့် ကြယ်စင်များက ပိုပြီးရှားပါးလေသည်။ နက်ရှိုင်းကျယ်ပြန့် လွန်းသည့် စကြာဝဠာထဲတွင် ကျင့်ကြံသူများသည် တစ်ယောက်တည်း အသက်ရှင်သန်ရန်မှာ မဖြစ်နိုင်ပေ။ သို့သော်… ကျင့်ကြံသူများသည် အင်အားအကြီးမားဆုံးရှင်သန်နေကြသူများ ဖြစ်ကြလေသည်။
ထိုအချက်သည် တာအိုဆရာသခင်ကြီး၏ ကျမ်းစာထဲတွင်ပါဝင်သည့် မိုးကောင်းကင်ခုံရုံးဟုခေါ်သည့် ကောင်းကင်ဘုံနန်းတော် မျိုးဆက် (၂)ဆက်နှင့်လည်း ဆက်နွယ်ပတ်သက်နေလေသည်။
ယခု ကြယ်အစုအဝေးကြီးကိုတော့ "ကျီဝေး" ဟုခေါ်လေသည်။
ထိုနေရာတွင် သက်ရှိ အနည်းငယ်နေထိုင်လေသည်။ ရှေးဟောင်းနတ်ဘုရားများနှင့် ရှေးခေတ်အခါမှ ဗောဓိသကျများ တိတ်တဆိတ်နေထိုင်ကြရာ နေရာဖြစ်လေသည်။ နတ်ဘုရားများ ၊ ဗောဓိသကျများသည် ကောင်းကင်ဘုံများစွာ ၊ လောကငယ်များစွာကို တည်ဆောက်ကာ နေထိုင်လေ့ရှိကြလေသည်။
ယခု ကြယ်အစုအဝေးတွင် အမြင့်ဆုံးအဆင့် ကျင့်ကြံသူမှာ ကျောက်စိမ်းဝိညာဉ်သခင် "ကျီဝေးတိကျွင်း" ဖြစ်လေ သည်။
ကျီဝေးတိကျွင်းသည် မိုးကောင်းကင်ခုံရုံးမှ အရှင်သခင် (၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သည့် ကျီဝေးဧကရာဇ် လူပြန်ဝင်စားသည်ဟု အချို့က ဆိုကြလေသည်။
အချို့ကလည်း ကျီဝေးတိကျွင်းမှာ ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ထင်ရှားသည့်သခင်တစ်ပါး လူပြန်ဝင်စားသည်ဟု ဆိုကြပြန်သည်။
အချို့ကလည်း ကျီဝေးတိကျွင်းသည် နောက်ဆုံးမိုးနတ်မင်းထံမှ ကောင်းကင်ဘုံကျမ်းစာ အစိတ်အပိုင်းကို ရရှိထား သူဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအဆင့်သည် ဝူကျွမ်းကျောင်းတော်မှ ကျန့်ယွမ်ကျီနတ်မင်းကြီးနှင့် နတ်မိစ္ဆာအဓိပတိ နန်းတော်မှ နတ်မိစ္ဆာအဓိပတိကြီးခွန်ဖိန်တို့နှင့် အဆင့်အတန်းတူညီသည်ဟုလည်း ဆိုကြလေသည်။
သို့သော်… ထိုကောလဟလများ အမှန်ဖြစ်သည်ဟု မည်သူမှ သက်သေမပြနိုင်ကြပေ။
ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းသည် အမြင့်ဆုံးအဆင့်အာဏာရှိသူတစ်ယောက် ဖြစ်လေသည်။
သို့သော်… ကျေက်စိမ်းဝိညာဉ်နန်းတော်မှ တာအိုဆရာယွိတင်ကတော့ ကျီဝေးတိကျွင်း၏အမည်ဖြစ်သည့် "ကျောက်စိမ်းဝိညာဉ်သခင်" ဆိုသည့် ဘွဲ့အမည်မှာ ကျောက်စိမ်းဝိညာဉ်နန်းတော်၏အမည်နှင့် ဆင်တူနေသည့် ကိစ္စနှင့်ပတ်သက်ပြီး မည်သည့်ဖြေရှင်းချက်မှ မပေးခဲ့ပေ။
ထို့ကြောင့် ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းတို့မှာ ပတ်သက်မှုရှိသည် လား ၊ မရှိသည်လားဆိုသည့်အချက်မှာ ခန့်မှန်းရန် ခက်ခဲလေသည်။
ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းသည် ကျင့်ကြံခြင်းအဆင့်အလွန်မြင့်သည့်တိုင် သူ့တွင် လူသားတို့၏ စိတ်ဆန္ဒများ ရှိနေသေးသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာကြာခဲ့ပြီးသည့်နောက် သူ့တွင် မိဖုရားများနှင့် မောင်းမအခြွေအရံ များစွာရှိလေသည်။ သူ၏ မိဖုရားများထဲတွင် နတ်သမီးများလည်း ပါရှိကြလေသည်။
အချို့မိဖုရားများက အခြေအမြစ်ခိုင်မာသည့် နတ်ဘုရားကျောင်းတော်ကြီးများမှဖြစ်ပြီး အချို့မှာလည်း အစဉ်အလာ ကြီးမားသည့် ကျင့်ကြံသူမိသားစုများမှ ဖြစ်ကြလေသည်။ ကျင့်ကြံသူများသည် ကာမဆန္ဒနှင့်ပတ်သက်ပြီး စိတ်ဆန္ဒနည်းပါးကြသူများဖြစ်ကြလေရာ ကျီဝေးတိကျွင်းကဲ့သို့သောလူမျိုးကတော့ ရှာမှရှားဖြစ်လေသည်။
ထိုမျှ မိဖုရားများ ၊ မောင်းမမိတ်သံများ များပြားလွန်းသည့်ကြားကပင် သူသည် ကျီဝေးကြယ်အစုအဝေးကြီးကို ကောင်းစွာ စီမံအုပ်ချုပ်နိုင်သူ တစ်ယောက် ဖြစ်လေသည်။
သူ၏သြဇာလွှမ်းမိုးမှုနှင့် ထင်ပေါ်ကြော်ကြားမှုကို အများသိရှိနိုင်ရန်အတွက် ကျီဝေးကြယ်အစုအဝေးရှိ နေရာတိုင်း တွင် သူ၏အမည်ကို ရေးသားထားလေသည်။
သို့သော်… အားနည်းချက်တစ်ခုမှာ ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးသည် လူပြန်ဝင်စားခြင်းကို မတည်ဆောက် နိုင်ခြင်းဖြစ်လေသည်။
လူပြန်ဝင်စားခြင်းဆိုသည်မှာ စကြာဝဠာတစ်ခုလုံးတွင် အဆန်းကျယ်ဆုံး ကိစ္စတစ်ခု ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော်… လူပြန်ဝင်စားခြင်းသည် အသူရာချောက်တွင်သာရှိနိုင်သည့် အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့်ဖြစ် လေသည်။
ကျိုးပဲ့နေသည့်အစိတ်အပိုင်းများကို အသူရာချောက်တွင် နေရာအနှံ့အပြားတွင်တွေ့နိုင်သော်လည်း မိုးနတ်မင်းနှင့် ဗုဒ္ဓသာလျှင် ထိုအစိတ်အပိုင်းများကို ဖမ်းယူဆုပ်ကိုင်နိုင်စွမ်း ရှိလေသည်။
အသူရာချောက်သည် အဓိကကျသည့်နေရာများထဲမှ တစ်ခုဖြစ်လေသည်။ ထို့ကြောင့် တိကျန်ဗောဓိသကျသည် အသူရာချောက်ကို လေ့လာရန်အတွက် ဗုဒ္ဓကိုယ်တော်တိုင်က စေလွှတ်ခဲ့ခြင်းဖြစ်လေသည်။ ထို့အတူ မိုးနတ်မင်းသည်လည်း နတ်ဘုရားများစွာကို အသူရာချောက်သို့ လေ့လာရန် စေလွှတ်ခဲ့ဖူးလေသည်။
သို့သော်… ကြီးမားသည့် ဘေးအန္တရယ်ဆိုးကြီး ကျရောက်ပြီးသည့်နောက် တိကျန်ဗောဓိသကျသာမက မိုးနတ်မင်းပါ ပျောက်ကွယ်သွားခဲ့လေသည်။
ယခုတော့ … အသူရာချောက်သည် ပျက်စီးနေပြီဖြစ်ပြီး ယခင်အခြေအနေအတိုင်း ပြန်ဖြစ်နိုင်ခြင်း မရှိသေးပါ။ ထို့ကြောင့်… ကျိုးပဲ့နေသည့် အပိုင်းအစများတည်ရှိနေမှုကို လူအနည်းငယ်သာ သိရှိထားကြလေသည်။
ထိုသို့သိရှိထားသူအနည်းငယ်တွင် ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းလည်း အပါအဝင်ဖြစ်လေသည်။ သူသည် လူပြန်ဝင်စားခြင်း၏ လျှို့ဝှက်ချက်ကို သိချင်နေမိလေသည်။ သို့သော်… သူ့မတိုင်ခင်တွင် အသူရာချောက်ကို တည်ထောင်ခဲ့သူ တစ်ယောက်ရှိခဲ့ဖူးလေသည်။
ထိုသူနှင့် သူသည် တန်ခိုးစွမ်းအား တူညီသည့်အတွက် သူ့ကို တိုက်ခိုက်ခြင်းခံခဲ့ရသည်ဟုလည်း သူက ခံစားနေရ လေသည်။
အသူရာချောက်သည် ထူးခြားဆန်းကျယ်သည့် နေရာတစ်ခု ဖြစ်လေသည်။ လူပြန်ဝင်စားခြင်း၏ဆန်းကျယ်သည့် တန်ခိုးစွမ်းအားများဖြင့် အသူရာချောက်ကို ကာကွယ်ထားလေသည်။ ထို့ကြောင့်… ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းသည် အသူရာချောက်မှ ပျက်စီးနေသည့်အပိုင်းအစများကို ရှင်းလင်းစွာ အာရုံခံနိုင်ခြင်း မရှိပေ။
သို့သော်… သူ၏စိတ်အာရုံတွင် အသူရာချောက်တွင် ကြီးမားသည့်ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်နေသည်ကို အာရုံခံမိ လေသည်။
ကျိုးပျက်နေသည့်အပိုင်းအစများသည် အင်အားကြီးမားလာပြီး အဓိကမဏ္ဍိုင်တစ်ခုအဖြစ် ပေါင်းစည်းနေလေသည်။
ထိုသို့ပေါင်းစည်းနေခြင်းက အခြားကျန်ရှိနေသည့် အစိတ်အပိုင်းများကိုလည်း ဆွဲဆောင်နေပြီး အသူရာချောက်ကို ယခင်အတိုင်း ပြန်လည်ပုံဖော်ရန် ကြိုးစားနေကြလေသည်။
ပြောင်းလဲမှုသည် အနည်းငယ်မျှသာဖြစ်သည့်တိုင် အလွန်လျှင်မြန်လေသည်။
ယခုအချိန်တွင်သာ မလှုပ်ရှားလျှင် သူ့အတွက် နောက်ထပ်အခွင့်အရေးရတော့မည် မဟုတ်ပေ။
သို့သော်… တစ်စုံတစ်ယောက်က သူ့ကို ချိတ်စည်းတံဆိပ်ခတ်ထားသည့်အတွက် ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းသည် အသူရာချောက်သို့ သွားရောက်နိုင်ခြင်း မရှိပေ။
ဤလောကတွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ အလွန်မှ ရှားပါးလွန်းလေသည်။
သို့သော်… တာအိုဆရာသခင် ထိုက်ယီတွင် တာအိုဆရာယွမ်ချင်းဆိုသည့် တပည့်တစ်ယောက် ရှိလေသည်။ တာအိုဆရာယွမ်ချင်းသည် အသူရာချောက်၏ ဗီဇဝိညာဉ်မရဏဓားတစ်လက်ဖြစ်သည့် ယွမ်တုဓားမှ လူပြန်ဝင်စားသူ ဖြစ်လေသည်။
ယွမ်တုဓားသည် တာအိုဆရာသခင်ထိုက်ယီ၏ တပည့်တစ်ယောက်ဖြစ်လာပြီး ထိပ်တန်းအဆင့် တာအိုခန္ဓာရသည် အထိ ကျင့်ကြံနိုင်ခဲ့လေသည်။ ထို့ကြောင့် တာအိုဆရာယွမ်ချင်း၏ တန်ခိုးစွမ်းအားများသည် တာအိုဆရာယွိတင် ကဲ့သို့တန်ခိုးစွမ်းအား မြင့်မားလွန်းလှလေသည်။
သို့သော်… ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းကို ချိတ်စည်းတံဆိပ်ခတ်ခဲ့သူမှာ တာအိုဆရာယွမ်ချင်း တစ်ယောက်တည်းမဟုတ်ခဲ့ပေ။ တာအိုဆရာယွမ်ချင်းတစ်ယောက်တည်းသာဆိုလျှင် သူ့အနေဖြင့် ထိုမျှ စိတ်အနှောက်အယှက်ဖြစ်မိမည် မဟုတ်ပါ။ သို့သော်… တာအိုဆရာယွမ်ချင်းနှင့်အတူ အခြားသူတစ်ယောက်လည်း ပါဝင်သေးသည်။
ထိုသူသည် ရှန်လမ်းစဉ်ကို ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး တန်ခိုးစွမ်းအားလည်း အလွန်မြင့်မားလှလေသည်။ ထိုသူသည် ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းပြုလုပ်သမျှကို တားဆီးထိန်းချုပ်နိုင်သူ ဖြစ်လေသည်။
ထို့ကြောင့် တာအိုဆရာယွမ်ချင်းနှင့် ထိုသူတို့ ပေါင်းစည်းလိုက်သည့်အခါတွင်တော့ ကျီဝေးတိကျွင်းသည် ကျီဝေး ကြယ်အစုအဝေးကြီးမှ တစ်ဖဝါးမှ ထွက်ခွာနိုင်ခြင်းမရှိအောင် ပိတ်မိနေလေတော့သည်။
ကျီဝေးတိကျွင်း ထပ်ပြီးသည်းမခံနိုင်တော့ပါ။
သူက ယုံကြည်ရသည့် နောက်လိုက်များဖြစ်သည့် ကျန်းကျွင်းစစ်ဗိုလ်ချုပ် (၄)ယောက်ကို နန်းတော်အတွင်းသို့ ဆင့်ခေါ်လိုက်လေသည်။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှ လေးထောင့်ကျကျမျက်နှာရှိပြီး နဖူးကျယ်ကျယ် ၊ မျက်လုံးပြူးပြူး ၊ နားရွက်ကြီးကြီးနှင့် ဖြစ်လေသည်။ သူ၏တန်ခိုးစွမ်းအားသည် နဂါးငွေ့တန်းမှ တန်ခိုးစွမ်းအားများနှင့်တူညီပြီး သူ့ကို လှည့်ပတ်နေလေ သည်။ ကျီဝေး ကြယ်အစုအဝေးတွင် သူ့ကိုယှဉ်နိုင်သူ မရှိပေ။
သူ၏အမည်မှာ စစ်ဗိုလ်ချုပ်ထျန်းဖိန် ဖြစ်လေ၏။
ထျန်းဖိန်သည် မိုးကောင်းကင်ခုံရုံးပျက်စီးသည့်အချိန်တွင် အသက်ရှင်ကျန်ရစ်သူများထဲမှ တစ်ယောက်အပါအဝင် ဖြစ်ပြီး တိကျွင်း၏ အစွမ်းထက်မြက်သည့် လက်ထောက်တစ်ယောက်လည်း ဖြစ်လေသည်။
သူ့နောက်တွင် နောက်ထပ်စစ်ဗိုလ်ချုပ် (၃)ယောက်လည်း လိုက်ပါလာလေသည်။ သူတို့အားလုံးမှာ ကျန်းကျွင်းစစ်ဗိုလ်ချုပ် (၄)ပါးဟု လူသိများကြသည့် စစ်ဗိုလ်ချုပ် (၄)ယောက် ဖြစ်လေသည်။
စစ်ဗိုလ်ချုပ်ထျန်းဖိန်က ကျီဝေးတိကျွင်းကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
"ဘာအကြောင်းများရှိလို့ခေါ်ပါသလဲ တိကျွင်းအရှင်…"
ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက လက်တစ်ဖက်ကို ဆန့်လိုက်ပြီး ပန်းချီကားတစ်ချပ်ကို ဖန်ဆင်းလိုက် လေသည်။ ပန်းချီကားထဲတွင် လူ (၅)ယောက်၏ပုံများ ပါဝင်ပြီး ယောကျ်ားလေးများရော မိန်းကလေးများပါ ပါဝင်လေသည်။ ထို့ပြင် အချို့က ကွန်ဖြူးရှပ်ဝါဒ စာပေသမားပုံစံဝတ်ဆင်ထားပြီး အချို့က တာအိုဝတ်စုံများ ဝတ်ဆင်ထားကြလေသည်။
ပန်းချီကားထဲမှ မိန်းမလှလေးတစ်ယောက်ကတော့ သူတို့အားလုံး၏ စိတ်အာရုံကို ဖမ်းစားထားလိုက်နိုင်လေသည်။
ဆန်းလျန်သာ ထိုနေရာတွင်ရှိနေမည်ဆိုလျှင် ထိုမိန်းမလှလေးသည် သူ၏ဆရာဘွားဘွားဖြစ်သူ ကျိလင်နတ်သမီး ဖြစ်ကြောင်း သိရှိသွားမည် ဖြစ်လေသည်။
ပန်းချီကားထဲမှ နတ်ဘုရား(၅)ပါးစလုံးသည် မတူညီသည့် ကြယ်စင်များဖြစ်ကြလေသည်။ သို့သော်… ကျီဝေး တိကျွင်းနန်းတော်ကတော့ သူတို့အားလုံးကို ဆက်သွယ်နိုင်စွမ်းရှိလေသည်။
ကျီဝေးတိကျွင်းက အမိန့်ပေးလိုက်လေသည်။
"သူတို့အားလုံးကို ဒီကိုခေါ်လာခဲ့…"
စစ်ဗိုလ်ချုပ်ထျန်းဖိန်က အနည်းငယ်တုံ့ဆိုင်းနေပြီးမှ…
"သူတို့အားလုံးက ကြယ်အစုအဝေးအသီးသီးမှာ နာမည်ကျော်ကြားကြတဲ့သူတွေပဲ ၊ အထူးသဖြင့် ကျိလင်နတ်သမီး ပဲ ၊ သူ့ရဲ့တန်ခိုးစွမ်းအားက အရမ်းမြင့်မားပြီး ဓားသိုင်းကလည်း တော်လွန်းတယ် ၊ ချင်းယွမ်မြောင်တောက်အရှင် တောင်မှ သူ့ကို အရမ်းချီးကျူးတာ ၊ ဒါကြောင့် သိပ်တော့မလွယ်လှဘူးနော်"
ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက…
"ဒီ ကျီဝေးကြယ်အစုအဝေးမှာတော့ ကျုပ်စကားက အမိန့်ပဲ"
စစ်ဗိုလ်ချုပ်ထျန်းဖိန်သည် သက်ပြင်းတစ်ချက် ကြိတ်ပြီး ချလိုက်မိလေသည်။
အမှန်တော့ သူသည် ကျိလင်နတ်သမီးကို အလွန်လေးစားသူ ဖြစ်လေသည်။ ထို့ကြောင့် တိကျွင်းက သူမကို ဖမ်းဆီးခေါ်ဆောင်ရသည့် အကြောင်းရင်းကို သိချင်နေမိလေသည်။
စစ်ဗိုလ်ချုပ်ထျန်းဖိန်အပေါ်တွင် တိကျွင်း၏ ကျေးဇူးတရားများ များစွာရှိလေရကား သူ့အတွက် အမိန့်ကိုနာခံရန်မှ တစ်ပါး အခြားရွေးခြယ်စရာ မရှိတော့ပေ။
အမိန့်ကို လက်ခံပြီးသည်နှင့် သူတို့ နန်းတော်အတွင်းမှ ထွက်ခွာလာကြလေသည်။
နန်းတော်အပြင်ဘက်သို့ရောက်သည်နှင့် ထျန်းဖိန်က စကားစလိုက်သည်။
"ကျိလင်နတ်သမီးက တန်ခိုးစွမ်းအားမြင့်မားလွန်းတဲ့အတွက် ကျုပ်ကိုယ်တိုင် သွားဖမ်းမယ် ၊ ကျန်တဲ့သူတွေကို မင်းတို့သွားဖမ်းလိုက်ကြပါ…"
အခြားသူ (၃)ယောက်က ခေါင်းညိတ်လိုက်ကြပြီး…
"စိတ်ချပါ ၊ ကျုပ်တို့ အမိန့်အတိုင်းလုပ်ဆောင်ပါ့မယ်"