ကစားပွဲထဲကိုဘယ်သူဝင်လာပြီလဲ
Vol. 7 Ch. 687
ထိုသို့ဖြင့် ကျန်သည့် စစ်ဗိုလ်ချုပ် (၃)ယောက်သည် အခြားသူ (၄)ယောက်ကို ဖမ်းဆီးရန် ထွက်ခွာသွားကြလေ သည်။
စစ်ဗိုလ်ချုပ်ထျန်းဖိန်ကတော့ ကျိလင်နတ်သမီးကို ဖမ်းဆီးရန်အတွက် နတ်စစ်သည်တစ်သောင်းကို ခေါ်ဆောင် သွားခဲ့လေသည်။
ထိုနတ်စစ်သည်များမှာ အဆင့်မြင့်ကျင့်ကြံသူများတော့ မဟုတ်ကြပေ။ သို့သော်… သူတို့သည် နှစ်ပေါင်းများစွာ အစွမ်းထက် ဝိညာဉ်စွမ်းအားဆေးဝါးများကို သုံးစွဲထားကြသူများဖြစ်လေသည်။ ထို့ကြောင့် ထိုနတ်စစ်သည်များ ပူးပေါင်းပြီး ထောင်ချောက်ဆင်မည်ဆိုလျှင် နတ်ဘုရားများကို ဖမ်းဆီးနိုင်မည် ဖြစ်လေသည်။
ကျိလင်နတ်သမီးသည် အလွန်မှ တန်ခိုးစွမ်းအားမြင့်မားသူဖြစ်သည့်အတွက်သူမကို ဖမ်းဆီးရန် ထိုသို့ ပြုလုပ်ရခြင်း ဖြစ်လေသည်။
အချိန်အနည်းငယ်ကြာသည့်အခါတွင်တော့ စစ်ဗိုလ်ချုပ်ထျန်းဖိန်သည် ကျိလင်နတ်သမီးနေထိုင်ရာ နေရာသို့ ရောက်ရှိလာလေသည်။
ကျိလင်နတ်သမီးနေထိုင်သည့်နေရာသည် ကြယ်စင်တစ်စင်းပေါ်တွင် မဟုတ်ပါ။ သို့သော်… ထိုနေရာသည် ထုန်ထျန်းနတ်မြစ်ဟုခေါ်သည့် ကောင်းကင်ထက်မှ မမြင်ရသည့် မြစ်တစ်စင်း ဖြစ်လေသည်။ ထိုမြစ်ကိုမမြင်တွေ့ ရခြင်းမှာ တန်ခိုးစွမ်းအားအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသောကြောင့် ဖြစ်လေသည်။
ရှေးခေတ်အချိန်ကတည်းကပင် ထိုမြစ်သည် ရပ်တန့်သွားခြင်း မရှိပေ။
ကျိလင်နတ်သမီး လောကကိုကျော်လွန်ပြီးသွားသည့်နောက် ဤနေရာတွင် လာရောက်နေထိုင်သည်မှာ နှစ်ပေါင်း တစ်ရာခန့်ရှိပြီ ဖြစ်လေသည်။
ထုန်ထျန်းနတ်မြစ်သို့လာရောက်ကြသူ များစွာရှိလေသည်။ သို့သော်… ထိုနေရာမှ အကျိုးအမြတ်ရရှိသွားသူ မည်သူမှ မရှိပေ။ ထုန်ထျန်းနတ်မြစ်သို့ ရောက်လာကြသူ အတော်များများမှာ မြစ်ရေကိုဖုံးလွှမ်းနေသည့် အဆုံးမရှိသည့် တန်ခိုးစွမ်းအား အခိုးအငွေ့များအကြောင်းကို စပ်စုချင်သည့်အတွက် ရောက်လာကြခြင်းသာ ဖြစ်လေသည်။
ကျိလင်နတ်သမီးသည် ထိုနေရာတွင် ကျင့်ကြံခြင်းအဆင့်တက်ရောက်နိုင်ခဲ့လေသည်။ သို့သော်… ထိုနေရာတွင် ကျင့်ကြံခြင်းအဆင့်တက်ရောက်ခဲ့သူမှာ သူမတစ်ယောက်တည်းတော့ မဟုတ်ပေ။
နတ်စစ်သည်တစ်သောင်း၏ အငွေ့အသက်များသည် နတ်ဘုရားများကို ထိတ်လန့်စေရန်အတွက်လုံလောက်လေ သည်။ ထို့ကြောင့် ကျိလင်နတ်သမိးသည်လည်း ထိတ်လန့်သွားခဲ့ရလေသည်။
"ကျုပ် စစ်ဗိုလ်ချုပ်ထျန်းဖိန် တိကျွင်းအရှင်ရဲ့အမိန့်နဲ့ ကျိလင်နတ်သမီးကို ကျီဝေးတိကျွင်းနန်းတော်ကိုခေါ်ဆောင်ဖို့ ရောက်လာပါတယ် ၊ မသက်ဆိုင်သူတွေ ခပ်ဝေးဝေးရှောင်ပေးကြပါ"
စစ်ဗိုလ်ချုပ်ထျန်းဖိန်၏အသံသည် ထုန်ထျန်းနတ်မြစ်ကြောင်းတစ်လျှောက် ဖုံးလွှမ်းသွားလေသည်။ သူ၏အသံကို ကြားလိုက်ရသည်နှင့် မသက်ဆိုင်သူများမှာ အသီးသီးရှောင်ပေးသွားကြလေသည်။
ထိုအချိန်မှာပင် ထုန်ထျန်းနတ်မြစ်သည် လိုက်ကာတစ်စအလား နှစ်ခြမ်းကွဲသွားပြီး မြစ်အတွင်းမှ ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် လှပစွာဖြင့် လမ်းလျှောက်ထွက်လာလေသည်။
သူမသည် အလွန်မှ ချောမောလှပပြီး ကျက်သရေရှိလှသည့် ကျိလင်နတ်သမီးပင် ဖြစ်လေတော့သည်။
သူမက စစ်ဗိုလ်ချုပ်ထျန်းဖိန်ကို တစ်ချက်ကြည့်လိုက်ပြီး…
"စစ်ဗိုလ်ချုပ်ထျန်းဖိန် ၊ ကျွန်မက ကျီဝေးတိကျွင်းနန်းတော်ကို မလိုက်နိုင်ပါဘူး ၊ ကျေးဇူးပြုပြီး ပြန်ပါတော့"
ထျန်းဖိန်က လက်နှစ်ဖက်ဆုပ်ကာ ဂါရဝပြုလိုက်ရင်း…
"ကျုပ်က တိကျွင်းအရှင်ရဲ့အမိန့်နဲ့ရောက်လာတာပါ ၊ ကျေးဇူးပြုပြီး လိုက်ခဲ့စေလိုပါတယ်"
ကျိလင်နတ်သမီးက အေးစက်သည့်လေသံဖြင့်…
"ရှင် ဒီနေရာမှာ ကျွန်မကို ဖမ်းခေါ်သွားလို့ မရနိုင်ပါဘူး"
သူမက လက်တစ်ဖက်ဝေ့ယမ်းလိုက်လေရာ ထုန်ထျန်းနတ်မြစ်တွင် တာအိုမီးတောက်များ တောက်လောင်လာလေ သည်။
မီးတောက်များအလယ်တွင် ကျိလင်နတ်သမီးသည် ရှေးဟောင်းမီးနတ်သမီးတစ်ပါးနှင့်ပင် ဆင်တူလေသည်။ သူမထံမှ ဓားတစ်လက်ပျံသန်းထွက်ပေါ်လာပြီး ဓားရောင်သည် မီးရောင်အောက်တွင် လင်းလက်နေလေရာ လှပသည့် နေဝင်ဆည်းဆာချိန်အလားပင် ထင်မှတ်ရလေသည်။
ကျိလင်နတ်သမီး၏ပုံသဏ္ဍန်သည် အလွန်မှ ခမ်းနားမြင့်မြတ်လွန်းလှလေသည်။
စစ်ဗိုလ်ချုပ်ထျန်းဖိန်သည် ကျီဝေးကြယ်အစုအဝေးကြီးတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သူဖြစ်သည့်တိုင် ထုန်ထျန်း နတ်မြစ်တွင် တာအိုမီးတောက်များဖြင့်ပြည့်နေသည့်မြင်ကွင်းမျိုးကို ဘဝတွင် ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ် လေသည်။ နေရာအနှံ့တွင် တာအိုစွမ်းအားများဖြင့် ပြည့်နက်နေပြီး တာအိုမဟာလမ်းစဉ်သည် ကိန်းအောင်းလျှက်ရှိ လေသည်။
အတိတ်တစ်ချိန်တုန်းက ထုန်ထျန်းနတ်မြစ်၏ လျှို့ဝှက်ချက်ကို မည်သူမှ မသိရှိခဲ့ကြသည့်အတွက် ကျိလင်နတ်သမီး သည် ထိုပညာကို ကံကောင်းစွာဖြင့် ကျင့်ကြံအောင်မြင်ခဲ့ခြင်း ဖြစ်လေသည်။
ထုန်ထျန်းနတ်မြစ်သည် ကျိလင်နတ်သမီး၏ ပိုင်နက်ဖြစ်သွားသည့်အတွက် သူမသာလျှင် မြစ်ရေပြင်ကို လောင်ကျွမ်းစေနိုင်ပြီး တိုက်ခိုက်မှုကို ပြုလုပ်နိုင်လေသည်။
သို့သော်… စစ်ဗိုလ်ချုပ်ထျန်းဖိန်ဆိုသည်က အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့သည့် စစ်ဗိုလ်ချုပ် တစ်ယောက်ဖြစ်ရကား မည်သည့်အရာကမှ သူ့ကို တားဆီးနိုင်မည် မဟုတ်ပေ။
စစ်ဗိုလ်ချုပ်ထျန်းဖိန်က…
"ဒါဖြင့်လည်း တိုက်ခိုက်ရမှာဖြစ်လို့ တောင်းပန်ပါတယ်"
ပြောပြီးသည်နှင့် စစ်ဗိုလ်ချုပ်ထျန်းဖိန်က ငွေရောင်တောက်ပနေသည့် အသွားကိုးခု ထွန်ခြစ်ကို ထုတ်ယူကာ တိုက်ခိုက်လိုက်လေတော့သည်။ ငွေရောင်ထွန်ခြစ်ကို ဝေ့ယမ်းလိုက်သည်နှင့် ငွေရောင်နဂါးကြီး (၉)ကောင် ထွက်ပေါ်လာကာ ကျိလင်နတ်သမီးထံသို့ ဝင်ရောက်သွားလေတော့သည်။
ငွေရောင်အသွားကိုးခုထွန်ခြစ်သည် နှယ်နှယ်ရရ လက်နက်တစ်ခု မဟုတ်ပါ။ ထိုက်စန့်လောင်ကျွင်း၏ ဖိုထဲတွင် ထည့်ကာ မီးထိုးခံပြုလုပ်ထားသည့် လက်နက်ကောင်းတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် အသွားကိုးခုထွန်ခြစ်မှာ အလွန်မှ တန်ခိုးစွမ်းအား ပြင်းထန်လွန်းလေသည်။
သို့သော်… ကျိလင်နတ်သမီးကလည်း တာအိုမီးတောက်များကို ငွေရောင်နဂါးကြီးများဆီသို့ ထုတ်လွှတ်လိုက်ကာ ပြန်လည်တိုက်ခိုက်လိုက်လေသည်။ ငွေရောင်နဂါး (၉)ကောင်မှာလည်း အစွမ်းထက်မြက်လှလေရာ ကျယ်လောင် သည့် အော်ဟစ်သံကြီးများ ကိုပြုလုပ်လိုက်ပြီး တာအိုမီးတောက်များကို တားဆီးထားလိုက်ကြလေသည်။
ထို့နောက်တွင်တော့…. မိုးမြေ တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားလေတော့သည်။
ထျန်းဖိန်သည် မာန်မာနကြီးသူတစ်ယောက် မဟုတ်ပါ။ ထို့ပြင် သူသည် ကျိလင်နတ်သမီးထက် မျိုးဆက်ပေါင်းများ စွာရှည်ကြာခဲ့သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သူ့ဘဝတွင် ကျိလင်နတ်သမီးထက်တော်သည့်သူ များစွာနှင့်လည်း ရင်ဆိုင်ခဲ့ရဖူးလေသည်။
သို့သော်… သူ့အနေဖြင့် ကျိလင်နတ်သမီးကို ဖမ်းဆီးခေါ်ဆောင်သွားနိုင်ခြင်း မရှိလျှင်သာ ရှက်ဖွယ်လိလိဖြစ်ရပေ လိမ့်မည်။
သို့သော်… ကျိလင်နတ်သမီးဆိုသည်ကလည်း ခေသူတစ်ယောက် မဟုတ်ပါပေ။
ရုတ်တရက်…. ထျန်းဖိန်သည် အေးစိမ့်မှုကို ခံစားလိုက်ရလေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် အပူအအေး ပြောင်းလဲမှုများကို ခံနိုင်ရည်ရှိသူ တစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် ကျိလင်နတ်သမီးက သူ ခံစားမိသည်အထိ အပူရှိန်ကို လျှော့ချလိုက်နိုင်သည်မှာ အတော်လေး တန်ခိုးစွမ်းအားမြင့်မားကြောင်း သိသာလေ သည်။
အေးစိမ့်မှုကြောင့် တိုက်ခိုက်မှုမှမပြုသေးဘဲ ရပ်နေကြသည့် နတ်စစ်သည်များ၏ မျက်ခုံးများနှင့် နှုတ်ခမ်းများတွင် ရေခဲအလွှာများကို တွေ့မြင်ရမည် ဖြစ်လေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် ရုတ်တရက် အေးစိမ့်သွားခဲ့လေ သည်။
အစွန်းရောက်အောင်အေးစက်လွန်းလှသည့် ထိုက်ယင်းစွမ်းအားသည် ထျန်းဖိန်နှင့်သူ၏ နတ်စစ်သည်များကို လွှမ်းမိုးထားလေသည်။ ကျဆင်းလာသည့်နှင်းပွင့်တိုင်းတွင် အေးစက်သည့်ဓားဝိညာဉ်များ ပါဝင်နေလေသည်။ ငွေရောင်နဂါးကြီး (၉)ကောင်မှာ ထိုက်ယင်းစွမ်းအားဖြင့်လွှမ်းမိုးခံရပြီး ကောင်းကင်ထက်တွင် ငွေရောင် နဂါးရုပ်ထုကြီး (၉)ခုပမာ အေးခဲနေကြပြီ ဖြစ်လေသည်။
ထျန်းဖိန်က အံ့သြသွားသည့်လေသံဖြင့်…
"မင်းရဲ့ ထိုက်ယင်းစွမ်းအားတွေက ကွမ်ဟန်နန်းတော်က နတ်သမီးနဲ့တောင် ကောင်းကောင်းယှဉ်နိုင်တာပဲ ၊ ဒါပေမယ့် ကျုပ် ကွမ်ဟန်နန်းတော်ကိုနောက်ဆုံးတစ်ကြိမ်ရောက်တုန်းက အဲဒီစွမ်းအားတွေကို ဘယ်လို တိုက်ခိုက်ရမလဲဆိုတာ သိခွင့်ခဲ့ရလို့ တော်သေးတာပေါ့"
ပြောပြီးသည်နှင့် ထျန်းဖိန်က ဂါထာတစ်ပုဒ်ကိုရွတ်လိုက်ပြီး သူ၏နှာခေါင်းကို လက်ဖြင့်ပွတ်လိုက်လေသည်။
ထိုအခါ… သူ၏ပါးစပ်အတွင်းမှ မီးတောက်တစ်ခု ထွက်ပေါ်လာလေသည်။ မီးတောက်၏အပူရှိန်ကြောင့် ရေခဲများ ချက်ချင်းအရည်ပျော်သွားပြီး ဓားဝိညာဉ်မှာလည်း ပျောက်ကွယ်သွားရလေသည်။
သူတို့ (၂)ယောက်သည် လေထုထဲတွင် တိုက်ခိုက်နေသည့်အတွက်သာ အခြားသူများ ထိခိုက်မှုမရှိခြင်း ဖြစ်လေသည်။ ထို့ပြင်… ထုန်ထျန်းနတ်မြစ်သည် ထူးဆန်းသော မြစ်တစ်ခုဖြစ်လေသည်။ သူတို့ အပြင်းအထန် တိုက်ခိုက်နေကြသည့်တိုင် အခြားသူများကို ထိခိုက်ခြင်း မဖြစ်ခဲ့ပေ။
တစ်ခဏမျှ တိုက်ခိုက်လိုက်သည်နှင့် စစ်ဗိုလ်ချုပ်ထျန်းဖိန်၏ တိုက်ခိုက်မှုပညာအသေးစိတ်ကို ကျိလင်နတ်သမီးက နားလည်သွားလေသည်။ ကောလဟလများအရဆိုလျှင် ထျန်းဖိန်သည် ဘုရင်ရှစ်ပါးနန်းတော်နှင့် ပတ်သက်သူ တစ်ယောက်ဖြစ်လေသည်။ သူ၏ ကျင့်ကြံခြင်းလမ်းစဉ်မှာ စစ်မှန်ပြီး ဖျက်စီးနိုင်ရန် ခက်ခဲလေသည်။
ကျိလင်နတ်သမီးက ပြုံးသည်ဆိုရုံလေးတစ်ချက် ပြုံးလိုက်လေသည်။
ထို့နောက်တွင်တော့… ထုန်ထျန်းနတ်မြစ်အတွင်းမှ ထောင်နှင့်ချီသည့်အလင်းလုံးများ ထွက်ပေါ်လာလေသည်။ ထျန်းဖိန်မှာ အံ့သြထိတ်လန့်သွားရလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ပတ်ဝန်းကျင်အခြေအနေက ပြောင်းလဲ သွားသည်မဟုတ်ပါလား။ ပတ်ဝန်းကျင်းတစ်ခုလုံးတွင် တန်ခိုးစွမ်းအားအငွေ့အသက်များ ဖုံးလွှမ်းနေလေသည်။ အသက်တစ်ချက်ရှူရုံမျှဖြင့်ပင် တန်ခိုးစွမ်းအားများ ဖြစ်ပေါ်နေသည့်အလား ခံစားရလေသည်။
ထျန်းဖိန်က အံ့သြစွာဖြင့် ရေရွတ်လိုက်လေသည်။
"နတ်ကမ္ဘာငယ်…"
နတ်ကမ္ဘာငယ်ဆိုသည်မှာ ကမ္ဘာငယ်တစ်ခုပင် ဖြစ်လေသည်။ သို့သော် ထိပ်တန်းအဆင့် လမ်းစဉ်ကို သက်သေပြခဲ့ကြသည့် မြင့်မြတ်သူများ၏ တန်ခိုးစွမ်းအားများဖြင့် တည်ဆောက်ထားခြင်း ဖြစ်လေသည်။
ပြောကြသည်မှာတော့ မည်သည့်ဂါထာမန္တန်ဖြစ်စေ ၊ တန်ခိုးစွမ်းအားကျင့်စဉ်ဖြစ်စေ ထိုနေရာတွင် လျှင်မြန်စွာ လေ့လာသင်ယူနိုင်သည်ဟု အဆိုရှိကြလေသည်။ ထိုနေရာသို့ ဝင်ရောက်နိုင်သည့် သာမန်ကျင့်ကြံသူများသည် အလွန်မှ ကံကောင်းသည်ဟု ဆိုနိုင်လေသည်။
သို့သော်… ဘုရင်ရှစ်ပါးနန်းတော်မှ ကျင့်စဉ်ကို ကျင့်ကြံထားသည့် ထျန်းဖိန်အတွက်တော့ နတ်ကမ္ဘာငယ်သည် ဆန့်ကျင်ဘကအကျိုးသက်ရောက်မည် ဖြစ်လေသည်။
တာအိုကျင့်စဉ်များနှင့် တန်ခိုးစွမ်းအားကျင့်စဉ်များသည် ထိုပညာများကို တီထွင်ရေးသားခဲ့ကြသည့် မြင့်မြတ်သူများ ၏မူလသင်္ကေတများပါဝင်လေသည်။ အကယ်၍ ကျင့်ကြံမည့်ကျင့်စဉ်သည် ကျင့်ကြံသူ၏ သဘော သဘာဝနှင့် မကိုက်ညီပါက ကိုယ်ကျင့်တရားကိုပင် ထိခိုက်ညစ်ညမ်းစေမည် ဖြစ်လေသည်။ အခြားသူများအနေဖြင့် ကျင့်စဉ် တစ်ခုကိုကျင့်ကြံပြီး တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက်ဖြစ်လာသည့်တိုင် နောက်တစ်ယောက်ကတော့ အောင်မြင်ချင်မှ အောင်မြင်မည်ဖြစ်လေသည်။
အခန့်မသင့်လျှင် ကျင့်စဉ်မှားယွင်းမှုကြောင့် ကျင့်ကြံသူတစ်ယောက်၏ တာအိုလမ်းစဉ်သည်ပင် အတားအဆီး ဖြစ်သွားနိုင်လေသည်။
ကျိလင်နတ်သမီး၏အသံသည် အဝေးမှလာသည့်အလား ထွက်ပေါ်လာလေသည်။
"ရှင်က လေ့လာမှုအားအရမ်းကောင်းတယ် ၊ တကယ်တော့ ထုန်ထျန်းနတ်မြစ်ဟာ နတ်ကမ္ဘာငယ်ဆီကို ဝင်တဲ့ဝင်ပေါက် တစ်ခုပဲ ၊ ရှင်သာ အဲဒီမှာ ပိတ်မိနေရင် ထွက်လာလို့ရမှာ မဟုတ်တော့ဘူး"
ထျန်းဖိန်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ဘယ်သူက တိကျွင်းအရှင်ကို ဆန့်ကျင်ရဲတာလဲ"
ထျန်းဖိန်သည် သာမန်ကျင့်ကြံသူတစ်ယောက် မဟုတ်ပါ။
ထုန်ထျန်းနတ်မြစ်သည် သာမန်နေရာတစ်ခုမဟုတ်သည်ကို သိရှိထားလေသည်။ သို့သော်… နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ထုန်ထျန်းနတ်မြစ်သည် နတ်ကမ္ဘာငယ်တစ်ခု၏ ဝင်ပေါက်ဖြစ်နေသည်ကို လုံး၀ သိရှိခဲ့ခြင်း မရှိပေ။
သူတင်မဟုတ်ပါ။ တိကျွင်းအရှင်သည်လည်း သိရှိခဲ့ခြင်း မရှိပေ။
ဤအချက်မှာ ထူးဆန်းလွန်းလေသည်။
တစ်စုံတစ်ယောက်ကသာ လှည့်စားပြီး ဖုံးကွယ်ထားခြင်းမဟုတ်ပါက သူတို့အနေဖြင့် မသိစရာ အကြောင်းမရှိပေ။
နတ်ကမ္ဘာငယ်သည် ကြီးကျယ်မြင့်မြတ်သည့်ပုဂ္ဂိုလ်တစ်ယောက် လျှောက်လှမ်းခဲ့သည့်လမ်းစဉ်ကို ကိုယ်စားပြုလေ သည်။ ထိုသို့သောလူမျိုးသည် စကြာဝဠာထဲတွင် အနည်းငယ်သာ ရှိလေသည်။ ထျန်းဖိန်သည် ချက်ချင်းပင် တိကျွင်းအရှင်အတွက် စိတ်ပူသွားမိလေသည်။
ကျိလင်နတ်သမီးက…
"ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းက ဓားသူတော်စင်ကျီဝေးလို့ခေါ်တဲ့ ကျီဝေးဧကရာဇ်ရဲ့ နောက်လိုက် တစ်ယောက်ပဲ ၊ ဒါပေမယ့် အခု သူက ဓားသူတော်စင်ကျီဝေးရဲ့အမည်ကို အသုံးပြုပြီး အလွဲသုံးစားလုပ်နေခဲ့တယ် ၊ ကံတရားက အပြစ်ပေးတာကို ခံရမှာပဲ"
ထျန်းဖိန်သည် ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားလိုက်မိလေသည်။
"ကျီဝေးဧကရာဇ်က ကျဆုံးသွားပြီ မဟုတ်ဘူးလား"
ထျန်းဖိန်၏စကားကို ကျိလင်နတ်သမီးက တုန့်ပြန်ခြင်း မရှိပါ။
နတ်ဘုရားစွမ်းအားများ အဆက်မပြတ်မြင့်တက်လာပြီး ထျန်းဖိန်ကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်လိုက်သည့် အတွက် ထျန်းဖိန်အနေဖြင့် အခြားကိစ္စများကို စဉ်းစားချိန်မရတော့ပေ။