← Chapters

လင်စန်းတောင်

Vol. 7 Ch. 688

လင်စန်းတောင်

Vol. 7 Ch. 688

ထျန်းဖိန်သည် နတ်ဘုရားကမ္ဘာငယ်ထဲသို့ ရောက်ရှိသွားသည်ကို ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက ချက်ချင်းပင် အာရုံခံလိုက်မိလေသည်။

သူ၏နှလုံးသားသည် ကြည်လင်ရှင်းလင်းနေပြီး နတ်ဘုရားစိတ်အာရုံကို အာကာသတစ်ခုလုံးသို့ ဖြန့်ကျက်လိုက် လေသည်။

ထိုအခါ သူ၏စိတ်အာရုံတွင် လူတစ်ယောက်ကို တွေ့မြင်လိုက်ရလေသည်။

ထိုသူသည် အလွန်တရာ ချောမောလှပလွန်းပြီး ကျက်သရေလည်းရှိလှလေသည်။ ထိုသူ၏ ဝတ်ရုံသည် လေထဲတွင် လွင့်ပျံနေပြီး တာအိုမဟာလမ်းစဉ်၏ စာလုံးသင်္ကေတများက ထိုသူကို လှည့်ပတ်နေလေသည်။ ထိုသူ၏ ကြီးကျယ်မြင့်မြတ်မှုရှေ့တွင် မည်သူမဆို သိမ်ငယ် ခံစားရမည်ဖြစ်လေသည်။

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းသည် သူ၏ နတ်ဘုရားစိတ်အာရုံများကို လူသားအသွင်သဏ္ဍန် ပြောင်းလိုက်ကာ ထိုသူရှေ့တွင် ရပ်လိုက်လေသည်။

သူက အေးစက်သည့်လေသံဖြင့်…

"မင်းက မသေသေးဘူးကိုး…."

"ဓားသူတော်စင်ကျီဝေးလို့ခေါ်တဲ့ ကျီဝေးဧကရာဇ်က သေဆုံးသွားခဲ့ပါပြီလေ ၊ အခု မင်းရှေ့မှာ ရောက်နေတာ စူးချန်ဝမ်ပါ"

ထိုသူက ပြောလိုက်လေသည်။

ထိုသူသည်ကား အခြားသူမဟုတ်။ ဟိုးလွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဆန်းလျန်အား ရှိခြင်းမရှိခြင်းဓားဝိညာဉ်ကို သင်ကြားပေးခဲ့သည့် ဓားသူတော်စင်ကျီဝေးတစ်ဖြစ်လဲ ဆရာစူးပင်ဖြစ်လေသည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင် ဆရာစူး၏ ပုံသဏ္ဍန်သည် ပြောင်းလဲသွားခြင်းမရှိပါ။

သို့သော်… သူ၏ ဝိညာဉ်ပုံရိပ်သည် စကြာဝဠာကြီးတစ်ခုအလား မရေမရာ ခံစားရစေလေသည်။

ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းက…

"မင်း ဘာလို့ ဒီကို ရောက်လာရတာလဲ"

ဆရာစူးက တစ်ချက်ပြုံးလိုက်ရင်း…

"ကျုပ်အသက်ရှင်နေသေးတာကို မင်းသိသွားရင် ကျုပ်ကို သတ်မှာပဲ မဟုတ်ဘူးလား ၊ ဒါကြောင့် မင်းကျုပ်ကို လာသတ်မှာကို စောင့်မနေတော့ဘဲ မင်းကို အရင်လာသတ်တာ"

ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်းက…

"ကျုပ်က အရင်ကနဲ့ မတူတော့သလို မင်းကလည်း ကျီဝေးဧကရာဇ် မဟုတ်တော့ဘူးလေ ၊ ဘယ်လိုလုပ် ကျုပ်ကို သတ်နိုင်မှာတဲ့လဲ"

ဆရာစူးက…

"ကျုပ်ရဲ့ဓားနဲ့ပေါ့ဗျာ…"

ဆရာစူး၏လက်ထဲတွင် ဓားမရှိပါ။ သို့သော်… ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဓားဝိညာဉ်အငွေ့အသက်များ ထွက်ပေါ်လာသည်ကို ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်း ခံစားလိုက်ရလေသည်။

အဘယ်ကြောင့်ဆိုသော် ဆရာစူးပြောသည့်အတိုင်းပင် ကျီဝေးတိကျွင်းမြင်တွေ့သမျှနှင့် ခံစားရသမျှသည် ဆရာစူး ၏ဓားအဖြစ်သို့ ပြောင်းလဲသွားသောကြောင့် ဖြစ်လေသည်။

ဆရာစူး၏ဓားသိုင်းသည် လောကတွင်အမြင့်မြတ်ဆုံးအဆင့်ဓားသိုင်း မဟုတ်သေးသည့်တိုင် နီးစပ်နေပြီဖြစ်လေ သည်။

သို့သော် ဤဓားကွက်တစ်ခုတည်းဖြင့် ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းကို သုတ်သင်ပစ်ရန်မှာ မလွယ်ကူ လှပါ။ တာအိုဆရာယွမ်ချင်းနှင့် ဗိဿနိုးတို့က ကျီဝေးတိကျွင်းကို ချိတ်စည်းတံဆိပ်ခတ်ထားပြီး လျှို့ဝှက်စောင့်ကြည့် နေကြသည့်တိုင် လွယ်ကူမည်တော့ မဟုတ်ပေ။

ကျောက်စိမ်းဝိညာဉ်သခင်ကျီဝေးတိကျွင်းက ဆရာစူးကို ပြန်လည် တိုက်ခိုက်ခြင်း မရှိပါ။

သို့သော်… ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် အလင်းရောင်များ တောက်ပလာလေသည်။ တောက်ပနေသည့် ကြယ်စင်ပေါင်း သုံးရာခြောက်ဆယ် ထွက်ပေါ်လာပြီး နတ်ဘုရားထောင်ချောက်တစ်ခုကို ပြုလုပ်လိုက်ကြလေသည်။ တစ်ချိန်တည်းမှာပင် ကျောက်စိမ်းဝိညာဉ်သခင် ကျီဝေးတိကျွင်း၏ ရုပ်ခန္ဓာအစစ်သည်လည်း ရောက်ရှိလာကာ နတ်ဘုရားထောင်ချောက်၏ အလယ်ဗဟိုသို့ ဆင်းသက်လာလေသည်။

နတ်ဘုရားထောင်ချောက်အပြင်ဘက်တွင် တာအိုဆရာအဘိုးအိုတစ်ယောက် ရောက်ရှိလာပြီး မဲ့ပြုံးတစ်ချက် ပြုံးလိုက်လေသည်။

"သူက စကြာဝဠာကြယ်စင်ထောင်ချောက်ကို တည်ဆောက်နေတာပေါ့လေ…"

ထိုတာအိုဆရာအဘိုးအို၏ ခြေထောက်အောက်တွင် နဂါးငွေ့တန်းကို တွေ့မြင်နိုင်လေသည်။

အဘိုးအို၏ဘေးတွင် မြွေကြီးတစ်ကောင်ကို စီးနင်းထားသည့် နတ်ဘုရားတစ်ပါးပေါ်လာလေသည်။

ထိုနတ်ဘုရားက…

"သူက စကြာဝဠာကြယ်စင်ထောင်ချောက်ကို တည်ဆောက်မှတော့ လင်စန်းတောင်ကလူတွေ သူ့ကိုလာကယ်တော့ မယ်ထင်တယ်"

"အမှန်ပဲ ၊ လင်စန်းတောင်ကလူတွေ ကျုပ်တို့ကိုသတ်ဖို့အတွက် ဒီကိုရောက်နေလောက်ပြီ…"

တာအိုဆရာအဘိုးအိုက ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

မြွေကြီးကို စီးနင်းထားသည့် နတ်ဘုရားက ပြုံးလိုက်ရင်း…

"ကျုပ်က အမိန့်ကိုဖီဆန်ခဲ့တဲ့သူမို့လို့ လင်စန်းတောင်ကလူတွေက ကျုပ်ကို သတ်ချင်ကြတာ မဆန်းပါဘူး ၊ ဒါပေမယ့် မင်းကိုရော သူတို့က ဘာလို့ သတ်ရမှာလဲ"

တာအိုဆရာအဘိုးအိုက…

"စကြာဝဠာအဆုံးမသတ်မီ တာအိုဆရာသခင်ကြီးတစ်ပါး ပေါ်ထွက်လာခဲ့ဖူးတယ် ၊ အဲဒီတာအိုဆရာသခင်ကြီး ဟာ လောကမှာ နောက်ဆုံးပေါ်ထွက်ခဲ့တဲ့ တာအိုဆရာသခင်ကြီးပဲ ၊ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်လာဖို့ဆိုတာ သိပ်ကို ခက်လွန်းတယ် ၊ ဒါပေမယ့် အဲဒီ နောက်ဆုံးပေါ်ထွက်ခဲ့တဲ့ တာအိုဆရာသခင်ကြီးက ကျုပ်ပဲလေ"

မြွေကြီးကို စီးနင်းထားသည့်နတ်ဘုရားက…

"လောကမှာ ဘယ်ကိစ္စကိုမှ ကြိုတင်ခန့်မှန်းလို့မရပါဘူး ၊ နှစ်ပေါင်းများစွာကြာခဲ့ပြီးတဲ့နောက် မင်းရဲ့ ဂိုဏ်းက မျိုးဆက်သစ်ကောင်လေးတစ်ယောက်ကတော့ တာအိုဆရာသခင်ကြီးတစ်ပါး ဖြစ်လာဖို့ အလားအလာတွေရှိနေခဲ့ တယ်"

တာအိုဆရာအဘိုးအိုက စကားပြန်မပြောပါ။

သို့သော် အံ့သြမင်သက်သွားသည့် မျက်နှာထားဖြင့် မြွေကြီးကို စီးထားသည့် နတ်ဘုရားကို လှမ်းကြည့်လိုက်လေ သည်။

မြွေကြီးကိုစီးနင်းထားသည့်နတ်ဘုရား၏ မျက်ခုံးနှစ်ခုကြားတွင် မျက်လုံးတစ်လုံးရှိနေပြီး မိုးမြေမှ ဖြစ်ပျက်သမျှ အကြောင်းအရာများကို သိမြင်နိုင်ပြီး အတိတ်နှင့်အနာဂတ်ကိုလည်း တွေ့မြင်နိုင်သည့်ဟန် ရှိလေသည်။

နောက်ဆုံးတော့ သူတို့ (၂)ယောက်စလုံး စကားပြောခြင်းကို ရပ်တန့်လိုက်ကြလေသည်။ သူတို့သည် တစ်စုံတစ်ခု ဖြစ်ပျက်လာမည်ကို စောင့်မျှော်နေကြဟန်ရှိလေသည်။

အနောက်ဘက်ကောင်းကင်ဘုံတွင် ဗုဒ္ဓသည် လင်စန်းတောင်ကို တည်ထောင်ခဲ့လေသည်။

ဗုဒ္ဓသတင်းသုံးခဲ့ရာ ရွှီးမီစန်းတောင်သည် ဗုဒ္ဓကျမ်းစာများထဲတွင် မြင့်မြတ်သည့် တောင်တစ်တောင်အဖြစ် ဖော်ပြခံခဲ့ရလေသည်။ သို့သော်… နောက်ပိုင်းတွင် ဗုဒ္ဓသည် လင်စန်းတောင်ကို တည်ထောင်ပြီးသည့်နောက်ပိုင်း လင်စန်းတောင်သည် လောကသုံးပါးတွင် ဒုတိယအမြင့်မြတ်ဆုံးတောင်တစ်လုံးဖြစ်လာခဲ့လေသည်။

သို့သော်… ပထမအမြင့်မြတ်ဆုံးတောင်မှာတော့ ရွှီးမီစန်းတောင်မဟုတ်ခဲ့ပါ။ သုံးလောကတွင် အမြင့်မြတ်ဆုံးတောင် သည်ကား ခွန်လွန်တောင်ဖြစ်လေ၏။

လင်စန်းတောင်သည် သိပ်ပြီး မြင့်မားခြင်း မရှိပါ။ သို့သော်… ထိုနေရာတွင် နတ်ဘုရားများ နေထိုင်ကြလေသည်။ ရေကလည်းသိပ်ပြီးနက်ရှိုင်းခြင်းမရှိပါ။ သို့သော် နတ်နဂါးများ နေထိုင်ကြလေသည်။

လင်စန်းတောင်သည် မြင့်မြတ်သည့်တောင်တစ်တောင်ဖြစ်လာရသည့် အဓိကအကြောင်းရင်းမှာ ထိုတောင်တွင် ဗုဒ္ဓကိုယ်တော်တိုင် သတင်းသုံးသောကြောင့် ဖြစ်လေသည်။

သို့သော်… လင်စန်းတောင်မှ ဗုဒ္ဓထွက်ခွာသွားပြီးသည့်နောက်ပိုင်း လင်စန်းတောင်ကို ဦးစီးဦးဆောင်ပြုမည့်သူ မရှိတော့ပါ။ အထူးသဖြင့် လင်စန်းတောင်ကို အုပ်ချုပ်နိုင်စွမ်းရှိသူ မည်သူမှ မရှိသောကြောင့် ဖြစ်လေသည်။ တိကျန်ဗောဓိသကျနှင့် ကွမ်ယင်မယ်တော်တို့သည် လင်စန်းတောင်ကို အုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသူများ အဖြစ် အများက ယူဆကြသည့်တိုင် လက်ရှိအချိန်တွင် တိကျန်ဗောဓိသကျရော ကွမ်ယင်မယ်တော်ပါ မည်သည့် နေရာသို့ ရောက်ရှိနေမှန်း မသိကြပေ။

ထို့ကြောင့် လက်ရှိအချိန်တွင် လင်စန်းတောင်ကို ယာယီအုပ်ချုပ်နေသူမှာ မဟာကျားရဲ့ကိုယ်တော်ကြီး ဖြစ်လေ သည်။

မဟာကျားရဲ့ကိုယ်တော်ကြီးသည် တန်ခိုးစွမ်းအားလည်း အမြင့်မားဆုံးမဟုတ်သလို ကျင့်ကြံခြင်းအဆင့်လည်း နက်ရှိုင်းလွန်းခြင်း မရှိပါ။ သို့သော်… မဟာကျားရဲ့ကိုယ်တော်ကြီးသည် ဗုဒ္ဓ၏တပည့်များနှင့် အကျွမ်းဝင်ဆုံးရှိသူ တစ်ယောက်ဖြစ်လေသည်။ ထို့ပြင် ကိုယ်တော်ကြီးသည် ရိုးသားဖြောင့်မတ်သူတစ်ယောက်ဖြစ်ပြီး ဗုဒ္ဓကိုလည်း အလွန်မှ ယုံကြည်ကိုးကွယ်သူတစ်ယောက် ဖြစ်လေသည်။

ထို့ကြောင့် မဟာကျားရဲ့ကိုယ်တော်ကြီးသည် အများလက်ခံထားကြသည့် လင်စန်းတောင်၏ အုပ်ချုပ်သူ တစ်ယောက် ဖြစ်လာခဲ့လေသည်။

မဟာကျားရဲ့ကိုယ်တော်ကြီးသည် လင်စန်းတောင်ထိပ်ရှိ ကျောင်းတော်ခန်းမဆောင်ထဲတွင် ထိုင်နေလေသည်။

သူ၏အောက်တွင်တော့ ဘုရားငယ်များဖြစ်သည့် ကျူဖူကိုယ်တော်များ ၊ လော်ဟန်ကိုယ်တော်များနှင့် ဗောဓိသကျ များ ၊ အခြားသော နဂါးနှင့် ဆင်များ ထိုင်နေကြလေသည်။

မဟာကျားရဲ့ကိုယ်တော်ကြီးသည် ရွှေသင်္ကန်းကို ဝတ်ဆင်ထားခြင်းမရှိပါ။ ဟောင်းနွမ်းနေသည့် သင်္ကန်းတစ်ထည် ကိုသာရုံထားလေသည်။ သို့တိုင်အောင် သူ၏ပုံပန်းသဏ္ဍန်သည် တည်ကြည်ခန့်ငြားပြီး ကြည်ညိုဖွယ်ရာအတိဖြစ် လေ၏။

လင်စန်းတောင်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့်တိုင် သူသည် စိတ်ကြီးဝင်ကာ မာနကြီးခြင်းမျိုး မရှိခဲ့ပါ။

ထိုအချိန်မှာပင်…

ဘုန်းတော်ကြီးတစ်ပါးက စကားစပြောလိုက်လေသည်။

"ကိုယ်တော်ကြီး… ကျုပ် တရားထိုင်ရင်းနဲ့ အမြင်တစ်ခုကို မြင်ခဲ့တယ် ၊ ဓားတစ်လက်က လင်စန်းတောင်က ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ပစ်နေတဲ့မြင်ကွင်းပဲ ၊ အဲဒီဓားဟာ ဘာလဲဆိုတာ ကိုယ်တော်ကြီးများ သိနိုင်မလား"

ထိုဘုန်းတော်ကြီးသည် သာမန်ဘုန်းတော်ကြီးတစ်ပါး မဟုတ်ပါ။

ထို့ကြောင့် တရားထိုင်စဉ်တွင် မြင်တွေ့ခဲ့ရသည့် အမြင်များဆိုသည်မှာ လုပ်ကြံဖန်တီးပြောဆိုခြင်း မဖြစ်တန်ရာပေ။

မဟာကျားရဲ့ကိုယ်တော်ကြီးက တစ်ချက်စဉ်းစားလိုက်ပြီး…

"ကျန်းလုန်ကိုယ်တော်… အဲဒီဓားမှာ ဘာထူးခြားချက်များရှိသလဲ"

"အဲဒီဓားက အရမ်းထက်မြက်လွန်းတယ် ၊ စကြာဝဠာအရှင်ကြီးဖြစ်တဲ့ သိုကျန့်စန့်ဖူကိုယ်တော်ထက်တောင် တန်ခိုးစွမ်းအားမြင့်မားတယ်လို့ ထင်ရတယ်"

ကျန်းလုန်ကိုယ်တော်က ပြန်ပြောလိုက်လေသည်။

ရွှေခန္ဓာရရှိထားသည့် လော်ဟန်ကိုယ်တော်များထဲတွင် ကျန်းလုန်ကိုုယ်တော်သည် တန်ခိုးစွမ်းအား အမြင့်မားဆုံး ဖြစ်လေသည်။ သူသည် အခြားသော ဗောဓိသကျများနှင့် ရှေးဟောင်းဘုရားငယ်များဖြစ်သည့် ကျူဖူကိုယ်တော်များ ထက်ပင် သာလွန်သည်ဟု မှတ်ယူနိုင်လေသည်။

မဟာကျားရဲ့ကိုယ်တော်ကြီးက…

"အိမ်း… ဒါဖြင့်ရင်တော့ ဗီဇဝိညာဉ်မရဏဓားတစ်လက်ပဲ ဖြစ်လိမ့်မယ်"

"ဗီဇဝိညာဉ်မရဏဓား ဟုတ်လား ၊ စန့်ချင်တာအိုဆရာသခင်ရဲ့ မရဏဓား (၄)မျိုးဖြစ်တဲ့ နတ်ဘုရားဒဏ်ခတ်ဓား ၊ နတ်ဘုရားထောင်ချောက်ဓား ၊ နတ်ဘုရားတန်ခိုးဖျက်ဓား ၊ နတ်ဘုရားသုတ်သင်ဓားတွေ အားလုံးကို ကျုပ်တွေ့ဖူး တယ် ၊ ဒါပေမယ့် အဲဒီ ဗီဇဝိညာဉ်မရဏဓားကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး"

ကျန်းလုန်ကိုယ်တော်က ပြောလိုက်လေသည်။

မဟာကျားရဲ့ကိုယ်တော်ကြီးက…

"အဲဒီ မရဏဓား (၄)မျိုးအပြင် ယွမ်တုဓားနဲ့ ငရဲလမ်းဓားဆိုတဲ့ ဗီဇဝိညာဉ်မရဏဓား (၂)လက် ရှိသေးတယ် ၊ မင်းရဲ့ စိတ်အာရုံထဲမှာ မြင်ခဲ့တာက အဲဒီ ဓား (၂)လက်ထဲက တစ်လက်ဖြစ်ရမယ်"

ကျန်းလုန်ကိုယ်တော်က…

"ယွမ်တုဓားနဲ့ ငရဲလမ်းဓားရဲ့ မူလဇာစ်မြစ်က ဘာများပါလဲ"

မဟာကျားရဲ့ကိုယ်တော်ကြီးက…

"အဲဒီ မရဏဓား (၂)လက်က အသူရာချောက်ရဲ့အရှင်သခင် ပိုင်ဆိုင်တဲ့ဓားတွေပဲ ၊ စန့်ချင်တာအိုဆရာသခင်ရဲ့ မရဏဓားတွေနဲ့ ကောင်းကောင်းယှဉ်နိုင်တယ် ၊ အဲဒီဓားတွေက တန်ခိုးစွမ်းအားမြင့်မားလွန်းလို့ လူသားအဖြစ် ဝင်စားပြီး တာအိုတရားတွေရကုန်ကြတယ် ၊ သူတို့ထက်အစွမ်းထက်တဲ့သူ လောကမှာ ရှိမယ် မထင်ဘူး"

ကျန်းလုန်ကိုယ်တော်က…

"အခု ဗီဇဝိညာဉ်မရဏဓားတစ်လက်က လင်စန်းတောင်က ဘုန်းတော်ကြီးတွေကို သုတ်သင်ပစ်တယ်လို့ အမြင်အာရုံရတာဆိုတော့ လင်စန်းတောင်များ ပျက်စီးသွားမလား စိတ်ပူမိတယ် ၊ ကိုယ်တော်ကြီး ဒီလိုမျိုး အခြေ အနေသာ ဖြစ်လာရင် ဘယ်လိုကြိုတင်ကာကွယ်မှုတွေ လုပ်ထားရမလဲ"

မဟာကျားရဲ့ကိုယ်တော်ကြီးက…

"စိတ်မပူပါနဲ့ ၊ သိုကျန့်စန့်ဖူကိုယ်တော်က လင်စန်းတောင်ကို ကာကွယ်ပါလိမ့်မယ် ၊ ပြီးတော့ ဗီဇဝိညာဉ်မရဏဓား ဟာ လင်စန်းတောင်ကို မဖျက်စီးနိုင်ပါဘူး"

ကျန်းလုန်ကိုယ်တော်က ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လေသည်။

သို့သော်… ကျောင်းတော်ခန်းမဆောင်ထဲတွင် သိုကျန့်စန့်ဖူကိုယ်တော်ကို မတွေ့ရပေ။ ထို့ကြောင့် မဟာကျားရဲ့ ကိုယ်တော်ကြီးသည် ဓမ္မကိုနက်ရှိုင်းစွာနားလည်သူတစ်ယောက်ဖြစ်သည့်အားလျော်စွာ သူ့ထက်အရင် အခြေအနေ များကို ကြိုတင်ခန့်မှန်းနိုင်သည်မှာ ထင်ရှားနေလေသည်။

……

အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် ဆန်းလျန်ထိုင်နေလေသည်။

သူသည် စိတ်ဝိညာဉ်ငြိမ်းအေးခြင်းအဆင့်သို့ ရောက်ရှိနေလေသည်။ အတွေးများကင်းစင်နေပြီး သူ၏စိတ်သည် တည်ငြိမ်နေလေသည်။ တစ်ချိန်တည်းမှာပင် သူ၏အတွေးတစ်ချက်ဖြင့် စိတ်အာရုံမြင်ကွင်းများကို မွေးဖွားနိုင်လေ သည်။

ယွမ်စီမှော်မိစ္ဆာနှလုံးသားသည် မည်သည့်အရာကိုမှ မတောင်းဆိုပါ။ သို့သော် ဆန်းလျန်၏ နှလုံးသားကို တောင်းဆိုနေလေသည်။ ထို့ကြောင့် ယွမ်စီမှော်မိစ္ဆာနှလုံးသားသည် ဆန်းလျန်၏စိတ်ထဲတွင် တွေးသမျှကို သိနေလေသည်။ သို့သော်… ယွမ်စီမှော်မိစ္ဆာနှလုံးသားမှ နောက်ထပ်လုပ်မည့်အလုပ်များကို ဆန်းလျန် မသိနိုင်သေး ပေ။

ဆန်းလျန်သည် အဆုံးမရှိသည့် အမှောင်ထုထဲတွင် လမ်းလျှောက်နေလေသည်။ အမှောင်ထုသည် ဆုံးနိုင်ဖွယ်ရာ မရှိပေ။ သို့သော်… ဆန်းလျန်သည် ကြောက်ရွံ့ခြင်းလည်းမရှိ ၊ စိတ်ပူခြင်းလည်းမရှိဘဲ အမှောင်ထုထဲတွင် လမ်းလျှောက်နေခဲ့လေသည်။

အမှောင်ထုထဲတွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံးအရာမှ လျှို့ဝှက်ဆန်းကြယ်သည့် မသိနိုင်သော အရာများ သာဖြစ်လေသည်။ ထို့ကြောင့် အချို့သူများသည် မသိနိုင်သည့်အရာများကို သိအောင် မကြိုးစားဘဲ ရှောင်ရှားတတ် ကြလေသည်။ သို့သော်… ထိုသို့ ပြုလုပ်ခြင်းသည် ပြဿနာ၏အရင်းအမြစ်ကို ဖြေရှင်းနိုင်သည့် နည်းလမ်း မဟုတ်ပေ။

ဥပမာအားဖြင့်… အရိုးစုကျင့်စဉ် ဖြစ်လေသည်။

လူတစ်ယောက်သည် ပန်းရောင်အရာဝတ္ထုတစ်ခုကို ကြည့်ပြီး အရိုး အရိုးဟု မှတ်ယူနေမည်ဆိုလျှင် အရိုးပုံသဏ္ဍန် နောက်ဆုံးတွင် ထင်မြင်လာမည် ဖြစ်လေသည်။ သို့သော်… ယာယီမျှသာဖြစ်ပြီး မှန်ထဲမှ လရောင်ကို ကြည့်ရှုရသကဲ့သို အစစ်အမှန်တရားကို တွေ့မြင်ရမည် မဟုတ်ပေ။

သေသေချာချာခွဲခြားကြည့်မည်ဆိုလျှင် ပန်းရောင်အရာဝတ္ထုသည် ပန်းရောင်အရာဝတ္ထုသာဖြစ်ပြီး အရိုးသည် အရိုးသာ ဖြစ်မည် ဖြစ်လေသည်။ ရှင်းလင်းသွားသည့်အခါ နှလုံးသားထဲတွင်လည်း ကြောက်စိတ်များ ရှိတော့မည် မဟုတ်ပါ။

ဆန်းလျန်သည် အရာအားလုံးကို ရှင်းလင်းစွာသိမြင်သူတစ်ယောက် ဖြစ်လေသည်။

အမှောင်ထဲတွင် ထူးဆန်းသည်လျှို့ဝှက်ချက်များကို မသိမြင်နိုင်ဘဲ မည်သည့်နေရာသို့ သွားနေရမှန်း မသိသည့်တိုင် ဆန်းလျန်၏ စိတ်အစဉ်သည် တည်ငြိမ်အေးချမ်းနေဆဲ ဖြစ်လေသည်။

သူသည် လွတ်မြောက်နိုင်မည်မဟုတ်သလို အကြောင်းရင်းကိုနားလည်သည့်တိုင် လွတ်မြောက်အောင်လည်း မလုပ်နိုင်သေးပါ။

သူလုပ်နိုင်သည့်အလုပ်မှာ ယွမ်စီမှော်မိစ္ဆာနှလုံးသားက သူ၏အတွေးများကို အမှောင်ထဲသို့ ခေါ်ဆောင်သွားသည့် အတိုင်း လိုက်ပါသွားရန်သာ ရှိလေသည်။

All Chapters