တာအိုဆရာလီချင်းဆွေ
Vol. 7 Ch. 691
ဆန်းလျန်သည် သူ၏လက်ချောင်းများဖြင့် မိုးကြိုးနတ်မင်းကျန်ရစ်ခဲ့သည့် တန်ခိုးစွမ်းအားသဲလွန်စများကို ထိကိုင် လိုက်လေသည်။ ထိုအခါ အလွန်လှပသည့် ကြာပန်းလေးများ ရုတ်တရက် ပွင့်လန်းလာလေသည်။
ဆန်းလျန်က…
"ဒီ တန်ခိုးစွမ်းအားတွေက ကျောက်စိမ်းဝိညာဉ်နန်းတော်က တန်ခိုးစွမ်းအားပဲ ၊ ကြည့်ရတာ မိုးကြိုးနတ်မင်းက ကျောက်စိမ်းဝိညာဉ်နန်းတော်မှာ ကျင့်စဉ်တစ်ခုခု သင်ယူခဲ့ပုံရတယ်"
ဆန်းလျန်၏ စကားကြောင့် စုန့်ချင်းယီမှာ အံ့သြခြင်းမက အံ့သြသွားရလေသည်။
သူက…
"ဒါပေမယ့် ဘာကြောက်စရာရှိလဲ ၊ မင်းတို့ ချင်းရွှမ်နတ်တံခါးက တာအိုဆရာသခင်ထိုက်ယီရဲ့အမွေကို ဆက်ခံ ထားတဲ့ ဂိုဏ်းတစ်ဂိုဏ်းပဲမဟုတ်လား…"
ဆန်းလျန်က…
"အဲဒီလိုတော့ ပြောလို့မရဘူး ၊ ချင်းရွှမ်နတ်တံခါးက တာအိုဆရာသခင်ထိုက်ယီရဲ့ အမွေကိုဆက်ခံထားတယ်ဆိုပေ မယ့် ဂိုဏ်းခွဲတစ်ခုအဆင့်ပဲရှိတယ် ၊ ကျောက်စိမ်းဝိညာဉ်နန်းတော်ကကျတော့ ယွိချင်တာအိုဆရာသခင်ဆီက တိုက်ရိုက်ဆင်းသက်လာတဲ့ မျိုးဆက်တွေပဲ ၊ ယွိချင်ဒုတိယမျိုးဆက်လို့တောင် ခေါ်လို့ရတယ်"
ဆန်းလျန်၏ စကားကြောင့် စုန့်ချင်းယီက စိတ်ပူသွားပြီး…
"ဒါဆိုရင်တော့ပြဿနာပဲ ၊ သူတို့က မင်းကို ဒုက္ခပေးချင်တာလား…"
ဆန်းလျန်က…
"ကိစ္စမရှိပါဘူး ၊ အဲဒီပြဿနာတွေကို ကျုပ်ဖြေရှင်းနိုင်မှာပါ"
စစ်ကျင်းမှာ ဆန်းလျန်ကို စကားပြောချင်သော်လည်း မြိုသိပ်ထားလိုက်မိလေသည်။
သူမသည် ဆန်းလျန်ကို ချစ်မိနေသည့်အတွက် ဆန်းလျန်ဘက်တွင် ရပ်တည်ပေးနေသည့်တိုင် မိုးကြိုးနတ်မင်း မှာလည်း သူမ၏ ဘိုးဘေးတစ်ယောက်ဖြစ်နေလေသည်။
စုန့်ချင်းယီက…
"ဘာတွေပဲဖြစ်လာဖြစ်လာ ကျုပ်ကတော့ မင်းဘက်မှာ အမြဲရှိနေမှာပါ"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"တကယ်တော့ မင်းဆီက အကူအညီတောင်းစရာရှိလို့ ကျုပ် ဒီကိုလိုက်လာတာ"
စုန့်ချင်းယီသည် ဆန်းလျန်တောင်းသည့် အကူအညီကို ငြင်းဆန်ခြင်း မရှိပါ။
ဆန်းလျန်သည် သူ့ကို မည်သည့်အခါမှ ဒုက္ခရောက်အောင် လုပ်သူမဟုတ်ပေ။ ထို့အတူ သူကလည်း ဆန်းလျန်ကို မည်သည့်အခါမှ ဒုက္ခရောက်အောင်လုပ်မည် မဟုတ်ပေ။
သူတို့ (၂)ယောက်၏ တစ်ယောက်အပေါ်တစ်ယောက်ထားရှိသည့် ယုံကြည်မှုသာ မခိုင်မာခဲ့လျှင် သူတို့၏ ခင်မင်မှုသည် အလဟသ ဖြစ်ရပေမည်။
လောကတွင် အချို့ကိစ္စများသည် ဖွင့်ပြောရန်ပင် မလိုပါ။ အချို့သော မိတ်ဆွေသူငယ်ချင်းများသည် သံသယ ဝင်စရာမလိုအောင် ယုံကြည်စိတ်ချနိုင်သူများ ဖြစ်ကြလေသည်။
….
တာ့ကျိုးပြည်အပြင်ဘက်တွင် ရေတစ်စက်မှမရှိသည့် ကန္တာရတစ်ခု တည်ရှိလေသည်။
ကန္တာရအလယ်တွင် မိန်းမပျိုတစ်ယောက် ပေါ်လာလေသည်။ သူမသည် အစိမ်းရောင်ဝတ်ဆင်ထားပြီး အလွန် ချောမောလှပလေသည်။
ထို့နောက်… သူမရှေ့တွင် မိုးခြိမ်းသံတစ်သံထွက်ပေါ်လာပြီး လျှပ်စီးများစီးဆင်းနေသည့် အတောင်ပံများကို တဖျတ်ဖျတ်ခတ်ရင်း မိုးကြိုးနတ်မင်း ပေါ်လာလေသည်။
မိုးကြိုးနတ်မင်းသည် လေထဲတွင် ရပ်နေလေသည်။
လျှပ်စီးများဖြင့်တောက်ပနေသည့် အတောင်ပံများကို တဖျတ်ဖျတ်ခတ်နေသည့်အတွက် ကန္တာရထဲတွင် သဲမုန်တိုင်း များပင်တိုက်ခတ်လာလေ၏။ သို့သော်… အစိမ်းရောင်ဝတ်မိန်းကလေး၏ အနားသို့ရောက်သည်နှင့် သဲမုန်တိုင်းများမှာ ချင်ချင်းပင် ပျက်ပြယ်သွားကြလေသည်။
အဘယ်ကြောင့်ဆိုသော် မိန်းကလေးထံမှ အပူလှိုင်းများ ထုတ်လွှတ်လိုက်သောကြောင့် ဖြစ်လေသည်။ ထိုအပူလှိုင်း များသည် မီးတောက်များ မဟုတ်သည့်တိုင် မီးတောက်ထက်ပင်ပူပြင်းပြီး ကြောက်မက်ဖွယ်ရာကောင်းလေသည်။
သူမသည်ကား… ရေမိစ္ဆာမယ်ဟု လူသိများသည့် မိုးနတ်မယ်ပင် ဖြစ်လေသည်။ သူမသည် မိုးကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်ပြီး လျှို့ဝှက်နက်နဲသည့် အစွမ်းများကို ပိုင်ဆိုင်ထားလေသည်။
မိုးကြိုးနတ်မင်းက…
"မင်းက ကျုပ်ထက်တောင်မှ ဆန်းလျန်ကို ကြောက်နေပါလား"
ရေမိစ္ဆာမယ်က…
"ကြောက်ရမယ်လေ ၊ သူက ကျွန်မကို ကိစ္စတုံးပစ်လိုက်နိုင်တာ ရှင်လည်းသိတာပဲ"
မိုးကြိုးနတ်မင်းက နက်ရှိုင်းသည့်လေသံဖြင့်…
"နေပါဦး ၊ မင်းပြောပုံအရဆိုရင် သူက စန့်ချင်တာအိုဆရာရဲ့ အမွေဆက်ခံသူ ဖြစ်နေတာပေါ့"
ရေမိစ္ဆာမယ်က…
"သိပ်တော့မသေချာဘူး ၊ ဒါပေမယ့် ကျောက်စိမ်းဝိညာဉ်နန်းတော်က သူ့ကို သံသယဝင်နေတာကြာပြီ ၊ ဒါပေမယ့် ဘာလို့ သတ်မပစ်သေးတာလဲ မသိဘူး"
မိုးကြိုးနတ်မင်းက…
"သူက တာအိုဆရာလီချင်းဆွေရဲ့ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ကျင့်ကြံထားတယ်လေ ၊ အဲဒီတော့ ကျောက်စိမ်းဝိညာဉ်နန်းတော်က သခင် (၂)ပါးကလည်း တာအိုဆရာချင်းဆွေနဲ့ တာအိုဆရာသခင်ထိုက်ယီရဲ့ မျက်နှာကိုထောက်ပြီး လက်လွတ်စပယ် ဘယ်လုပ်ရဲကြပါ့မလဲ"
ရေမိစ္ဆာမယ်က…
"တာအိုဆရာလီချင်းဆွေဆိုတာ ဘယ်သူလဲ"
မိုးကြိုးနတ်မင်းက…
"ပြောကြတာတော့ သူက တာအိုဆရာသခင်ထိုက်ယီရဲ့ သမီး တဲ့ ၊ ဒါပေမယ့် တစ်ထစ်ချလည်းပြောလို့မရပြန်ဘူး ၊ သူက အရမ်းတော်ပြီး အရည်အချင်းရှိတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ၊ သခင် (၂)ပါးက သူ့ထက် တန်ခိုးစွမ်းအား မြင့်မားပေမယ့် သူ့ကို နိုင်အောင် မတိုက်ခိုက်နိုင်ခဲ့ကြဘူးလေ"
မိုးကြိုးနတ်မင်းက ပင့်သက်တစ်ချက်ရှိုက်လိုက်ရင်း စကားဆက်ပြောလိုက်လေသည်။
"ဘာပဲဖြစ်ဖြစ် ဆန်းလျန်ရဲ့ လျှို့ဝှက်ချက်တွေပေါ်လာအောင်တော့ လုပ်ရမှာပဲ ၊ သခင် (၂)ပါးကလည်း ကျုပ်တို့ကို စောင့်ကြည့်နေတယ် မဟုတ်လား ၊ ကျုပ်တို့အလုပ်သာ မအောင်မြင်ရင် သွားရမယ့်လမ်းက သေလမ်းပဲရှိတယ်"
ရေမိစ္ဆာမယ်က…
"ကျွန်မ ဒီအလုပ်တွေ ဆက်လုပ်ပေးမှာပါ ၊ ဒါပေမယ့် စစ်ဝမ်မင့် ဘယ်ရောက်နေလဲဆိုတာ ကျွန်မကိုပြောပြစေချင် တယ် ၊ သူက အသူရာချောက်မှာ ကျွန်မတစ်ယောက်တည်းထားခဲ့ပြီး အလျှင်စလိုနဲ့ ထွက်သွားတာ ၊ သူ ဘာဖြစ်နေ တယ်ဆိုတာ ကျွန်မ သိရမှဖြစ်မယ်"
မိုးကြိုးနတ်မင်းက…
"ဧကရာဇ်စစ်ဝမ်မင့်က စကြာဝဠာတစ်နေရာမှာ ကျင့်ကြံနေတယ်လို့ သတင်းကြားတယ် ၊ အသေးစိတ်ကိုတော့ ကျုပ်လည်းသေချာမသိဘူး"
ရေမိစ္ဆာမယ်က စကားဆက်ပြောရန် ပြင်လိုက်လေသည်။
သို့သော် မိုးကြိုးနတ်မင်းက အလွန်ထိတ်လန့်တုန်လှုပ်သည့် အကြည့်များဖြင့် သူမကိုပြူးကြည့်နေသည့်အတွက် စကားဆက်မပြောဖြစ်တော့ပေ။
ထိုအချိန်မှာပင်… သူမ၏ ခန္ဓာကိုယ်ကို မီးတောက်များက ဝါးမြိုလောင်ကျွမ်းနေသည်ကို သိလိုက်ရလေသည်။ မီးတောက်များမှာ စိမ်းပြာရောင်ဖြစ်လေသည်။ မီးများလောင်ကျွမ်းနေသည့်တိုင် ရေမိစ္ဆာမယ်သည် နာကျင်ခြင်းကို မခံစားရပေ။ သို့သော်… သူမ၏ တန်ခိုးစွမ်းအားများ လျော့နည်းသွားသည်ကို ခံစားလိုက်ရလေသည်။
သူမ၏ဘဝတွင် စစ်ဝမ်မင့်ကို မည်သည့်အခါမှ ပြန်လည်ဆုံတွေ့ရတော့မည် မဟုတ်သည်ကို သူမ နားလည်လိုက် လေသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သေဆုံးရတော့မည် ဖြစ်လေသည်။
ရေမိစ္ဆာမယ်၏ ခြေဖဝါးအောက်တွင် ကြာပလ္လင်တစ်ခု ရှိနေလေသည်။ စိမ်းပြာရောင်မီးတောက်များသည် ထိုကြာပလ္လင်မှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။
ကြာပလ္လင်ထွက်ပေါ်လာသည့် အချိန်မှစပြီး မိုးကြိုးနတ်မင်းရော ရေမိစ္ဆာမယ်ပါ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။
နောက်ထပ် ကြောက်မက်ဖွယ်ရာအချက်မှာ ရေမိစ္ဆာမယ်၏ ခန္ဓာကိုယ်တွင် မီးများလောင်ကျွမ်းနေသည်ကို မိုးကြိုးနတ်မင်းရော ရေမိစ္ဆာမယ်ကိုယ်တိုင်ပါ သတိမထားမိခြင်း ဖြစ်လေသည်။
မီးတောက်များသည် ရေမိစ္ဆာမယ်၏ ခန္ဓာကိုယ်တစ်ခုလုံးကို တဖြည်းဖြည်း ဝါးမြိုလောင်ကျွမ်းသွားလေသည်။ သို့သော်… သူမသည် အားအင်များ လျော့နည်းနေပြီး မီးတောက်များကို လုံး၀ ခုခံတားဆီးနိုင်ခြင်း မရှိခဲ့ပေ။
မိုးကြိုးနတ်မင်းသည် လျှပ်စီးတောင်ပံများကို တဖျတ်ဖျတ်ခတ်လိုက်ပြီး အင်အားအကြီးဆုံးမိုးကြိုးတစ်စင်းဖြင့် ကြာပလ္လင်ကို ပစ်ချလိုက်လေသည်။ သို့သော်… ကြာပလ္လင်ဆီမှ အလင်းရောင်အလွှာပါးလေးတစ်ခု ထွက်ပေါ်လာပြီး မိုးကြိုးပစ်ချက်ကို ခုခံကာကွယ်ထားလိုက်လေသည်။
ထို့နောက် … မိုးကြိုးနတ်မင်း၏ တန်ခိုးစွမ်းအားများကိုပင် အလင်းရောင်အလွှာပါးလေးက စုပ်ယူပစ်လိုက်လေသည်။ မိုးကြိုးနတ်မင်းမှာ သူ့ကိုယ်သူကာကွယ်ရန် ကြိုးစားလိုက်သော်လည်း မည်သို့မှကာကွယ်၍ မရခဲ့ပေ။ ကြာပလ္လင်၏ တန်ခိုးစွမ်းအားများသည် သူမျှော်လင့်ထားသည်ထက် မြင့်မားနေလေသည်။
ရေမိစ္ဆာမယ်၏ဆံပင်များအားလုံး မီးလောင်ကျွမ်းသွားပြီဖြစ်ပြီး သူမသည် အားနည်းဖျော့တော့နေလေသည်။
သူမက…
"စစ်ဝမ်မင့်ကိုရှာပြီး ကျွန်မအတွက် လက်စားချေပေးဖို့ ပြောပေးပါ"
မိုးကြိုးနတ်မင်းက ခေါင်းတစ်ချက် ညိတ်ပြလိုက်လေသည်။
သူသည် မည်သို့မှ မကူညီနိုင်တော့ဘဲ ရေမိစ္ဆာမယ် ပြာမှုန့်ဖြစ်သည်အထိ လောင်ကျွမ်းသွားသည်ကို ဒီအတိုင်း ထိုင်ကြည့်နေရလေတော့သည်။
ရေမိစ္ဆာမယ်သေဆုံးသွားသည်နှင့် တာ့ကျိုးပြည်၏ ကောင်းကင်တစ်ခုလုံးတွင် တိမ်များထူထပ်စွာ ဖြစ်တည်လာလေ သည်။ ထို့နောက် မိုးများစတင်ရွာသွန်းလေတော့သည်။ မြေပြင်တစ်ခုလုံး စိုပြေလန်းဆန်းလာပြီး တိုင်းပြည်တစ်ခုလုံး မှာအသစ်ပြန်လည်မွေးဖွားလာလေတော့သည်။
မိုးကြိုးနတ်မင်းမှာ အဖြစ်အပျက်များကြောင့် ထိတ်လန့်ပြီး ထိုနေရာမှ ချက်ချင်းထွက်ခွာသွားလေသည်။
မိုးကြိုးနတ်မင်းထွက်ခွာသွားသည်နှင့် ကန္တာရထဲတွင် ဆန်းလျန်နှင့် စုန့်ချင်းယီပေါ်လာလေသည်။
စုန့်ချင်းယီက ကြာပန်းမီးအိမ်လေးကိုကိုင်ထားလေသည်။
သူက တအံ့တသြလေသံဖြင့်…
"ဟောက်ရန်တန်ခိုးစွမ်းအားနဲ့ ရှန်လမ်းစဉ်ပေါင်းစပ်လိုက်တာ ထိပ်တန်းတန်ခိုးစွမ်းအားထွက်ပေါ်လာတာပဲ"
ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်…
"ဒါက ရှန်လမ်းစဉ်ကို လူသားဆန်မှုနဲ့ ပေါင်းစပ်လိုက်တာပေ့ါကွာ ၊ အဲဒီစွမ်းအားကို ကောင်းကင်ဘုံက တန်ခိုး စွမ်းအားတွေတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး"
စုန့်ချင်းယီက…
"နေပါဦး ၊ မင်းက အဲဒီအကြောင်းတွေ ဘယ်လိုလုပ် သိနေရပြန်တာလဲ"
ဆန်းလျန်က…
"လောကမှာ ကျုပ်မသိတာ ဘာရှိလို့လဲ"
စုန့်ချင်းယီက…
"မင်းကတော့လေ… သိတာတွေများနေပြီ ၊ နာနာလေးရိုက်ပြီးဆုံးမမှ ဖြစ်တော့မယ်"
ဆန်းလျန်က မျက်နှာသေဖြင့်…
"အဟက်… ကျုပ်ကိုနိုင်အောင်ပဲ အရင်တိုက်စမ်းပါဦး ချင်းယီရာ…"
ဆန်းလျန်စကားဆုံးသွားသည်နှင့် စုန့်ချင်းယီက ရယ်မောလိုက်လေသည်။
"မင်းဟာလေ… အမြဲတမ်းဒီအတိုင်းပဲနော် ၊ ပြီးတော့ မင်း အခုလိုမျိုး နောက်နောက်ပြောင်ပြောင်နဲ့ အမြဲတမ်း နေသင့်တယ်၊ အင်း… တကယ်တော့ မင်းမှာ တခြားသူတွေကို ပြောမပြနိုင်တဲ့ ပြဿနာတွေရှိတယ်ဆိုတာ ကျုပ်သိပါတယ်ကွာ"
ဆန်းလျန်က…
"သိရင်လည်း မမေးနဲ့ကွာ…"
စုန့်ချင်းယီက စိတ်အားထက်သန်စွာဖြင့်…
"မမေးသင့်ဘူးဆိုတာ သိပါတယ်ကွာ ၊ ဒါပေမယ့် မင်းရင်ဖွင့်ချင်တယ်ဆိုရင် သူငယ်ချင်းတစ်ယောက်အနေနဲ့ ကျုပ် အမြဲတမ်းရှိနေပေးပါ့မယ် ၊ ပြီးတော့ ဘာတွေပဲဖြစ်လာပါစေ ၊ ဘယ်လိုအရာတွေပဲ ပြောင်းလဲသွားပါစေ ၊ မင်းရဲ့ ကျင့်စဉ်လမ်းလည်း ဘယ်လောက်ထိပဲ အဆင့်မြင့်သွားပါစေ ကျုပ်က မင်းကို အရင်ကလိုပဲ ပျော်ပျော်ရွှင်ရွှင် နေသွားစေချင်တယ်"
ဆန်းလျန်သည် အတန်ကြာတိတ်ဆိတ်ငြိမ်သက်နေလေသည်။
ပြီးမှ ကန္တာရထဲမှ ရွှေရောင်သဲပြင်များကို ငေးကြည့်နေရင်း…
"မင်းနဲ့ကျုပ် ပထမဆုံးတွေ့ကြတဲ့အချိန်ကို မှတ်မိသေးလား ၊ အဲဒီတုန်းကလည်းသဲကန္တာရထဲမှာပဲလေ ၊ နှစ်ပေါင်းထောင်ချီကြာခဲ့ပေမယ့် အဖြစ်အပျက်တွေက မနေ့တစ်နေ့ကအတိုင်းပဲ မှတ်မိနေပါသေးတယ် ၊ အချိန်တွေ ဒီလောက်ကြာခဲ့တာတောင် မင်းရော ကျုပ်ရော ဒီလောက်အကြာကြီး အသက်ရှည်ကြမယ်လို့ ဘယ်သူက တွေးမိမှာလဲ"
စုန့်ချင်းယီက…
"အဲဒီတုန်းက မင်း ကျုပ်ကို ညာထားတာလေ ၊ ကျုပ်ကတော့ မင်းကို သာမန်ကျင့်ကြံသူတစ်ယေက်လို့ ထင်နေမိတာ ၊ အခုလို အံ့သြစရာအလုပ်တွေလုပ်ပြမယ့် နတ်ဘုရားတစ်ပါးဖြစ်လာမယ်လို့ ဘယ်ထင်မှာလဲ ၊ ဒါပေမယ့် ကျုပ် မင်းအတွက် ဂုဏ်လည်းယူသလို အားလည်းကျမိပါတယ်…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါတော့ မင်း ကျုပ်ကို မြှောက်ပြောနေတာပဲ"
စုန့်ချင်းယီက…
"ဒါဖြင့် မင်းလုပ်ခဲ့တဲ့အလုပ်တွေက အလကားအလုပ်တွေလို့ ကျုပ်က ပြောရမှာလား"
ဆန်းလျန်က လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရင်း…
"ကျုပ်လုပ်သမျှ အကုန်အရေးပါတယ် ၊ ပြီးတော့ မင်း ယုံကြည်ထားရမှာက ကျုပ် ဆန်းလျန်က ဒီထက်ပိုပြီး ကြီးမားတဲ့အလုပ်တွေကိုလည်း လုပ်ဦးမှာ ဖြစ်တယ် ၊ ဒီတော့ မင်း စုန့်ချင်းယီကလည်း ကျုပ်အနားမှာ အချိန်အကြာကြီး ရှိနေပေးပါ ၊ ဘာလို့လဲဆိုတော့ မင်းမရှိတော့ရင် ကျုပ်ကိုမြှောက်ပြောမယ့်သူရှိမှာမဟုတ်တော့ ဘူး"
ဆန်းလျန်၏စကားကြောင့် စုန့်ချင်းယီက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်လေသည်။
"စောင့်ကြည့်ရတာပေါ့ကွာ…"
ဆန်းလျန်ကလည်း…
"စောင့်ကြည့်ရတာပေါ့ကွာ…"
ဆန်းလျန်သည် နေဝင်ချိန်ကို ငေးမောကြည့်နေခဲ့လေသည်။
လောကကြီးသည် အလွန်မှ လှပလွန်းလေသည်။ သူ့အနေဖြင့် ထိုမျှလှပသော လောကကြီးကို ချန်ထားခဲ့ပြီး ဘဝကို စွန့်ခွာသွားနိုင်မည်မဟုတ်ပါ။ မည်သို့ပင်ဖြစ်ပါစေ… သူ ထွက်ခွာမသွားနိုင်ပါ။ လောကတစ်ခုလုံးမှ လှပသည့် သဘာဝတရားများကို သူ ကြည့်မြင်ချင်သေးသည်။
ဆည်းဆာနေရောင်အောက်တွင် ဆန်းလျန်၏ ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားလေသည်။
တခြားဘက်တွင်တော့…
အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် ဆန်းလျန်နှင့် ယွမ်စီမှော်မိစ္ဆာတို့၏ တိုက်ပွဲသည် ပြင်းထန်လျှက်ရှိလေသည်။