← Chapters

ကျုပ်ရဲ့ခေတ်

Vol. 7 Ch. 694

ကျုပ်ရဲ့ခေတ်

Vol. 7 Ch. 694

နေ့ရက်ပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

တာ့ကျိုးပြည်တွင် ပြောင်းလဲမှုအချို့ဖြစ်ပေါ်လျှက်ရှိလေ၏။ သို့သော်… ထိုပြောင်းလဲမှုသည် သာမန်လူများနှင့်တော့ ပတ်သက်ခြင်း မရှိပေ။

လေထုတစ်ခုလုံးတွင် တာအိုအနှစ်သာရများဖြင့်ပြည့်နက်နေပြီး တန်ခိုးစွမ်းအားများ စီးဆင်းနေကြလေသည်။

ကျင့်ကြံသူများသည် တိုက်ခိုက်ရမည့် စစ်ပွဲအတွက် ပြင်ဆင်နေကြလေသည်။ ချင်းရွှမ်နတ်တံခါးမှ ဆန်းလျန် ခေါ်ဆောင်လာသည့် ကျင့်ကြံသူပေါင်း တစ်သိန်းကျော်သည် အသူရာချောက်သို့ ရောက်လာပြီးသည့်နောက်ပိုင်း တန်ခိုးစွမ်းအားများ မြင့်မားလာကြလေသည်။

ထို့ကြောင့်… အသူရာချောက်တစ်ခုလုံးတွင် အသက်ဓာတ်စွမ်းအားများ မြင့်တက်လျှက်ရှိလေတော့သည်။

ထိုနေ့က…

နှင်းများကျဆင်းနေခဲ့လေသည်။

နှင်းတောထဲတွင် ကျင့်ကြံသူပေါင်းတစ်သိန်းကျော်သည် စုစည်းမတ်တပ်ရပ်လျှက် ရှိလေ၏။ ထိုကျင့်ကြံသူများထဲ တွင်ဖားဟိုင်ဆရာတော်နှင့် အခြားသောနတ်ဘုရားများလည်း ပါဝင်လေသည်။ ကျင့်ကြံသူများ၏ တန်ခိုးစွမ်းအားများ ပေါင်းစည်းနေပြီး ကြောက်မက်ဖွယ်ရာ တန်ခိုးစွမ်းအားမြစ်ကြီးတစ်စင်း စီးဆင်းနေသည့်အလား ခံစားရလေသည်။

နှင်းပွင့်လေးများသည် လေထဲတွင် လွင့်မျောနေကြလေသည်။ သို့သော်… မည်သည့်နှင်းပွင့်မှ ကျင့်ကြံသူများ စုဝေးရာ နေရာသို့ ကျဆင်းလာခြင်း မရှိကြပေ။

ထိုနေရာတွင် ဆန်းလျန် ပေါ်လာလေသည်။

သူရောက်ရှိလာသည်နှင့် ကျဆင်းနေသည့် နှင်းများရပ်တန့်သွားသလို တိုက်ခတ်နေသည့်လေသည်လည်း ငြိမ်သက် သွားလေသည်။

နှင်းပွင့်လေးများသည် လေထဲတွင် အေးခဲရပ်တန့်နေကြပြီး ဖန်သားပြင်လမ်းကြောင်းများအလား လှပလွန်းလှလေ သည်။ နှင်းပွင့်ဖန်သားအစွန်းတစ်ခုချင်းစီသည်ပင်လျှင် ထိတ်လန့်ဖွယ်ရာ ထက်ရှလျှက်ရှိလေ၏။

ဆန်းလျန်သည် ရိုးရှင်းသည့် အပြာရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားလေသည်။

သူ၏ပုံစံမှာ သန့်စင်သည့် ကောင်းကင်ပြာအလား ၊ ကြည်လင်သည့် သမုဒ္ဒရာရေပြင်အလား ဖြစ်လေသည်။ သူ၏ မျက်ခုံးနှစ်ခုကြားမှ အနီရောင်ပြဒါးရှင်သင်္ကေတက သူ့ကို ပိုပြီး မြင့်မြတ်ခမ်းနားစေလေသည်။

သူသည်… လူ့လောကသို့ ဆင်းကြွလာသည့် တာအိုဆရာသခင်ကြီးတစ်ပါးအလား ဖြစ်လေ၏။

ကျင့်ကြံသူများသည် တုတ်တုတ်ပင် မလှုပ်ရဲကြပေ။ သူတို့အားလုံးသည် ငြိမ်သက်စွာဖြင့် ဆန်းလျန်ကိုအာရုံစိုက်နေ ကြလေသည်။

ဆန်းလျန်က သူ၏အကြည့်ကို ကျင့်ကြံသူပေါင်း တစ်သိန်းကျော်ဆီသို့ ဖြန့်ကျက်လိုက်လေသည်။

ကျင့်ကြံသူများသည် ဆန်းလျန်၏ အကြည့်တစ်ချက်ကို ရင်ဆိုင်လိုက်ရသည်နှင့် စိတ်ဓာတ်များ တက်ကြွလာကြလေ သည်။

ကျင့်ကြံသူများအလယ်တွင်… စုရှိုးချင်သည် မိန်းကလေးတစ်ယောက် ဖြစ်သည့်တိုင် အလွန်မှ စိတ်အားတက်ကြွ လျှက်ရှိလေ၏။

အားလုံးသည် တိတ်ဆိတ်နေကြပြီး မည်သူမှ စကားမပြောကြပေ။

ခဏအကြာတွင်တော့ ဆန်းလျန်က စကားစပြောလိုက်လေသည်။

ခံစားချက် တစ်ခုတစ်လေမှ မပါဝင်ဘဲ တည်ငြိမ်လွန်းလှသည့် ဆန်းလျန်၏အသံသည် သူတို့အားလုံး၏နှလုံးသား ထဲသို့ ဝင်ရောက်သွားကြလေသည်။

"ဒီခေတ်က ကျုပ်ရဲ့ခေတ်ပဲ…"

ဆန်းကျန်းရန်နတ်ဘုရားသည် လွှမ်းမိုးမှုအရှိဆုံးစကားကို အတည်ငြိမ်ဆုံးလေသံဖြင့် ပြောကြားခဲ့လေပြီ။

ထို့ပြင်… ဆန်းလျန်သည် "ကျုပ်တို့ရဲ့ခေတ်" ဟု မသုံးခဲ့ပေ။ "ကျုပ်ရဲ့ခေတ်" ဟု အခိုင်အမာ ဆိုခဲ့လေသည်။

ထိုစကားသည် သမိုင်းတွင်မည့်စကားလည်းဖြစ်သလို ဆန်းလျန်၏ သူ့ကိုယ်သူ ကြေငြာချက်ထုတ်သည့်စကား လည်းဖြစ်လေသည်။

အမှန်တကယ်ပင် "ဆန်းကျန်းရန်နတ်ဘုရား၏ခေတ်" ဖြစ်သည့်အတွက် ထိုစကားကို မည်သူမှ မငြင်းဆန်းနိုင်ကြ ပေ။

မိုးနှင့်မြေတွင် အဓိကဇာတ်ဆောင်ကိုပြောပါဆိုလျှင် "ဆန်းကျန်းရန်နတ်ဘုရား" သာလျှင် ဖြစ်ပေ၏။ ဆန်းကျန်းရန် နတ်ဘုရားသာလျှင် မရှိမဖြစ် အရေးပါသူတစ်ယောက် ဖြစ်ပေ၏။

ကျင့်ကြံသူပေါင်းတစ်သိန်းကျော်သည် ဒဏ္ဍာရီဆန်သည့်နတ်ဘုရားတစ်ပါးကို မျက်စိဖြင့် တပ်အပ်မြင်တွေ့နေကြရ လေသည်။

ဆန်းလျန် ထိုစကားကိုပြောလိုက်သည့်အချိန်တွင် လောကကိုအောင်နိုင်သူတစ်ယောက်၏ စွမ်းအားများ ထင်ဟပ်လျှက်ရှိလေသည်။

ဆန်းလျန်၏ စကားတစ်ခွန်းသည် စစ်ပွဲ (၁၀၀)ကို အောင်နိုင်ခြင်းထက်ပင် ကျင့်ကြံသူများကို အားတက်စေလေ သည်။

ထို့နောက် ပျံသန်းနတ်ဘုရားအင်းကွက်ထွက်ပေါ်လာပြီး အင်းကွက်သည် တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာလေ သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နတ်ဘုရားများနှင့် ကျင့်ကြံသူများသည် လေထုအတွင်းသို့ ခုန်တက်သွားကြပြီး အင်းအွက်အတွင်းမှ နေရာများတွင် အသီးသီးတွင် နေရာယူလိုက်ကြလေသည်။ ကြိုတင်လေ့ကျင့် ထားပြီးသား ဖြစ်သည့်အတွက် ကျင့်ကြံသူများအနေဖြင့် အင်းကွက်နှင့် ရင်းနှီးပြီးသား ဖြစ်လေသည်။

"ချီတက်…"

အမိန့်သံဆုံးသည်နှင့် ပျံသန်းနတ်ဘုရားအင်းကွက်သည် ကျင့်ကြံသူပေါင်းတစ်သိန်းကျော်ကို သယ်ဆောင်သွားပြီး ယင်းစန်းပြည်သို့ ဦးတည်ထွက်ခွာသွားလေတော့သည်။

မည်သူမှ မတားဆီးနိုင်သည့် မိုးကောင်းကင်စစ်တပ်ကြီးတစ်တပ်အလား ထင်မှတ်ရတော့သည်။

ယင်းစန်းပြည်၏ ကောင်းကင်တစ်ခုလုံးမှောင်မှိုင်းလာပြီး ကြီးမားလွန်းသည့်ဖိအားကြီးတစ်ခုကို ယင်းစန်းမှလူတိုင်း ခံစားလိုက်ကြရလေသည်။ ထိုဖိအားကြီးကို မည်သူမှ မတွန်းလှန်နိုင်ကြပေ။

တိမ်တိုက်များကြားတွင် အင်းကွက်တစ်ခု ပေါ်လာလေသည်။

အင်းကွက်သည် ဖြည်းဖြည်းချင်းလှည့်ပတ်နေပြီး အသူရာချောက်တစ်ခုလုံးကို မွှေနှောက်ပစ်တော့မည့်အလား ခံစားရစေလေသည်။

ထိုအချိန်မှာပင်… လျှပ်စီးများလက်လာပြီး မုန်တိုင်းတစ်ခု စတင်တိုက်ခတ်လာလေတော့သည်။

ကျောက်ကဲမြို့တော်မှ နန်းတော်ကြီးသည် ကောင်းကင်ထက်သို့ ပျံတက်လာလေသည်။

ထိုနန်းတော်ထဲတွင် ထျန်းယီရှိနေလေသည်။ ထျန်းယီသည် လက်နှစ်ဖက်ကို နောက်ပစ်ပြီး နတ်ဘုရားအင်းကွက်ကို ကြည့်နေလေသည်။

အင်းကွက်အတွင်းတွင် နတ်ဘုရားများသည် သူ့နေရာနှင့်သူ အတန်းလိုက်တန်းစီနေကြပြီး မရေမတွက်နိုင်သည့် ကျင့်ကြံသူများက နတ်ဘုရားများနောက်တွင် ရပ်နေကြလေသည်။

ထိုအချိန်မှာပင် ကောင်းကင်ထက်တွင်ပျံသန်းနေသည့် နန်းတော်ကြီးရှေ့တွင် ဆန်းလျန် ပေါ်လာလေသည်။ သူ၏လက်ထဲတွင် မည်သည့်လက်နက်မှ ကိုက်ဆောင်ထားခြင်းမရှိဘဲ ထျန်းယီကိုသာ စိုက်ကြည့်နေလေ၏။

စကားပြောနေလျှင်လည်း အသုံးဝင်မည် မဟုတ်သောကြောင့် ဆန်းလျန်က အပိုစကားများကို မပြောတော့ရန် ဆုံးဖြတ်ထားလေသည်။

သို့သော်… ထျန်းယီက စကားစပြောလိုက်လေသည်။

"တကယ်တော့ ကျုပ်က မိုးကောင်းကင်တစ်ဘက်ခြမ်းက ရောက်လာခဲ့တဲ့သူပဲ"

ဆန်းလျန်က ထျန်းယီကို ကြည့်နေရင်း…

"ကျုပ်သိပါတယ်…"

ထျန်းယီက…

"အသူရာချောက်ကို မင်းသိမ်းပိုက်မှာကို ကျုပ် လက်မခံနိုင်ဘူး"

ဆန်းလျန်က…

"ကျုပ်နားလည်ပါတယ်…"

ထျန်းယီက တစ်ချက်ရယ်မောလိုက်ရင်း…

"ဒါဖြင့်လည်း တိုက်ခိုက်ကြတာပေါ့"

ထျန်းယီ၏ရယ်မောသံများထဲတွင် နာကျည်းမှုများဖြင့် ပြည့်နေလေသည်။

ထိုနာကျည်းချက်များသည် မည်သည့်အခါမှ ပျောက်ကွယ်သွားမည် မဟုတ်ပေ။

ထျန်းယီ၏ ဘုရင်ဝတ်ရုံသည် မသိမသာလှုပ်ရှားသွားပြီး နတ်ဘုရားအလင်းတန်းများ ဖြာထွက်လာလေသည်။

ထျန်းယီ၏ လက်သီးချက်သည် ဆန်းလျန်ဆီသို့ မုန်တိုင်းတစ်ခုအလား ဝင်ရောက်သွားလေသည်။ လက်သီးချက်မှ မြင့်မြတ်သည့် အသက်ဓာတ်စွမ်းအားများ ထွက်ပေါ်လာပြီး စကြာဝဠာတစ်ခုလုံးကိုပင် ဖျက်စီးပစ်တော့မည့်အလား ထင်မှတ်ရလေသည်။

ဆန်းလျန်၏အကြည့်များက အေးစက်သွားပြီး တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကားသည် လေထဲတွင် ပေါ်လာလေသည်။ ပန်းချီကားထဲတွင် တောင်များ ၊ မြေမျက်နှာသွင်ပြင်အနေအထားများ ၊ နေ ၊ လ နှင့် ကြယ်တာရာများအပြင် လူ့လောကကြီးတစ်ခုပင် ပါဝင်လေသည်။ ပန်းချီကားသည် အရာအားလုံးကို လွှမ်းခြုံနိုင်စွမ်း ရှိလေသည်။

ပန်းချီကားသည် ထျန်းယီ၏ လက်သီးချက်ကို လွှမ်းခြုံသွားရုံသာမက ထျန်းယီတစ်ကိုယ်လုံးကိုပင် လွှမ်းခြုံသွားလေ သည်။

ဆန်းလျန်၏ပန်းချီကားမှ တောင်နှင့်မြစ်ရေများသည် ထျန်းယီထံသို့ အဆက်မပြတ် ထိုးနှက်ဝင်ရောက်လာလေ သည်။

တောင်နှင့်မြစ်ရေများသည် ပုံရိပ်ယောင်များ မဟုတ်ပါ။ လူတစ်ယောက်၏ စွမ်းအားများအားလုံးကို အစစ်အမှန် လောကကြီးတစ်ခု ဖြစ်လေသည်။ လူတစ်ယောက်၏ စွမ်းအင်များအားလုံးကို ဖျက်စီးပစ်နိုင်စွမ်းရှိသည့် ကမ္ဘာလောကကြီးတစ်ခုလုံးကို ထျန်းယီသည် မည်သို့ရင်ဆိုင်နိုင်ပါမည်နည်း။

ထို့ပြင်… အဆုံးမရှိသည့် နတ်ဘုရားအလင်းတန်းများသည်လည်း ဆန်းလျန်ထံမှ ထွက်ပေါ်လာလေသည်။

ဆန်းလျန်ထံမှထွက်ပေါ်လာသည့် နတ်ဘုရားအလင်းတန်းများသည် တောင်နှင့်မြစ်ရေကောင်းကင်ဘုံပန်းချီကားနှင့် ပေါင်းစပ်သွားပြီး မဟာအင်အားကြီးတစ်ခု ထွက်ပေါ်လာလေသည်။

ထိုအချိန်မှာပင်… အသံနက်ကြီးတစ်သံ ထွက်ပေါ်လာလေသည်။

"ဆန်းချင်းရွှမ်… သေဖို့သာပြင်ထား"

ရောက်ရှိလာသူမှာ ဝမ်ကျုန်းဖြစ်လေ၏။

ဝမ်ကျုန်း၏ တတိယမျက်လုံးသည် ပွင့်နေပြီး အဆုံးမရှိသည့် မိုးကြိုးများ ထွက်ပေါ်နေလေသည်။

သူသည် အနက်ရောင်ယူနီကွန်းကြီးကို စီးနှင်လာပြီး နတ်ဘုရားတစ်ပါး၏ ဂုဏ်သိက္ခာနှင့် ပြည့်လျှက်ရှိလေသည်။

သူ့နောက်တွင် တန်ခိုးစွမ်းအားမြင့်မားသည့် ရှေးဟောင်းကျင့်ကြံသူ (၁၀)ယောက် လိုက်ပါလာလေသည်။ ထိုကျင့်ကြံသူများထံမှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်နေပြီး မကြာမီ နတ်ဘုရားများအဖြစ် အဆင့်တက်ရောက် နိုင်တော့မည်မှာ ထင်ရှားနေလေသည်။

ဝမ်ကျုန်း၏ အဖွဲ့မှာ ကြောက်မက်ဖွယ်ရာကောင်းလှပြီး ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကမှ ကျင့်ကြံသူဂိုဏ်းများ ကိုပင် သုတ်သင်ပစ်နိုင်လောက်သည်အထိ စွမ်းအားကြီးမားလေသည်။

ဆန်းလျန်သည် ဝမ်ကျုန်းတို့အုပ်စုကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ကြည့်နေခဲ့လေသည်။

ထို့နောက်… လက်သီးချက်တစ်ချက်ဖြင့် ထိုးခွင်းလိုက်လေရာ ကောင်းကင်ပြာတစ်ခုလုံး ပြိုကွဲသွားသည့်အလား ထင်လိုက်ရလေသည်။

ဆန်းလျန်၏ လက်သီးချက်သည် တစ်လောကလုံးကို စိစိညက်ညက်ကျေသွားစေလောက်အောင် အင်အားပြင်းထန် ပြီးအချိန်နှင့်အာကာသကိုသာမက လောကနိယျာမများကိုပါ ချိုးဖျက်ပစ်နိုင်မည့် စွမ်းအားများနှင့် ပြည့်နေလေသည်။

ပျံသန်းနတ်ဘုရားအင်းကွက်ပေါ်တွင်ရပ်နေကြသည့် ကျင့်ကြံသူပေါင်းတစ်သိန်းကျော်သည် အံ့သြမှင်တက်သွားကြရ လေသည်။

ဆန်းကျန်းရန်သည် ကျောက်သားထုအလား ဖြစ်လေသည်။ သူ၏ တန်ခိုးစွမ်းအားများသည် သူတို့ထင်မှတ်ထား သည်ထက်ပင် ပိုမိုပြင်းထန်လွန်းနေလေသည်။

ဆန်းလျန်သည် တရားအလင်းရသွားသည့် တာအိုဆရာသခင်ကြီးတစ်ပါးအလားပင် ထင်မှတ်ရလေ၏။

ဝမ်ကျုန်းသည်လည်း ဆန်းလျန်၏ ကြောက်မက်ဖွယ်ရာလက်သီးချက်ကြောင့် အံ့အားသင့်သွားရလေသည်။

သူစီးလာသည့် အနက်ရောင်ယူနီကွန်းကြီး၏ကိုယ်ထဲမှ သွေးများပန်းထွက်လာပြီး ယူနီကွန်းကြီးမှာ နာကျင်စွာဖြင့် အော်ဟစ်လိုက်လေသည်။

ဝမ်ကျုန်းနှင့်အတူပါလာသည့် ကျင့်ကြံသူများမှာလည်း ဆန်းလျန်၏ လက်သီးချက်ကို ခုခံကာကွယ်နိုင်စွမ်း မရှိပါ။ သူတို့၏ နတ်ဘုရားခန္ဓာများသည် ပေါက်ထွက်ကုန်ကြလေသည်။

ဆန်းလျန်သည် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်လေသည်။

ထိုအချိန်မှာပင်… ပျံသန်းနတ်ဘုရားအင်းကွက်သည် တစ်ချက် လှုပ်ရှားသွားပြီး ပြင်းထန်လှသည့်  တန်ခိုးစွမ်းအား ထုကြီးသည် ဝမ်ကျုန်းနှင့် သူ၏လူများရှိရာသို့ ဦးတည်ဝင်ရောက်သွားကာ တိုက်ခိုက်လိုက်ကြလေတော့သည်။

ဆန်းလျန်က ထျန်းယီကို ပြန်ပြီး အာရုံစိုက်လိုက်လေသည်။

လေထဲတွင်လွင့်မျောနေသည့် နန်းတော်ကြီးသည် ဆန်းလျန်ရှိရာသို့ ဦးတည်ပျံသန်းလာပြီး လေထုမှာ မငြိမ်မသက် ဖြစ်သွားရလေသည်။

နန်းတော်ထဲတွင် နတ်ဘုရား အပါး (၂၀)ခန့်ရှိနေပြီး သူတို့အားလုံးသည် မိုးကောင်းကင်နတ်ဘုရားများ ဖြစ်လုနီးနေ ပြီဖြစ်လေသည်။ ထိုနတ်ဘုရားများထဲတွင် ဆန်းလျန်နှင့်ခင်မင်ခဲ့သူများဖြစ်ကြသည့် ချန်စန်းကျီနှင့် ဝူတင်တို့လည်း ပါဝင်လေသည်။

ဝူတင်၏စိတ်ထဲတွင် သူနှင့် ဆန်းလျန် အတူတူဖြတ်သန်းခဲ့ကြသည့် အချိန်များကို ပြန်လည် သတိရလာမိလေ သည်။ သူတို့ (၂)ယောက် အတူတူအရက်သောက်ခဲ့ကြသည့် အချိန်ကာလကို ထင်ထင်ရှားရှားပင် မြင်ယောင်လာ မိသည်။

အခုတော့ ထိုအချိန်များသည် အိပ်မက်တစ်ခုပမာ ဖြစ်ရပြီး ဝမ်းနည်းမှုများဖြင့်သာ အဆုံးသတ်ရပေတော့မည်။

အခြေအနေများသည် အဘယ်ကြောင့် ထိုမျှအထိ ဖြစ်လာရသည်ကို ဝူတင် နားမလည်နိုင်ခဲ့ပေ။ ကံတရားသာ ဖြစ်ရမည်ဟု သူလက်ခံထားမိတော့သည်။

ထိုအချိန်မှာပင်… ကြယ်စင်မီးတောက်များတောက်ပနေသည့် ဓားတစ်လက်သည် ကောင်းကင်ထက်တွင် ပေါ်လာ လေသည်။

ဝူတင်က ဆန်းလျန်ကို တိုက်ခိုက်ရန်အတွက် ပျံသန်းကြယ်စင်ဓားကို ထုတ်လိုက်ခြင်း ဖြစ်လေသည်။

ဓားရောင်သည် မိုးနှင့်မြေတွင် တောက်ပနေပြီး ဓားသွားသည် ဆန်းလျန်ရှိရာသို့ ဦးတည် ဝင်ရောက်လာလေသည်။

ဆန်းလျန်သည် သူ့ထံသို့ ဝင်ရောက်လာသည့်ဓားကို လက်နှစ်ချောင်းဖြင့် အသာလေး ခုခံလိုက်လေသည်။ ဆန်းလျန်၏ လက်နှင့်ထိမိသည်နှင့် ဓားသွားတွင်တောက်ပနေသည့် ကြယ်စင်အလင်းတန်းများ ချက်ချင်း ပျောက်ကွယ်သွားပြီး ဓားရှည်သည်လည်း အပိုင်းပိုင်းပြတ်ထွက်သွားရလေသည်။

တန်ခိုးစွမ်းအားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည့် ဝူတင်၏ဓားသည် ဆန်းလျန်၏ လက်ချောင်းများကိုပင် ထိခိုက်စေ နိုင်ခြင်းမရှိခဲ့ပေ။

ဆန်းလျန်က…

"ဝူတင်… မင်းရဲ့ဓားသိုင်းက အဆုံးထိ မအောင်မြင်သေးဘူး ၊ နောက်ထပ် နှစ်ပေါင်း (၅၀၀၀)ကြာမှ ကျုပ်ကိုလာရှာ ပါ"

ဆန်းလျန်၏ စကားဆုံးသွားသည်နှင့် ဝူတင်သည် နေရာမှ ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေသည်။ ဝူတင်သည် ကောင်းကင်တစ်ဘက်ခြမ်းဆီသို့ လွင့်ထွက်သွားပြီး အမည်မသိနေရာတစ်ခုသို့ ရောက်ရှိသွားလေတော့ သည်။

အခြားသူများသည်ကား ဝူတင်ကဲ့သို့ ကံမကောင်းကြပါချေ။

ဆန်းလျန်သည် သူ၏လက်နှစ်ချောင်းဖြင့် ကျန်ရှိသည့် နတ်ဘုရားများရှိရာသို့ ထိုးညွှန်လိုက်လေသည်။ လက်ဖြင့် ထိုးညွှန်ခံရသူတိုင်းသည် သေမိန့်ကျခံရသည့်အလား ချက်ချင်းပင် အသက်ပျောက်ကုန်ကြရလေသည်။

ဆန်းလျန်သည် သေမင်းတစ်ပါးအလားဖြစ်ပြီး သူ၏ နတ်သက်ခြွေလက်ချောင်းများမှ မည်သူမှ မလွတ်မြောက် နိုင်ခဲ့ကြပေ။

ဆန်းလျန်အသုံးပြုလိုက်သည်မှာ ကျောက်ရှောင်ယွီ၏ ဝူရှန်သိုင်းကွက်ပင် ဖြစ်ပါလေ၏။

ယခုအချိန်တွင် လော်ဝါဒကိုတည်ထောင်သူ ဆရာသခင်ကိုယ်တိုင် ပြန်ပေါ်လာလျှင်တောင်မှ ဆန်းလျန်၏ ဝူရှန်သိုင်းကွက်ကို ယှဉ်နိုင်မည် မဟုတ်တော့ပေ။

All Chapters