← Chapters

မင်းရဲ့နာမည်ကိုသေခြင်းရှင်ခြင်းစာအုပ်ထဲမှာရေးမယ်

Vol. 7 Ch. 696

မင်းရဲ့နာမည်ကိုသေခြင်းရှင်ခြင်းစာအုပ်ထဲမှာရေးမယ်

Vol. 7 Ch. 696

သုံးလောကတစ်ခွင်မှ နတ်ဘုရားများသည် ခုံရွှမ်းနှင့် တာအိုဆရာယွိတင်တို့၏ တိုက်ပွဲကို တိတ်တဆိတ်စောင့်ကြည့် နေကြလေသည်။

မည်သည့်နတ်ဘုရားမှ ခုံရွှမ်းအနိုင်ရလိမ့်မည်ဟု ထင်ကြေးမပေးကြပေ။ သို့သော်… သူတို့သည် ကျောက်စိမ်း ဝိညာဉ်နန်းတော်ကို လာရောက်စိန်ခေါ်ရဲသည့် ခုံရွှမ်း၏ သတ္တိကိုတော့ မလေးစားဘဲ မနေနိုင်ကြပေ။

ထို့ပြင် မိုးကောင်းကင်ခုံရုံးပျက်စီးသွားပြီးသည့်နောက်ပိုင်း တာ့လော်အဆင့်ရှိသည့် နတ်ဘုရားများသည် တစ်ယောက်နှင့်တစ်ယောက် သိပ်ပြီး ပတ်သက်ကြခြင်း မရှိတော့ပေ။ ထို့ကြောင့် ယခု တာ့လော်အဆင့်ရှိသည့် နတ်ဘုရား (၂)ပါးတိုက်ခိုက်ကြသည့်တိုက်ပွဲသည် သမိုင်းတွင်မည့် တိုက်ပွဲတစ်ခုဖြစ်မည်မှာ သေချာလေသည်။

ဆန်းလျန်သည် ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်များကို သိရှိခြင်း မရှိပါ။

သို့သော်… သူ၏ အခြေအနေသည် အဆိုးကြီးမဟုတ်သေးသည်ကို ခံစားနေရလေသည်။ ထို့ပြင်… ယခု သူ့ရှေ့မှလူသည် တာအိုဆရာယွိတင်အစစ်မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ ယခုအချိန်တွင် သူ့ရှေ့သို့ တာအိုဆရာယွိတင်အစစ်သာက ဒဏ္ဍာရီဆန်သည့် နတ်ဘုရား ချင်းယွမ်မြောင်တောက်အရှင်ကိုယ်တိုင် ရောက်လာဦးတော့ ဆန်းလျန်က အရေးစိုက်တော့မည် မဟုတ်ပါ။ ရင်ဆိုင်စရာရှိသည်ကို နောက်မဆုတ်ဘဲ ရင်ဆိုင်ရမည် ဖြစ်လေသည်။

တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်မလာသေးသရွေ့ သူ့အတွက် လွတ်လမ်းမှ မမြင်နိုင်ဘဲ။

ဝမ်ကျုန်းဦးဆောင်သည့်ကျင့်ကြံသူများနှင့် ဆန်းလျန်၏ ပျံသန်းနတ်ဘုရားအင်းကွက်အတွင်းမှ ကျင့်ကြံသူများ တိုက်ခိုက်နေကြစဉ်တွင် ဆန်းလျန်ကတော့ တာအိုဆရာယွိတင်၏ လူပြန်ဝင်စားသည့် ဉာဏ်စဉ်နှင့် တိုက်ခိုက်နေလေသည်။

ရန်သူသည် ဆန်းလျန် တိုက်ခိုက်လိုက်သည့် တိုက်ကွက်တိုင်းကို ကြိုတင်သိမြင်နေပြီး အေးအေးဆေးဆေးပင် ခုခံ သွားလေသည်။

ဆန်းလျန်၏ ဘဝတစ်လျှောက်လုံးတွင် ရန်သူကို အနိုင်ရရန်အတွက် ရန်သူ၏ တိုက်ကွက်နှင့် စိတ်ဓာတ်ကို အမြဲတမ်း ကြိုတင်ခန့်မှန်းနိုင်ခဲ့လေသည်။ ယခုတစ်ကြိမ်တွင်တော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပြီး ရန်သူက သူ၏လှုပ်ရှား မှုတိုင်းကို ကြိုတင်ရိပ်မိနေသည့်အတွက် တိုက်ပွဲက လွယ်ကူခဲ့ခြင်း မရှိပေ။

ဆန်းလျန်သည် မြေအောက်သို့ ဖြည်းဖြည်းချင်းဆင်းသွားလေသည်။ နောက်ဆုံး သူ၏ နှာခေါင်း ၊ နားရွက်များသည် မြေအောက်အလွှာများထဲတွင် နစ်မြုပ်သွားလေသည်။

နောက်ဆုံးတွင် ဆန်းလျန်သည် ဝိညာဉ်မြစ်၏ အနက်ရှိုင်းဆုံး နေရာသို့ ရောက်ရှိသွားလေသည်။ ယွိတင်ကလည်း သူ့နောက်မှ ထပ်ကြပ်မကွာ လိုက်လာလေသည်။

ဆန်းလျန်သည် အသူရာချောက် (၉)ထပ်တွင် အနက်ရှိုင်းဆုံးဖြစ်သည့် ဝိညာဉ်မြစ်ကြမ်းပြင်သို့ ရောက်ရှိလာလေ သည်။ ထိုနေရာတွင် အလင်းရောင်မရှိပေ။ အနက်မှောင်ဆုံးယင်စွမ်းအားများသည် ဆန်းလျန်၏ မွေးညင်းပေါက် လေးများအတွင်းသို့ စိမ့်ဝင်လာလေသည်။

ဝိညာဉ်မြစ်ကြမ်းပြင်တွင် သေခြင်းရှင်ခြင်းစာအုပ် ရှိနေလေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် အသူရာချောက်၏နှလုံးသားနှင့် ချိတ်ဆက်နေပြီး စာအုပ်က အသက်တစ်ချက်ရှူလိုက် တိုင်းဝိညာဉ်မြစ်ရေသည်သည် လှိုင်းထသွားရလေသည်။

ဆန်းလျန်က လက်ဖဝါးများကိုဖြန့်လိုက်ရာ သူ၏လက်ထဲတွင် မှောင်မိုက်တိတ်ဆိတ်နေသည့် ဓားတစ်လက်ပေါ်လာ လေသည်။

ထိုဓားမှာ ချန်ကျန့်မေမှ အသွင်ပြောင်းသွားသည့် အနတ္တဓားပင် ဖြစ်လေသည်။

ဆန်းလျန်နှင့် မနီးမဝေးတစ်နေရာတွင် ယွိတင် ရှိနေလေသည်။

ယွိတင်က ကျောထက်တွင်လွယ်ထားသည့် နတ်ဘုရားသုတ်သင်ဓားကို ဆွဲထုတ်လိုက်လေသည်။ သူက ဝိညာဉ်မြစ်ကို ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်လေရာ ဝိညာဉ်မြစ်ရေတွင် ထနေသည့်လှိုင်းများ ချက်ချင်း ငြိမ်သက်သွားလေသည်။

အသူရာချောက် (၉)ထပ်ရှိ ဝိညာဉ်မြစ်ရေထဲတွင် ဆန်းလျန်၏ စိတ်များကို တစ်စုံတစ်ခုက တားဆီးထားသလို ခံစားနေရလေသည်။ သူ၏စိတ်သည် ရှင်းရှင်းလင်းလင်းမရှိပါ။ ယွိတင်သည်လည်း အလားတူခံစားနေရဟန် ရှိလေသည်။

အနတ္တဓားသည် အနည်းငယ်တုန်ခံသွားပြီး ဓားညည်းသံတစ်ချက် ထွက်ပေါ်လာလေသည်။

ဆန်းလျန်က ဓားကိုတစ်ချက် ဝှေ့ယမ်းလိုက်ပြီး ယွိတင်ကို စတင်တိုက်ခိုက်လိုက်လေသည်။ အနတ္တဓားမှ သဏ္ဍန်မဲ့ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး အရပ်မျက်နှာအသီးသီးမှ ဓားတန်ခိုးစွမ်းအားများသည် ယွိတင်ရှိရာသို့ ဝင်ရောက်လာလေသည်။

ဓားချက်သည် အလိုက်သင့်စီးဆင်းသွားပြီး သားသတ်သမား၏ ဓားချက်ကဲ့သို့ သဲလွန်စမကျန် ပြတ်သားလွန်းလှ လေသည်။

ဆန်းလျန်၏မျက်နှာသည် တည်ငြိမ်နေလေ၏။ သူ၏မျက်နှာထက်တွင် ဓားဝိညာဉ်အငွေ့အသက်လည်းမရှိသလို သတ်ဖြတ်လိုသည့်အရိပ်အယောင်လည်း မရှိပေ။ သူ၏နှလုံးသားသည် ရေအလျဉ်အလား အေးချမ်းလျှက် ရှိလေ သည်။

ယခုအချိန်တွင်… သူသည် ဆန်းလျန်မဟုတ်တော့ပါ။ ချန်ကျန့်မေ၏ ဝိညာဉ်ဝင်ပူးထားသည့်အလား ခံစားနေရလေသည်။ ချန်ကျန့်မေကိုယ်တိုင်သည် အနတ္တဓားကိုဆွဲကိုင်ပြီး သူ့ကိုသတ်ဖြတ်ခဲ့သူကို လက်စားချေရန် အသင့်ရှိနေသည့်အလားပင်။

ထူးဆန်းသည့် ထိပ်တန်းဓားသိုင်းပညာများစွာသည် ဆန်းလျန်၏စိတ်ထဲသို့စီးဆင်းဝင်ရောက်လာလေသည်။

ဓားသိုင်းကွက်တိုင်းသည် မိုးနှင့်မြေကို တစ်လွှာချင်းခုတ်ဖြတ်တော့မည့်အလား ထင်မှတ်ရလေ၏။

လောကကြီး ၊ သက်ရှိသတ္တဝါများ ၊ သဘာဝအလျှောက်တည်ရှိနေသည့်လောကဓမ္မ… ဓားသိုင်းကွက်ထဲတွင် ထိုအရာများအားလုံးကို တွေ့မြင်ရလေသည်။

ဆန်းလျန်နှင့်တိုက်ခိုက်နေသည့် ယွိတင်သည် တာအိုဆရာယွိတင်၏ ဉာဏ်စဉ်တစ်ခုမှ လူပြန်ဝင်စားခြင်း ဖြစ်သော်လည်း သူ၏စိတ်အခြေအနေသည် တာ့လော်အဆင့်တွင် ရှိနေလေသည်။

သူ့လက်ထဲမှ နတ်ဘုရားသုတ်သင်ဓားသည် ထိပ်တန်းနတ်ဓားတစ်လက် ဖြစ်လေသည်။ သို့သော်… သူ၏ဓားသည် အနတ္တဓားနှင့် ထိမိသည့်အခါတွင်တော့ အနည်းငယ် တုန်လှုပ်သွားရလေသည်။

အနတ္တဓားသိုင်းသည် ဆန်းလျန်၏ ဓားသိုင်းမဟုတ်ပါ။ ချန်ကျန့်မေ၏ ဓားသိုင်း ဖြစ်လေသည်။

အရေးမပါသူတစ်ယောက်အလား အသက်စွန့်သွားခဲ့သည့်တိုင် တစ်ချိန်တုန်းက လောကတွင် ပြိုင်ဘက်ကင်းသည့် ဓားသိုင်းပါရမီရှင်တစ်ယောက်ဖြစ်သူ ချန်ကျန့်မေ၏ ဓားသိုင်း ဖြစ်လေသည်။

အနတ္တဓားသည် ကန့်သတ်ချက်များနှင့် အတားအဆီးများစွာကို ကျော်လွန်ပြီး ထိပ်တန်းအဆင့် စာရင်းဝင်သည့် ဓားတစ်လက် ဖြစ်လေသည်။

ထိုကဲ့သို့သော ထိပ်တန်းအဆင့်ဓားတစ်လက်ကသာလျှင် ယွိတင်၏ နတ်ဘုရားသုတ်သင်ဓားကို ကောင်းစွာ ယှဉ်ပြိုင်နိုင်မည် ဖြစ်လေသည်။

သူတို့ (၂)ယောက်သည် စစ်မြေပြင်မှာ သူရဲကောင်း (၂)ဦးပမာ အပြင်းအထန်တိုက်ခိုက်နေကြလေသည်။

သူတို့သည် နက်ရှိုင်းသည့် ဝိညာဉ်မြစ်ရေထဲတွင် တိုက်ခိုက်နေကြခြင်း ဖြစ်လေရာ ရေဖိအား၏ သက်ရောက်မှု ကြောင့်သူတို့၏လှုပ်ရှားမှုများသည် မြန်ဆန်ခြင်းမရှိလှပေ။ သို့သော် တိုက်ပွဲကတော့ မိုးနှင့်မြေ ပျက်စီးသွားစေ သည်အထိ စွမ်းအားပြင်းထန်လွန်းလေသည်။

ဓားသူတော်စင်တစ်ပါးသာ သူတို့တိုက်ပွဲကို တွေ့မြင်သွားမည်ဆိုလျှင် သူတို့ (၂)ယောက်လုံးသည် စစ်မှန်သည့် ဓားသိုင်းမဟာလမ်းစဉ်ကို လျှောက်လှမ်းနေကြသူများဖြစ်သည်ဟု မှတ်ချက်ပြုပေလိမ့်မည်။

သူတို့အသုံးပြုသည့် ရိုးရှင်းသည့်ဓားကွက်များသည်ပင်လျှင် လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အနက်ဖွင့်ရန် လုံလောက်လေ သည်။

စစ်မှန်သည့် နတ်ဘုရားများသာလျှင် သူတို့၏ဓားသိုင်းကွက်များကို နားလည်နိုုင်ပေလိမ့်မည်။

ထိုအချိန်မှာပင်… ယွိတင်၏စိတ်သည် တစ်ချက် လှုပ်ရှားသွားလေသည်။ သူ၏ တာ့လော်အဆင့် စိတ်စွမ်းအားများ သည်တဖြည်းဖြည်း ဆုတ်ယုတ်ကျဆင်းနေသည်ကို မမျှော်လင့်ဘဲ သတိပြုလိုက်မိလေသည်။

ဤသည်ကိုကြည့်ခြင်းအားဖြင့် ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် ခုံရွှမ်းနှင့်တိုက်ခိုက်နေသည့် ယွိတင်အစစ်သည် အခြေအနေသိပ်မဟန်ကြောင်း သိနိုင်လေသည်။

ယွိတင်၏စိတ်ထဲတွင် သံသယများပြည့်နက်လာသည့်အချိန်တွင် ဆန်းလျန်၏အနတ္တဓားကတော့ တန်ခိုးစွမ်းအား များတဖြည်းဖြည်းမြင့် တက်လာခဲ့လေသည်။

စိတ်လှုပ်ရှားမှုများ အဆုံးစွန်ထိရောက်သွားပြီးနောက် ယွိတင်၏ တန်ခိုးစွမ်းအားများမှာ ပေါက်ကွဲထွက်သွားလေ သည်။

ထိုအခါ… ယွိတင်၏ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တော့ဘဲ ခေါင်း (၃)လုံးနှင့် လက် (၆)ဖက် ထွက်ပေါ်လာလေသည်။ သူ၏ တန်ခိုးစွမ်းအားများသည် (၃)ဆခန့် ပိုမိုများပြားလာလေသည်။

ဒဏ္ဍာရီထဲမှ ခေါင်း (၃)လုံး လက်(၆)ဖက် တန်ခိုးစွမ်းအားနှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်ကို ဆန်းလျန် သိလိုက်လေ သည်။

ထိုတန်ခိုးစွမ်းအားသည် ကောင်းကင်ဘုံတစ်ခုလုံးနှင့် ထောင်ပေါင်းများစွာသော ကြယ်စင်များကြားတွင် အလွန် ထူးဆန်းလျှို့ဝှက်သည့် တန်ခိုးစွမ်းအား ဖြစ်လေသည်။

ထို့ပြင် ထိုတန်ခိုးစွမ်းအားည် ယွိချင်တာအိုဆရာသခင်ကိုယ်တိုင် တီထွင်ဖန်တီးထားသည့် တန်ခိုးစွမ်းအား ဖြစ်လေ သည်။

သို့သော်… ထိုတန်ခိုးစွမ်းအား၏ အရင်းအမြစ်ကို ဆန်းလျန်သည် ချက်ချင်းပင် နားလည်သွားလေသည်။

ထိုအခါ မူလအားဖြင့် မှောင်မိုက်တိတ်ဆိတ်နေသည့် အနတ္တဓားသည် တောက်ပလပြီး အလင်းတန်းများ အဆက်မပြတ် ဖြာထွက်လာလေသည်။

ဆန်းလျန်ထံမှ တန်ခိုးစွမ်းအားဖိအားများ ထွက်ပေါ်နေပြီး ယွိတင်သည် ဆန်းလျန်အနားသို့ တိုးကပ်နိုင်ခြင်း မရှိပေ။

ထို့ကြောင့် ခေါင်း (၃)လုံးနှင့် လက် (၆)ဘက်ရှိနေသည့် ယွိတင်သည် ဆန်းလျန်ကို တစ်စစီဖြစ်သွားစေရန်အတွက် ဝိညာဉ်မြစ် ကိုလှုပ်ခါ နေလေသည်။

ယွိတင်၏ တန်ခိုးစွမ်းအားများကြောင့် စကြာဝဠာတစ်ခုလုံးသာမက ရွှီးမီစန်းတောင်ကြီးပင် တုန်လှုပ်နေသည့်အလား ခံစားရလေသည်။

သို့သော်… တာအိုဆရာယွိတင်၏ တန်ခိုးစွမ်းအားများသည် ထူးဆန်းစွာပင် ဆန်းလျန်အပေါ်တွင် သက်ရောက်မှု မရှိပါ။ သူ၏လက်ထဲမှ အနတ္တဓားသည် မယုံကြည်နိုင်စရာ ကောင်းလောက်အောင် တောက်ပနေလေသည်။ ဓားသွားသည် ကံကြမ္မာကို ဖြတ်တောက်ပစ်ပြီး အာကာသတစ်ခုလုံးကို ထိုးဖောက်ပစ်တော့မည့်အလား ထင်မှတ်ရ လေသည်။

သို့သော်… ထိုအဆင့်အားလုံးကို ကျော်လွန်သွားသည်နှင့် အနတ္တဓားမှ နောက်ဆုံးအသက်ရှူသံသည် ပျောက်ကွယ်သွားခဲ့လေသည်။

ဆန်းလျန်၏မျက်နှာသည် တည်ငြိမ်နေလေသည်။

တိုက်ပွဲတွင် နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူအရေးမစိုက်တော့ပါ။ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ သူ့အတွက် အရေးမကြီးတော့ပါ။

သူသည် လင်းလက်နေသည့် ဓားရောင်ကြားတွင် သူလျှောက်လှမ်းရမည့်ခရီးကို တစိုက်မတ်မတ်လျှောက်လှမ်းနေခဲ့ လေသည်။ သူလုပ်ရမည့်အလုပ်ကို တည်ငြိမ်စွာ လုပ်နေခဲ့လေသည်။

ဆန်းလျန်သည်…. အသူရာချောက်၏ အဓိကမဏ္ဍိုင်ဖြစ်သည့် သေခြင်းရှင်ခြင်းစာအုပ်ရှိရာသို့ သွားနေခဲ့လေသည်။

ခေါင်း (၃)လုံး လက် (၆)ဘက်ရှိပြီး တန်ခိုးစွမ်းအားများ အဆမတန် မြင့်မားနေသည့် ယွိတင်သည် သေခြင်းရှင်ခြင်း စာအုပ်ဆီသို့ ဦးတည်သွားနေသည့် ဆန်းလျန်ကို တားဆီးနိုင်ခြင်း မရှိပါချေ။

ထို့နောက်တွင်တော့ … အနတ္တဓားမှထွက်ပေါ်နေသည့် အလင်းတန်းများသည် ပြန်လည်အားနည်းသွားခဲ့လေသည်။

ဝိညာဉ်မြစ်ရေမှာအရှိန်နှင့် မြင့်တက်လာပြီး နက်မှောင်သည့်ယင်စွမ်းအားများကြောင့် ဆန်းလျန်၏သန့်စင်မှုများမှာ လည်းညစ်နွမ်း သွားရလေသည်။

သို့သော်… ဆန်းလျန်က အရေးမစိုက်ပါ။

ဝိညာဉ်မြစ်ထဲတွင် သူ၏ တာအိုဝတ်စုံသည် လွင့်မျောနေပြီး ဇမ္မူဒီပါလက်ကျ်ာတောင်ကျွန်း၏ ယူဇနာပေါင်း (၃၀၀၀) ကို အရှိန်အဟုန်ဖြင့် ဖြတ်ကျော်တော့မည့် လူတစ်ယောက်အလား ထင်မှတ်ရလေသည်။

ဆန်းလျန်သည် သူ့လက်ထဲမှဓားကို အရှေ့သို့ ထိုးညွှန်လိုက်လေသည်။

ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်သွားပြီး အချိန်သည် ရပ်တန့်သွားခဲ့လေသည်။ တာအိုဆရာယွိတင်၏ တန်ခိုးစွမ်းအားများပါ ရပ်တန့်သွားခဲ့လေသည်။

အနတ္တဓားသည် တစ်လက်မချင်း တစ်လက်မချင်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ နောက်ဆုံးတွင်တော့ ချန်ကျန့်မေ နောက်ဆုံးချန်ထားခဲ့သည့် အနတ္တဓားသည် ထာဝရပျောက်ကွယ်သွားခဲ့လေသည်။

"သဘာဝတရား၏အလှတရား… မိုးနှင့်မြေမှမွေးဖွားလာ…"

ရုတ်တရက် … တာအိုတေးသွားတစ်ပုဒ်သည် အသူရာချောက် (၉)ထပ်မှ ထွက်ပေါ်လာလေသည်။

ဆန်းလျန်သည် ဝမ်းနည်းခြင်းလည်းမဖြစ်မိသလို ဝမ်းသာခြင်းလည်း မဖြစ်မိပါ။ စိုးရိမ်ပူပန်ခြင်းလည်းမဖြစ်မိ သလို ကြောက်ရွံ့ခြင်းလည်း မဖြစ်မိပါ။

သူသည် သေခြင်းရှင်ခြင်းစာအုပ်ကို လှမ်းယူလိုက်လေသည်။ သေခြင်းရှင်ခြင်းစာအုပ်ကို ကိုင်လိုက်သည်နှင့် သူ၏လက်တစ်ဖက်လုံးမှာ အနက်ရောင်ပြောင်းသွားလေသည်။

သူက သေခြင်းရှင်ခြင်းစာအုပ်မှ စာမျက်နှာအလွတ်တစ်ရွက်ကို လှန်လိုက်ပြီး သူ၏လက်ချောင်းများဖြင့် အဖြူရောင် စာရွက်ပေါ်တွင် နာမည်တစ်ခုကို ရေးလိုက်လေသည်။

"ယွိတင်…"

လောကတွင် "ယွိတင်" ဆိုသည့် နာမည်တူလူသားများအားလုံးထဲမှ…

ဆန်းလျန်ရေးသားလိုက်သည့် "ယွိတင်" ဆိုသူမှ … "တာ့လော်အဆင့်နတ်ဘုရားတစ်ပါးဖြစ်ပြီး သေခြင်းရှင်ခြင်းကို လွန်မြောက်ထားသူ ၊ ကျောက်စိမ်းဝိညာဉ်နန်းတော်မှ တာအိုဆရာယွိတင်" ဖြစ်လေသည်။

ဆန်းလျန်က သေခြင်းရှင်ခြင်းစာအုပ်ထဲတွင် ယွိတင်အကြောင်း အသေးစိတ်ကို ချရေးလိုက်လေသည်။

ရိုးရိုးရှင်းရှင်းပြောရမည်ဆိုလျှင် သတ္တမအဆင့်တရားသူကြီးတစ်ယောက်ကို ဧကရာဇ်မင်းကိုယ်တိုင်က သေဒဏ် ချမှတ်လိုက်သည်နှင့် ဆင်တူလှလေသည်။

ဆန်းလျန်သည် စိတ်အာရုံများကို စူးစိုက်ပြီး တာအိုစွမ်းအားများကို အသုံးပြုကာ "ယွိတင်" ဆိုသည့်အမည်ကို သေခြင်းရှင်ခြင်းစာအုပ်ထဲတွင် ရေးသားလိုက်လေသည်။ သို့သော်… "ယွိတင်" ဆိုသည့်နာမည်သည် သေခြင်း ရှင်ခြင်းစာအုပ်ထဲမှ ပြန်လည်ပျောက်ကွယ်သွားလေသည်။ သေခြင်းရှင်ခြင်းစာအုပ်သည် ယွိတင်ဆိုသည့်အမည်ကို မှတ်တမ်းတင်မထားရဲသကဲ့သို့ ရှိလေသည်။

ယွိတင်က အေးစက်စွာဖြင့်ရယ်မောလိုက်ရင်း…

"အခု မင်းလုပ်နေတဲ့အလုပ်မျိုးကို ငရဲမင်း (၁၀)ပါးတောင် မလုပ်ရဲကြဘူးကွ ၊ မင်းက ဒီလောက်မာနကြီးလွန်းတာ ကျုပ်တောင်အံ့သြမိတယ် ၊ ပြီးတော့ စိတ်လည်းပျက်မိတယ်"

ယွိတင်က ဆန်းလျန်ကို တိုက်ခိုက်ခြင်းမရှိပါ။

သို့သော်… သူက ပတ်ဝန်းကျင်တစ်ခုလုံးမှ လေထုကို အေးခဲစေလိုက်လေသည်။ ထိုသို့ပြုလုပ်လိုက်ခြင်းမှာ ဆန်းလျန် ထွက်ပြေးနိုင်မည့် ပြေးပေါက်အားလုံးကို ပိတ်ဆို့ထားလိုက်ခြင်း ဖြစ်လေသည်။

ထိုအချိန်တွင်… ဆန်းလျန်၏ လက်ထဲတွင် အနီရောင်ပန်းတစ်ပွင့် ပေါ်လာလေသည်။ အနီရောင်ပန်းပွင့်တွင် အရွက်များ မရှိပါ။ ပန်းပွင့်နှင့် ရိုးတံသာလျှင် ရှိလေသည်။

ထိုပန်းပွင့်မှာ ဆန်းလျန် အသူရာချောက်သို့ ရောက်ရှိလာသည့် အချိန်တွင် သွေးနီရောင်ပင်လယ်တစ်ဖက်ကမ်းတွင် ပွင့်ခဲ့သည့် အနီရောင်ပင့်ကူငရဲပန်းပင် ဖြစ်လေသည်။ အနီရောင် ပင့်ကူငရဲပန်းများ ပွင့်လန်းလာရခြင်းသည် အသူရာချောက်၏အရှင်သခင် ထွက်ပေါ်လာမည့် နိမိတ်လည်း ဖြစ်ခဲ့လေသည်။

ဆန်းလျန်လက်ထဲတွင် ကိုင်ထားသည့် ပန်းပွင့်မှာတော့ တစ်ချိန်တုန်းက တပည့်ဖြစ်သူစစ်ကျင်း သူ့ကို လက်ဆောင်ပေးခဲ့သည့် ပန်းပွင့်ဖြစ်လေသည်။

အနီရောင်ပင့်ကူငရဲပန်း၏ အပွင့်နှင့်အရွက်များသည် တည်ရှိမှု ထူးဆန်းလေသည်။ အရွက်ရှိနေလျှင် အပွင့်မရှိဘဲ အပွင့်ရှိနေလျှင်လည်း အရွက်မရှိပေ။

ထိုပန်းသည် အသူရာချောက်တွင် အဆန်းကျယ်ဆုံးပန်းပွင့်များဖြစ်ပြီး ထိုပန်းပွင့်များထဲတွင် မည်သို့သော တန်ခိုးစွမ်းအားများ ကိန်းအောင်နေသည်ကို မည်သူမှ မသိနိုင်ကြပေ။

All Chapters