← Chapters

အသူရာချောက်ရဲ့အရှင်အသခင်

Vol. 7 Ch. 697

အသူရာချောက်ရဲ့အရှင်အသခင်

Vol. 7 Ch. 697

တာအိုဆရာယွိတင်သည် ဆန်းလျန်လက်ထဲမှ အနီရောင်ပင့်ကူငရဲပန်းကို စိုက်ကြည့်နေလေသည်။ အဘယ့်ကြောင့် မှန်းမသိ ထိုပန်းသည် သူနှင့် ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။ သို့သော်… အဘယ့်ကြောင့် ထိုသို့ခံစားရသည်ကိုလည်း သူကိုယ်တိုင် နားမလည်ပေ။

ထိုပန်းပွင့်သည် သာမန်ပန်းပွင့်တစ်ပွင့်မဟုတ်သည်ကို ချက်ချင်းပင် သိလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော်… တာ့လော်အဆင့်စိတ်ထားကိုပိုင်ဆိုင်သူတစ်ယောက်ဖြစ်သည့် ယွိတင်အနေဖြင့် ရင်းနှီးကျွမ်းဝင်သည့် အရာတစ်ခုကို မမှတ်မိခြင်းမှာ မဖြစ်သင့်သည့်အချက် ဖြစ်လေ၏။

ဆန်းလျန်က…

"ဗုဒ္ဒကပြောဖူးတယ် ၊ မေတ္တာဟာ အကျိုးကိုလိုလားတယ်တဲ့ ၊ ဒါပေမယ့် သေခြင်းတရားမှာတော့အကျိုးအပြစ်ကို လိုလားခြင်းဘာတစ်ခုမှမရှိဘူး ၊ မင်း တာအိုကျင့်စဉ်လမ်းအောင်မြင်ခဲ့တာကလည်း ကံတရား အတိုင်းပဲဖြစ်သလို မင်းသေရမယ်ဆိုရင်လည်း ကံတရားအတိုင်းပဲ"

သွေးနီရောင်ပင်လယ်တစ်ဖက်ကမ်းမှ အနီရောင်ပင့်ကူငရဲပန်းများသည် အဝါရောင်ဝိညာဉ်မြစ်၏ မြင့်မြတ်သည့်ပန်း များလည်း ဖြစ်လေသည်။

ဆန်းလျန်လက်ထဲမှ အနီရောင်ပင့်ကူငရဲပန်းသည် အနီရောင်ပြဒါးရှင်အလား တောက်ပနေလေသည်။

ဆန်းလျန်က ပန်း၏ရိုးတံကိုအသုံးပြုကာ သေခြင်းရှင်ခြင်းစာအုပ်ထဲတွင် "ယွိတင်" ဆိုသည့်အမည်ကို ထပ်မံရေး သားလိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်၏ အဖြူရောင်စာမျက်နှာထက်တွင် သွေးရောင်ကဲ့သို့ နီစွေးလွန်းသည့် "ယွိတင်" ဆိုသည့် အမည်ပေါ်လာလေသည်။

တစ်ခဏအတွင်းမှာပင် လောကကြီးတစ်ခုလုံး ချာချာလည်သွားလေသည်။

ဆန်းလျန်နှင့် ယွိတင်သည် ဝိညာဉ်မြစ်ကြမ်းပြင်အောက်တွင် မရှိတော့ပါ။ သူတို့ (၂)ယောက်သည် သွေးနီရောင် ပင်လယ်ကမ်းခြေတွင် ပေါ်လာကြလေသည်။

သွေးနီရောင်ပင်လယ်သည် လှိုင်းများထန်နေခြင်းမရှိပါ။ သို့သော် ငြိမ့်ညောင်းသည့်ရေစီးဆင်းသံကို ကြားနေရလေ ၏။

သွေးနီရောင်ပင်လယ် တစ်ဖက်ကမ်းတွင်တော့ အနီရောင်ပင့်ကူငရဲပန်းများ ပွင့်လန်းနေကြလေသည်။

ထိုအချိန်မှာပင်… သွေးနီရောင်ပင်လယ်ထဲတွင် ဘုန်းတော်ကြီးတစ်ပါးပေါ်လာပြီး သူ၏နောက်ဘက်တွင် စေတီတော်တစ်ဆူ ရှိနေလေသည်။ စေတီတော်ထိပ်မှ ရောင်ခြည်များထွန်းလင်းလျှက်ရှိလေ၏။

"ကမ္ဘာကလေးစားရတဲ့ လောကရဲ့ရတနာ ၊ ဗုဒ္ဓရဲ့ဉာဏ်ပညာ…"

ဘုရားစာရွတ်ဖတ်သံများသည် သွေးနီရောင်ပင်လယ်တစ်လျှောက်ထွက်ပေါ်လာပြီး ယွိတင်၏နားတွင်းသို့ ဝင်ရောက် လာလေသည်။

ယွိတင်က အေးစက်သည့်လေသံဖြင့်…

"တိကျန်ဓမ္မခန္ဓာ…"

ဟု ရေရွတ်လိုက်လေသည်။

ထိုအချိန်မှာပင်… အသူရာချောက်မှ တန်ခိုးစွမ်းအားကြိုးများ ထွက်ပေါ်လာပြီး ယွိတင်ကို တုတ်နှောင်ထားလိုက် လေသည်။ ယွိတင်သည် မည်သို့လှ လှုပ်ရှား၍ မရတော့ပေ။ ထိုကြိုးများမှာ သေခြင်းရှင်ခြင်းစာအုပ်မှ တန်ခိုးစွမ်းအားကြိုးများဖြစ်ပြီး လူပြန်ဝင်စားခြင်းမဟာလမ်းစဉ်လည်း ဖြစ်လေသည်။

ယွိတင်က သူ၏နတ်ဘုရားသုတ်သင်ဓားဝိညာဉ်ဖြင့် သေခြင်းရှင်ခြင်းစာအုပ်မှ ကြိုးများကို ဖြတ်တောက်ပစ်လိုက် လေသည်။

သို့သော်… အချည်းနှီးသာ ဖြစ်ခဲ့ပါလေ၏။

အဘယ်ကြောင့်ဆိုသော် စေတီတော်မှ အလင်းတန်းများက ယွိတင်၏ ဓားဝိညာဉ်ကိုတားဆီးထားလိုက်သော ကြောင့်ဖြစ်လေသည်။

ထို့နောက်… စေတီတော်မှ အလင်းတန်းများသည် ယွိတင်တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားလေသည်။

စေတီတော်မှအလင်းတန်းများသည် တာအိုဆရာသခင်ကြီးတစ်ပါးထံမှ အရင်းခံလာသည်ကိုဆန်းလျန် ရိပ်မိလိုက် လေသည်။ ထိုတာအိုဆရာသခင်ကြီးမှာ မည်သူဖြစ်သည်ကို ဆန်းလျန်သိလိုက်လေသည်။

လင်ထိုင်ဖန်းကျွမ်းတောင်တွင် ယန်ရွှီးနှင့်တိုက်ခိုက်စဉ်က ပိယွမ်ဟူဘိုးဘိုးအသွင်ဖြင့် ဆန်းလျန် မြင်တွေ့ခဲ့ရသည့် တာအိုဆရာသခင်ကြီးပင် ဖြစ်လေသည်။

စေတီတော်မှ အလင်းတန်းများသည် သွေးနီရောင်ပင်လယ်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားပြီး ယွိတင်ကို ဖိနှိပ်ထားလေ သည်။

ထိုအချိန်မှာပင် အသူရာချောက်တွင် တစ်စစီ ကျိုးပဲ့ပျက်စီးနေသည့် အစိတ်အပိုင်းများသည် တဖြည်းဖြည်း ပေါင်းစည်းသွားပြီး သွေးနီရောင်ပင်လယ်တစ်ဖက်ကမ်းတွင် မရေမတွက်နိုင်အောင် များပြားသည့် အနီရောင်ပင့်ကူ ငရဲပန်းများ ပွင့်လန်းလာလေတော့သည်။

အသူရာချောက်သည် အရှိန်အဟုန်မြင့်မားစွာဖြင့် တဖြည်းဖြည်းကြီးထွားလာသည်ကို ဆန်းလျန်ခံစားလိုက်ရလေ သည်။ တစ်ချိန်တည်းမှာပင်… သူနားမလည်နိုင်သည့် အသူရာချောက်၏ ဥပဒေများလည်း ထွက်ပေါ်လာလေသည်။

အရှေ့တိုင်းစစ်သည်တော်များဒေသတွင် ဆန်းလျန်အတွက်တည်ဆောက်ထားသည့် "နတ်ဘုရားကျောင်းတော်" ဆိုင်းဘုတ်တွင် ရေးသားထားသည့် စာလုံးများသည် ဖြည်းဖြည်းချင်းပြောင်းလဲသွားလေသည်။

"ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင် ချင်းရွှမ်ထျန်းကျွင်း"

နတ်ဘုရားကျောင်းတော်တွင် ဆိုင်းဘုတ်အမည်ပြောင်းလဲသွားသည်ကို ဆန်းလျန် ချက်ချင်းပင် ခံစားလိုက်ရလေ သည်။

ထို့နောက် ဆန်းလျန်၏ စိတ်အာရုံတွင် အမြင်အာရုံ (၂)ခု ထင်ဟပ်လာလေသည်။

ပုံရိပ်တစ်ခုမှာ နတ်ဘုရားကျောင်းတော်အတွင်းမှ ဆန်းလျန်၏ ရုပ်တုဖြစ်ပြီး နောက်ထပ်ပုံရိပ်တစ်ခုမှာ လက်ရှိ ဆန်းလျန်၏ ပုံရိပ်ဖြစ်လေသည်။ ပုံရိပ်နှစ်ခုလုံးသည် "ဆန်းလျန်" ဖြစ်လေသည်။

နတ်ဘုရားကျောင်းတော်မှ အပြောင်းအလဲအရဆိုလျှင် သူသည် "ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း" ဖြစ်သွားခဲ့ပြီဟု ဆိုနိုင်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် ချင်းရွှမ်ထျန်းကျွင်း၏ လက်ထဲတွင်ပေါ်လာပြီး နောက်ဆုံးတော့ အသူရာချောက်၏ ဥပဒေများအားလုံးကို နားလည်သွားရလေသည်။

ဆန်းလျန်သည် ချက်ချင်းပင် သက်ရှိသတ္တဝါ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ခံစားကြရသည့် ဒုက္ခများကို သိမြင်လာ လေသည်။

ထိုအခါ သူ့ရင်ထဲတွင် ဝမ်းနည်းခြင်းကို ခံစားရသလို ကရုဏာတရားသည်လည်း သူ့နှလုံးသားထဲမှ ပေါ်ထွက်လာပြီး သတ္တဝါများအားလုံးကို ကယ်တင်ရန် စိတ်ဆန္ဒပြင်းထန်လာလေတော့သည်။

တစ်ချိန်တည်းမှာပင်… သွေးနီရောင်ပင်လယ်တွင် တာအိုဆရာယွိတင်၏ လူပြန်ဝင်စားခြင်းအစစ်ဆေးခံမှုသည် ကျဆုံးသွားခဲ့ပြီ ဖြစ်လေသည်။

တာအိုဆရာယွိတင်ပျောက်ကွယ်သွားပြီး များပြားလှသည့် နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာလေသည်။ ဘုန်းတော်ကြီးရာမက ထိုအလင်းတန်းများအားလုံးကို စုပ်ယူမြိုချလိုက်လေသည်။ ထိုအခါ ဘုန်းတော်ကြီးရာမ၏ တိကျန်ဓမ္မခန္ဓာသည် ပိုမိုပြည့်စုံလာလေသည်။ ဘုန်းတော်ကြီးရာမသည် အဆုံးမရှိသည့် အကျိုးကျေးဇူးများ ရသွားဟန် ရှိလေသည်။

ယွိတင်သည် တာ့လော်အဆင့် နတ်ဘုရားတစ်ပါးဖြစ်သည့် တာအိုဆရာယွိတင်၏ ဉာဏ်စဉ်တစ်ခု လူပြန်ဝင်စားခြင်း ဖြစ်သည့်အတွက် တာ့လော်၏ လျှို့ဝှက်ချက်များစွာ သူ့ထံတွင် ရှိနေလေသည်။ ထိုလျှို့ဝှက်ချက်များကို ဘုန်းတော်ကြီးရာမ ရရှိသွားခြင်း ဖြစ်လေသည်။ ထို့ကြောင့် ဘုန်းတော်ကြီးရာမသည် တာ့လော်အဆင့်သို့ ရောက်ရှိခြင်းမရှိသေးသည့်တိုင် ထိုက်ယီထျန်းရှန်းအဆင့်တွင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဆန်းလျန်သည် ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ဖြစ်သွားသည့်တိုင် သူ့အနေဖြင့် ဘုန်းတော်ကြီးရာမကို အနိုင်ရမည်ဟု အတတ်မပြောနိုင်ပေ။

သို့သော်… တာအိုဆရာယွိတင်ကို ကစားပွဲထဲမှ စောစောစီးစီးဖယ်ရှားပစ်လိုက်နိုင်သည့်အတွက် သူ အတော်လေး စိတ်အေးသွားရလေသည်။ အမှန်တော့ ဤကစားပွဲအတွက် ယွိတင်သည် အချိန်ကြာမြင့်စွာ တွက်ချက်ထားခဲ့ဟန် ရှိလေသည်။

သို့သော်… ဘုန်းတော်ကြီးရာမသည် ဆန်းလျန်ဘက်မှ ကူညီခဲ့လေသည်။

ဘုန်းတော်ကြီးရာမသည် ဆန်းလျန်ကို မဆန့်ကျင်ခဲ့သည့်အပြင် ရင်းနှီးမှုကိုပင် ပြသခဲ့သေးသည်။ အံ့သြစရာတော့ မဟုတ်ပါ။ ဆန်းလျန်နှင့်သာ မပူးပေါင်းခဲ့လျှင် ယနေ့ရရှိသည့်အကျိုးအမြတ်မျိုး သူ့အနေဖြင့် ရရှိနိုင်မည် မဟုတ်ပေ။

ထို့ပြင် ဆန်းလျန်သည် တာအိုဆရာယွိတင်ကို ထောင်ဖမ်းနိုင်သည့် ငါးစာလည်း ဖြစ်လေသည်။ ထို့ကြောင့် ဘုန်းတော်ကြီးရာမသည် ဆန်းလျန်ကို ကြိုးရှည်ရှည်ဖြင့်လှန်ကာ ယနေ့လိုအချိန်မျိုးကို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်လေ သည်။

စေတီတော်မှ အလင်းတန်းများသည် တာအိုဆရာယွိတင်၏ လူပြန်ဝင်စားခြင်းအစစ်ဆေးခံရမှုကို ပျက်စီးစေခဲ့သည့် အရေးပါသည့် ရတနာအလင်းတန်းများ ဖြစ်ခဲ့လေသည်။

မည်သို့ပင်ဖြစ်ပါစေ… တာအိုဆရာယွိတင်သည် တာ့လော်အဆင့် အထွတ်ထိပ် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။ သူ၏ဉာဏ်စဉ်တစ်ခုက လူပြန်ဝင်စားခြင်းအစစ်ဆေးခံရမှုတွင် ကျဆုံးသွားခဲ့သည့်တိုင် သူ့ကို ပေါ့ပေါ့တန်တန်တော့ သဘောထား၍ မဖြစ်ပေ။

တာအိုဆရာယွိတင် လူပြန်ဝင်စားခြင်းအစစ်ဆေးခံရမှုမှ ထွက်ပေါ်လာသည့် အလင်းတန်းများအားလုံးကို ဘုန်းတော်ကြီးရာမက စုပ်ယူမြိုချခဲ့လေသည်။ ထို့ကြောင့် အသူရာချောက်၏ အရှင်သခင်နေရာသည် ဘုန်းတော်ကြီး ရာမ ရရှိရမည့် နေရာဖြစ်လေသည်။ သို့သော်… မထင်မှတ်စွာပင် ဆန်းလျန်သည်လည်း ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ဖြစ်သွားခဲ့လေသည်။

အမှန်တော့… နတ်ဘုရားကျောင်းတော်ကို တည်ဆောက်စဉ်အချိန်က ဆန်းလျန်သည် ရှန်လမ်းစဉ်ကို အမှတ်မထင် အုတ်မြစ်ချပေးခဲ့မိလေသည်။ ထိုသို့ အုတ်မြစ်ချပေးခဲ့ခြင်းက ယနေ့အချိန်တွင် သူ့အတွက် အင်အားစုတစ်ခု ဖြစ်လာ ခဲ့ရခြင်းဖြစ်လေသည်။

ယခုတော့ ဆန်းလျန်သည် ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ဖြစ်သွားခဲ့ပြီ ဖြစ်လေသည်။ ထိုအချက်ကိုကြည့်မည်ဆိုလျှင် သူနှင့် အသူရာချောက်သည် ခွဲခြားမရတော့သည့် သဘောဖြစ်လေ သည်။

သေခြင်းရှင်ခြင်းစာအုပ်သည် ဆန်းလျန်ကို ကြောက်ရွံ့နေပြီး အလွန်လည်း ရိုသေလေးစားနေဟန် ရှိလေသည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် ဆန်းလျန်သည် အသူရာချောက်၏ အရှင်သခင် ဖြစ်သွားပြီဟု ကြေငြာလိုက်သည့် အလားပင်ဖြစ်လေသည်။

ဆန်းလျန်သည် ရှင်ခြင်း ၊ သေခြင်းနှင့် လူပြန်ဝင်စားခြင်းများကို အုပ်ဆိုးသူ အသူရာချောက်၏အရှင်သခင် ဖြစ်ခဲ့ပေပြီ။

ဆန်းလျန်သည် သွေးနီရောင်ပင်လယ်ကမ်းခြေတွင်ရပ်နေဆဲမှာပင် ဘုန်းတော်ကြီးရာမသည် သွေးနီရောင်ပင်လယ် လှိုင်းများကြားတွင် ထွက်ပေါ်လာလေသည်။

သူတို့ (၂)ယောက်ကြားတွင် ခြားနားထားသည့်အရာမှာ သွေးနီရောင်ပင်လယ်ရေပြင်မျှသာ ဖြစ်သော်လည်း ကမ္ဘာခြားနေသည့်အလား ခံစားရလေသည်။

ဘုန်းတော်ကြီးရာမက ဆန်းလျန်ရှိရာသို့ အသံလွှင့်ပြီး စကားပြောလိုက်လေသည်။

"ပြောကြတာတော့ တာအိုဆရာသခင်ထိုက်ယီဟာ တာအိုကျင့်စဉ်လမ်းမအောင်မြင်ခင်မှာ ဝိညာဉ်ကျင့်စဉ်လမ်း တစ်ခုကို ဝင်ရောက်ခဲ့ပြီး ဒုက္ခအပေါင်းကိုကယ်တင်သူ ထိုက်ယီထျန်းကျွင်း ဖြစ်လာခဲ့ဖူးတယ် ၊ ပြီးတော့ အသူရာ ချောက်ရဲ့ အရှင်သခင်ဖြစ်လာခဲ့တယ် ၊ အခု ဒကာလေးလည်း အဲဒီအတိုင်း ဖြစ်လာခဲ့ပြီ ၊ ကြည့်ရတာ တာအိုဆရာ သခင်ထိုက်ယီက သူရရှိခဲ့တဲ့ ဒုက္ခအပေါင်းကိုကယ်တင်သူကောင်းကင်ဘုံအရှင်ဘွဲ့နဲ့ တာဝန်တွေကို ဒကာလေးကို လွှဲပြောင်းပေးလိုက်ပြီထင်ပါတယ် ၊ တကယ်လို့ ဒကာလေးဆန်းလျန်က အဲဒီဘွဲ့ကိုစွန့်လွှတ်မယ်ဆိုရင် ကျုပ်ဘုန်းကြီးက ဒကာလေး ကျရောက်လာမယ့်အန္တရယ်တွေကို ကူညီဖြေရှင်းပေးပါ့မယ်"

ဆန်းလျန်က ပေါ့ပေါ့ပါးပါးလေသံဖြင့်ပင်…

"ဆရာတော်က ဆန်းလျန်မှာ ပြဿနာလေးတွေရှိနေတယ်ဆိုတာ သိနေပုံပဲ ၊ ဆရာတော်ရဲ့စေတနာကိုလည်း ဆန်းလျန်လေးစားပါတယ် ၊ ဒါပေမယ့် တပည့်တော်တောင်းဆိုလိုတာက ဆရာတော် အသူရာချောက်ကနေ ထွက်သွားပါတော့ ၊ အခုတောင် ဆရာတော်အနေနဲ့ အကျိုးအမြတ်တွေအများကြီးရသွားခဲ့ပါပြီ ၊ ဒီမှာဆက်နေပြီး နောက်ထပ်အကျိုးအမြတ်တွေ မရှာပါနဲ့တော့"

ဘုန်းတော်ကြီးရာမက…

"ဒုက္ခအပေါင်းမှကယ်တင်သူကောင်းကင်ဘုံအရှင်ဆိုတဲ့အမည်က အသူရာချောက်ရဲ့အရှင်သခင်တွေရရှိတဲ့ဘွဲ့ဆို ပေမယ့် အသူရာချောက်ကို သန့်စင်ပေးသွားပြီး သီးခြားလောကတစ်ခုအဖြစ်ခွဲထွက်နိုင်အောင် ပြုလုပ်ပေးခဲ့သူက တိကျန်ဗောဓိသကျပါ ၊ ကျုပ်ဘုန်းကြီးက တိကျန်ဗောဓိသကျရဲ့ အမွေကို ဆက်ခံထားတဲ့သူဖြစ်လို့ အသူရာချောက် ကိုတစ်ဝက်ပိုင်တယ်လို့ပြောလို့ရပါတယ် ၊ ဒါကြောင့် ဒကာလေးဆန်းလျန်က ကျုပ်ကို ဒီနေရာကနှင်လွှတ်လည်း ကျုပ်အနေနဲ့ သွားစရာမြေမရှိပါဘူး"

ဆန်းလျန်က ဘုန်းတော်ကြီးရာမကို တစ်ချက်စိုက်ကြည့်လိုက်ပြီး သွေးနီရောင်ပင်လယ်ရေများထက်သို့ လမ်းလျှောက်သွားလိုက်လေသည်။

သို့သော်… ဘုန်းတော်ကြီးရာမက လက်နှစ်ချောင်းဖြင့် ညွှန်ပြလိုက်ရာ သွေးနီရောင်ပင်လယ်ကမ်းခြေတွင် တောင်ကြီးတစ်လုံး ပေါ်လာလေသည်။

ထိုတောင်ကြီးမှာ ယင်းစန်းတောင်ပင် ဖြစ်လေသည်။

သို့သော်… ဆန်းလျန်ရှေ့တွင် ပေါ်လာသည့် ယင်းစန်းတောင်ကြီးသည် အကန့်အသတ်မဲ့ကျယ်ပြန့်မြင့်မြားလွန်းပြီး ချင်းရွှမ်တည်ရှိရာလောကမှ ယင်းစန်းတောင်ထက် ကြီးမားလေသည်။ ဆန်းလျန်အနေဖြင့် ထို ယင်းစန်းတောင်ကြီး ကိုခြေတစ်လှမ်းတည်းဖြင့် ကျော်လွှားသွားရန်မှာ မဖြစ်နိုင်ပေ။

ထို့ပြင်… ဘုန်းတော်ကြီးရာမသည် သူနှင့်တိုက်ခိုက်လိုခြင်း မရှိသည်မှာ ထင်ရှားနေလေသည်။ ထို့ကြောင့် ဆန်းလျန်သည် စိတ်လျှော့လိုက်လေသည်။

ဆန်းလျန်အနေဖြင့်လည်း ဘုန်းတော်ကြီးရာမနှင့် ပြဿနာမဖြစ်ချင်သေးပါ။

အဘယ်ကြောင့်ဆိုသော်… ယခုပင် တာအိုဆရာယွိတင်၏ လူပြန်ဝင်စားသည့် နတ်ဘုရားဉာဏ်စဉ်ဖြင့် တိုက်ခိုက်ခဲ့ရလေသည်။ ထို့ပြင်… နောက်ထပ် ပြဿနာများက တစ်ခုပြီးတစ်ခု ရောက်လာဦးမည် ဖြစ်လေသည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်တွင် တာအိုဆရာယွိတင်အပြင် ချင်းယွမ်မြောင်တောက်အရှင်နှင့် အခြားသော တန်ခိုးစွမ်းအားမြင့်မားသူများ ရှိနေသေးသည်။ ထို့ပြင်… ဘုရင်ရှစ်ပါးနန်းတော်သည်လည်း ဆန်းလျန်ကို ဒီအတိုင်း လွှတ်ထားမည် မဟုတ်ပေ။

ထို့ပြင် ဆန်းလျန် မည်သူမည်ဝါဖြစ်သည်ဆိုသည့်အချက်မှာလည်း ဘူးပေါ်သလို ပေါ်သွားခဲ့ပြီ ဖြစ်လေသည်။

ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်သည် ယွိချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာ သခင်တို့မှ ဆင်းသက်လာသည့် မျိုးဆက်များ ဖြစ်လေသည်။ သူတို့သည် စန့်ချင်တာအိုဆရာသခင်နှင့် ပတ်သက်နေ သည့်ဆန်းလျန်ကို မည်သည့်နည်းနှင့်မှ အလွတ်ပေးမည် မဟုတ်ပေ။

ဆန်းလျန်သည် တာအိုဆရာသခင်ထိုက်ယီ၏ တပည့်မျိုးဆက်တစ်ယောက် ဖြစ်သည့်တိုင် ထိုသူများသည် တာအိုဆရာသခင်ထိုက်ယီ၏ မျက်နှာကို ထောက်ထားကြမည် မဟုတ်ပေ။

စကြာဝဠာကြီးမည်မျှ ကျယ်ပြောပါစေ ဆန်းလျန်အတွက် ပြေးစရာ မြေမရှိပါ။

ထို့ပြင်… နတ်ဘုရားကျောင်းတော်မှ ဆိုင်းဘုတ်သည် "ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ် ထျန်းကျွင်း" ဟု အလိုလိုပြောင်းလဲသွားသည်ကို ဆန်းလျန်သည် နားမလည်နိုင်လောက်အောင် ဖြစ်ရလေသည်။ သို့သော်… ဆန်းလျန်သည် ထိုဂုဏ်ပုဒ်ကို လွယ်လွယ်နှင့် စွန့်လွှတ်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော်… ထိုအမည်နာမသည် တာအိုဆရာသခင်ထိုက်ယီနှင့် ဆက်စပ်ပတ်သက်နေသောကြောင့် ဖြစ်လေသည်။

တာအိုဆရာသခင်ကြီးများဖြစ်သည့် ယွိချင်နှင့်ထိုက်ချင်ထံမှ ဖိအားများကို ရင်ဆိုင်ရသည့်အခါ သူ့ကိုကူညီနိုင်သူ ဆို၍ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သည့် ထိုက်ယီသာလျှင် ရှိလေသည်။

တာအိုဆရာသခင်ထိုက်ယီ၏အတွေးများကို ဆန်းလျန်သည်လည်း သိရှိနိုင်စွမ်းမရှိပါ။ သို့သော်… သူရရှိထားသည့် ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင်သခင်ဆိုသည့် ဘွဲ့အမည်ကတော့ တာအိုဆရာသခင်ထိုက်ယီနှင့် ကျိန်းသေဆပ်စပ်ပတ်သက်နေလေသည်။ ထို့ကြောင့် ထိုအမည်နာမကို စွန့်လွှတ်ပြီး တာအိုဆရာသခင်ထိုက်ယီနှင့် ပတ်သက်မှုကို ဖြတ်တောက်မပစ်နိုင်ပါ။ ထို့ကြောင့် ဘုန်းတော်ကြီးရာမ၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်ရခြင်း ဖြစ်လေသည်။

တွေးနေရင်းဖြင့်ပင် ဆန်းလျန်သည် ကျောက်ကဲမြို့တော်သို့ ပြန်ရောက်လာလေသည်။

ကျောက်ကဲမြို့တော်တွင်တော့ ဝမ်ကျုန်းနှင့်သူ၏လူများအားလုံးမှာ အနှိမ်နင်းခံလိုက်ရပြီဖြစ်လေသည်။

ယင်းစန်းပြည်မှ ကျင့်ကြံသူများသည် ပျံသန်းနတ်ဘုရားအင်းကွက်ကို အသုံးပြုထားသည့် ဆန်းလျန်ဘက်တော်သား ကျင့်ကြံသူများကို ခုခံနိုင်စွမ်းမရှိခဲ့ပါ။

အသူရာချောက်ကို သိမ်းပိုက်မည့် ဆန်းလျန်၏အစီအစဉ်သည် တစ်ဝက်အောင်မြင်ခဲ့ပြီ ဖြစ်လေသည်။

စုန့်ချင်းယီက အရှေ့သို့ထွက်လိုက်ပြီး…

"မင်း ထျန်းယီကို အနိုင်ယူလိုက်ပြီလား…"

ထျန်းယီမှာ တာအိုဆရာယွိတင်၏ ဉာဏ်စဉ်တစ်ခု လူပြန်ဝင်စားခြင်းဖြစ်သည့်အကြောင်းများကိုတော့ ဆန်းလျန် ရှင်းပြမနေတော့ပါ။

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

"အခု ကျုပ်က အသူရာချောက်ရဲ့အရှင်သခင် ဖြစ်သွားပြီ…"

ဆန်းလျန်၏စကားကြောင့် ကျင့်ကြံသူများအားလုံး၏မျက်နှာများထက်တွင် ပျော်ရွှင်မှုများဖြင့် ပြည့်သွားကြလေ သည်။

ဆန်းလျန်သည် အသူရာချောက်၏အရှင်သခင်ဖြစ်သွားခဲ့လေပြီ။ သူတို့အားလုံးသည်လည်း ဆန်းလျန်ကို ကူညီခဲ့ကြ သူများဖြစ်လေရာ ဆုလဒ်အသီးသီးရရှိကြမည် ဖြစ်လေသည်။

ဖားဟိုင်ဆရာတော်က…

"ဆန်းကျန်းရန်နတ်ဘုရား ၊ ကျုပ်တို့တွေ မိုးကောင်းကင်နတ်ဘုရားဖြစ်သွားရင်တော့ အသူရာချောက်က ထွက်သွား ခွင့်ရမယ်မဟုတ်လား"

ဖားဟိုင်ဆရာတော်မေးသည့်မေးခွန်းသည် အခြားသူများကလည်း သိချင်နေသည့် မေးခွန်းဖြစ်လေသည်။

ဆန်းလျန်သည် အသူရာချောက်တွင် လုကျိုးယွမ်ကဲ့သို့ ဖြစ်လာပြီး သူတို့ကို ဆက်လက်ထိန်းချုပ်ထားမည် ဆိုပါက မည်သည့်အောင်မြင်မှုများပင်ရရှိပါစေ သူတို့အနေဖြင့် စိတ်ချမ်းသာကြမည် မဟုတ်ပေ။

ဆန်းလျန်က…

"ကျုပ် အရင်ကပြောခဲ့တဲ့အတိုင်းပါပဲ ၊ အားလုံးကို ကျုပ်က အသူရာချောက်ကို ခေါ်လာခဲ့ပေမယ့် မိတ်ဆွေတို့ ဆန္ဒရှိတဲ့အတိုင်း သွားချင်တဲ့နေရာ သွားနိုင်သလို ၊ ပြန်ချင်ရင်လည်း ပြန်နိုင်ပါတယ်"

ဆန်းလျန်၏အဖြေစကားကိုကြားရတော့မှ ကျင့်ကြံသူများ၏ရင်ထဲမှ အလုံးကြီးကျသွားလေသည်။

သို့သော်… လက်ရှိအချိန်တွင် အသူရာချောက်သည် အရင်က အသူရာချောက်နှင့် တူညီခြင်းမရှိတော့သည်ကိုတော့ သူတို့ ရိပ်မိကြခြင်း မရှိပေ။ အသက်တစ်ချက်မရှူ ၊ တီးတိုးစကားသံတစ်ချက်မဆိုဘဲ အသူရာချောက်တစ်ခုလုံး၏ ဥပဒေများသည် ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။

All Chapters