လီအော့နျို
Vol. 7 Ch. 699
ဆရာကြီးသည် ရွာထဲတွင် အလွန်မှာ ဂုဏ်သိက္ခာရှိသူ ဖြစ်လေသည်။
ဆရာကြီး၏နေအိမ်သို့ ထူးဆန်းသည့်လူငယ်ဝင်ရောက်သွားသည့်သတင်းသည် ရွာထဲတွင် ချက်ချင်းပျံ့နှံ့သွားလေ သည်။ သိပ်မကြာမီပင် ဆရာကြီး၏ အိမ်ပတ်ဝန်းကျင်သို့ ရွာသားများ ရောက်လာကြလေတော့သည်။
လူစိမ်းတစ်ယောက် ဆရာကြီးဆီသို့ ရောက်နေသည်ကို တစ်ရွာလုံးသိရှိသွားပြီး ရွာသားများက ဆရာကြီးကို စိတ်ပူ သည့်အတွက် ဆရာကြီးအိမ်သို့ ရောက်လာကြခြင်း ဖြစ်လေသည်။
သို့သော် ဆရာကြီးသည် လူငယ်ပေးသည့် စာရွက်ထဲမှ စာများကို အာရုံစိုက်ပြီး စိတ်ဝင်တစားဖတ်ရှုနေသည့် အတွက် ပတ်ဝန်းကျင်ကို သတိပြုမိခဲ့ခြင်း မရှိပေ။
လူငယ်ပေးသည့်စာရွက်မှာ ရွှေရောင်ပေစာလေးတစ်ရွက်ဖြစ်ပြီး စာရွက်ပေါ်တွင် "ဟွမ်ထင်ကျမ်းစာ" ဟု ရေးသား ထားလေသည်။
ရွှေပေလွှာထဲတွင် ရေးသားထားသည့် ကျမ်းစာများမှာ ခက်ခဲလွန်းသည့်တိုင် ဆရာကြီးသည် ထူးဆန်းစွာပင် နားလည်နေခဲ့လေသည်။
(၆)နာရီအတွင်းမှာပင် ဟွမ်ထင်ကျမ်းစာ၏ စာလုံးပေါင်း (၃၀၀)လုံးကို ဖတ်ပြီးသွားခဲ့လေသည်။ စာဖတ်ပြီးသွား သည့်အချိန်တွင် ညပင် နက်နေပြီ ဖြစ်လေသည်။ သို့သော်… ဆရာကြီး၏အိမ်သည် မီးခွက်ထွန်းစရာ မလိုဘဲ လင်းလက်နေခဲ့လေသည်။ ထို့ပြင် ဆရာကြီး၏ ခန္ဓာကိုယ်အတွင်းသို့ ပူနွေးသည့် စီးကြောင်းတစ်ခု စီးဆင်းဝင် ရောက်လာပြီး ဆောင်းဦးရာသီပင် ဖြစ်လင့်ကစား အေးစိမ့်ခြင်းကို မခံစားရပေ။
လူငယ်လေးသည် ပျောက်ကွယ်သွားပြီဖြစ်လေသည်။ ထို့အတူ ရွှေပေလွှာလေးလည်း ပျောက်ကွယ်သွားလေသည်။
သို့သော်… ရွှေပေလွှာထဲမှ ကျမ်းစာများအားလုံးသည် ဆရာကြီး၏ဦးနှောက်ထဲတွင် စွဲထင်နေခဲ့လေသည်။
ဆရာကြီးသည် အတွေ့အကြုံများပြီး အသိဉာဏ်ဗဟုသုတ ကြွယ်ဝသူတစ်ယောက် ဖြစ်လေရာ လောကတွင် မမြင်နိုင်သည့် ဆန်းကျယ်မှုများရှိသည်ကို လက်ခံထားလေသည်။ ထူးဆန်းသောဖြစ်ရပ်များနှင့်ပတ်သက်ပြီး အတွေ့အကြုံမရှိသည့်တိုင် သူသည် နတ်ဘုရားများ ၊ နတ်မိစ္ဆာများ အကြောင်းကို ကြားဖူးလေသည်။ လူငယ်သည် ထိုသူများထဲမှ တစ်ယောက်ယောက် ဖြစ်ရပေလိမ့်မည်။
လူငယ်ကဲ့သို့ ထူးဆန်းသော ပုဂ္ဂိုလ်တစ်ယောက်သည် ကျမ်းစာကို သူ့ကို အဘယ့်ကြောင့်ပေးအပ်ရသည်ကို သေသေချာချာတော့ နားမလည်နိုင်သေးပေ။ ထို့ပြင်… လူငယ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် မေးမြန်း ကြည့်ရန်လည်း မဖြစ်နိုင်တော့ပေ။
ဆရာကြီးသည် သူမသိနိုင်သည့်ကိစ္စများကို စဉ်းစားလေ့မရှိပေ။ သူက လက်တွေ့ကျပြီး ပစ္စုပ္ပန်ကျကျနေတတ်သူ တစ်ယောက် ဖြစ်လေသည်။
စာဖတ်ပြီးသွားသည်နှင့် အိမ်ရှေ့မှ ဆူဆူညံညံအသံများကြောင့် ဆရာကြီးသည် တံခါး ထဖွင့်လိုက်လေသည်။ ထိုအခါ အပြင်ဘက်မှ ရွာသားများသည် ဆရာကြီး၏အိမ်အတွင်းသို့ တဟုန်ထိုး ဝင်ရောက်လာကြလေသည်။ သို့သော်… သူတို့သည် လူငယ်ကိုတော့ တွေ့မြင်ရခြင်း မရှိတော့ပေ။
ထိုအချိန်မှာပင်… ရွာသားလေးတစ်ယောက်က အိမ်နံရံကို လက်ညိုးထိုးပြလိုက်ရင်း တအံ့တသြဖြင့် ထ အော်လိုက် လေသည်။
ရွာသားလေး ညွှန်ပြရာနေရာသို့ ရွာသားများက ကြည့်လိုက်ကြလေသည့်အခါတွင်တော့ နံရံထက်တွင် ရေးသား ထားသည့် ကဗျာတစ်ပုဒ်ကို တွေ့လိုက်ရလေသည်။
"တာအိုဆရာတစ်ယောက်ရဲ့ ဂုဏ်သတင်းမွှေးပျံ့မှုကို ဘယ်သူက အပ်နှင်းခဲ့ပါသလဲ…
နှစ်ပေါင်းရာနဲ့ချီအသက်ရှည်ခဲ့သူ ဆရာသခင်ကို တွေ့ဆုံရတဲ့အခါ နှလုံးသားသည် ကြေကွဲလျှက်ရှိပါတယ်…
အသူရာချောက်ရဲ့အထီးကျန်ဆန်တဲ့အခိုးအငွေ့တွေကြားထဲ…
သက်ပြင်းကိုထပ်ခါချရင်း ခေါင်းကိုငုံ့ကာ ဆရာ့ကိုဦးညွှတ်လို့နေဆဲ…"
ကဗျာလေးဆုံးသွားသည်နှင့် ကဗျာအောက်တွင် လက်မှတ်ထိုးထားလေသည်။
"အသုံးမကျတဲ့တပည့်ဆန်းလျန် ဆရာ့ကို လေးစားစွာဖြင့် အပ်နှင်းပါတယ်"
ဆရာကြီးသည် တစ်စုံတစ်ခုကို စဉ်းစားမိသလိုရှိသွားသော်လည်း ရွာသားများက ဆူညံနေသည့်အတွက် သေသေချာချာစဉ်းစားမရ ဖြစ်နေရလေသည်။
နောက်ဆုံးတော့ မတတ်သာတော့ဘဲ သက်ပြင်းတစ်ချက်အသာချလိုက်ရင်း…
"လီအော့နျိုနဲ့ကျန်တဲ့သူတွေ အိမ်ပြန်ကြပါတော့…"
ရွာသားများအားလုံးမှ ငယ်စဉ်က ဆရာကြီးထံတွင် စာပေသင်ကြားခဲ့ကြသည့် တပည့်များဖြစ်ကြလေသည်။
သူတို့သည် ဆရာကြီးကို အလွန်မှ လေးစားကြသူများ ဖြစ်လေရာ ဆရာကြီးက ပြန်ခိုင်းသည့်အခါ ဆက်မနေရဲကြ တော့ပေ။ ထို့ပြင် ဆရာကြီး အန္တရယ်ကင်းစွာရှိနေသည့်အတွက်လည်း စိတ်ချသွားကြလေသည်။
နံရံထက်မှာ ကဗျာကိုတွေ့မြင်ခဲ့သည့်လူငယ်မှာ လီအော့နျိုဖြစ်လေသည်။ သူသည် ဆန်းကြယ်သည့်ကဗျာကို ဖတ်မိသည့်အခါ သူ့ရင်ထဲတါင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရလေသည်။
သူသည် အိမ်သို့အပြေးပြန်လာခဲ့ပြီး နွားတင်းကုပ်သို့ ရောက်လာလေသည်။
ထိုအချိန်တွင်… နွားတင်းကုတ်ထဲတွင် နွားရိုင်းကြီးတစ်ကောင်သည် မြက်များကို ဖြည်းဖြည်းချင်းဝါးနေလေသည်။ လီအော့နျိုသည် နွားရိုင်းကြီးအနားသို့သွားလိုက်ပြီး ဆရာကြီးအိမ်တွင် တွေ့ကြုံရသမျှကို ပြန်ပြောပြလိုက်လေသည်။
လီအော့နျိုသည် ဉာဏ်ကောင်းသူတစ်ယောက် ဖြစ်လေရာ ဆရာကြီးအိမ်တွင် မီးမထွန်းဘဲ လင်းထိန်နေသည်ကို လည်းသတိထားလိုက်မိလေသည်။
လီအော့နျိုက ကြုံတွေ့ရသမျှကို နွားရိုုင်းကြီးကို ပြောပြနေရင်း ဆရာကြီးအိမ်သို့ ရောက်လာသည့် လူငယ်မှာ နတ်ဘုရားတစ်ပါးဖြစ်ရမည်ဟု တွေးလိုက်မိလေသည်။ ထိုလူငယ်သည် နတ်မိစ္ဆာတစ်ပါးမဟုတ်ဘဲ နတ်ဘုရား တစ်ပါးဖြစ်မည်ဟု လီအော့နျိုတွေးရသည်မှာ အကြောင်းရှိလေသည်။ အဘယ်ကြောင့်ဆိုသော် နတ်မိစ္ဆာတစ်ပါး သည် ထိုကဲ့သို့သော ကဗျာကို ရေးသားနိုင်မည်မဟုတ်ဟု သူက ထင်ခဲ့မိလေသည်။
လီအော့နျိုက…
"အစ်ကိုနွားကြီးရယ် ၊ လောကမှာ နတ်ဘုရားတွေရှိတယ်ဆိုတာ တကယ်ပဲနော် ၊ ကျုပ်လည်း အဲဒီလို နတ်ဘုရား တစ်ပါးဖြစ်ချင်လိုက်တာဗျာ"
လီအော့နျိုသည် အိမ်တွင် အငယ်ဆုံးဖြစ်လေသည်။
သို့သော်… သူ၏မိဘများ ဆုံးပါးသွားပြီဖြစ်သည့်အတွက် အစ်ကိုနှင့် မရီးဖြစ်သူတို့နှင့်အတူ နေထိုင်ရလေသည်။ နေ့ရက်များက ကောင်းမွန်သာယာခဲ့သော်လည်း လီအော့နျိုသည် အနာဂတ်အတွက် ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေခဲ့လေသည်။
ယနေ့ကြုံတွေ့လိုက်ရသည့်ဖြစ်ရပ်များကတော့ သူ့နှလုံးသားကို လှုပ်ရှားစေခဲ့လေသည်။
တွေးရင်းနှင့်ပင် လူအများပြောလေ့ရှိသည့် ဒဏ္ဍာရီများကို သတိရလာပြီး နတ်ဘုရားတစ်ပါးဖြစ်လိုသည့် စိတ်များမှာ ထိန်းမရတော့ပေ။ သို့သော်… ထိုသို့သောအကြောင်းအရာများကို သူ့အနေဖြင့် အခြားသူများကို သွားပြီး ပြောမပြရဲပါချေ။ အဘယ့်ကြောင့်ဆိုသော် ရယ်မောလှောင်ပြောင်ခံရမည် စိုးသောကြောင့် ဖြစ်လေသည်။
ထို့ကြောင့် သူပြောသမျှကို နားမလည်နိုင်သည့် နွားရိုင်းကြီးကို ရင်ဖွင့်နေခြင်း ဖြစ်လေသည်။
ပြောနေရင်းဖြင့်ပင် လီအော့နျိုသည် စိတ်ပျက်လာပြန်လေသည်။
"ဒါပေမယ့် နတ်ဘုရားတစ်ပါးဖြစ်လာအောင် ပညာတွေသင်ယူဖို့ ဘယ်ကိုသွားရမလဲ"
သူသည် တောသူတောင်သားမိသားစုလေးမှ လူငယ်တစ်ယောက်မျှသာ ဖြစ်လေသည်။
တာအိုကျင့်စဉ်များသင်ကြားရန်အတွက် နတ်ဘုရားများကို ရှာဖွေရန် ခရီးထွက်မည်ဆိုလျှင်တောင်မှ သူ၏အစ်ကိုနှင့် မရီးဖြစ်သူသည် စရိတ်တတ်နိုင်မည် မဟုတ်ပေ။
ထိုအချိန်မှာပင်…
နွားရိုင်းကြီးထံမှ စကားပြောသံထွက်ပေါ်လာလေသည်။
"မင်း သင်ယူချင်တယ်ဆိုရင် ကျုပ်သင်ပေးလို့ရပါတယ်…"
အစပိုင်းတော့ လီအော့နျိုမှာ ကြောင်တောင်တောင်ဖြစ်သွားရလေသည်။
နောက်တွင်တော့ သူက စိတ်များ ရှုတ်ထွေးသွားရပြီး…
"အ… အစ်ကို နွားကြီး ၊ မင်း… မင်းက လူ… လူစကား ပြော… ပြောတတ်တယ် ၊ မင်း… မင်းက နတ်မိစ္ဆာလား…"
နွားရိုင်းကြီးက…
"ကြည့်စမ်း ၊ မင်းကြောက်နေလိုက်တာ ၊ ဒါပေမယ့် မင်းသင်ချင်လား မသင်ချင်ဘူးလားပဲ ပြောစမ်းပါ"
နွားရိုင်းကြီးက လီအော့နျို၏ အမေးကိုမဖြေဘဲ ကြေးနီရောင်တောက်နေသည့် မျက်လုံးကြီးများဖြင့်သာ လီအော့နျို ကိုစိုက်ကြည့်နေလေသည်။
ထိုအကြည့်များကို ရင်ဆိုင်လိုက်ရသည့်အခါတွင်တော့ လီအော့နျိုမှာ အကြောက်ပြေသွားရလေသည်။
သူက တည်ကြည်လေးနက်သည့်လေသံဖြင့်…
"ကျုပ်သင်မှာပေါ့ဗျ…"
ဟု ပြောလိုက်လေတော့သည်။
ထိုအခါတွင်တော့… နွားရိုင်းကြီးသည် လီအော့နျိုကို ပါးစပ်ဖြင့် ကိုက်ချီကာ သူ၏ကျောပေါ်သို့ ပစ်တင်လိုက်လေ သည်။
ထို့နောက် လျှင်မြန်လွန်းသည့် အရှိန်အဟုန်ဖြင့် ထွက်ခွာသွားလေရာ လီအော့နျိုမှာ မျက်နှာကိုလေများတိုက်ခတ်ပြီး နားထဲတွင်လည်း လေသံများကိုသာ ကြားနေရလေတော့သည်။
လေသံများရပ်တန့်သွားသည့်အခါတွင်တော့ မိုင်ဝက်ခန့်ဝေးသော တောင်ကုန်းတစ်နေရာသို့ သူတို့ ရောက်ရှိနေကြ ပြီဖြစ်လေသည်။
လီအော့နျိုက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါတွင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အဖြူရောင် ဖြစ်နေလေ သည်။
လီအော့နျိုသည် ထူးဆန်းသည်ဟု မခံစားရပါ။
အစ်ကိုနွားကြီးသည် လူသားကဲ့သို့ စကားပြောနိုင်သည့်အတွက် နတ်မိစ္ဆာတစ်ပါးဖြစ်ရပေမည်။ ထို့ပြင် အင်အားကြီး မားသော နွားတစ်ကောင်သည် မိုင်ဝက်ခန့်အဝေးသို့ အချိန်တိုအတွင်းပြေးနိုင်သည်မှာ ပုံမှန်ပင် ဖြစ်လေသည်။
နွားရိုင်းကြီးက လူတစ်ယောက်အလား နောက်ခြေ (၂)ဖက်ကိုထောက်ကာ မြေပြင်ထက်တွင် မတ်တပ်ရပ်လိုက်လေ သည်။ ထို့နောက် လူသားတစ်ယောက်၏လှုပ်ရှားမှုကဲ့သို့ လက်သီးဖြင့်ထိုးသည့် အမူအရာ ပြုလုပ်လိုက်လေသည်။ လီအော့နျိုကလည်း နွားရိုင်းကြီး ပြုလုပ်သည့် အမူအရာများအတိုင်း လိုက်လုပ်လေသည်။
နောက်ဆုံးတွင်တော့ လီအော့နျိုမှာ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေပြီး သူ၏နားထဲတွင် ဝိညာဉ်မြစ်ရေစီးဆင်းသံများ ကို ကြားနေရလေတော့သည်။ အမှန်တော့ ထိုရေစီးသံများသည် သူ၏ခန္ဓာကိုယ်ထဲမှ တန်ခိုးစွမ်းအား စီးဆင်းသံများ ဖြစ်သည်ကို သူကိုယ်တိုင် မသိခဲ့ပါ။
ကျင့်ကြံသူများသည် ပထမဆုံးအကြိမ် စတင်ကျင့်ကြံသည်နှင့် လီအော့နျိုကဲ့သို့ တန်ခိုးစွမ်းအား စီးဆင်မှုများကို ကြားနိုင်ခြင်း မရှိကြပါ။ နွားရိုင်းကြီးသင်ပေးသမျှကို လိုက်လံပြုလုပ်နေရင်း လီအော့နျိုမှာ အလွန်ပင်ပန်းလာလေ သည်။ ထို့နောက်တွင်တော့ နွားရိုင်းကြီးက ဂါထာတစ်ပုဒ်ကို ရွတ်ဖတ်လိုက်လေသည်။ လီအော့နျိုသည် ထူးဆန်းစွာဖြင့်ပင် ထိုဂါထာမှ စကားလုံးများကို ချက်ချင်း မှတ်မိသွားလေသည်။
လီအော့နျိုသည် နွားရိုင်းကြီး ရွတ်ဆိုလိုက်သည့် ဂါထာမှတစ်ဆင့် အသက်ရှူကျင့်စဉ်ကို သဘောပေါက်သွားကာ လေ့လာနိုင်ခဲ့လေသည်။ သူသည် ထိုဂါထာထဲမှအတိုင်းအသက်ရှူလိုက်သည်နှင့် တိမ်တိုက်အမြင့်ကြီးတစ်နေရာသို့ ရောက်ရှိသွားသလို ခံစားလိုက်ရလေသည်။ သူ့စိတ်ထဲတွင် ကျေနပ်မှုများကို မယုံကြည်နိုင်လောက်အောင် ခံစားလိုက်ရပြီး ပင်ပန်းနွမ်းနယ်မှုများအားလုံးလည်း ပျောက်ကွယ်သွားလေသည်။
သူ၏စိတ်များသည်လည်း သူမတူအောင် ကြည်လင်ရှင်းလင်းလာလေသည်။ သူ၏အမြင်အာရုံများမှာလည်း ပြတ်သားလာပြီး ပေ (၅၀)အဝေးမှ ပုရွက်ဆိတ်လေးများ သွားလာနေကြသည်ကိုပင် ထင်ထင်ရှားရှားတွေ့မြင်နေရ လေသည်။ ပုရွက်ဆိတ်များ၏ ဦးခေါင်းထက်မှ အာရုံခံအတံလေးများကိုပင် မြင်တွေ့နေရလေသည်။
လီအော့နျိုက နွားရိုင်းကြီးကို ကျေးဇူးတင်စကားပြောလိုကေ်လသည်။
နွားရိုင်းကြီးက နှာတစ်ချက်မှုတ်လိုက်ရင်း…
"မင်းကို ကျုပ်သင်ပေးတဲ့ တာအိုကျင့်စဉ်ကို ဘယ်သူ့ကိုမှ မပြောပြရဘူးနော် ၊ ပြီးတော့ ကျုပ် အခုချက်ချင်း ထွက်သွားမှ ဖြစ်မယ်"
လီအော့နျိုက…
"ဘာဖြစ်လို့လဲ…"
နွားရိုင်းကြီးက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"စောစောက မင်းပြောပြတဲ့ ကဗျာက ဆန်းလျန်ရေးခဲ့တယ်လို့ ပြောတယ်မဟုတ်လား ၊ ငါ သူနဲ့ မတွေ့ချင်ဘူး ၊ တကယ်လို့ ကျုပ်သာထွက်မသွားရင် သူ ကျုပ်ကို ရှာတွေ့သွားလိမ့်မယ်"
ထိုအချိန်မှာပင်… တာအိုဆရာတစ်ယောက်၏ အသံသည် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာလေသည်။
"နွားရိုင်းမင်းကြီးက တွက်ချက်တတ်သားပဲ ၊ မဆိုးပါဘူး… ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းအဆင့်လောက်နဲ့ ဒီတာအိုဆရာဆီကနေ ရှောင်ပြေးလို့ လွတ်မယ်တဲ့လား ၊ ဒါပေမယ့် အံ့သြစရာကောင်းတာက ပြေးစရာရှိတာ ချက်ချင်းမပြေးသေးဘဲ ဒီကောင်လေးကို ပညာသင်ပေးနေသေးတယ်.."
နွားရိုင်းကြီးက…
"မင်းဆီက ပြေးမလွတ်ဘူးဆိုတာ ကျုပ်သိသွားပါပြီ ၊ လွန်ခဲ့တဲ့နှစ်တွေက ဒီကောင်လေးက ကျုပ်ကို နေစရာ စားစရာပေးခဲ့တယ် ၊ ဒီကျေးဇူးကိုထောက်တဲ့အနေနဲ့ ကျုပ်က ပညာသင်ပေးခဲ့ချင်တာပါ ၊ တကယ်လို့ နတ်ဘုရား ဆန်းလျန် ကျုပ်ကို တစ်ခုခုလုပ်ခဲ့မယ်ဆိုရင် ဒီလူငယ်ကို ကျေးဇူးဆပ်ခွင့်မရမှာ စိတ်ပူလို့ပါ"
"ကျုပ်နဲ့ မြေခွေးနတ်ဘုရားအဘိုးအို ရှင်းချွိပင်းနဲ့က အတော်လေး ခင်မင်ပါတယ် ၊ မင်းကလည်း ရှင်းစစ်စစ်နျန်ကို လက်ထပ်ခဲ့တဲ့သူဆိုတော့ ရှင်းချွိပင်းရဲ့ သားမက်ပါပဲ ၊ ဒါပေမယ့် မင်းက ရှင်းချွိပင်းကို သတ်ခဲ့တဲ့လူလည်း ဖြစ်တယ် ၊ ဒီတော့ သူ့ကိုယ်စား ကျုပ်က လက်စားချေပေးရမှာပေါ့ ၊ ဒါပေမယ့် တစ်ခုကံကောင်းတာက မင်းက တစ်ကြိမ် သေဆုံးပြီးသွားခဲ့ပြီ ၊ ပြီးတော့ စစ်စစ်နျန်ကလည်း မင်းကိုသံယောဇဉ်ရှိပါတယ် ၊ ဒါကြောင့် မင်းကိုထပ်ပြီး သတ်ပစ်မယ်ဆိုရင် လူမဆန်ရာကျမယ် ၊ ဒီတော့ အပြာရောင်ခရီးရှည်နန်းတော်မှာ နှစ်ပေါင်းတစ်ထောင် အစေခံ အဖြစ်တာဝန်ထမ်းဆောင်ပေးပါ ၊ ဒါဆိုရင် မင်းရဲ့အပြစ်တွေကို ခွင့်လွှတ်ပေးမယ်"
ထိုစကားသံကိုကြားမှ နွားရိုင်းကြီးမှာ စိတ်သက်သာရာရသွားလေသည်။
"ကောင်းပါပြီ…"
ဆန်းလျန် သူ့ကိုရှာတွေ့သွားသည်နှင့် သူ့အတွက် လွတ်လမ်းမရှိတော့သည်ကို နွားရိုင်းကြီးက သိထားပြီးသား ဖြစ်လေသည်။
လီအော့နျိုမှာတော့ နွားရိုင်းကြီးအတွက် မကျေမနပ်ဖြစ်သွားရလေသည်။
နှစ်ပေါင်းတစ်ထောင် အစေခံရမည်… တဲ့။ ထိုသို့ တကယ်ပင် လုပ်ရပါမည်လား။
လီအော့နျိုက နွားရိုင်းကြီးကို တီးတိုးမေးလိုက်လေသည်။
"အစ်ကိုနွားကြီး ၊ အဲဒီလူက ဘယ်သူလဲဗျ"
နွားရိုင်းကြီးက လီအော့နျို၏ အမေးကိုမဖြေဘဲ ခေါင်းသာ ခါယမ်းပြလိုက်လေသည်။
ထို့နောက် နွားရိုင်းကြီးသည် လေထဲသို့ ပျံသန်းထွက်ခွာသွားပြီး လရောင်အတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွား လေတော့သည်။
နွားရိုင်းကြီး၏ စိတ်စွမ်းအားဖြင့် ဆက်သွယ်စကားပြောဆိုသံကို လီအော့နျို၏ နားထဲတွင် ကြားလိုက်ရလေသည်။
"မင်း ကျုပ်ကို တွေ့ချင်တယ်ဆိုရင် အပြာရောင်ခရီးရှည်နန်းတော်မှာ လာရှာပါ…"
လီအော့နျိုသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်လေသည်။
သူက နွားရိုင်းကြီးထွက်ခွာပျောက်ကွယ်သွားသည့်အရပ်ကို လှမ်းကြည့်လိုက်ရင်း…
"အစ်ကိုနွားရိုင်းကြီး ၊ ကျုပ် မင်းကို လာကယ်ပါ့မယ်"
လေထဲမှ ရယ်မောသံတစ်ချက် ထွက်ပေါ်လာလေသည်။
"အရမ်းသွေးဆူလွယ်တဲ့ လူငယ်လေးပဲ…."
လီအော့နျိုမှာ အသံသာကြားရပြီး အသံပိုင်ရှင်ကို အရိပ်ပင် တွေ့မြင်ရခြင်းမရှိပေ။
သို့သော် သူစိတ်ထဲတွင် စွဲမှတ်လိုက်မိသည့်အမည်တစ်ခုမှာ "အပြာရောင်ခရီးရှည်နန်းတော်" ဟူ၍ ဖြစ်လေသည်။