ဗောဓိပင်အောက်မှ ရူပနတ်ဘုရားမင်းကြီး
Vol. 8 Ch. 702
ချိစုန်းကျီသည် ရှေးဟောင်းနတ်ဘုရားတစ်ပါးဖြစ်သည့်အလျှောက် ကြိုတင်ခန့်မှန်းနိုင်စွမ်းလည်း မြင့်မားလေသည်။ ထို့ကြောင့် ဆန်းလျန်အကြောင်းကို သိရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
သို့သော်… ဆန်းလျန်က ချိစုန်းကျီသည် သူ့အကြောင်းကို ခန့်မှန်းသိရှိနေခြင်းမဟုတ်ဘဲ အခြားအကြောင်းတစ်ခု ကြောင့် သူ့ကို သိရှိနေခြင်းဖြစ်သည်ဟု ရိပ်မိလိုက်သည့်အတွက် "ဆရာကြီးလိုပုဂ္ဂိုလ်မျိုးက ကျုပ်ကို ဘယ်လိုလုပ်သိနေရတာလဲ" ဆိုသည့်မေးခွန်းကို မေးလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် ထိုကိစ္စနှင့်ပတ်သက်ပြီး သေချာနေခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ခေသူမှ မဟုတ်ဘဲလေ။
နတ်ဘုရားတစ်ပါးဖြစ်လာပြီဆိုလျှင် ခန့်မှန်းရုံဖြင့် အချို့သော အကြောင်းအရာများကို ကောက်ချက်ချ နိုင်လေသည်။ ထိုသို့ ခန့်မှန်းနိုင်ခြင်းမှာ ခက်ခဲခြင်းမရှိသော်လည်း လျစ်လျူရှု၍တော့ မရနိုင်အောင် အရေးပါလေသည်။
အကယ်၍ အဆင့်အတန်းတူညီသည့် နတ်ဘုရားတစ်ပါးသည် အခြားနတ်ဘုရားတစ်ပါးကို ကြိုတင်ခန့်မှန်းကြည့် နေလျှင် ခန့်မှန်းခံရသည့်နတ်ဘုရားသည် သိရှိမည်ပဲ ဖြစ်လေသည်။
သို့သော်… ဆန်းလျန်သည် ထိုသို့ သိရှိခဲ့ခြင်း မရှိပေ။
ထို့ကြောင့် ချိစုန်းကျီ သူ့ကို သိနေရခြင်းမှာ ခန့်မှန်းခြင်းဖြင့်မဟုတ်ဘဲ တခြားနည်းလမ်းဖြင့် သိနေခြင်းဖြစ်သည်ဟု တပ်အပ်ပြောနိုင်ခြင်း ဖြစ်လေသည်။
ဆန်းလျန်ဆိုလျှင် ယိလမ်းစဉ်နှင့် စန့်ချင်တာအိုဆရာသခင်၏ စိတ်အာရုံများကိုထိန်းချုပ်နိုင်ခြင်းကျင့်စဉ် (၂)ခုပေါင်းစပ်ပြီး တာ့လော်အဆင့် နတ်ဘုရားတစ်ပါးကိုပင် ခန့်မှန်းကြည့်နိုင်လေသည်။
သို့သော်… အခြားသူများအတွက်ဆိုလျှင်တော့ ဆန်းလျန်ကဲ့သို့ စွမ်းရည်များကို ရရှိရန်မှာ ခက်ခဲပေလိမ့်မည်။
ချိစုန်းကျီက ပြုံးလိုက်ရင်း…
"ကျုပ်က ဆန်းကျန်းရန်နတ်ဘုရားကို ဘာလို့သိနေရသလဲဆိုတော့ ကျုပ်တို့က ကံကြမ္မာတစ်ခုတည်းမို့လို့ပဲ"
ဆန်းလျန်က…
"အဲဒါ ဘာအဓိပ္ပါယ်လဲ"
ချိစုန်းကျီက…
"အင်း… အချို့သူတွေက ကျုပ်ကို ထိုက်ရွှီးကျန်းရန်လို့လည်း ခေါ်ကြတယ်ဆိုတာ ဆန်းကျန်းရန်နတ်ဘုရား သိတယ်မဟုတ်လား"
ဆန်းလျန်၏ခေါင်းထဲသို့ အကြောင်းအရာပေါင်းများစွာ ဝင်ရောက်လာပြီး နောက်ဆုံးတွင်တော့ အကြောင်းအရာ တစ်ခု ပေါ်လာလေသည်။
ဆန်းလျန်က…
"သိတာပေါ့ဗျာ ၊ ကျုပ်ကျင့်ကြံခဲ့တဲ့ ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်က ခင်ဗျားနဲ့ ဆက်စပ်နေတာလား"
ချိစုန်းကျီက ပြုံးလိုက်ရင်း…
"ဆက်စပ်မှုရှိတယ်လို့ ပြောလို့ရတယ် ၊ ဘာလို့လဲဆိုတော့ တာအိုဆရာလီချင်းဆွေဟာ အစစ်ဆေးခံရမှုတစ်ခု ကြောင့်လူပြန်ဝင်စားခဲ့တဲ့အချိန်တုန်းက ဒီကျောက်စိမ်းဗိမာန်မှာ ကျုပ်နဲ့ တစ်ခါ ဆုံခဲ့ဖူးတယ်"
နတ်ဗိမာန်တစ်ခုလုံးမှာ ကျောက်စိမ်းများနှင့်တည်ဆောက်ထားသည့်အတွက် ဤနေရာကို ကျောက်စိမ်းဗိမာန်ဟု ခေါ်သည်ကို ဆန်းလျန် အံ့သြမနေတော့ပါ။
ကျောက်စိမ်းဆိုသည်မှာ အဆင့်လွန်နတ်ဘုရားတစ်ပါးကို ကိုယ်စားပြုနိုင်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ချိစုန်းကျီသည် လောက၏ မူလဖြစ်တည်မှုတရားများကိုပင် သိမြင်နေနိုင်ပြီဟု ဆိုလိုခြင်း ဖြစ်လေသည်။
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဆရာဘွားဘွားလီချင်းဆွေက ဆရာကြီးဆီက တာအိုကျင့်စဉ်ကို သင်ယူခဲ့တာကိုး ၊ ဆရာကြီး အသေးစိတ်များ ပြောပြပေးလို့ရမလား"
ချိစုန်းကျီ၏ အကြည့်က ဆန်းလျန်ဆီသို့ ကျရောက်လာလေသည်။
သူ၏ မျက်ဝန်းများသည် လျှပ်စီးများလက်နေသကဲ့သို့ တလက်လက်တောက်ပနေလေ၏။ သူ၏မျက်ဝန်းများထဲတွင် ဗလာနယ်အတွင်းမျ စွမ်းအားများဖြင့် ပြည့်နေသည်ဟု ဆိုနိုင်လေသည်။ ကြီးမြတ်သော သူတော်စင်များနှင့် ပညာရှိများတွင်သာ ထိုကဲ့သို့ သောထူးခြားသည့်လက္ခဏာများ ရှိကြလေသည်။
ချိစုန်းကျီက…
"သူမေးတဲ့မေးခွန်းတွေတောင် ကျုပ်မေ့ကုန်ပြီ ၊ ဒါပေမယ့် စကားနည်းနည်းပါးပါးကိုတော့ မှတ်မိသေးတယ် ၊ မင်းနားထောင်ချင်သလား"
ဆန်းလျန်က…
"ကျေးဇူးပြုပြီးပြောပြပေးပါ"
ချိစုန်းကျီက…
"ဒီလောကမှာ အသက်ဓာတ်ကိုဖြစ်စေတဲ့ ယင်စွမ်းအားနဲ့ ယန်စွမ်းအားဆိုပြီးတော့ ရှိတယ် ၊ မိုးကောင်းကင်က မြင့်မြတ်တယ် ၊ ဒါပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေကို မြေပြင်မှာ တွေ့မြင်နိုင်တယ် ၊ မြေကြီးက ယုတ်ညံ့တယ် ဒါပေမယ့်သူ့ရဲ့လုပ်ဆောင်ချက်တွေကို ကောင်းကင်မှာ မြင်တွေ့နိုင်တယ် ၊ ကောင်းကင်က စကားမပြောပေမယ့် ရာသီဥတု (၄)မျိုး ပြောင်းလဲပေးတယ် ၊ ကမ္ဘာမြေကြီးက စကားမပြောပေမယ့် သက်ရှိတွေဟာ တဖြည်းဖြည်း ကြီးထွားဖွံ့ဖြိုးလာစေတယ် ၊ အဲဒီအရာတွေအားလုံးရဲ့အလယ်မှာ လူသားတွေက လွတ်လပ်စွာ အသက်ရှင်ကြတယ် ၊ ဒါပေမယ့် လူသားတွေရဲ့ အသက်ရှူသံနဲ့ လှုပ်ရှားမှုတိုင်းကို မိုးနဲ့မြေက သိမြင်တယ် ၊ ဒါပေမယ့် မရှိမှုတရားကိုတော့ မိုးနဲ့မြေက မသိနိုင်ဘူး ၊ အဲဒီလို မိုးနဲ့မြေက မသိရှိတဲ့အရာကို ထိုက်ရွှီးလို့ခေါ်တယ်"
ဆန်းလျန်က လက်ခုပ်တစ်ချက်တီးလိုက်ရင်း…
"မိုးနဲ့မြေဟာ မရှိမှုတရားကနေမွေးဖွားလာတယ် ၊ အရာဝတ္ထုတိုင်းရဲ့ မူလပုံစံဟာလည်း မရှိမှုကနေ မွေးဖွားလာတာ ပဲ ၊ မြေကြီးတွေစုစည်းပြီး ကမ္ဘာမြေဖြစ်တည်မလာခင်က မရှိမှုတရားသာလျှင် တည်ရှိတယ် ၊ ဆရာဘွားဘွား လီချင်းဆွေက ဒီအချက်တွေကို အခြေခံပြီး ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်ကို ရေးသားခဲ့တာပဲ"
ချိစုန်းကျီက ပြုံးလိုက်ရင်း….
"ဆန်းကျန်းရန်နတ်ဘုရား ကျုပ်ကို အရမ်းလည်း အထင်မကြီးပါနဲ့ ၊ တကယ်လို့ ကျုပ် ချိစုန်းကျီ ဒီလောကမှာ မရှိဘူးဆိုရင်လည်း တာအိုဆရာချင်းဆွေဟာ ထိုက်ရွှီးနည်းဗျူဟာရဲ့ အနှစ်သာရကို တစ်နည်းမဟုတ်တစ်နည်းနဲ့ နားလည်သဘောပေါက်သွားမှာပါပဲ ၊ ကျုပ်က သူ့ကို အချိန်ကိုက် အချက်အလက်လေးနည်းနည်းလောက် ပြောပြ လိုက်နိုင်ရုံပါ"
နောက်ဆုံးဆော့ ချိစုန်းကျီ သူ့အကြောင်းများကို သိနေရသည့်အကြောင်းရင်းကို ဆန်းလျန် နားလည်သွားခဲ့ပြီ ဖြစ်လေသည်။
ထိုက်ရွှီးနည်းဗျူဟာကျင့်စဉ်သည် ချိစုန်းကျီနှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်နွယ်နေခဲ့လေသည်။
စုန့်ချင်းကျီကဲ့သို့ ရှေးဟောင်းနတ်ဘုရားများ၏ ကျင့်စဉ်များသည် လက်ရှိခေတ်နတ်ဘုရားများ၏ ကျင့်စဉ်များကဲ့သို့ ခေတ်မီဆန်းပြားခြင်းမရှိသလို ပြုပြင်ပြောင်းလဲနိုင်ခြင်းလည်း မရှိပေ။ သို့သော်… မိုးမြေသဘာဝတရား၏ နိယာမများ ကိုနားလည်ခြင်းများမှာတော့ ရှေးဟောင်းနတ်ဘုရားများက ယခုခေတ်နတ်ဘုရားများထက် သာလွန်လေသည်။
ချိစုန်းကျီတို့ကဲ့သို့ ရှေးဟောင်းနတ်ဘုရားများ စတင်ကျင့်ကြံစဉ်က မည်သည့် ကျင့်စဉ်မှ သေသေချာချာမရှိသေးပေ။ မိုးမြေသဘာဝတရား၏ နိယာမများကို ကိုုယ်တိုင်လေ့လာရင်းဖြင့် တရားအလင်းရခဲ့ကြခြင်း ဖြစ်လေသည်။ ထို့ကြောင့် စကြာဝဠာနှင့်လူသားများအကြောင်းကို သူတို့၏ နားလည်နိုင်စွမ်းက အခြားသူများထက် သာလွန်လေ သည်။
ထို့ကြောင့် ဆန်းလျန်က ထိုက်ရွှီးနည်းဗျူဟာကို ကျင့်ကြံထားသည့်အခါ သူ့ဆီတွင်ရှိနေသည့် ထိုက်ရွှီး၏ အဓိပ္ပါယ်ကို ချိစိုန်းကျီကသိရှိနေသည့်အတွက် သူ့ကိုလည်း သိရှိနားလည်နေခြင်း ဖြစ်ပေလိမ့်မည်။
သူ့အထင် ဟုတ်မဟုတ်ကို ဆန်းလျန်က နောက်ထပ်မေးခွန်းတစ်ခုဖြင့် စမ်းသပ်လိုက်လေသည်။
"ဆရာဘွားဘွားကျိလင် ဘယ်ရောက်နေလဲဆိုတာ ဆရာကြီးများ သိနိုင်မလား"
ချိစုန်းကျီက…
"မင်း အထင်လွဲနေပြန်ပြီ ၊ ကျုပ်က ထိုက်ရွှီးနည်းဗျူဟာ ကျင့်ကြံတဲ့သူတိုင်းကို ခြေရာမခံနိုင်ပါဘူး ၊ မင်းတစ်ယောက် ကိုပဲခြေရာခံနိုင်တာပါ ၊ ဒါပေမယ့် မင်းကမေးမှတော့ သူဘယ်မှာရှိလဲဆိုတာ နည်းနည်းပါးပါးသိထားတာလေးတွေ တော့ ရှိတယ်"
ချိစုန်းကျီက တစ်ခဏမျှ ရပ်နားလိုက်ပြီးမှ စကားဆက်ပြောလိုက်လေသည်။
"မင်း သူ့ကိုတွေ့ချင်တယ်ဆိုရင်တော့ မြောက်ဘက်တည့်တည့်မှာရှိတဲ့ ကျီဝေးကြယ်အစုအဝေးဆီကို သွားမှဖြစ်လိမ့် မယ်"
ထိုအချိန်မှာပင်… ချိစုန်းကျီ၏ တပည့်မလေး နတ်ဗိမာန်အတွင်းသို့ ဝင်လာလေသည်။
သူမလက်ထဲတွင် အရက်ခွက် (၂)ခွက်ကို ယူလာပြီး အရက်ခွက်များကို သူတို့ (၂)ယောက်ရှေ့တွင် ချလိုက်လေ သည်။ တစ်ဆက်တည်းပင် သူမက ကျောက်စိမ်းအပိုင်းအစလေး (၂)ခုကို အရက်ခွက်များအတွင်းသို့ ထည့်လိုက် လေသည်။
ကျောက်စိမ်းအပိုင်းအစလေးသည် အရက်ခွက်ထဲသို့ရောက်သည်နှင့် ကြည်လင်သည့်ရေအသွင်သို့ ပြောင်းလဲ သွားပြီး အလွန်မှလည်း မွှေးပျံ့သည့်ရနံ့ ထွက်ပေါ်လာလေသည်။
ချိစုန်းကျီက…
"ကျုပ်နေရာက ဘာမှ သိပ်ပြီး ပေါပေါများများမရှိဘူး ၊ ဒီအရက်ကောင်းတစ်ခွက်နဲ့ပဲ ဧည့်ခံနိုင်ပါတယ်"
ပြောပြီးသည်နှင့် သူက အရက်ခွက်ကို မြှောက်ကာ မော့သောက်လိုက်လေသည်။
အရက်ကိုသောက်ပြီးသည်နှင့် သူ၏သွေးကြောဆုံချက် (၉)နေရာပွင့်သွားပြီး ခရမ်းရောင်အငွေ့များ ထွက်လာကြ လေသည်။ ခရမ်းရောင်အငွေ့များသည် နတ်နဂါးများနှင့်ပင် ဆင်တူလေသည်။ ထိုအငွေ့များထဲတွင် နေ ၊ လ နှင့် ကြယ်စင်များလည်း တောက်ပလျှက်ရှိလေသည်။ ချိစုန်းကျီကို ကြည့်ရသည်မှာ လူသားပုံသဏ္ဍန်စကြာဝဠာတစ်ခုနှင့် နီးစပ်စွာ ဆင်တူနေလေသည်။
ဆန်းလျန်ကလည်း အရက်ခွက်ကို မော့သောက်လိုက်လေသည်။
အရက်များ သူ့ကိုယ်တွင်းသို့ စီးဝင်သွားသည်နှင့် ပူလောင်သည့် စီးကြောင်းတစ်ခု ဖြစ်ပေါ်လာလေသည်။ ဤအရက်သည် အလွန်အမင်းသိပ်သည်းနေသည့် ဝိညာဉ်စွမ်းအားစုစည်းမှုများ ဖြစ်လေသည်။ ဖားဟိုင်ဆရာတော် ကဲ့သို့သော ကျင့်ကြံသူတစ်ယောက်ပင် ဤအရက်ကို သောက်မှုလျှက် သူ၏ မူလဝိညာဉ်ခန္ဓာ ပေါက်ကွဲထွက်သွားနိုင်လေသည်။
ကျင့်ကြံသူများအတွက် ဤအရက်သည် နတ်အရက်လည်း ဖြစ်နိုင်သလို အဆိပ်လည်း ဖြစ်နိုင်လေသည်။
သို့သော်… ဆန်းလျန်အတွက်တော့ အဆိပ်မဖြစ်ခဲ့သလို သူ၏ ခန္ဓာကိုယ်တွင်လည်း မည်သည့်ပြောင်းလဲမှုမှ မဖြစ်ခဲ့ပေ။ ထို့ပြင်… သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် ပြန်လည်မွေးဖွားလာသလို ခံစားလိုက်ရလေသည်။
သူ၏ခန္ဓာကိုယ်အတွင်းသို့သာ မြင်နိုင်မည်ဆိုလျှင် စကြာဝဠာငယ်တစ်ခုကို မြင်တွေ့ရမည် ဖြစ်လေသည်။ ဆန်းလျန်၏ ကိုယ်ထဲမှ စကြာဝဠာငယ်သည် ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်နေပြီး သူသောက်လိုက်သည့် အရက်မှ ဝိညာဉ်စွမ်းများကို စုပ်ယူပစ်လိုက်လေသည်။
ချိစုန်းကျီက အလွန်အံ့အားသင့်သွားသည့်လေသံဖြင့်…
"ဆန်းကျန်းရန်နတ်ဘုရားရဲ့ ကျင့်ကြံမှုက တကယ်ပဲ စန့်ချင်တာအိုဆရာသခင်နဲ့ ပတ်သက်နေတာကိုး…"
ဆန်းလျန်က…
"ဆရာကြီးပြောတဲ့စကားက ဘာအဓိပ္ပါယ်လဲ"
ချိစုန်းကျီက ဖြည်းညင်းစွာဖြင့်….
"လောကမှ တာအိုဆရာသခင်ကြီး (၈)ပါး ပေါ်ထွက်ခဲ့တယ် ၊ တာအိုဝါဒက (၄)ပါး ၊ ဗုဒ္ဓဘာသာက (၃)ပါး နတ်မိစ္ဆာဝါဒက (၁)ပါး ပေါ်ထွက်ခဲ့တယ် ၊ ကျန်တဲ့သူတွေကတော့ တခြားဝါဒတွေကပေါ့ ၊ ဒါကြောင့် တခြားဝါဒက လူတွေကို တာအိုဆရာသခင်ကြီးတွေလို့ မသတ်မှတ်ဘူး ၊ ဒါပေမယ့် မူလ (၃) ဖြာ တာအိုဆရာသခင်ကြီး (၃)ပါးကတော့ တခြားတာအိုဆရာသခင်ကြီးတွေနဲ့ မတူဘူးဆိုတာ မင်း သိသလား"
ဆန်းလျန်က…
"ကျွန်တော်ကြားဖူးတာတော့ မူလသုံးဖြာတာအိုဆရာသခင်ကြီး (၃)ပါးက (၃)ပါးပေါင်းရင် တစ်ပါးတည်းလို့သိရ တယ် ၊ အဲဒါ ဘယ်လိုရည်ရွယ်ချက်လဲဆိုတာတော့ မသိဘူး"
ချိစုန်းကျီက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
"ဟိုး ရှေးခေတ်ကတည်းက အဲဒီလိုမျိုးပြောကြတယ် ၊ ဒါပေမယ့် တာအိုဆရာသခင်ကြီးတွေကိုယ်တိုင်က ဘာဖြေရှင်းချက်မှ မပေးခဲ့ကြဘူး ၊ ဒါကြောင့် အမှန်လို့ အတည်မပြုနိုုင်ဘူး ၊ ဒါပေမယ့် ကျုပ်ပြောချင်တဲ့စကားက အဲဒီ (၃)ပါးပေါင်းရင် (၁)ပါးတည်းပဲဆိုတဲ့ အယူအဆနဲ့ မသက်ဆိုင်ပါဘူး"
…..
ခွန်လွန်တောင် ၊ ကျောက်စိမ်းဝိညာဉ်နန်းတော်…
ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ဖုံးအုပ်ထားသည့် ရောင်စဉ် (၅)မျိုးသည် နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။
ကျောက်စိမ်းဝိညာဉ်နန်းတော်သို့သွားရာ လှေကားနားတွင် ဗောဓိပင်တစ်ပင် ပေါ်လာလေသည်။ ထိုဗောဓိပင် အောက်တွင် ငယ်ရွယ်ပြီး မာနကြီးဟန်ရှိသည့် လူငယ်တစ်ယောက် ရှိနေလေသည်။
ဗောဓိပင်မှ ရောင်ခြည်များဖြာထွက်နေလေသည်။ ရောင်ခြည်များသည် အတိတ်နှင့်အနာဂတ်တစ်လျှောက်လုံးတွင် ထွန်းလင်းနေသည့်အလား ထင်မှတ်ရလေသည်။
ထိုအချိန်မှာပင် ကျောက်စိမ်းဝိညာဉ်နန်းတော်ထိပ်မှ အလံတစ်ခု ထွက်ပေါ်လာလေသည်။ အလံတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ဗောဓိပင်မှအလင်းတန်းများ ပျက်ပြယ်သွားရလေသည်။
ဗောဓိပင်အောက်မှလူငယ်မှာ ဒေါင်းစိမ်းမင်းကြီး မဟာမာရူယိဖြစ်သူ ခုံရွှမ်း ဖြစ်လေသည်။
ကျောက်စိမ်းဝိညာဉ်နန်းတော်မှ အလံတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း လူငယ်သည် သွေးတစ်ပွက်အန်ချလိုက်လေ သည်။
အလံက (၉)ကြိမ်တိတိဝှေ့ယမ်းလိုက်သည့်အတွက် မဟာမာရူယိသည် (၉)ကြိမ်တိတိ သွေးများအန်ချလိုက်လေ သည်။ သို့သော်… သူသည် သေဆုံးသွားခြင်း မရှိသေးပါ။ သို့သော်… ရှင်သန်ရန်လည်း ခက်ခဲလျှက်ရှိလေသည်။
သူသည် ဗောဓိပင်အောက်တွင် ထိုင်ချလိုက်ပြီး ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ဖြည်းညင်းစွာဖြင့် စိုက်ကြည့်နေလေသည်။ ထို့နောက် သူ၏လက်ဖဝါးနှစ်ဖက်ကို ရှေ့သို့ တွန်းထုတ်လိုက်လေသည်။
ချက်ချင်းပင် မရေမတွက်နိုင်သည့် ဝမ့်စကြာ ပုံသဏ္ဍန်များ ထွက်ပေါ်လာပြီး ခွန်လွန်တောင်တစ်ခုလုံး တုန်လှုပ်သွား ရလေသည်။
တိုက်ပွဲကို ကြည့်နေကြသူများအားလုံးမှာ အံ့သြမှင်တက်သွားကြလေသည်။ အဘယ်ကြောင့်ဆိုသော် မဟာမာရူယိ အသုံးပြုလိုက်သည့်လက်ဖဝါးတန်ခိုးစွမ်းအားမှ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားဖြစ်နေသောကြောင့်ပင်။