နိဗ္ဗာနခန်းမဆောင်
Vol. 8 Ch. 703
ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားမှာ ဗုဒ္ဓကိုယ်တိုင် လက်ဆင့်ကမ်းပေးခဲ့သည့် ပညာတစ်ခုဖြစ်လေသည်။
ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားတွင် အဆင့် (၉)ဆင့်ရှိလေသည်။ သို့သော်… တစ်ဆင့်နှင့်တစ်ဆင့် တူညီခြင်း မရှိပေ။ အဆင့်တိုင်းသည့် မြင့်မြတ်သည့် တာအိုလမ်းစဉ်နှင့် ပတ်သက်ဆက်နွယ်နေလေသည်။ အဆင့်တိုင်းကို နားလည်သွားလျှင်တော့ တာ့လော်အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။
အမှန်တော့ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားတွင် ဒသမမြောက်အဆင့်ရှိသေးသည်ဟု ဆိုကြလေသည်။ သို့သော်… လောကတွင် ကိုးဂဏန်းသည် အမြင့်ဆုံဖြစ်ပြီး တစ်ဆယ်ဂဏန်းသည် ကိန်းဂဏန်းသတ်မှတ်ချက်အဆင့်ကို ကျော်လွန်သည်ဟု အဆိုရှိကြလေသည်။
ထို့ကြောင့် လူတစ်ယောက်သည် ဒသမအဆင့်ကို ကျင့်ကြံနိုင်မည်ဆိုပါက သံသရာမှ လွတ်မြောက်သွားနိုင်မည် ဖြစ်လေသည်။
သို့သော်… မဟာမာရူယိသည် ဒသမမြောက်လက်ဖဝါးတန်ခိုးစွမ်းအားကို အသုံးပြုနိုင်ခြင်း မရှိပါ။ ထို့ပြင် သူသည် တစ်ကြိမ်တည်းဖြင့်လည်း လက်ဖဝါးတန်ခိုးစွမ်းအား (၉)ဆင့်လုံးကို အသုံးမပြုနိုင်ပါ။ သူသည် လက်ဖဝါးတန်ခိုး စွမ်းအား အဆင့်တစ်ခုကိုသာ ရိုးရှင်းစွာ အသုံးပြုနိုင်လေသည်။
နေရာအနှံ့ပျံ့နှံ့နေသည့် ဝမ့်စကြာများသည် ခွန်လွန်တောင်တစ်ခွင်လုံးကို လှုပ်ခါနေစေလေသည်။
မရှိမှုကျေးရွာတွင် မည်သည့်အရာမှ မရှိပေ။ သို့သော်… ကြီးမားသည့်တိုက်ခိုက်မှုကြီးအလယ်တွင် တသိမ့်သိမ့်တုန် လျှက်ရှိလေ၏။
လူအများစုသည် ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားကို မြင်တွေ့လိုက်ရသည့်အခါ အံ့သြမှင်တက်သွားကြရလေသည်။ ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားသည် မရှိမှုဟုခေါ်ဆိုသည့် ထိုက်ရွှီးကိုပင် တုန်လှုပ်သွားစေလောက်အောင် အစွမ်းမြင့်မားလွန်းလှလေသည်။
ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ကျောက်စိမ်းလှေကားထစ်များသည် အက်ကွဲကာ ပြိုကျလုနီးပါးဖြစ်သွားလေသည်။ ဤသို့ဖြစ်ရသည်မှာ ကျောက်စိမ်းဝိညာဉ်နန်းတော် အရှက်ကွဲခြင်းပင် ဖြစ်လေသည်။ ယွမ်စီထျန်းကျွင်း ထွက်ခွာ သွားပြီးသည့်နောက်ပိုင်း ကျောက်စိမ်းဝိညာဉ်နန်းတော် ယခုကဲ့သို့ စော်ကားခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်လေ သည်။
"ခုံရွှမ်း ၊ မင်းကို ကျုပ်အပိုင်းပိုင်းဖြတ်ပစ်မယ် ၊ မင်းရဲ့ဝိညာဉ်ကိုလည်း အသူရာချောက်ကိုးထပ်မှာ ညှင်းပန်းနှိပ်စက် ခံစေရမယ် ၊ ဘယ်တော့မှ ပြန်ကောင်းမလာစေရဘူး"
ကျောက်စိမ်းဝိညာဉ်နန်းတော်အတွင်းမှ ကြုံးဝါးသံတစ်ချက် ထွက်ပေါ်လာလေသည်။
ကြုံးဝါးသံနှင့်အတူ ကျောက်စိမ်းဝိညာဉ်နန်းတော်အတွင်းမှ စည်းတံဆိပ်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုစည်းတံဆိပ်မှာ "ကောင်းကင်လွှမ်းစည်းတံဆိပ်" ဖြစ်လေသည်။
ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ကောင်းကင်လွှမ်း စည်းတံဆိပ်တန်ခိုးစွမ်းအားသည် ဒဏ္ဍာရီထဲမှ ဖန်ထျန်းစည်း တံဆိပ်လောက်တော့ အရာအားလုံးကို ဖိနှိပ်ပစ်နိုင်စွမ်း မရှိပေ။ သို့သော်… ကောင်းကင်လွှမ်းစည်းတံဆိပ်သည် ယွမ်စီထျန်းကျွင်းကိုယ်တိုင်တီထွင်ခဲ့သည့် တန်ခိုးစွမ်းအားဖြစ်ပြီး ဗုဒ္ဓလက်ဖဝါးတန်ခိုးစွမ်းအားကို ယှဉ်ပြိုင်နိုင်လေ သည်။
ဗောဓိပင်မှ အရွက်များ ကြွေကျကုန်ကြပြီး သစ်ရွက်များသည် အမှုန့်အဖြစ် ပြောင်းလဲသွားကြလေသည်။ ခုံရွှမ်းသည် ကောင်းကင်လွှမ်းစည်းတံဆိပ်ဖြင့် ဖိနှိပ်ခံထားရလေသည်။ သူ၏ခန္ဓာကိုယ်မှ ရောင်စဉ် (၅)မျိုးတောက်ပနေသော် လည်းကောင်းကင်လွှမ်းစည်းတံဆိပ်ကို တွန်းလှန်နိုင်ခြင်း မရှိပေ။
နေက်ဆုံတွင်တော့ ခုံရွှမ်းသည် သူ၏လက်နှစ်ဖက်ကိုဝှေ့ယမ်းလိုက်ပြီး ခွန်လွန်တောင်တစ်ခုလုံးတွင် သွေးမိုးများ ရွာသွန်းစေလိုက်လေသည်။
ဤသည်မှာ တာအိုမဟာလမ်းစဉ်၏ သွေးမိုးပင်ဖြစ်လေသည်။ သွေးမိုးများကြောင့် ခွန်လွန်တောင်တစ်ခုလုံးတွင် အက်ကြောင်းများ ထင်လာလေသည်။ သွေးမိုးများစွန်းထင်းသွားသည်နှင့် ခမ်းနားလှသည့် ကျောက်စိမ်းဝိညာဉ် နန်းတော်၏ ကျက်သရေရှိမှုသည် ချက်ချင်းပင် လျော့နည်းသွားလေသည်။
စကြာဝဠာတစ်ခုလုံးမှ အမျိုးမျိုးသောကျင့်စဉ်များကို ကျင့်ကြံနေကြသည့်ကျင့်ကြံသူများသည် ဒြပ်စင်စွမ်းအား (၅)မျိုး ရုတ်တရက်ကျဆင်းသွားသည်ကို ခံစားလိုက်ကြရပြီး သူတို့အားလုံး၏ အသက်ဓာတ်စွမ်းအားများသည် လျော့နည်းသွားကြလေသည်။
သို့သော် ခုံရွှမ်း၏ တန်ခိုးစွမ်းအားများကတော့ အဆက်မပြတ်မြင့်မားလာပြီး ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် တန်းတူ တန်ခိုးစွမ်းအားများ မြင့်မားလာလေသည်။
သူ၏လက်ဖဝါးထက်တွင် အသက်ဓာတ်စွမ်းအားများ ပေါင်းစည်းထားသည့် တိမ်တိုင်တစ်ခု ပေါ်လာလေသည်။ ထိုတိမ်တိုက်သည် ကောင်းကင်လွှမ်းစည်းတံဆိပ်တော်ကို ကြံ့ကြံ့ခံ ခုခံကာကွယ်ထားလေသည်။
သူက တိမ်တိုက်ကို ကောင်းကင်လွှမ်းတံဆိပ်တော်ရှိရာသို့ ပစ်လွှတ်လိုက်သည့်အခါတွင်တော့ စည်းတံဆိပ်တော် သည် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ပေ။ တိမ်တိုက်သည် လေထုထဲတွင် တစ်ချက်လှုပ်ရှားသွားပြီး ကျောက်စိမ်းနန်းတော်ရှိရာသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားလေသည်။
တိုက်ပွဲကို တိတ်တဆိတ်စောင့်ကြည့်နေကြသည့် ကြီးမြတ်သည့်နတ်ဘုရားများသည် ထိုမြင်ကွင်းကို တွေ့မြင် လိုက်ရသည့်အခါတွင်တော့ အံ့သြခြင်းမက အံ့သြကာ ကြက်သေသေကုန်ကြရလေသည်။
ယွိချင်တာအိုဆရာသခင် ယွမ်စီထျန်းကျွင်း တရားအလင်းရခဲ့ရာ ကျောက်စိမ်းဝိညာဉ်နန်းတော်ကို ခုံရွှမ်းသည် အမှန်တကယ်ပင် ဖျက်စီးပစ်လိုနေခြင်း ဖြစ်လေသည်။ ဤသည်မှာ အဖျက်လုပ်ရပ်တစ်ခုပင် ဖြစ်လေသည်။
ကျန့်ယွမ်ကျီနတ်မင်းကြီးကဲ့သို့သော တန်ခိုးစွမ်းအားမြင့်မားသူများပင်လျှင် ထိုကဲ့သို့ ရဲရင့်လွန်းသည့် ဆုံးဖြတ်ချက် မျိုးကိုချရဲကြမည် မဟုတ်ပေ။
ထိုအချိန်မှာပင်… ကျောက်စိမ်းဝိညာဉ်နန်းတော်မှ ဖန်ကူအလံသည် စတင်လှုပ်ရှားလာလေသည်။ မရှိမှုကျေးရွာ တစ်ခုလုံးတွင် ကြိမ်းဝါးသံကြီးတစ်ချက် ထွက်ပေါ်လာလေသည်။
ဖန်ကူအလံမှ ယွိချင်နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး ကြီးမားသည့် လက်ကြီးတစ်ဖက်လည်း ထွက်ပေါ် လာလေသည်။
ကြီးမားသည့်လက်ကြီးက ခုံရွှမ်းပစ်လွှတ်လိုက်သည့် အသက်ဓာတ်စွမ်းအားတိမ်တိုက်ကို အစိတ်အစိတ်အမွှာမွှာ ကွဲကြေသွားအောင် ရိုက်ချလိုက်လေသည်။ ထို့နောက် ကောင်းကင်လွှမ်းခြုံစည်းတံဆိပ်သည် ခုံရွှမ်းဆီသို့ တန်းတန်းမတ်မတ်ဝင်ရောက်သွားကာ ခုံရွှမ်၏ပခုံးကို ထိမှန်သွားလေသည်။
ကောင်းကင်လွှမ်းတံဆိပ်နှင့်ထိမိသည်နှင့် ခုံရွှမ်းသည် မြေပြင်ထက်သို့ လဲကျသွားလေသည်။ ထိုအချိန်မှာပင် ကြီးမားသည့်လက်ကြီးက ခုံရွှမ်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖမ်းဆုပ်ထားလိုက်လေတော့သည်။ နှစ်ပေါင်းများစွာ ကျင့်ကြံနေခဲ့သည့် တာ့လော်အဆင့် နတ်ဘုရားတစ်ပါးဆိုလျှင်တောင်မှ ထိုလက်ကြီးထဲတွင် မုန့်ချပ်တစ်ခုလို စိစိညက်ညက် ကြေမွသွားနိုင်လေသည်။
"ချီလင်ချောက်ကမ်းပါးမှာ သူ့ကို အကျဉ်းချထားလိုက်"
အမိန့်ပေးသံတစ်ချက်ထွက်ပေါ်လာလေသည်။
ထို့နောက်… ကျောက်စိမ်းဝိညာဉ်နန်းတော်အတွင်းမှ ရွှေရောင်ဝတ်ရုံများဝတ်ဆင်ထားသည့် သူရဲကောင်း (၂)ယောက်ထွက်လာပြီး နတ်ကြိုးများဖြင့် ခုံရွှမ်းကို တုတ်နှောင်လိုက်ကြလေသည်။ ထို့နောက် ကျောက်စိမ်းဝိညာဉ် နန်းတော်အနောက်ဘက်ရှိ ချီလင်ချောက်ကမ်းပါးသို့ သူ့ကိုခေါ်ဆောင်သွားကာ ထိုနေရာတွင် အကျဉ်းချထားလိုက် ကြလေတော့သည်။
တိုက်ပွဲကို တိတ်တဆိတ်စောင့်ကြည့်နေကြသည့် အဆင့်မြင့်နတ်ဘုရားများနှင့် နတ်မိစ္ဆာများသည် ခုံရွှမ်းကို သနားနေမိကြလေသည်။
တိုက်ပွဲကို အဆုံးသတ်ရန်အတွက် ဖန်ကူအလံမှ ထွက်ပေါ်လာသည့် ယွိချင်နတ်ဘုရားအလင်းတန်းများမှာ ယွမ်စီထျန်းကျွင်း၏ မူလသင်္ကေတဖြစ်လေသည်။
ထိုအလင်းတန်းများကို အသုံးပြုကာ တာအိုဆရာယွိတင်က ဧရာမလက်ကြီးကို ဖန်တီးတိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် ခုံရွှမ်းကို တိုက်ခိုက်ခဲ့ခြင်း မဟုတ်ဘဲ ယွိချင်တာအိုဆရာသခင် ယွမ်စီထျန်းကျွင်း၏ မူလသင်္ကေတကိုယူကာ ခုံရွှမ်းကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့် ခုံရွှမ်းကို အနိုင်ယူလိုက်သူမှာ ယွိတင် မဟုတ်ပါ။
ခုံရွှမ်းသည် ကျောက်စိမ်းဝိညာဉ်နန်းတော်၏ လေးနက်လွန်းသည့် ယွိချင်တာအိုဆရာသခင်၏ မူလသင်္ကေတဖြစ် သည့်ဖန်ကူအလံကို ရှုံးနိမ့်သွားရခြင်းသာ ဖြစ်လေသည်။
လောကတွင် မြောက်မြားလှစွာသော ရတနာပစ္စည်းများစွာ ရှိသော်လည်း တာအိုဆရာသခင်ကြီးများ၏ မူလဝိညာဉ်သင်္ကေတပစ္စည်းများလောက် တန်ဖိုးရှိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယွိတင်ထံတွင် ဖန်ကူအလံ ရှိနေသရွေ့ သုံးလောကတွင် သူ့ကိုယှဉ်နိုင်သူ မည်သူမှ ရှိမည် မဟုတ်ပေ။
ယွိတင်နှင့် ခုံရွှမ်း၏တိုက်ပွဲပြီးဆုံးသွားခဲ့ပြီ ဖြစ်လေသည်။
ထိုတိုက်ပွဲကြောင့် ကျောက်စိမ်းဝိညာဉ်နန်းတော်အနေဖြင့် ဂုဏ်တက်ခဲ့ရသော်လည်း ဇာမဏီနတ်ဘုရားနန်းတော် ကတော့ သိက္ခာကျဆင်းခဲ့ရလေသည်။
…….
ဇာမဏီနတ်ဘုရားနန်းတော်…
ဇာမဏီနတ်ဘုရားနန်းတော်တွင်တော့ ကွေလိသည် ခုံရွှမ်းနှင့် ယွိတင်တိုကခိုက်သည့်တိုက်ပွဲကို နတ်ဘုရားစွမ်အား အကန့်အသတ်များကို အသုံးပြုကာ ကြည့်နေခဲ့လေသည်။ တိုက်ပွဲပြီးဆုံးသွားပြီး ခုံရွှမ်းအဖမ်းခံလိုက်ရသည်အထိ သူမသည် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး အဖြစ်အပျက်များကို သူမသည် ယုံကြည်နိုင်ခြင်း မရှိသေးပေ။
ထို့ပြင်... ခုံရွှမ်းသည် ကျောက်စိမ်းဝိညာဉ်နန်းတော်ကို အဘယ့်ကြောင့်သွားရောက်စိန်ခေါ်ရသည်ကိုလည်း သူမ နားမလည်နိုင်ပေ။ ပြီးတော့... ခုံရွှမ်းသည် ကျောက်စိမ်းဝိညာဉ်နန်းတော်ကို သွားရောက်စိန်ခေါ်ရသည့် အကြောင်း ရင်းကိုလည်း ပြောမသွားခဲ့ပေ။
ထိုအချိန်မှာပင် ဇာမဏီနတ်ဘုရားနန်းတော်၏ အုပ်ချုပ်ရေးမှူးသည် ခန်းမဆောင်အပြင်ဘက်သို့ရောက်ရှိလာပြီး ကွေလိကို တွေ့ဆုံခွင့် တောင်းလေသည်။ ကွေလိကလည်း သူ့ကို ဝင်ခွင့်ပြုလိုက်လေသည်။
နန်းတော်အုပ်ချုပ်ရေးမှူး၏ ကျင့်ကြံခြင်းအတွေ့အကြုံမှာ အလွန်နက်ရှိုင်းပြီး ထိုင်ယီထျန်းရှန်းအဆင့်သို့ပင် ရောက်လုနီး ပါး ဖြစ်နေပြီဖြစ်လေ၏။
သူက ကွေလိကို လေးလေးစားစားပင် ဂါရဝပြုလိုက်ပြီး....
"သခင်မလေး... ကျွန်တော်က ဖုန်းချင်းထျန်းလို့ ခေါ်ပါတယ် ၊ ရူပနတ်ဘုရားမင်းကြီးက အခုလိုအချိန်ရောက်လာခဲ့ ရင် သခင်မလေးကို နေရာတစ်ခုကိုခေါ်သွားဖို့ မှာကြားထားခဲ့ပါတယ်"
ဖုန်းချင်းထျန်း၏စကားကြောင့် ကွေလိက အနည်းငယ်အံ့သြသွားပြီး...
"သူက ဘယ်တုန်းက မှာခဲ့တာလဲ…"
ဖုန်းချင်းထျန်းသည် အမြဲတမ်း တည်တည်ကြည်ကြည်နေတတ်သူတစ်ယောက်ဖြစ်လေသည်။
သူက တည်ကြည်သည့်လေသံဖြင့်…
"သခင်မလေးပြန်မလာခင်ကတည်းက မှာထားခဲ့တာပါ ၊ ရူပနတ်ဘုရားမင်းကြီးက ဒီနေ့မှာ ဒီလိုဖြစ်လာမယ်ဆိုတာ ကိုကြိုသိခဲ့ပုံရပါတယ် ၊ အခု သူလည်း ခွန်လွန်တောင်မှာ အနှိမ်နင်းခံလိုက်ရပြီဆိုတော့ ဇာမဏီနန်းတော်ရဲ့ နန်းတော်သခင်နေရာကို သခင်မလေးက ဆက်ခံရပါမယ် ၊ သခင်မလေး အခက်မတွေ့ရအောင် သူက အစစအရာရာ စီစဉ်သွားခဲ့ပါတယ် ၊ ကျေးဇူးပြုပြီး သခင်မလေး ကျွန်တော့်နောက်လိုက်ခဲ့ပါ"
ကွေလိသည် နောက်ဆုံးတော့ အခြေအနေများကို နားလည်သွားလေသည်။
ခုံရွှမ်းသည် ခွန်လွန်တောင်တိုက်ပွဲတွင် သူရှုံးနိမ့်ရမည်ကို ကြိုတင်ခန့်မှန်းထားခဲ့ပြီးသား ဖြစ်လေသည်။ ထို့ကြောင့်... သူက စီစဉ်စရာရှိသည်များကို စီစဉ်ထားခဲ့ခြင်း ဖြစ်လေသည်။
သို့သော်... အဘယ့်ကြောင့် ထိုသို့သောဆုံးဖြတ်ချက်ချခဲ့သည်ကို ကွေလိ နားမလည်နိုင်သေးပေ။
မည်သို့ပင်ဖြစ်စေ... ခုံရွှမ်းစီစဉ်ထားခဲ့သမျှကို ကွေလိက ငြင်းဆန်ခြင်းမပြုပါ။ သူမသည် ဖုန်းချင်းထျန်း နောက်သို့ လိုက်သွားလေသည်။ ထို့ပြင် … ခုံရွှမ်း ဘာတွေစီစဉ်သွားခဲ့သည်ကို သိချင်နေမိလေသည်။
ဖုန်းချင်းထျန်းသည် ကွေလိကို ခုံရွှမ်းတစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံသည့်အခန်းသို့ ခေါ်လာခဲ့လေသည်။
ထိုအခန်းကို နိဗ္ဗာနခန်းမဆောင်ဟုခေါ်လေသည်။ ထိုနေရာသည် ဇာမဏီငှက်များ ကျင့်စဉ်ကျင့်ကြံလေ့ရှိသည့် နေရာ ဖြစ်လေသည်။
ထို့ပြင် ထိုနေရာသည် ဇာမဏီနတ်ဘုရားနန်းတော်၏ တားမြစ်နယ်မြေလည်း ဖြစ်လေသည်။ ထိုနေရာသို့ ဖုန်းချင်းထျန်းပင်လျှင် ဝင်ရောက်ရဲခြင်း မရှိပေ။
နိဗ္ဗာနခန်းမဆောင်အတွင်းသို့ ကွေလိတစ်ယောက်သာလျှင် ဝင်ခွင့်ရှိလေသည်။ သူမ၏ ကျင့်ကြံခြင်းအဆင့်က သိပ်ပြီးမြင့်မားခြင်းမရှိသည့်တိုင် သူမသည် ခုံရွှမ်းပြီးလျှင် ဇာမဏီနတ်ဘုရားနန်းတော်တွင် သြဇာအာဏာအရှိဆုံး လူတစ်ယောက်ဖြစ်လေသည်။
သူမသည် နိဗ္ဗာနခန်းမဆောင်သို့ ဝင်ခွင့်ရှိသူတစ်ယောက်ဖြစ်သည့်တိုင် ယနေ့မှ ပထမဆုံးအကြိမ် ဝင်ရောက်ဖူးခြင်း ဖြစ်လေသည်။
ခန်းမဆောင်သို့ ဝင်ဝင်ချင်းမှာပင် ဒေါင်းစိမ်းလိုက်ကာတစ်ခုဖြင့် ကာရံထားသည်ကို တွေ့လိုက်ရလေသည်။ လိုက်ကာမှ ရွှေရောင်အလင်းတန်းများထွက်ပေါ်နေပြီး နွေးထွေးမှုကိုခံစားရလေသည်။ ထိုအလင်းတန်းများက စိတ်ကိုတည်ငြိမ်စေလေသည်။
ထိုရွှေရောင်အလင်းတန်းများမှာ ခုံရွှမ်း တံခါးပိတ်ကျင့်ကြံစဉ်တွင် ချန်ထားခဲ့သည့် တရားဓမ္မများပင် ဖြစ်လေသည်။ ထိုအလင်းတန်းများသည် ခုံရွှမ်းနားလည်ခဲ့သမျှ ဗုဒ္ဓဘာသာတရားတော်များ၏ အနှစ်သာရများပင် ဖြစ်လေသည်။
သို့သော်... ကွေလိက ထိုအရာများကို စိတ်ဝင်စားခြင်း မရှိပါ။
သူမသည် ဒေါင်းစိမ်းလိုက်ကာကိုဖြတ်ကျော်ပြီး တိတ်ဆိတ်နေသည့် ခန်းမဆောင်ကြီးအတွင်းသို့ ဝင်လိုက်လေ သည်။
ခန်းမဆောင်ကိုခင်းထားသည့်ကြမ်းခင်းမှာ ချောမွေ့သည့်ကျောက်သားပကတိဖြစ်ပြီး ဗုဒ္ဓဘာသာဒဏ္ဍာရီများထဲမှ မိုးကောင်းကင်ပုလဲဟုပင် ထင်မှတ်ရလေသည်။ မိုးကောင်းကင်ပုလဲဆိုသည်မှာ အမှန်တော့ သာမန် ကျောက်သား တစ်မျိုးပင် ဖြစ်လေသည်။ သို့သော်... သီလနှင့်ပြည့်စုံသည့် ဘုန်းတော်ကြီးများ၏ တရားဓမ္မနှင့် ထိတွေ့ကောင်းချီး ပေးခြင်းခံရသဖြင့် မိုးကောင်းကင်ပုလဲအဖြစ် ပြောင်းလဲသွားရခြင်း ဖြစ်လေသည်။
ခန်းမထဲတွင် ပုလဲမယ်တော်ဂမုန်းသည်လည်း ပွင့်လန်းလျှက်ရှိလေသည်။
ဂမုန်းပန်းများနှင့် ကြမ်းပြင်ထက်မှ ကျောက်သားပြင်သည် သဟဇာတညီစွာ လိုက်ဖက်လျှက်ရှိလေသည်။
သို့သော်… ဆွဲဆောင်မှုအရှိဆုံးမှာ ဂမုန်းပန်းပွင့်များနောက်ကွယ်တွင် ရှိနေသည့် ပလ္လင်တစ်ခု ဖြစ်လေသည်။
ပလ္လင်ထက်တွင် အပူဇော်ခံ တာအိုဆရာတစ်ပါးရှိနေလေသည်။
အမှန်ဆိုလျှင် နိဗ္ဗာနခန်းမဆောင်သည် ဇင်ဗုဒ္ဓဘာသာ၏ တည်ငြိမ်အေးချမ်းမှုများဖြင့် ပြည့်နက်နေရမည့် နေရာတစ်ခု ဖြစ်လေသည်။ ထို့ကြောင့် ဤသို့သောနေရာမျိုးတွင် တာအိုဆရာတစ်ပါးကို တွေ့မြင့်ရခြင်းက ခပ်ဆန်းဆန်း ဖြစ်နေလေသည်။ သို့သော်... ထူးဆန်းလှသည်လည်း မဆိုသာပေ။
တာအိုဆရာသည် ပလ္လင်ထက်တွင်တိတ်ဆိတ်စွာထိုင်နေပြီး သူ၏လက်ထဲတွင် ရတနာခုနစ်ပါးစီခြယ်ထားသည့် ထူးဆန်းသည့် သစ်ပင်တစ်ပင်ကို ကိုင်ဆောင်ထားလေသည်။ သို့သော်… ထိုတာအိုဆရာသည် ဇင်ဗုဒ္ဓဘာသာ၏ ပတ်ဝန်းကျင်တွင် လိုက်ဖက်ညီလျှက်ရှိလေသည်။ သူတို့သည် ခွဲခြား၍ မရသည့်အလားပင် ဖြစ်လေ၏။
ဗုဒ္ဓကျင့်စဉ်နှင့် တာအိုကျင့်စဉ် နှစ်မျိုးလုံးကို ကျင့်ကြံနိုင်သူများမှာ လောကတွင် ခပ်ရှားရှားပင် ဖြစ်လေသည်။ ကွေလိ၏ဘဝတွင် ထိုသို့ အယူဝါဒနှစ်ခုလုံးမှ ကျင့်စဉ်များကို တစ်ပြိုင်တည်းကျင့်ကြံနိုင်သူဆို၍ သိပ်များများစားစား မတွေ့ဖူးပေ။
သို့သော်… ထိုသို့သော အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားသူတစ်ယောက်မှာ ဆန်းလျန် ဖြစ်လေသည်။