ပျော်ပျော်သေ
Vol. 8 Ch. 705
ချိစုန်းကျီက ဆန်းလျန်၏ခံစားချက်ကို နားလည်လိုက်ဟန်ရှိလေသည်။
ထို့ကြောင့် သူက ပြုံးလိုက်ရင်း…
"မရှိမှုကျေးရွာက ယွမ်စီထျန်းကျွင်းပိုင်ဆိုင်တဲ့နေရာဆိုပေမယ့် အဲဒီနေရာရဲ့ အားသာချက်ကို အသုံးပြုပြီး မင်းကို သူ ဒုက္ခပေးလို့ မရနိုင်ပါဘူး"
ဆန်းလျန်က…
"ဒါပေမယ့် ယွိချင်တာအိုဆရာသခင်သာ ကျုပ်ကိုသတ်ချင်တယ်ဆိုရင် ဘာပြောစရာလိုတော့မှာလဲ ၊ အဲဒီတော့ စိတ်ပူစရာမလိုပါဘူး…"
ဆန်းလျန်သည် အခြေအနေများအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်လက်ခံလိုက်ပြီ ဖြစ်လေသည်။
ယွိချင်တာအိုဆရာသခင်သာ သူ့ကို တကယ်တမ်း သေစေချင်မည်ဆိုလျှင် ဆန်းလျန် အယောက် (၁၀၀)ပင် ရှိစေဦး တော့လွတ်လမ်းရှိမည် မဟုတ်ပေ။ သို့သော်… ထိုသို့ဖြစ်လာစရာ အကြောင်းမရှိပေ။
ချိစုန်းကျီက…
"ဆန်းကျန်းရန်က တကယ်အရည်အချင်းရှိတာပဲ ၊ ကျုပ်က နည်းနည်းလေးပဲပြောလိုက်တာနဲ့ အကုန်နားလည်သွား တယ် ၊ ပြီးတော့ ကျုပ်တို့ ခုလို တွေ့ဆုံကြတယ်ဆိုတာလည်း ရေစက်ပါလို့ပဲ ၊ ဒါကြောင့် မင်းသိသင့်တယ်ထင်တဲ့ ကိစ္စတစ်ချို့ကို ပြောပြခဲ့တာပဲ"
ဆန်းလျန်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး…
"ဆရာကြီးရဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ပါတယ် ၊ အနာဂတ်မှာ ကျုပ်တို့ ပြန်တွေ့ကြဦးမယ်ဆိုရင် ဆရာကြီးသင်ပြပေးတာတွေကို နားထောင်ချင်ပါသေးတယ် ၊ ဒါပေမယ့် အခုတော့ လုပ်စရာလေးတစ်ခုရှိလို့ ကျုပ်ကို သွားခွင့်ပြုပါဦး"
ပြောပြီးသည်နှင့် ဆန်းလျန်သည် ကျောက်စိမ်းနတ်ဗိမာန်မှ သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့သည်။
ကျောက်စိမ်းဗိမာန်အပြင်ဘက်တွင် နွားအော်သံတစ်ချက်ကြားလိုက်ရပြီး ဆန်းလျန်သည် နွားရိုင်းကြီးကိုစီးကာ ပျောက်ကွယ်သွားလေတော့သည်။
ချိစုန်းကျီ၏ တပည့်မလေးက မကျေမနပ်ဖြင့်…
"ဒီလူကို အစတုန်းက ရည်ရည်မွန်မွန်နဲ့လို့ ထင်ခဲ့တာ ၊ အခုတော့ အတော်ရိုင်းစိုင်းတာပဲ"
ချိစုန်းကျီကတော့ ဒေါသထွက်ခြင်း အလျဉ်းမရှိပေ။
နတ်ဗိမာန်အတွင်းမှ သဲလွန်စမကျန် ဆန်းလျန်ထွက်ခွားသွားသည့်နည်းလမ်းမှာ ထိုက်ရွှီးစွမ်အားများနှင့် ပြည့်ဝနေ လေသည်။ ထိုလူငယ်လေး၏ တာအိုလမ်းစဉ်သည် အမှန်ပင် ရင်သပ်ရှုမော အံ့သြစရာ ကောင်းလှလေ သည်။
………..
နွားရိုင်းကြီးသည် သမုဒ္ဒရာကိုဖြတ်ကာ တိမ်တိုက်များထက်တွင် ခရီးနှင်နေလေသည်။
"သခင်လေး… ကျွန်တော် ဘာမှတောင်မစားရသေးဘူး ၊ ဘာလို့ အမြန်ပြန်ထွက်လာရတာလဲ"
နွားရိုင်းကြီးက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
နွားရိုင်းကြီးမှာ ချိစုန်းကျီ၏ ဥယျာဉ်ထဲသို့ ရောက်သွားသည်နှင့် အံ့သြခြင်းမက အံ့သြသွားရလေသည်။ အဘယ့်ကြောင့်ဆိုသော် ဥယျာဉ်ထဲတွင် မရေမတွက်နိုင်သည့် ဝိညာဉ်စွမ်းအားဆေးပင်များနှင့် ပြည့်နေသော ကြောင့်ဖြစ်လေသည်။ နွားရိုင်းကြီးသည် ဆေးပင်များဆီမှ တစ်ချက်ပင် အကြည့်မလွှဲနိုင်ခဲ့ပေ။
ဆန်းလျန်သာ အတင်းသူ့ကိုခေါ်မလာခဲ့လျှင် သူသည် ဥယျာဉ်အတွင်းမှ တဖဝါးမှ ထွက်ခွာလိုမည် မဟုတ်ပေ။
ဆန်းလျန်က နွားရိုင်းကြီး၏ စကားကိုပြန်ဖြေခြင်းမရှိပါ။
အမှန်တော့ ချိစုန်းကျီနှင့် ဆုံတွေ့ခဲ့ရခြင်းသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ ဆန်းလျန်နှင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခု ဖန်တီးချင်သည့်အတွက် ချိစုန်းကျီက အကွက်ချ စီစဉ်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော်… ဆန်းလျန်က ချိစုန်းကျီ၏ ရည်ရွယ်ချက်ကို သိရှိလိုက်လေသည်။ ထို့ကြောင့် ချိစုန်းကျီက ထုတ်ဖော်မပြောခင်မှာပင် ထွက်လာခဲ့ခြင်း ဖြစ်လေသည်။ အမှန်တော့ ဆန်းလျန်အနေဖြင့် ချိစုန်းကျီလိုပုဂ္ဂိုလ်မျိုးဖြင့် မိတ်ဆွေဖွဲ့ထားနိုင်လျှင် များစွာ အကျိုးရှိမည် ဖြစ်လေသည်။
သို့သော်… ဤလောကတွင် မည်သည့်အရာမှ အလကားမရနိုင်ပေ။ သူသည် စိတ်ဆင်းရဲမှုများစွာကို ခံစားခဲ့ပြီးသည့်နောက် အခြားသူများထံမှ ကျေးဇူးပြုမှုများကို အလွယ်တကူ လက်မခံတတ်တော့ပေ။ လက်ခံမိလျှင် ကိုယ့်ဘက်မှလည်း ပြန်လည်ပေးဆပ်ရမည် ဖြစ်လေသည်။
ထို့ပြင် ချိစုန်းကျီက ထူးဆန်းသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။
ဒဏ္ဍာရီများအရဆိုလျှင် သူသည် ကြီးမားထင်ရှားသည့် ကိစ္စရပ်များတွင်သာ ပါဝင်ပတ်သက်လေ့ရှိသူ ဖြစ်လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့်သူသည် ရှေ့ဖြစ်များကို ကြိုတင်သိမြင်သူတစ်ယောက်ဖြစ်သည်ဟု ခန့်မှန်းနိုင်လေ သည်။ ထိုသို့သော ပုဂ္ဂိုလ်များနှင့် ဝေးဝေးနေခြင်းသည်သာ ဆန်းလျန်အတွက် အကောင်းဆုံး ဖြစ်လေသည်။
ထို့ပြင်… ချိစုန်းကျီက မရှိမှုကျေးရွာသည် ယွမ်စီထျန်းကျွင်း၏ တာအိုခန္ဓာဖြစ်သည်ဆိုသည့်အချက်ကို ပြောပြခဲ့လေ သည်။ ထိုစကားကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြောခြင်း ဖြစ်နိုင်လေသည်။
ထို့ပြင်… ချိစုန်းကျီထံမှ အလောတကြီးဖြင့် ထွက်လာရသည့် အဓိကအကြောင်းရင်း တစ်ခုရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် လောလောဆယ်တွင် အရေးတကြီးကိစ္စတစ်ခုနှင့် ရင်ဆိုင်နေရပြီ ဖြစ်လေ သည်။
ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ကျောင်းတော်တွင် ဖိတ်ကြားထားခြင်းမရှိ သည့်ဧည့်သည်တစ်ယောက် သူ့ကိုစောင့်နေသည်ကို အာရုံရလိုက်သောကြောင့် ဖြစ်လေသည်။
ထိုဧည့်သည်၏လက်အောက်တွင် အားလျန်သည် နှိမ်နင်းခံလိုက်ရပြီး ချင်းရွှမ်ထျန်းကျွင်းသည်လည်း ထိုသူကို တိုက်ခိုက်နိုင်ခြင်းမရှိပေ။
ချင်းရွှမ်ထျန်းကျွင်းထံတွင် တာအိုဆရာထိုက်ယီပိုင်ဆိုုင်သည့် ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ဝိညာဉ်ကျောက်ပြားကို ရှိလေသည်။ ထိုကျောက်ပြားနှင့်ဆိုလျှင် တာ့လော်အဆင့် နတ်ဘုရားများကိုပင်လျှင် ကြောက်စရာမရှိပေ။
သို့သော်… ယခုတော့ ကျောင်းတော်အတွင်းမှ ချင်းရွှမ်ထျန်းကျွင်းပင်လျှင် မတိုက်ခိုက်နိုင်အောင် တန်ခိုးစွမ်းအား မြင့်မားသူမှာ နှယ်နှယ်ရရပုဂ္ဂိုလ်တော့ မဖြစ်နိုင်ပေ။ အလွန်ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ရပေမည်။
ဆန်းလျန်သည် သိပ်ပြီးစဉ်းစားနေခြင်းမရှိပါ။ ထိုသူကို သွားရောက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် ထိုမျှ တန်ခိုးစွမ်းအား မြင့်မားသူတစ်ယောက်က သူ့ကိုတွေ့ချင်သည်ဆိုလျှင် သူ့အနေဖြင့် ထွက်ပြေးလျှင်လည်း လွတ်မြောက်မည် မဟုတ်ပေ။
ထို့ကြောင့် နာမည်အပျက်ခံပြီး ထွက်ပြေးမည့်အစား သွားတွေ့လိုက်ခြင်းကသာ ပိုကောင်းပေလိမ့်မည်။
ဆန်းလျန်သည် ချင်းရွှမ်ထျန်းကျွင်းကျောင်းတော်သို့ ရောက်လာခဲ့လေသည်။
ကျောင်းတော်ထဲတွင် အားလျန်သည် ရေခဲရုပ်တုတစ်ခုအလား အေးခဲနေပြီ ဖြစ်လေသည်။
သူမ၏ဘေးတွင်တော့ ကျောက်တုံးစားပွဲတစ်ခုနှင့် ကျောက်ထိုင်ခုံများ ရှိနေလေသည်။ ကျောက်ထိုင်ခုံတစ်ခုထက် တွင် လူတစ်ယောက် ထိုင်နေလေ၏။ သူ၏ဦးခေါင်းထက်တွင် စာပေသမားများဆောင်းသည့် ဦးထုပ်တစ်လုံး ဆောင်းထားပြီး အဝါနုရောင် နတ်ဘုရားဝတ်စုံကို ဝတ်ဆင်ထားလေသည်။
ဆန်းလျန်သည် ထိပ်တန်းအဆင့်ချောမောခန့်ညားသည့် လူငယ်တစ်ယောက် ဖြစ်လေသည်။ သို့သော်… ထိုသူသည် ဆန်းလျန်ထက် အနည်းငယ်ပင် ပိုပြီးကြည့်ကောင်းသည်ဟု ဆိုနိုင်လေ၏။
ထိုသူက ကျောက်ထိုင်ခုံထက်တွင်ထိုင်နေပြီး အရက်တစ်ခွက်ကိုငှဲ့ကာ သောက်နေလေသည်။ သို့သော်… ဆန်းလျန် ကတော့ ထိုသူ အရက်ငှဲ့နေသည်ဟု မမြင်မိပါ။ သမုဒ္ဒရာကြီးတစ်ခုလုံးကို ငှဲ့ထည့်နေသည်ဟု မြင်လိုက်မိလေသည်။ သမုဒ္ဒရာမဟုတ်ပါက ကောင်းကင်မြစ်တစ်စင်းဖြစ်သည့် နဂါးငွေ့တန်းဖြစ်ပေလိမ့်မည်။
ထို့ပြင် ထိုသူကို သူ၏မျက်လုံးဖြင့် မျက်ဝါးထင်ထင် တွေ့မြင်နေရာသော်လည်း ထိုသူသည် သူ့ရှေ့တွင်မရှိဟု ခံစားနေရပြန်သည်။ သူတို့ နှစ်ယောက်သည် မတူညီသည့် အချိန်ကာလနှစ်ခုတွင် တည်ရှိကြသူများဖြစ်ဟန်ရှိလေ သည်။
ထိုသူသည် အတိတ် သို့မဟုတ် အနာဂတ် အချိန်တစ်ခုခုမှ ရောက်လာဟန် ရှိလေသည်။
ဆန်းလျန်သည် နွားရိုင်းကြီးကိုခေါ်ဆောင်ပြီး ဒုက္ခအပေါင်းမှကင်တင်သူ ချင်းရွှမ်ထျန်းကျွင်း ကျောင်းတော်အတွင်း သို့ ဝင်လာသည့်အချိန်မှာပင် ဆန်းလျန်နှင့် ချင်းရွှမ်ထျန်းကျွင်း တစ်သားတည်း ပေါင်းစပ်သွားခဲ့ပြီ ဖြစ်လေသည်။
သို့သော်… နတ်ဘုရားစွမ်းအားများသာမက သူ၏ မူလဝိညာဉ်ခန္ဓာသည်ပင်လျှင် သူ့ကို ကာကွယ်ပေးနိုင်တော့မည် မဟုတ်ကြောင်း သူ ခံစားနေရလေသည်။
ဆန်းလျန်သည် ထိုသူ၏အရှေ့တွင် ဝင်ထိုင်လိုက်ပြီး ထိုသူအရက်ငှဲ့နေသည်ကို စိုက်ကြည့်လိုက်လေသည်။
ဆန်းလျန်က…
"မင်းက ကျောက်စိမ်းဝိညာဉ်နန်းတော်က ချင်းယွမ်မြောင်တောက်အရှင် မဟုတ်လား"
ထိုသူက အရက်ငှဲ့နေခြင်းကို ရပ်တန့်လိုက်ပြီး…
"အမှန်ပဲ"
ဟု ပြောလိုက်လေသည်။
အရက်ခွက်ထဲမှ အရက်များသည် အရက်နှင့်မတူပေ။ စကြာဝဠာထဲမှ ကြယ်စင်များ လင်းလက်နေသည်နှင့် တူလေသည်။
ဆန်းလျန်က မချိပြုံးတစ်ချက်ပြုံးလိုက်ရင်း…
"ခင်ဗျားကိုတွေ့ရတာ ကျုပ်ဘဝမှာ ဒုတိယမ္ပိ စိတ်အကြီးအကျယ် ဆင်းရဲမိတာပါပဲဗျာ…"
ချင်းယွမ်မြောင်တောက်အရှင်က…
"ကျုပ် အစစ်ဆေးခံရတာ ပြီးပြီးချင်းပဲ မင်းကို ပထမဆုံး လာတွေ့တာ ၊ မင်း ဂုဏ်ယူသင့်တယ်"
ဆန်းလျန်က…
"ဂုဏ်မယူနိုင်ပါဘူးဗျာ…"
ဆန်းလျန်သည် ချင်းယွမ်မြောင်တောက်အရှင် မည်မျှတန်ခိုးစွမ်းစွမ်းအားကြီးမားသည်ကို သိရှိခြင်း မရှိပေ။
ထို့ကြောင့် ယခုကဲ့သို့ ချင်းယွမ်းမြောင်တောက်အရှင် ရုတ်တရက်ရောက်ရှိလာခြင်းက ဆန်းလျန်ကို ထိတ်လန့်စေ လေသည်။
ဆန်းလျန်၏ဘဝတွင် မရေမတွက်နိုင်သည့် နတ်ဘုရားများ ၊ တန်ခိုးရှင်များဖြင့် ရင်ဆိုင်ခဲ့ရဖူးပါသည်။ သေလုမတတ် အန္တရယ်များနှင့်လည်း ကြုံတွေ့ခဲ့ရဖူးပါသည်။ သို့သော်… စန့်ချင်တာအိုဆရာသခင်နှင့် ရင်ဆိုင်ခဲ့ရသည့်တစ်ချိန်မှလွဲ ပြီး ကျန်သည့်အချိန်များသည် ယခုအချိန်လောက် ဆိုးဝါးခြင်း မရှိခဲ့ပေ။
ထို့ပြင် ချင်းယွမ်မြေင်တောက်အရှင်သည် အမြင်စူးရှပြီး သုံးလောကတစ်ခုလုံးကို သိမြင်နိုင်သူ ဖြစ်လေသည်။ မည်သည့်အရာမှ သူ့ကိုဖုံးကွယ်ထားနိုင်၍ မရနိုင်ပေ။
ထိုသို့သောလူများသည် ပကတိဖန်ဆင်းခြင်းပညာနှင့် အိပ်မက်လိပ်ပြာကျင့်စဉ်ကို ကျင့်ကြံထားသည့် ဆန်းလျန် ကဲ့သို့သောလူမျိုးကို ကောင်းကောင်းဒုက္ခပေးနိုင်သည့် လူများ ဖြစ်လေသည်။
ဆန်းလျန်သည် ချင်းယွမ်မြောင်တောက်အရှင်၏ရှေ့မှ ဗလာနယ်ကိုဖန်ဆင်းကာ ထွက်ပြေးမည်ဆိုလျှင်တောင်မှ သုံးလောကတစ်ခွင်ကို စူးရှစွာ တွေ့မြင်နေရသည့် ချင်းယွမ်းမြောင်တောက်အရှင်၏ လက်မှ လွတ်မြောက်နိုုင်မည် မဟုတ်ပေ။
ချင်းယွမ်မြောင်တောက်အရှင်ကို တွေ့လိုက်ရသည့်အခါ သူသည် လူတစ်ယောက်ကို သတိရသွားမိလေသည်။ လေးသည်တော် တာ့ယိပင် ဖြစ်လေသည်။ သူတို့ (၂)ယောက်စလုံးသည် ထင်ရှားပြီး မည်သူမှ အနိုင်မယူနိုင် လောက်သည့် အရည်အချင်းရှိသူများ ဖြစ်ကြလေသည်။
သို့သော်… လေးသည်တော်တာ့ယိသာ ရောက်ရှိလာပြီး ချင်းယွမ်မြောင်တောက်အရှင်နှင့် တိုက်ခိုက်မည်ဆိုလျှင် တာ့ယိသာလျှင် အနိုင်ရမည်ဟု ဆန်းလျန် မျှော်လင့်မိလေသည်။ သို့ရာတွင်… တကယ်တမ်း သူတို့နှစ်ယောက်သာ တိုက်ခိုက်မည်ဆိုလျှင် နှစ်ယောက်စလုံး ပျက်စီးသွားလိမ့်မည်ဟု သူ့နှလုံးသားထဲတွင် နားလည်နေလေသည်။
ချင်းယွမ်မြောင်တောက်အရှက်က ပြုံးလိုက်ပြီး…
"အရက်သောက်ပါဦးလား ၊ သုံးလောကမှာ ကျုပ်နဲ့အရက်အတူသောက်ခွင့်ရတဲ့သူဆိုလို့ သိပ်ရှိတာမဟုတ်ဘူး"
ဆန်းလျန်က…
"သောက်ပြီးရင် ဘာလုပ်မှာလဲ…"
ချင်းယွမ်မြောင်တောက်အရှင်က…
"မင်းဆီက စန့်ချင်မူလဝိညာဉ်သင်္ကေတကို ထုတ်ယူသွားပြီးတော့ မိုးနဲ့မြေမှာ မင်းကို တစ်စစီဖြစ်သွားအောင် လုပ်ပစ်မယ်"
ဆန်းလျန်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"မင်းလိုချင်တာ ရနိုင်မယ်မထင်ဘူး ၊ ပြီးတော့ ကျုပ်က ဘယ်တော့မှ ရှုံးနိမ့်မယ့်လူတစ်ယောက် မဟုတ်ဘူး"
ချင်းယွမ်မြောင်တောက်အရှင်က…
"ကျုပ်ကလည်း ဘယ်တော့မှ ရှုံးနိမ့်မယ့် လူတစ်ယောက် မဟုတ်ဘူး ၊ မင်းကို ဘယ်သူပဲ လာကယ်ကယ် ကျုပ် ဂရုမစိုက်ဘူး ၊ မင်းဆီက စန့်ချင်မူလဝိညာဉ်သင်္ကေတကို ကျုပ်က ရအောင်ယူပြီး မင်းကို အမှုန့်ချေပစ်မှာပဲ"
သူ၏ စကားများက ယုံကြည်မှုအပြည့်ဖြင့် ဖြစ်လေသည်။
အမှန်တကယ်လည်း သူ့တွင် ထိုသို့ လုပ်ဆောင်နိုင်စွမ်း ရှိလေသည်။
တာအိုဆရာသခင်ကြီးမှလွဲပြီး ချင်းယွမ်မြောင်တောက်အရှင်၏လက်မှ ဆန်းလျန်ကိုကယ်တင်နိုင်သူ လောကတွင် တစ်ယောက်မှ မရှိပေ။
ဆန်းလျန်ကပြုံးလိုက်ရင်း…
"အေးပေါ့ဗျာ ၊ သေလူဖြစ်နေပြီဆိုတော့ အရက်တစ်ခွက်တော့ သောက်ဦးမှပါ…"
ချင်းယွမ်မြောင်တောက်အရှင်က…
"ဒါကြောင့် ကျုပ်ကလည်း သောက်ဖို့စီစဉ်ထားတာပေါ့…"
ဆန်းလျန်က ခပ်အေးအေးအမူအရာဖြင့် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်လေသည်။
ထို့နောက် သူက အရက်ခွက်ကိုကိုင်ကာ မော့သောက်လိုက်လေတော့သည်။
ဆန်းလျန်၏ဘဝတွင် အရက်ကောင်းများစွာကို သောက်ဖူးသော်လည်း ယခုသောက်ရသည့် အရက်လောက်ထူးခြား ခြင်းမရှိပေ။ အရက်ခွက်ပါ တစ်ခါတည်းအရည်ပျော်ပြီး ဆန်းလျန်၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားလေသည်။ အရက်သောက်ပြီးသည်နှင့် သူ့ခေါင်းထဲမှ မှတ်ဉာဏ်များမှာ တဖျတ်ဖျတ်လက်နေသလို ခံစားလိုက်ရလေသည်။
ထို့နောက်တွင်တော့ သူ၏အတိတ်မှ မှတ်ဉာဏ်များနှင့် အမှတ်တရများအားလုံးသည် ချက်ချင်းပင် ပျောက်ကွယ် သွားလေတော့သည်။
ချင်းယွမ်မြောင်တောက်အရှင်က…
"ဒီအရက်ထဲမှာ မပြည့်စုံတဲ့ အရသာ (၅)မျိုးပါဝင်တယ် ၊ မင်းမသေခင် အရာအားလုံးကို မေ့ပျောက်သွားတော့ နောင်တနဲ့ နာကျင်မှုတွေကို မခံစားရတော့ဘူးပေါ့"
ထိုစကားများကို နားထောင်ပြီးသည်နှင့် ဆန်းလျန်သည် ချက်ချင်းမေ့သွားလေသည်။
ဆန်းလျန်သည် ကျိန်းသေ သေရတော့မည် ဖြစ်လေသည်။ သို့သော်… သူသည် ချင်းယွမ်မြောင်တောက်အရှင်၏ လက်ထဲတွင်တော့ သေရမည် မဟုတ်ပေ။
ထိုအချိန်တွင်… အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် စစ်စခန်းငယ်တစ်ခု ပေါ်လာလေသည်။ စစ်စခန်းငယ် အလယ်တွင် ကောက်ရိုးများဖြင့်ပြုလုပ်ထားသည့် အရုပ်တစ်ရုပ်ရှိနေလေသည်။ ထိုအရုပ်သည် ဆန်းလျန်နှင့်အလွန် ဆင်တူလေသည်။ ထိုကောက်ရိုးအရုပ်၏ ရင်ပတ်ထက်တွင် စာရွက်တစ်ရွက် ကပ်ထားပြီး ထိုစာရွက်ပေါ်တွင် ရေးသားထား သည့်အမည်မှာ "ဆန်းလျန်" ဟူ၍ ဖြစ်လေတော့သည်။