ပျောက်ဆုံးသွားသောဝိညာဉ်
Vol. 8 Ch. 706
ယင်းစန်းကိုအနိုင်ယူတိုက်ခိုက်ပြီးကတည်းက အသူရာချောက်သည် အဆက်မပြတ်ကျယ်ပြန့်လာခဲ့လေသည်။ ထို့ကြောင့် အခြေအနေများ ဆိုးရွားမလာခင် အစစအရာရာ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရတော့မည်ကို ဆန်းလျန် သဘောပေါက်ခဲ့လေသည်။
ထိုအချိန်မှာပင် ကျောက်စိမ်းဝိညာဉ်နန်းတော်က သူ့အကြောင်းများကို သိရှိသွားခဲ့ခြင်း ဖြစ်လေသည်။
ကျောက်စိမ်းဝိညာဉ်နန်းတော်နှင့် ဘုရင်ရှစ်ပါးနန်းတော်ပေါင်းစည်းသွားလျှင် စကြာဝဠာတစ်ခုလုံးတွင် အကြီးမားဆုံး အခွင့်အာဏာများကို ပိုင်ဆိုင်သွားမည်ဖြစ်ပြီး လင်စန်းတောင်ပင်လျှင် နောက်သို့ ဆုတ်ပေးရနိုင်ဖွယ် ရှိလေသည်။
ဆန်းလျန်သည် သူ့အသက်လုံခြုံရန်အတွက် ခေတ္တခဏမျှ ပုန်းခိုနိုင်မည်ဖြစ်သော်လည်း တကယ်တမ်း နန်းတော် (၂)ခုနှင့် ရင်ဆိုင်တိုက်ခိုက်ရလျှင် သေဖို့က သေချာသလောက်ရှိလေသည်။ မိုးမြေနိယာမတရားများအရ အမြဲတမ်း အသက်ရှင်ရန် လွတ်လမ်းတစ်ခုရှိသည်ဆိုသော်လည်း ဆန်းလျန်အတွက်တော့ ထိုစကားက မှန်နိုင်မည် မဟုတ်ပေ။
သူအသက်ရှင်ရန်အတွက် သူကိုယ်တိုင်သာ ကြိုးစားရမည် ဖြစ်လေသည်။ သူ့ကို မည်သူမှ လာကူနိုင်မည်မဟုတ် ပေ။ သို့သော်… တာအိုဆရာလုယာပေးခဲ့သည့် မြားခုနစ်စင်းကျမ်းစာ သူ့ထံတွင် ရှိနေလေသည်။ တာအိုဆရာ လုယာ ထိုကျမ်းစာကို အဘယ့်ကြောင့် သူ့ကို လက်ဆောင်ပေးရသည်ကို အစပိုင်းတွင် ဆန်းလျန် နားမလည်ခဲ့ပေ။ သို့သော်… နတ်ဘုရားဉာဏ်စဉ်မှ လူပြန်ဝင်စားသည့်တာအိုဆရာ ယွိတင်နှင့်တိုက်ခိုက်ပြီးသည့် အခါတွင်တော့ ထိုအချက်ကို ကောင်းစွာ နားလည်သွားလေတော့သည်။
မြားခုနစ်စင်းကျမ်းစွာတွင်ပါဝင်သည့် အစီအရင်ကိုပြုလုပ်ရန်အတွက် ရက်ပေါင်း (၂၁)ရက် တိတိ ကြာမည် ဖြစ်လေ သည်။ ထိုအစီအရင်သည် တန်ခိုးစွမ်းအား မြင့်မားလွန်းသော်လည်း ထိပ်တန်းအဆင့် အနန္တတန်ခိုးရှင်များကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော်… အနန္တတန်ခိုးရှင်များသည် မြားခုနစ်စင်းကျမ်းစာဖြင့် သူတို့ကို တိုက်ခိုက်မည်ဆိုလျှင် ကြိုတင်သိမြင်နိုင်ကြမည် ဖြစ်လေသည်။
ထို့ပြင် အစီအရင်အပြုလုပ်နေသည့် (၂၁)ရက်ဆိုသော အချိန်အတွင်းမှာပင် ရန်သူများက ဆန်းလျန်ကို လာရောက် သတ်ဖြတ်သွားနိုင်လေသည်။ ထို့ကြောင့် ရန်သူများကို မြားခုနစ်စင်းကျမ်းစာဖြင့် အနိုင်ယူရန်မှာ မဖြစ်နိုင်ပါချေ။
သို့သော်… မြားခုနစ်စင်းကျမ်းစာကိုအသုံးပြုကာ သူ့ကိုယ်သူ သတ်လိုက်မည်ဆိုလျှင်တော့ မည်သည့်ပြဿနာမှ ရှိလာမည်မဟုတ်ပေ။
ထို့ကြောင့် ဆန်းလျန်သည် မြားခုနစ်စင်းကျမ်းစာ အစီအရင်ကို အပြာရောင်ခရီးရှည်နန်းတော်ထဲတွင် ပြုလုပ်ထားခဲ့ လေသည်။ အပြာရောင်ခရီးရှည်နန်းတော်တွင် ဖြစ်ပျက်သမျှ ကိစ္စရပ်တိုင်းကို စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်းမှ လွဲပြီး မည်သူမှ သိရှိမည် မဟုတ်ပေ။
ဆန်းလျန်သည် ရွေးခြယ်စရာ မရှိတော့သည့်အဆုံး ထိုသို့ ပြုလုပ်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်လေသည်။
သူပြုလုပ်ခဲ့သည့် မြားခုနစ်စင်းအစီအရင်မှာ အချိန်ကိုတိုင်းတာခြင်း ဖြစ်လေသည်။ တစ်စုံတစ်ယောက်က သူ့ကို မသတ်ဖြတ်မီ သူ့ကိုယ်သူအရင်သတ်လိုက်ပြီး အနာဂတ်တစ်ချိန်တွင် ပြန်လည်ရှင်သန်လာအောင် ပြုလုပ်ထားသည့် အစီအရင်တစ်ခု ဖြစ်လေသည်။
သူသာသေဆုံးသွားလျှင် ပြဿနာအားလုံး ဖြေရှင်းပြီးသား ဖြစ်သွားမည် ဖြစ်လေသည်။ သို့သော်… သူ၏ သေဆုံးမှုသည်လည်း စစ်မှန်ရန် လိုအပ်လေသည်။
ထို့ပြင် သူသည် အသူရာချောက်၏အရှင်သခင်ဖြစ်သည့်အတွက် သေခြင်းရှင်ခြင်းစာအုပ်မှ စွမ်းအားများကို အသုံးပြု နိုင်လေသည်။ သေခြင်းရှင်ခြင်းစာအုပ်ကို အသုံးပြုပြီး သူသည် သံသရာစက်ဝန်းတွင် အကြိမ်ပေါင်းမရေမတွက်နိုင် အောင်လည်ပတ်နိုင်မည် ဖြစ်လေသည်။
ထိုသို့ သံသရာလည်ပတ်နေစဉ်တွင်… မည်သည့်နေရာတွင် လူဖြစ်နေမည်ကို သူကိုယ်တိုင်လည်း သိမည်မဟုတ် သလို အခြားသူများလည်း သိရှိနိုင်မည် မဟုတ်ပေ။
သို့သော်… တာအိုဆရာသခင်ကြီးများကတော့ ချွင်းချက်ဖြစ်လေသည်။
ထို့ကြောင့် ယွိချင်တာအိုဆရာသခင်နှင့် ထိုက်ချင်တာအိုဆရာသခင် (၂)ပါးက သူကဲ့သို့ ဘာမှမဟုတ်သည့် လူငယ်လေးတစ်ယောက်ကို စိတ်ဝင်စားပြီး သတ်ဖြတ်ချင်နေလျှင်တော့ ဆန်းလျန်၏ ကံသာ ဖြစ်လေသည်။
မြားခုနစ်စင်းကျမ်းစာအစီအရင်ကို ပြုလုပ်ခဲ့ပြီး (၁၄)ရက်မြောက်နေ့တွင် ချင်းယွမ်မြောင်တောက်အရှင်က ဆန်းလျန်ကိုလာရှာခြင်း ဖြစ်လေသည်။ အစီအရင်ပြီးဆုံးရန် အချိန် (၇)ရက် လိုနေသေးသည်။ နောက်ထပ် (၇)ရက်ပြည့်မှ သူ့ကိုယ်သူ သတ်ဖြတ်လိုက်သည့် ဆန်းလျန်၏ အစီအစဉ်အောင်မြင်ပြီးဆုံး မည် ဖြစ်လေသည်။
ထို့ကြောင့် ဆန်းလျန်သည် ချင်းယွမ်မြောင်တောက်အရှင်ကို ရင်ဆိုင်ရန်အတွက် ချင်းရွှမ်ထျန်းကျွင်း ကျောင်းတော် သို့ ရောက်လာခဲ့ခြင်းဖြစ်လေသည်။
ကျောင်းတော်သည် ဒုက္ခအပေါင်းကိုကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း၏ နတ်ဘုရားနယ်မြေဖြစ် လေသည်။ ထို့ကြောင့် ကျောင်းတော်အတွင်းတွင် သူသည် အချိန်ကို ထိန်းချုပ်နိုင်စွမ်းရှိလေသည်။
"နတ်ပြည် (၁)ရက် ၊ လူ့ပြည် (၁)နှစ်" ဟု အဆိုရှိသည် မဟုတ်ပါလား။ ထိုသို့ဖြစ်ရသည်မှာ မိုးနတ်မင်းသည် အချိန်ကို ပြောင်းလဲဖန်တီးထားခဲ့သောကြောင့် ဖြစ်လေသည်။
ချင်းရွှမ်ထျန်းကျွင်းကျောင်းတော်ထဲတွင် ဆန်းလျန်သည် ထိုကဲ့သို့သော တန်ခိုးစွမ်းအားများကို အသုံးပြုနိုင်လေ သည်။
ထို့ကြောင့် ချင်းရွှမ်ထျန်းကျွင်းကျောင်းတော်ထဲတွင် ဆန်းလျန် အရက်ခွက်ကို မော့သောက်လိုက်သည့် အချိန် တစ်ခဏတာလေးသည် ပြင်ပကမ္ဘာတွင်တော့ အချိန် (၇)ရက် ကြာသွားခဲ့လေသည်။
ဆန်းလျန်သည် မပြည့်စုံသည့် အရသာ (၅)မျိုးပါဝင်သည့် အရက်ကို သောက်ပြီးသွားသည့်အခါတွင်တော့ သူ၏ မှတ်ဉာဏ်များသည် တဖြည်းဖြည်း မှုံဝါးလာလေသည်။
သူကျင့်ကြံခဲ့သည့် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်းစာအုပ်နှင့် ချင်းရွှမ်နတ်တံခါးမှ အကြောင်းအရာများအားလုံးကို ပင်ရေးရေးမျှသာ မှတ်မိတော့လေသည်။
ဆန်းလျန် အရက်ခွက်ကို မော့သောက်လိုက်သည်ကို ကြည့်ရင်း ချင်းယွမ်မြောင်တောက်အရှင်က တစ်ချက် ပြုံးလိုက်လေသည်။
"ဒီအရက်မှာ နာမည်ရှိတယ် ၊ 'ဘဝအိပ်မက်အရက်' တဲ့ ၊ မင်း သေသွားရင်တောင်မှာ ဘာနာကျင်မှုမှ ခံစားရမှာ မဟုတ်ဘူး ၊ မင်းရဲ့ဘဝက အိပ်မက်တစ်ခုလိုပဲ ဖြစ်နေလိမ့်မယ်"
ပြောပြီးသည်နှင့် သူက ဆန်းလျန်ကို သတ်မည့်အစီအစဉ်ကို အကောင်အထည်ဖော်ရန် စတင်လိုက်လေသည်။
သို့သော်… ဆန်းလျန်သည် ထူးဆန်းစွာပင် သူ့မျက်စိရှေ့မှ ပျောက်ကွယ်သွားလေတော့သည်။
တစ်ချိန်တည်းမှာပင်…. ကျောင်းတော်၏ပလ္လင်ထက်တွင် နတ်ဘုရားတစ်ပါး ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အလင်းတန်းများဖြင့် တောက်ပသွားလေသည်။ ထိုနတ်ဘုရားတွင်ခံစားချက်မရှိ။ အနတ္တတရားသာ ရှိလေသည်။ ထိုနတ်ဘုရားသည် ရှန်လမ်းစဉ် နတ်ဘုရားတစ်ပါး ဖြစ်လေသည်။
ချင်းယွမ်မြောင်တောက်အရှင်မှာ အနည်းငယ် အံ့အားသင့်သွားလေ၏။
သူသည် ချက်ချင်းပင် သုံးလောကမှ အသက်ဓာတ်စွမ်းအားများကို စစ်ဆေးကြည့်လိုက်လေသည်။ သို့သော်… ဆန်းလျန်၏အသက်ဓာတ်စွမ်းအားကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။ ဆန်းလျန်၏ အသက်ဓာတ်စွမ်းအားနှင့် တည်ရှိမှုသည် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။
ပလ္လင်ထက်မှ နတ်ဘုရားသည်ကား ရှန်လမ်းစဉ်နတ်ဘုရားတစ်ပါးဖြစ်သည့် ဒုက္ခအပေါင်းမှကင်တယ်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်း ဖြစ်လေသည်။ ကံမကောင်းသည့်အချက်မှာ ချင်းရွှမ်ထျန်းကျွင်းသည် ရှန်လမ်းစဉ်နတ်ဘုရားတစ်ပါးဖြစ်လေရကား သူ့ထံတွင် စန့်ချင်တာအိုဆရာသခင် လင်ပေါင်ထျန်းကျွင်း၏ မူလသင်္ကေတကို တွေ့မြင်ရခြင်း မရှိပေ။
ထို့ပြင် ချင်းရွှမ်ထျန်းကျွင်းသည် ခံစာချက်ကင်းမဲ့နေသည့် အနတ္တတရားတစ်ခုဖြစ်ပြီး စိတ်ရင်းစေတနာဖြင့် သတ္တဝါအားလုံးကို ကယ်တင်နေသူ ဖြစ်လေသည်။ ထို့ကြောင့် ချင်းရွှမ်ထျန်းကျွင်းတွင် ကုသိုလ်တရားသာ လျှင်ရှိလေသည်။
ချင်းယွမ်မြောင်တောက်အရှင်သည် ထိုသို့ဖြစ်လာလိမ့်မည်ဟု လုံး၀ ထင်မထားခဲ့မိပေ။
သူ၏လက်ထဲတွင် အသွား (၂)လက်ပါသည့် သုံးမြှောင့်ချွန်ဓားတစ်လက် ပေါ်လာပြီး ချင်းရွှမ်ထျန်းကျွင်းကို ဓားဖြင့် ထိုးစိုက်ချလိုက်လေသည်။
ထိုအခါ ချင်းရွှမ်ထျန်းကျွင်း၏ ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာပြိုကွဲသွားလေသည်။ သို့သော် … အချိန်ခဏအတွင်းမှာပင် နဂိုမူလအတိုင်း ချင်းရွှမ်ထျန်းကျွင်းသည် ပလ္လင်ထက်တွင် ပြန်ပေါ်လာပြန်လေသည်။
ချင်းရွှမ်မြောင်တောက်အရှင်သည် တန်ခိုးစွမ်းအားမြင့်မားသူများစွာဖြင့် တိုက်ခိုက်ဖူးသည့် အတွေ့အကြုံရှိလေသည်။ ထို့ကြောင့် ချင်းရွှမ်ထျန်းကျွင်းဆိုသည်မှာ ဆန်းလျန်မှ ခွဲထွက်သွားသည့် တာအိုပုံစံတစ်ခုဖြစ်သည်ကို သိရှိလိုက် လေသည်။ တာအိုပုံစံဖြစ်နေသည့်အတွက် မည်သို့ပင်ဖျက်စီးဖျက်စီး ပျက်စီးမည် မဟုတ်ပေ။
ချင်းရွှမ်ထျန်းကျွင်းကို ဖျက်စီးပစ်နိုင်ရန်အတွက် နည်းလမ်းတစ်ခုသာ ရှိလေသည်။
တာအိုဆရာထိုက်ယီပိုင်ဆိုုင်သည့် ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ဝိညာဉ်ကျောက်ပြားကို ဖျက်စီး ပစ်လိုက်မှသာ ချင်းရွှမ်ထျန်းကျွင်း ပျက်စီးသွားမည်ဖြစ်လေ သည်။ သို့သော်… ထိုသို့ပြုလုပ်လိုက်ပါက တာအိုဆရာ သခင်ထိုက်ယီနှင့် ပြဿနရှုတ်ကုန်ပေလိမ့်မည်။
ချင်းယွမ်မြောင်တောက်အရှင်သည် အထက်တန်းကျပြီး မြင့်မြတ်သူတစ်ယောက် ဖြစ်သလို ရည်မှန်းချက်ကြီးမား သူလည်းဖြစ်လေရာ တာအိုဆရာသခင်ကြီးတစ်ပါးဖြစ်သူ တာအိုဆရာသခင် ထိုက်ယီနှင့်တော့ ပြဿနာဖြစ်လိုစိတ် မရှိပေ။
ချင်းယွမ်မြောင်တောက်အရှင်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး…
"ဟေ့… မင်း သေသေ ရှင်ရှင် ကျုပ်က သောက်ဂရုစိုက်မယ်များ ထင်နေလား ၊ စန့်ချင်တာအိုဆရာသခင်ရဲ့ မူလ သင်္ကေတပြန်ပေါ်လာတာနဲ့ ကျုပ်က သိပြီးသားပဲ ၊ အဲဒီအချိန်ကျမှ လောကတစ်ခုလုံး မြေလှန်ရှာပြီး မင်းကိုလာ ဖမ်းမယ် ၊ ပြေးလို့လွတ်မယ်မထင်နဲ့"
ထို့နောက် ချင်းယွမ်မြောင်တောက်အရှင်သည် သူ၏ဓားကိုသိမ်းကာ ချင်းရွှမ်ထျန်းကျွင်းကျောင်းတော်ထဲမှ ထွက်ခွာ သွားလေတော့သည်။ ကျောင်းတော်ထဲမှ ထွက်ခွာသွားသည်နှင့် သူသည် မရှိမှုကျေးရွာသို့ ချက်ချင်းပင် ရောက်ရှိ သွားလေသည်။
သူထွက်ခွာသွားသည်နှင့် ကျောင်းတော်အတွင်းမှ ဒုက္ခအပေါင်းမှကယ်တင်သူ ကောင်းကင်ဘုံအရှင် ချင်းရွှမ်ထျန်းကျွင်းသည် အေးခဲနေသည့် အားလျန်ကို လက်နှစ်ချောင်းဖြင့် ထိုးညွှန်လိုက်လေသည်။ ထိုအခါ အားလျန်သည် ချက်ချင်းပင် နဂိုအတိုင်းပြန်ဖြစ်သွားလေသည်။
နွားရိုင်းကြီးကတော့ ထွက်ပြေးရန် ကြိုးစားနေလေသည်။ သို့သော်… သူသည် ရှေ့သို့ပြေးလိုက်တိုင်းနောက်သို့သာ ပြန်ရောက်လာလေသည်။ ချင်းရွှမ်ထျန်းကျွင်းက နွားရိုင်းကြီး၏ကျောပေါ်တွင် ထိုင်လိုက်လေသည်။
ထိုအချိန်မှာပင် တာ့ကျိုးပြည်ရှိ အပြာရောင်ခရီးရှည်နန်းတော်သည် လေထဲတွင် ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။ စစ်စခန်းငယ်လေးတစ်ခုနှင့် ဆန်းလျန်ဟု အမည်တပ်ထားသည့် ကောက်ရိုးအရုပ်သာလျှင် ကျန်ရစ်ခဲ့လေတော့ သည်။
ထိုအဖြစ်အပျက်များအားလုံးကို ချင်းယွမ်မြောင်တောက်အရှင် သိရှိခြင်းမရှိတော့ပါ။
သို့သော်… ထိုက်ရွှီးဟုခေါ်သည့် မရှိမှုကျေးရွှာတွင် နတ်ဘုရားတစ်ပါးသည် ချင်းယွမ်မြောင်တောက်အရှင်ကို အဆင်သင့်စောင့်နေလေသည်။
ပုံမှန်အားဖြင့် မရှိမှုကျေးရွာသည် မည်သည့်အရာမှ မရှိသည့် နေရာတစ်ခု ဖြစ်လေသည်။ ထိုက်ယီထျန်းရှန်းအဆင့် ရှိသည့်နတ်ဘုရားများ၏ စစ်မှန်သည့် ဝိညာဉ်များသာ ရှိလေသည်။
သို့သော်… တာ့လော်အဆင့် နတ်ဘုရားတစ်ပါး ကတော့ မရှိမှုကျေးရွာသို့ ဝင်ရောက်နိုင်စွမ်း ရှိလေသည်။
သူ့ရှေ့တွင် ရောက်ရှိနေသည့် နတ်ဘုရားမှာ တာ့လော်အဆင့် နတ်ဘုရားတစ်ပါးဖြစ်ပြီး တန်ခိုးစွမ်းအားလည်း အတိုင်းအဆမဲ့ မြင့်မားလေသည်။
ချင်းယွမ်မြောင်တောက်အရှင်သည် ထိုနတ်ဘုရား၏အမည်ကို ဖြည်းဖြည်းချင်း ရေရွတ်လိုက်လေသည်။
"တာအိုဆရာလီချင်းဆွေ…"
တာအိုဆရာလီချင်းဆွေမှာ အသက် (၁၆)နှစ် ၊ (၁၇) နှစ်ခန့် အရွယ်သာရှိသည့် မိန်းကလေးငယ်လေးတစ်ယောက် ပုံသဏ္ဍန်ဖြစ်ပြီး အလွန်လည်း ချောမောလှပလေသည်။ သို့သော်… အခြားသူများက သူမကို တစ်ချက်ကလေးပင် မော်မကြည့်ဝံ့အောင် အရှိန်အဝါက မြင့်မားလွန်းလေ၏။
သမိုင်းတစ်လျှောက်နှင့် စကြာဝဠာတစ်ခွင်တွင် အရည်အချင်းပြည့်သည့် မိန်းကလေးကျင့်ကြံသူ များစွာရှိလေသည်။ သို့သော်… ကွမ်ယင်မယ်တော်နှင့် တာအိုဆရာလီချင်းဆွေတို့က အတော်ဆုံးဖြစ်လေသည်။
တာအိုဆရာလီချင်းဆွေသည် မည်မျှတန်ခိုစွမ်းအားမြင့်မားသည်ကို မည်သူမှ မခန့်မှန်းနိုင်ကြပေ။
သို့သော် သူမနှင့်ပတ်သက်ပြီး ဒဏ္ဍာရီတစ်ခု ရှိခဲ့ဖူးလေသည်။
တစ်ချိန်တုန်းက လင်စန်းတောင်တွင် တန်ခိုးစွမ်းအား အလွန်မြင့်မားသည့် ကျူဖူကိုယ်တော်တစ်ပါး ရှိလေသည်။ သူက လူ့လောကသို့ ဆင်းကြွကာ လူသားများကို ဒုက္ခတရားမှ ကျွတ်လွတ်ရန် တရားဟောပြောခဲ့လေသည်။
ထိုအချိန်မှာပင်… တာအိုဆရာချင်းဆွေကလည်း အစစ်ဆေးခံရမှုတစ်ခုနှင့်ရင်ဆိုင်ရန် လူ့လောကတွင် ရောက်ရှိနေ ခဲ့လေသည်။
ကျူဖူကိုယ်တော်သည် တာအိုဆရာလီချင်းဆွေနှင့် တာအိုဆရာလီချင်းဆွေ တိုက်ခိုက်ခဲ့ကြလေသည်။ သို့သော်… အဘယ်ကြောင့်တိုက်ခိုက်သည်ကို မည်သူမှ မသိကြပေ။ နောက်ဆုံးတွင် ကျူဖူကိုယ်တော်၏ ရွှေခန္ဓာသည် တာအိုဆရာလီချင်းဆွေကြောင့် တစ်စစီကွဲသွားရလေသည်။
ကျူဖူကိုယ်တော်မှာ မကျေမနပ်ဖြစ်သွားပြီး သူ၏မိတ်ဆွေများကို ခေါ်လာကာ တာအိုဆရာလီချင်းဆွေနှင့် ထပ်မံ တိုက်ခိုက်ခဲ့လေသည်။ သို့သော်… ကျူဖူကိုယ်တော်၏ မိတ်ဆွေများအားလုံး ရှုံးနိမ့်ခဲ့ကြရလေသည်။
ထိုသူများ၏ နတ်လက်နက်များမှာ တာအိုဆရာလီချင်းဆွေ၏ သိမ်းယူခြင်းကိုခံလိုက်ကြရပြီး လူ (၃)ယောက်မှာ အမှုံ့ ဖြစ်သွားကြရလေသည်။
သူ၏မိတ်ဆွေများစွာ ရှုံးနိမ့်သွားကြရသည့်အခါတွင်တော့ ကျူဖူကိုယ်တော်သည် နောင်တကြီးစွာ ရသွားခဲ့လေ သည်။ ထို့ကြောင့် သူသည် လင်စန်းတောင်သို့ အမြန်ပြန်ကာ ဗုဒ္ဓထံတွင် တာအိုဆရာလီချင်းဆွေ၏ ဇာစ်မြစ်ကို မေးမြန်းခဲ့ လေသည်။
ဗုဒ္ဓသည် အတိတ်နှင့်အနာဂတ်ကို အကြွင်းမဲ့သိမြင်သူဖြစ်လေသည်။
"သူ့ရဲ့ဇာစ်မြစ်ကို သိပါတယ် ၊ ဒါပေမယ့် မပြောနိုင်ဘူး ၊ ဘာလို့လဲဆိုတော့ သူ့ရဲ့ဇာစ်မြစ်ကို ပြောပြလိုက်ရင် လီချင်းဆွေဟာ မကျေမနပ်နဲ့ ငါဘုရားဆီအထိလာပြီး အပြစ်တင်လိမ့်မယ် ၊ အဲဒီလိုသာဆိုရင် ပြဿနာတွေ ရှင်းမရ အောင်ရှုတ်ကုန်လိမ့်မယ် ၊ အဲဒီတော့ ပြဿနာကို ရှည်အောင် မလုပ်နဲ့တော့…"
ထိုအချိန်တုန်းက လောကသုံးပါးကို အကြွင်းမဲ့သိမြင်သူ ဗုဒ္ဓသည် လင်စန်းတောင်တွင် သီတင်းသုံးနေဆဲ ဖြစ်လေ သည်။
ဗုဒ္ဓက တာအိုဆရာလီချင်းဆွေသည် လင်စန်းတောင်ထိပ်အထိလာကာ ပြဿနာရှာလိမ့်မည်ဟုပြောသည့်စကား သည်ထူးဆန်းနေသည်ကတော့ အမှန်ပင်ဖြစ်လေ၏။
ထိုအခါ လီချင်းဆွေနှင့်တိုက်ခိုက်ခဲ့သည့် ကျူဖူကိုယ်တော်က လီချင်းဆွေကြောင့် အသက်ဆုံးခဲ့ရသည့် သူ၏ မိတ်ဆွေ (၃)ယောက်ကို ကယ်တင်ပေးပါရန် ဗုဒ္ဓကို လျှောက်ထားလေသည်။
ထိုအခါ ဗုဒ္ဓက သူ့ကို တာအိုဆရာသခင် ထိုက်ယီထံသို့သွားရန် လမ်းညွှန်ပေးခဲ့လေသည်။
တာအိုဆရာသခင်ထိုက်ယီသည် ထူးခြားဆန်းကျယ်သည့် တာအိုဆရာသခင်ကြီး (၁)ပါးဖြစ်လေရာ မည်သူမှ သူ့ကို မဆန့်ကျင်ရဲကြပေ။ ထို့ပြင် သူကိုယ်တိုင် ကိုယ်ထင်ပြလိုခြင်းမရှိလျှင် မည်သူမှ သူ့ကိုမတွေ့မြင်နိုင်ကြပေ။
သို့သော် ထိုကျူဖူကိုယ်တော်ကတော့ ဗုဒ္ဓ၏ လမ်းညွှန်မှုဖြင့် တာအိုဆရာသခင် ထိုက်ယီကိုမြင်တွေ့ခွင့်ရခဲ့လေ သည်။
တာအိုဆရာသခင်ထိုက်ယီက ကျူဖူကိုယ်တော်ကို တွေ့လိုက်သည်နှင့် ဗုဒ္ဓက စေလွှတ်လိုက်သည့် အကြောင်းရင်း ကို ချက်ချင်း သိလိုက်လေသည်။ ထို့ကြောင့် ကျူဖူကိုယ်တော် စကားတစ်လုံးမှ မပြောခင်မှာပင် သူ၏ မိတ်ဆွေ (၃)ယောက်ကို ချက်ချင်းပင် ပြန်လည် အသက်သွင်းပေးလိုက်လေသည်။
သို့သော်… တာအိုဆရာသခင်ထိုက်ယီက စကားတစ်ခွန်းပြောခဲ့လေသည်။
"ကိုယ်တာ်ရဲ့လူတွေက အစကတည်းက သေရမယ့်ကံပါပြီးသားပဲ ၊ ဒါပေမယ့် လီချင်းဆွေရဲ့လက်ထဲမှာတော့ မသေစေရပါဘူး ၊ ဒီလိုသာဖြစ်ခဲ့ရင် လီချင်းဆွေရဲ့ ကံကြမ္မာမှာ အတားအဆီးဖြစ်လိမ့်မယ်"
ထိုအချိန်ကတည်းကပင်…
တာအိုဆရာသခင်ထိုက်ယီသည် ဘဝနှင့် သေခြင်းတရားကို ပြေင်းလဲပေးနိုင်သူတစ်ယောက်ဖြစ်ကြောင်း ဗုဒ္ဓက သိမြင်ထားခဲ့လေသည်။
အမှန်ဆိုလျှင် တာအိုဆရာသခင်ထိုက်ယီသည် ထိုလူ (၃)ယောက်၏အသက်ကို ကယ်တင်ပေးပြီး ကံတရားကို ပြောင်းလဲလိုသည့်ဆန္ဒ မရှိခဲ့ပါ။ သို့သော်… သူက လီချင်းဆွေ၏ကံကြမ္မာတွင် ထိုအကုသိုလ်က အတားအဆီးဖြစ် လာမည်ကို စိတ်ပူသည့်အတွက် ကျူဖူကိုယ်တော်၏ မိတ်ဆွေ (၃)ယောက်ကို ကယ်တင်ပေးခဲ့ခြင်းသာဖြစ်လေသည်။