ထန်းရှီမန်၏သွေးနှင့်မျက်ရည်များ
Vol. 43 Ch. 593
ခုနစ်ဆယ့်တစ်ထပ်မြောက်သို့ ရောက်သောအခါ ထန်းရှီမန်သည် ကိုယ့်ကိုယ်ကို သတ်သေပြရန်အတွက် အပြင်းအထန် ကြိုးစားရန် ဆုံးဖြတ်ထားလိုက်သည်။
အခုငါက အရင်နှစ်ကနဲ့ မတူတော့ဘူး.......
ဟင်းလင်းပြင်သို့အပြန် အံ့ဖွယ်စိတ်ဆန္ဒ ခုနစ်ခုမှာ လေထုထဲတွင် ရုပ်လုံးပေါ်လာကြသည်။
အန်လင်း မျက်မှောင်ကျုံ့လိုက်သည်။ ယခုပြိုင်ဘက်များသည် အထပ်ခုနစ်ဆယ်မြောက်တွင် တွေ့ခဲ့ရသူများထက် များစွာသန်မာပေသည်။
အထပ်ခုနစ်ဆယ်မြောက်ရှိ အံ့ဖွယ်စိတ်ဆန္ဒများ၏ အရှိန်အဝါသည် ဟင်းလင်းပြင်သို့အပြန် အဆင့်သို့ ရောက်ရှိခါစ ဖြစ်ပါသော်လည်း ယခုတွင်မူ ၎င်းတို့၏ ကျင့်ကြံရေးများမှာ အခြေခိုင်နေပြီ ဖြစ်သည်။
ဟင်းလင်းပြင်သို့အပြန် (ကောင်းကင်အင်မော်တယ်) တစ်ဦးသည် ရွှေရောင်ဓားနှစ်ချောင်းအား ဆွဲကိုင်ကာ အန်လင်းထံ ပျံဝဲလာသည်။ ဓားနှစ်လက်သည် တထေရာတည်း တူညီနေပြီး ထက်ရှလွန်းကာ အာကာပြင်ကိုပင် ခုတ်ဖြတ်နိုင်မည်ဟု ထင်မှတ်ရသည်။
အန်လင်းသည် လျင်မြန်လှသော လှုပ်ရှားမှုများဖြင့် ကောင်းကင်အင်မော်တယ်၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်ပြီး တစ်ချိန်တည်းမှာပင် ထန်းရှီမန်အား လှမ်းကြည့်လိုက်သည်။ ၎င်းတို့နှစ်ဦးသည် အတော်အသင့် ဝေးကွာနေသည်ကို တွေ့လိုက်ရချိန်မှသာ စိတ်သက်သာရာရကာ သက်ပြင်းချမိတော့သည်။
ထန်းရှီမန်၏ ပြိုင်ဘက်ကိုသာ မတော်တဆ ထပ်သတ်မိပါက မည်သို့ဖြေရှင်းချက် ပေးရမည်ကို မသိပေ။
အန်လင်းသည် သိမ်မွေ့ညင်သာသော တိုက်ခိုက်မှုများကိုပါ စတင်အသုံးပြုပြီး တိုက်ပွဲအရှိန်ရလာသည်နှင့်အမျှ တိုက်ခိုက်မှုများကို တိုးမြှင့်လာခဲ့သည်။
ထန်းရှီမန်မှာ ထိုသို့လုပ်နေရန် အချိန်မရသောကြောင့် ဓားအင်မော်တယ်အား ရင်ဆိုင်ရန် အပြင်းထန်ဆုံး တိုက်ကွက်များကို ထုတ်သုံးလိုက်သည်။
ဓားအင်မော်တယ်၏ ဓားကျင့်စဉ်များမှာ အလွန်အားကောင်းသည့်အပြင် ကိုင်ဆောင်ထားသော ဓားထဲတွင်လည်း အစစ်အမှန် ဓားစိတ်ဆန္ဒများ ပါဝင်နေသောကြောင့် တိုက်ခိုက်မှု တစ်ခုချင်းစီသည် ထန်းရှီမန်အား စိတ်မသက်မသာ ဖြစ်စေသလို စိတ်လည်းလှုပ်ရှားစေသည်။
ချွမ်......
ကောင်းကင်အင်မော်တယ်မှာ ပြင်းထန်သော ဓားကျင့်စဉ်အား ထုတ်ဖော်ရန် ပြင်လိုက်သည်နှင့်အတူ ဓားဟိန်းသံလည်း ထွက်ပေါ်လာသည်။
ထန်းရှီမန်၏ ခန္ဓာကိုယ်မှာ တုန်ခါသွားရပြီးနောက် ပြိုင်ဘက်ထံ ပြေးဝင်သွားသည်။
ထိုအချိန်တွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအင်များ ပါဝင်နေသော အဖြူရောင်မီးတောက်များ လောင်ကျွမ်းနေသည့် ဓားပုံရိပ်မှာ လက်ခနဲ ဖြတ်သန်းသွားသည်။
ကောင်းကင်အင်မော်တယ်မှာ မျက်လုံးပြူး မျက်ဆံပြူးနှင့် နှစ်ပိုင်းခုတ်ခံရကာ ခန္ဓာကိုယ်မှာလည်း ဖြည်းညင်းစွာ ပျောက်ကွယ်သွားရသည်။
ထန်းရှီမန်မှာလည်း မျက်လုံးအပြူးသားဖြင့် ထိုမြင်ကွင်းအား ကြောင်တိကြောင်တောင် ငေးကြည့်နေမိသည်။
ထို့နောက် အူကြောင်ကြောင်ဖြင့် တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။
ကျောက်စိမ်းရောင်ဝတ်စုံအား ဆင်မြန်းကာ ဗာမီလီငှက်၏ မြင့်မြတ်မီးတောက်များ ဖြာထွက်နေသောဓားကို ဆွဲကိုင်ထားသည့် မိန်းမငယ်လေးမှာ စိတ်မသက်မသာဖြစ်စွာဖြင့် သူ့အားပြန်ကြည့်လာသည်။
"အာ...တောင်းပန်ပါတယ်။ ကျွန်မရဲ့ စွမ်းအင်က တစ်ရာခိုင်နှုန်းထိ လျှော့ချခံထားရတာတောင် အဲ့လောက်ကြမ်းနေဦးမယ် မထင်ထားလိုက်မိဘူး။"
စုရှောင်လန် အားတုံ့အားနာ တုံ့ပြန်လိုက်သည်။
ထန်းရှီမန် သွေးအန်ချင်သလို ဖြစ်သွားကာ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။
ဘာ........ဘာလို့ ဒီလိုထပ်ဖြစ်ရတာလဲ.....
သူသည် ကမ္ဘာကြီးတစ်ခုလုံး အေးစက်ကာ စိတ်ကျသံစဉ်များ ခေါင်းထဲ တဝီဝီ မြည်လာသလို ခံစားမိသည်။
အန်လင်းသည်လည်း ကြောင်အမ်းအမ်း ဖြစ်နေသည်။ သူသည် အားအလွန်အကျွံ သုံးမိမည် စိုးသောကြောင့် ပြိုင်ဘက်အား ဂရုတစိုက် ရင်ဆိုင်နေပါသော်လည်း ထန်းရှီမန်၏ ပြိုင်ဘက်မှာ စုရှောင်လန်၏ လက်ချက်ဖြင့် ဖျက်စီးခံလိုက်ရသည်။
ဘာတွေဖြစ်နေတာလဲ......
အန်လင်းမှာ ရှက်ရွံ့လွန်းသောကြောင့် ထန်းရှီမန်နှင့်ပင် အကြည့်မဆုံရဲတော့ပေ။ စုရှောင်လန်သည် သူ၏အနာဂတ် တာအိုလက်တွဲဖော် ဖြစ်သောကြောင့် သူမ၏ လုပ်ရပ်အတွက် သူအပြစ်မကင်းသလို ခံစားနေရသည်။
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာ ကျောက်သလင်း မျက်နှာပြင်ပေါ်မှ ထန်းရှီမန်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။
"ကျောင်းသားထန်ကတော့ လေဟုန်စီးနေရုံပဲဟေ့။"
"အေးလေ......သူကတော့ ပျော်နေတော့မှာပဲ။"
"ပျော်နေမယ်ဟုတ်လား......သူ့ကြည့်ရတာ နည်းနည်းလေးမှ ပျော်နေတာနဲ့ မတူပါလား။"
"ငါကတော့ မတရားဘူးလို့ထင်တယ်။ သူက သူငယ်ချင်းတွေကို လာဘ်ထိုးထားတာနေမှာပေါ့။ ဒင်းကို တိုင်ကိုတိုင်ပစ်ဦးမယ်။"
"တခါတလေကြရင် ခွန်အားထက် ကံတရားက ပိုအရေးကြီးတယ်ကွ။ တချို့အခြေအနေတွေမှာ မင်းက လူမှန်နေရာမှန် ဖြစ်နေဖို့ပဲလိုတာ။"
"ဒီကိစ္စက ကျောင်းသူ စုရှောင်လန်ကို အပြစ်ပြောသင့်တာ မဟုတ်ဘူးလား။ သူမရဲ့ ဓာပုံရိပ်ကြီးက အံ့ဖွယ်စိတ်ဆန္ဒ နှစ်ခုလုံးကို ဖျက်စီးပစ်လိုက်တာလေ။"
"အန်လင်းနဲ့ စုရှောင်လန်က တမင်သက်သက် လုပ်နေကြတာများလား။"
"ဘယ်ကသာ......မင်းမကြားဖူးဘူးလား။ အသွင်တူမှ အိမ်သူဖြစ်တာလေ။"
ကျောင်းသားများ အမြင်ကိုယ်စီ ဆွေးနွေးနေချိန်မှာပင် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၌ ပိုင်ကျုံး ပေါ်ထွက်လာပြန်သည်။
သူသည် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာဖြင့် ထန်းရှီးမန်နှင့် စုရှောင်လန်တို့အား ကြည့်ရှုလိုက်သည်။
ယခုကဲ့သို့ အဖြစ်အပျက်အား တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ရဖူးပေ။ ကျောင်းသားများသည် မရည်ရွယ်ပဲ အခြားသူ၏ ပြိုင်ဘက်အား ထိခိုက်စေခြင်းများ ဖြစ်ခဲ့ကြပါသော်လည်း အံဖွယ်စိတ်ဆန္ဒ နှစ်ခုအား တစ်ချက်တည်း သတ်ပစ်လိုက်ခြင်းမှာ အံ့အားသင့်စဖွယ် ကောင်းလှသည်။
"ဘာဖြစ်တာလဲဆိုတာ ပြောကြည့်စမ်းပါဦး။ နောက်တစ်ခါ ဒီလိုမဖြစ်စေနဲ့ ငါပြောခဲ့လား....မပြောခဲ့ဘူးလား။"
ပိုင်ကျုံး အေးစက်စွာ ပြောလိုက်သည်။
ထန်းရှီမန်မှာ မတော်မတရား အနိုင်ကျင့်ခံရသလို ခံစားနေမိသည်။ သူသည်လည်း ထိုသို့မဖြစ်ချင်လိုပါသော်လည်း အခြားသူများမှာ သူ၏ပြိုင်ဘက်များကို လုသတ်နေကြသည်။
ငါကဘာများ တတ်နိုင်မှာတဲ့လဲ......
"ကျွန်မ တောင်းပန်ပါတယ်။ နောက်တစ်ခါကြရင် စွမ်းအင်တွေကို သေချာထိန်းချုပ်လိုက်ပါ့မယ်။"
စုရှောင်လန် ခေါင်းငုံ့တောင်းပန်လိုက်သည်။
သူမသည် ဗာမီလီယမ်မီးလျှံဓားအား စမ်းသပ်လိုခြင်းသာဖြစ်ပြီး ယခုလောက်ထိ အားကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
"ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော်.....ကျွန်တော်....."
ထန်းရှီမန်မှာ ပြောစရာ စကားများ ပျောက်ရှနေရသည်။
ငါကဘာလုပ်ရမှာလဲဟ.....
ငါဘာမှားသွားလို့လဲ....ငါဘာမှတောင် မသိလိုက်ရဘူး.....
ပိုင်ကျုံးမှာ ခေါင်းကိုက်လာရသည်။
အထပ်ခုနစ်ဆယ် နောက်ပိုင်းတွင်ပင် အံဖွယ်စိတ်ဆန္ဒ နှစ်ခုအား တစ်ချက်တည်း သတ်ပစ်နိုင်သော စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း ကျောင်းသားကျောင်းသူများကို မတွေ့ခဲ့ရဖူးပေ။ အတိတ်ကာလတွင် တိုက်ပွဲစွမ်းရည် ကောင်းမွန်သော ကျောင်းသားများ ရှိခဲ့ပါသော်လည်း ၎င်းတို့သည် ကိုယ်ပိုင်စွမ်းအင်အား သေသေချာချာ ထိန်းချုပ်နိုင်ကြသည်။
ထို့အပြင် ထန်းရှီမန်လောက် ကံကောင်းသူလည်း ရှိတော့မည် မထင်ပေ။ ဤနေရာသည် တစ်ကီလိုမီတာကျော် ကျယ်ဝန်းပါသော်လည်း သူ၏ပြိုင်ဘက်မှာ အခြားကျောင်းသူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။ ထိုသို့ဖြစ်နေသည်မှာ နှစ်ကြိမ်တိတိ ရှိနေလေပြီ။
စုရှောင်လန်နှင့် အန်လင်းတို့သည် ရည်ရွယ်ချက်ရှိစွာ ပြုလုပ်ခဲ့ခြင်း မဟုတ်သောကြောင့် ပိုင်ကျုံးမှာ စဉ်းစားရ ကြပ်နေသည်။
"မင်းတို့နှစ်ယောက်လုံး ကြပ်ကြပ်သတိထား....နောက်တစ်ခါ ဒီလိုမဖြစ်စေနဲ့။ ဖြစ်ခဲ့ရင် အကျိုးဆက်ကို မင်းတို့တာဝန်ယူရလိမ့်မယ်။"
ပိုင်ကျုံးမှာ ဘာပြောရမှန်း မသိသောကြောင့် ထန်းရှီမန်နှင့် စုရှောင်လန်ကိုသာ ခပ်တင်းတင်း သတိပေးလိုက်သည်။
ဒီစကားကို ရင်းနှီးနေသလိုပဲ.....
စုရှောင်လန် ခေါင်းညိတ်ကာ ကတိပေးလိုက်သကဲ့သို့ ထန်းရှီမန်မှာလည်း မကျေမနပ် ခေါင်းညိတ်ပြလိုက်ရသည်။
ပိုင်ကျုံး ပျောက်ကွယ်သွားပြီးနောက် မျှော်စင်အတွင်းရှိ တိုက်ပွဲများလည်း အဆုံးသတ်သွားလေပြီ။
ဇူချူးပင်မှာ မောပန်းစွာ ရန်သူအား အဆုံးသတ်လိုက်ပြီးနောက် အားကျမနာလိုသော မျက်ဝန်းများဖြင့် ထန်းရှီမန်အား ကြည့်ရှုလိုက်သည်။
ငါကတော့ အသက်နဲ့ရင်းပြီး တိုက်ခဲ့ရတာ....
ထန်းရှီမန်က ဘာမှလုပ်စရာတောင် မလိုဘူး.....
သူသည် မနှစ်က ထန်းရှီမန်ထက် အဆင့်နိမ့်ခဲ့သည်။ ယခု စိတ်ဝိဥာဥ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်နိုင်ခဲ့ပါသော်လည်း တူညီသော ကံကြမ္မာကိုသာ ရရှိနေဦးမည်လော။
မကြာမီပင် ခုနစ်ဆယ့်နှစ်ထပ်မြောက်သို့ ရောက်ရှိလာကြသည်။
ထန်းရှီမန် အံကြိတ်ကာ ကိုယ့်ကိုယ်ကို သတ်သေပြရန် သစ္စာဆိုလိုက်သည်။
ငါ့ပြိုင်ဘက်ကို ငါ့အရည်အချင်းနဲ့ပဲ ရအောင်သတ်ပစ်မယ်.....
အခြားသော ကျောင်းသားများမှာလည်း သူ၏ပြင်းထန်သော စိတ်အခြေအနေအား ခံစားမိသောကြောင့် ခပ်ဝေးဝေးတွင်သာ နေပေးလိုက်ကြသည်။
အံ့ဖွယ်စိတ်ဆန္ဒ ခုနစ်ခုမှာ လျင်မြန်စွာ ရုပ်လုံးပေါ်လာပြီးနောက် ကျောင်းသားများထံ ပြေးဝင်လာသည်။
ကြမ်းတမ်းခက်ထန်သော တိုက်ပွဲများ ဖြစ်ပွားတော့သည်။
ထို့နောက် ထန်းရှီမန် ရှုံးနိမ့်သွားလေသည်။
သူ၏ရင်ဘတ်သည် လျှပ်စီးတစ်ခုကြောင့် ထုတ်ချင်းပေါက်ကာ မြေပြင်ပေါ် လဲကျသွားပါသော်လည်း သတိမလစ်အောင် စိတ်ကိုတင်းထားသည်။
အန်လင်းနှင့် အခြားသူများသည် သပ်ဆိုင်ရာ တိုက်ပွဲများ ပြီးဆုံးသွားပြီးနောက် ထန်းရှီမန် ရှုံးနိမ့်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ထန်းရှီမန် ၎င်းတို့အား ကြည့်ရှုလိုက်သည်။
"ငါမနှစ်ကထက် ပိုတော်လာတယ်မလား။ ဟင်.....ငါမနှစ်ကထက် ပိုတော်လာရဲ့လား။"
"အထပ်ခုနစ်ဆယ်နဲ့ ခုနစ်ဆယ့်တစ်ထပ်မှာလည်း ငါ့အစွမ်းနဲ့ငါတိုက်ရင် နိုင်လောက်တယ်မလား.....ဟုတ်တယ်မလား။"
"အခုငါက မနှစ်ကငါနဲ့ မတူတော့ဘူးမလား။"
ထိုစကားများသည် သွေးနှင့်မျက်ရည်များ ရောနှောနေသလို ထင်မှတ်ရပြီး မေးခွန်းများမှာလည်း ရင်နာစရာ ကောင်းလွန်းလှသည်။
"စီနီယာအစ်ကိုကြီးထန်က စိတ်ဝိဉာဉ်ပျိုးထောင်ခြင်း အဆင့်တွေထဲမှာ အတော်ဆုံးပဲ။"
စုရှောင်လန် နှစ်သိမ့်စကားဆိုလိုက်သည်။
"စီနီယာအစ်ကိုကြီးထန်က ခုနစ်ဆယ့်နှစ်ထပ်ကိုတောင် နိုင်နိုင်ပါတယ်။ စိတ်ထောင်းကိုယ်ကြေ ဖြစ်နေလို့ ဒီလိုဖြစ်သွားရတာပါ။"
အန်လင်းသည်လည်း အကြောင်းပြချက်ပေးကာ နှစ်သိမ့်လိုက်သည်။
ထန်းရှီမန် မျက်ရည်များ ဝေ့ဝဲလာသည်။
"နောက်နှစ်တော့.....ငါသေချာပေါက်....."
ဂျိန်း.....
ထိုအချိန်မှာပင် မိုးကြိုးအလင်းတန်းတစ်ခု ထပ်မံကျဆင်းလာကာ ထန်းရှီမန်လည်း သတိလစ်သွားတော့သည်။
ထို့ကြောင့် စကားပင် မဆုံးလိုက်ပဲ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်သို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
အားလုံးမှာ ထန်းရှီမန်အတွက် တစ်မိနစ်ခန့် ငြိမ်သက်ပေးလိုက်ကြသည်။
ထို့နောက် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် နောက်တစ်ထပ်သို့ တက်သွားလိုက်ကြတော့သည်။