အထပ်ရှစ်ဆယ် ဂုဏ်သိက္ခာတိုက်ပွဲ
Vol. 43 Ch. 594
ထန်းရှီမန် ရှုံးနိမ့်သွားသည်ကို တွေ့လိုက်ရသောအခါ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများအားလုံး သက်ပြင်းချလိုက်မိကြသည်။
"ကျောင်းသားထန်ကို နောက်ထပ်အဆင့်တွေထိ သူများအားကိုးနဲ့ ရောက်ဦးမယ် ထင်ထားတာ။"
"ဟေး......အဲ့ဒါတော့ တရားလွန်တယ်နော်။ ကျောင်းသားထန်လည်း အကောင်းဆုံး ကြိုးစားခဲ့တာပဲလေ။ တချို့ဟာတွေက ကိုယ်တတ်နိုင်တာထက် ကျော်လွန်နေတာတွေရှိတယ်။ ဘာပဲဖြစ်ဖြစ် ကျောင်းသားထန်ရဲ့ ကြိုးစားအားထုတ်မှုကို ငါလေးစားတယ်။"
"ငါလည်းတူတူပဲ။ သူ့လိုလူမျိုးက နောက်နှစ်ကြရင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကို ခြေလှမ်းတဝက်လောက်ရောက်ပြီး ကျောင်းတော်ရဲ့ အောင်မြင်ကျော်ကြားသူများစာရင်းထဲ ဝင်နိုင်လိမ့်မယ်။"
ကျောင်းသားများ ဆွေးနွေးနေကြချိန်မှာပင် ထန်းရှီမန်မှာ ဖြည်းညင်းစွာ သတိပြန်လည်လာသည်။
လျှပ်စီးဒဏ်ကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ထုံကျင်နေပြီး ဆိုးရွားလှသော နာကျင်မှုကို ယခုထိတိုင် ခံစားမိနေသည်။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ သရုပ်သကန် ဖန်တီးမှုမှာ ကောင်းမွန်လွန်းသောကြောင့် စစ်မှန်သည်ထက်ပိုသော တိုက်ပွဲအတွေ့အကြုံကို ရရှိခဲ့ကာ များစွာလည်း သင်ယူလေ့လာနိုင်ခဲ့သည်။
စောစောစီးစီး ထွက်ခဲ့ရသည်မှာ နှမြောစရာ ကောင်းလှသည်။
ထန်းရှီမန်သည် ကျောက်သလင်း မျက်နှာပြင်မှတဆင့် တိုက်ပွဲအတွင်း ဆက်ရှိနေသေးသော အန်လင်းတို့အား ငေးမောကြည့်ရှုနေမိသည်။
အန်လင်းတို့သည် ဆက်တိုက်ဆိုသလို တိုက်ပွဲဝင်နေကြပြီး မသိလိုက်သော အချိန်အတွင်းမှာပင် အထပ်ရှစ်ဆယ်သို့ ရောက်လာခဲ့သည်။
ဇူချူးပင်မှာ ခုနစ်ဆယ့်ခုနစ်ထပ်မြောက်တွင် ရှုံးနိမ့်ခဲ့ပြီး ကျောင်းမပြီးခင် အောင်မြင်ကျော်ကြားသူများစာရင်းထဲ ပါဝင်လာရမည်ဟု ကိုယ့်ကိုယ်ကို ကတိပြုသွားခဲ့သည်။
အန်လင်း၊ စုရှောင်လန်၊ ရွှမ်းယွမ်ချန်၊ စုချန်းရန်နှင့် လျှိုချင်းဟွမ်တို့သာ အထပ်ရှစ်ဆယ်ထိ ရောက်ရှိခဲ့ကြသည်။
ထိုအဆင့်သည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အဓိက အတားအဆီး တစ်ခုလိုပင်။
အောင်မြင်သွားပါက ကျော်ကြားမှုနှင့်အတူ များပြားလှသော ဆုလာဘ်များကိုလည်း ရရှိပေလိမ့်မည်။
ကျရှုံးသွားပါက အမှန်တကယ်ပင် စိတ်ပျက်စရာ ဖြစ်မိကြမည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ အထပ်ရှစ်ဆယ်ထိ ရောက်ရှိခဲ့သောကြောင့် ဆေးလုံးများနှင့် စိတ်ဝိဉာဉ်ကျောက်တုံးများအား ပမာဏ တစ်ခုအထိ ရရှိနိုင်ပေသည်။
"အထပ်ရှစ်ဆယ်က အံ့ဖွယ်စိတ်ဆန္ဒတွေက ဟင်းလင်းပြင်သို့အပြန် အလယ်အဆင့်ရဲ့ အထွဋ်အထိပ်ကို ရောက်နေကြသူတွေပဲ။ အဲ့ဒါကြောင့် အဆင့်မြင့် ကျင့်စဉ်တွေကို သုံးနိုင်ရုံတင် မကဘူး။ တာအိုစွမ်းအင်ကိုပါ ထုတ်ဖော်နိုင်တယ်။ ဘာပဲဖြစ်နေပါစေ သူတို့က အရမ်းသန်မာကြတာမို့ သတိလက်လွတ် မလုပ်ကြနဲ့။"
လျှိုချင်းဟွမ် အားလုံးကို သတိပေးလိုက်သည်။
ထိုစကားကြောင့် စုချန်းရန်တို့အားလုံး လေးလေးနက်နက် ဖြစ်သွားကြသည်။ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှသာ ရောက်ထားသေးသောကြောင့် လွန်ခဲ့သော အထပ်အနည်းငယ်၌ပင် ၎င်းတို့စတင် ရုန်းကန်လာရသည်။ ဇူချူးပင်သည်လည်း စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ခြေလှမ်းတဝက်မျှ ရောက်ရှိထားသူဖြစ်ပြီး ခုနစ်ဆယ့်ခုနစ်ထပ်မြောက်တွင် ရှုံးနိမ့်ခဲ့ရသည်။ အထပ်ရှစ်ဆယ်မြောက်သည် ယခင်အထပ်များထက် အဆပေါင်းများစွာ ကြမ်းတမ်းတော့မည် ဖြစ်သောကြောင့် ၎င်းတို့မှာ တိုက်ပွဲအတွက် အသင့်ပြင်ထားလိုက်ကြသည်။
ဝုန်း.....
အရှိန်အဝါ အားကောင်းသော ပုံရိပ်ငါးခု ရုပ်လုံးပေါ်လာသည်။
အံ့ဖွယ်စိတ်ဆန္ဒများသည် ဟင်းလင်းပြင်သို့အပြန် အလယ်အဆင့်၏ အထွဋ်အထိပ်သို့ ရောက်ရှိထားကြသူများ ဖြစ်သောကြောင့် ကမ္ဘာမြေပေါ် နတ်ဘုရားများ ဆင်းသက်လာသည့်အလား အရောင်အဝါများ တောက်ပနေသည်။
ကောင်းကင်အင်မော်တယ် ငါးပါးမှာ အန်လင်းတို့ထံ လျင်မြန်စွာ ရောက်ရှိလာသည်။
အန်လင်း၏ ပြိုင်ဘက်မှာ အနီရောင် ဖဲကြိုးရှည်စများအား ဝေ့ရမ်းနေသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် အန်လင်းအား အမိအရဖမ်းရန် ရည်ရွယ်၍ ဖဲကြိုးများ ပစ်လွှတ်လိုက်သည်။
အနီရောင် ဖဲကြိုးစများမှာ ဒြပ်စင်ငါးမျိုး၏ စွမ်းအင်များ ပါဝင်နေသည်ဟု ထင်မှတ်ရပြီး အချို့သော ဖဲကြိုးစများမှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထွက်ပေါ်နေကာ အခြားသော ဖဲကြိုးစများတွင်မူ ပိတ်ပင်ခြင်း စွမ်းအားများ ဖြာထွက်နေသည်။
အန်လင်းသည် ကောင်းကင်တစ်ခုလုံး ပြိုကျလာကာ လွတ်လမ်းများ ပိတ်သွားသလို ခံစားလိုက်ရသည်။
သို့သော် လျင်မြန်စွာပင် စိတ်ခံစားချက်အား ဖိနှိပ်လိုက်နိုင်သည်။ ထိုသည်မှာ ပုံရိပ်ယောင်များသာ ဖြစ်သောကြောင့် စွမ်းအင်အလုံအလောက် ရှိနေသမျှ ဖျက်စီးပစ်နိုင်လိမ့်မည်။
အန်လင်း၏ နဖူးထက်တွင် ရွှေရောင်ကြာပန်း အမှတ်အသား ဖြစ်ပေါ်လာပြီးနောက် ကမ္ဘာမြေစွမ်းအင်များ ပါဝင်နေသော ရွှေရောင်လက်သီးပုံရိပ်ကြီး ထွက်ပေါ်လာသည်။
ရွှေရောင်လက်သီး၏ ကြောက်မက်ဖွယ် စွမ်းအင်များမှာ အနီရောင် ဖဲကြိုးစများအား ပျက်စီးသွားစေသည်။
အမျိုးသမီးမှာ မျက်နှာတစ်ခုလုံး ဖြူရော်ကာ ကြောက်လန့်တကြားဖြင့် ဖဲကြိုးစ အကာအရံ တစ်ခုအား ဖန်တီးလိုက်သည်။
ဝုန်း.....
ရွှေရောင်လက်သီးပုံရိပ်မှာ အမျိုးသမီး ရှေ့တွင်ပင် ပေါက်ကွဲသွားသည်။
သူမ၏ခန္ဓာကိုယ်မှာ တုန်လှုပ်သွားရပြီးနောက် အနီရောင် ဖဲကြိုးအပိုင်းအစများကြား ဆုတ်ခွာထွက်ပြေးတော့သည်။
"ဟမ်....သူမက အသက်ရှင်နေသေးတယ်ပေါ့လေ။ စိတ်ဝင်စားစရာပဲ။"
အန်လင်း၏ မျက်ဝန်းများ တောက်ပသွားရသည်။
ယခင်က တွေ့ဆုံခဲ့သော ပြိုင်ဘက်များသည် သူ့အားစိတ်လှုပ်ရှားမှု မပေးနိုင်ခဲ့ပေ။
မည်သို့ပင်ဆိုစေကာမူ ယခု ပြိုင်ဘက်သည် အားကောင်းသောကြောင့် သွေးပူလေ့ကျင့်ခန်း ကောင်းကောင်းလုပ်နိုင်လောက်သည်။
အမျိုးသမီးသည် တင့်တယ်လှပသော ခန္ဓာကိုယ်အား လှည့်ပတ်ကာ များပြားလှသော အနီရောင် ဖဲကြိုးစများကို ထွက်ပေါ်စေလိုက်သည်။ ဖဲကြိုးစများသည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းကာ လည်ပတ်နေသော လှံတံများအဖြစ် ပြောင်းလဲသွားသည်။
မရဏနတ်ဘုရား သက်ဆင်းလာသကဲ့သို့ အသက်ရှူကြပ်စဖွယ် ကောင်းလောက်အောင် သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ နေရာအနှံ့ လွှမ်းမိုးသွားသည်။
သေမင်းတမာန် သွေးမီးလှံ.....
လှံများအားလုံးသည် လမ်းတလျှောက်ရှိ အရာအားလုံးကို ဖျက်စီးကာ အန်လင်းထံ ပျံဝဲလာသည်။
အံ့ဖွယ်စစ်မေးခြင်းနည်းစနစ်......
အန်လင်း၏ မျက်ဝန်းများမှာ နှင်းကဲ့သို့ ဖြူဖွေးသွားပြီး လှံတံများ အားလုံးလည်း နှေးကွေးသွားသလိုပင်။
အမှန်တကယ်တွင် လှံများမှာ နှေးကွေးသွားခြင်း မရှိပါသော်လည်း အံ့ဖွယ်စစ်မေးခြင်းနည်းစနစ်သည် သူ၏အာရုံစူးစိုက်မှုကို အားကောင်းစေသောကြောင့် အမြင်အားလုံး ရှင်းလင်းပြတ်သားသွားစေသည်။ လှံများ၏ လမ်းကြောင်း၊ ဖွဲ့စည်းပုံ၏ အားနည်းမှုများ အစရှိသဖြင့် အရာအားလုံးသည် အန်လင်းအတွက် နေ့ခင်းတွင် ဖင်ပြောင်နေသလို ပြောင်ပြောင်ရှင်းရှင်း မြင်နေရသည်။
အန်လင်းသည် ဒြပ်ထည်မရှိသော စိတ်ဝိဉာဉ် တစ်ခုအလား ခန္ဓာကိုယ်အား ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားလိုက်သောကြောင့် အနီရောင် လှံများမှာ သူ့အားမထိမိပဲ မြေပြင်ကိုသာ ထိုးစိုက်သွားတော့သည်။
အန်လင်းမှာ အမျိုးသမီးရှေ့သို့ လျင်မြန်စွာ ရောက်ရှိသွားပါသော်လည်း သူမ ရှောင်ရှားလိုက်နိုင်သည်။
ကောင်းကင်အင်မော်တယ်မှာ အမူအရာ ပြောင်းလဲသွားရပြီး ခုခံကာကွယ်ရေး မန္တာန်ဝင်္ကပါတစ်ခုကို ထုတ်လွှတ်ရန် ကြိုးစားလိုက်သည်။
ထိုအချိန်တွင် အန်လင်း၏ လက်ချောင်းထိပ်များ၌ လျှပ်စီးများ စုဝေးလာသည်။
လျှပ်စီးကြိုးကိုင်ခြင်းနည်းစနစ်....လျှပ်စီးတိုးချဲ့ခြင်းနည်းလမ်း.....
ဟင်းလင်းပြင်သို့အပြန် ရွှေရောင်ဟာလာပြင်လျှပ်စီးကိုသာမက လျှပ်စီးတိုးချဲ့ခြင်းနည်းလမ်းကိုပါ ပေါင်းထည့်လိုက်သောကြောင့် ထူထပ်လှသော ရွှေရောင်လျှပ်စီးများ အမျိုးသမီး၏ခေါင်းပေါ် ကျဆင်းလာတော့သည်။
ဝုန်း.....
အဖျက်စွမ်းအားကောင်းလှသော လျှပ်စီးများကြောင့် အမျိုးသမီးမှာ သိမ့်သိမ့်တုန်သွားရပြီး ပျောက်ကွယ်တော့မည့် အရိပ်အယောင်များ ပြသလာသည်။
အန်လင်းသည် ထိုအခွင့်အရေးအား အရယူကာ အမျိုးသမီးအား ရွှေရောင်လက်သီးတစ်လုံး ပစ်ကြွေးလိုက်သည်။
ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ အမျိုးသမီး၏ ခန္ဓာကိုယ်မှာ ပျက်စီးသွားရပြီးနောက် တိုက်ပွဲလည်း ပြီးဆုံးသွားသည်။
အန်လင်း ဟိုဟိုသည်သည် ကြည့်ရှုလိုက်သောအခါ သူသည် ပထမဆုံး ပြီးဆုံးသွားသူဖြစ်ကြောင်း တွေ့လိုက်ရသည်။
စုရှောင်လန်သည် ဗာမီလီယမ်ငှက်၏ မြင့်မြတ်မီးတောက်များ ဖြာထွက်နေသော ဓားအားဆွဲကိုင်ကာ ကြောက်မက်ဖွယ် ဓားပုံရိပ် နှစ်ခုအား ရှေ့ဆင့်နောက်ဆင့် ထုတ်ဖော်လျက် အန်လင်း၏ ခြေရာအတိုင်းလိုက်ကာ တိုက်ပွဲကို အဆုံးသတ်လိုက်သည်။
နောက်ထပ်တစ်ဦးမှာ လျှိုချင်းဟွမ် ဖြစ်သည်။ သူမသည် ဓားအားမသုံးသေးပဲ ငှက်မွှေးခြောက်ခုပါသော မှော်နှင်တံဖြင့် အားကောင်းလှသော တိုက်ခိုက်မှုများ ပြုလုပ်ကာ ရန်သူ၏ ခုခံကာကွယ်ရေးအား ဖျက်စီးလိုက်ပြီးနောက် အဆုံးတွင် 'Final Spark'ဖြင့် လက်စသတ်ပေးလိုက်သည်။
လျှိုချင်းဟွမ်သည် ရှစ်ဆယ့်ခုနစ်ထပ်ထိ ရောက်ခဲ့ဖူးသောကြောင့် အန်လင်းမှာ သူမကို စိတ်မပူပေ။
ထို့ကြောင့် စုချန်းရန်နှင့် ရွှမ်းယွမ်ချန်တို့ကိုသာ ကြည့်ရှုနေမိသည်။
၎င်းတို့နှစ်ဦးလုံးသည် မကြာသေးသော အချိန်ကမှသာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်၏ ခြေလှမ်းတဝက်သို့ ရောက်ရှိလာခြင်း ဖြစ်သောကြောင့် မည်မျှပင် ထူးချွန်ထက်မြက်နေပါစေ၊ မည်မျှအားကောင်းသော သွေးမျိုးဆက်များကို ပိုင်ဆိုင်ထားရပါစေ အကန့်အသတ်သို့ ရောက်ရှိခံနီးနေပြီ ဖြစ်သည်။ ထို့ကြောင့် လက်ရှိတိုက်ပွဲအား ကြိုးစားအနိုင်ယူရန်မှာ မလွယ်ကူလှပေ။
စုချန်းရန်သည် အစ်ကိုကြီးချန်ထက် အနည်းငယ် ပိုမိုသာလွန်သည်။ သူမ၏ လှုပ်ရှားမှုများသည် လျင်မြန်လွန်းလှသောကြောင့် တစ်နေရာမှ တစ်နေရာသို့ မျက်စိတမှိတ်အတွင်း ကူးပြောင်းသွားနိုင်သည်။ သူမ၏ နက်မှောင်သော ဆံနွယ်ရှည်များသည် ရေလှိုင်းလေးများသဖွယ် လူးလွန့်ကခုန်နေပြီး လက်ချောင်းထိပ်များမှ လရောင်ဖြူများ ဖြာထွက်လာကာ ရန်သူကို တိုက်ခိုက်နေသည်။
သူမ၏ ပြိုင်ဘက်သည် ဓားမော့စစ်သည်တော်ဖြစ်ပြီး ၎င်းတို့နှစ်ဦး၏ တိုက်ခိုက်မှု တစ်ခုချင်းစီမှာ ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် စုချန်းရန်မှာ စစ်သည်တော်အား ခြိမ်းခြောက်အနိုင်ယူရန် နှေးကွေးလွန်းနေသောကြောင့် တိုက်ပွဲ ရှည်ကြာလာသည်နှင့်အမျှ စုချန်းရန်သာ အသာစီး ရလာသည်။
အန်လင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ပြီးနောက် အစ်ကိုကြီးချန်အား ကြည့်ရှုလိုက်သည်။
ထို့နောက် မျက်စိမျက်နှာ ပျက်သွားရလေသည်။
အဘယ့်ကြောင့်ဆိုသော် အစ်ကိုကြီးချန်မှာ ဖိနှိပ်ခံနေရသောကြောင့်ပင်။
အစ်ကိုကြီးချန်၏ ပြိုင်ဘက်သည် ခန္ဓာကိုယ် သန်မာမှု အလွန်အားကောင်းသော စစ်သည်တော်တစ်ဦး ဖြစ်သည်။ ၎င်းသည် လျင်မြန်မှုရော၊ တိုက်ခိုက်မှုပါ ကောင်းမွန်လွန်းနေသောကြောင့် အစ်ကိုကြီးချန်မှာ အသက်ပင် ဝအောင်မရှူနိုင်ပဲ အသေအကြေ တိုက်ခိုက်နေရသည်။
အစ်ကိုကြီးချန်သည် ခုခံကာကွယ်ရေးကိုသာ ပြုလုပ်နေရပြီး အကန့်အသတ်သို့ ရောက်ရှိတော့မည့် အချိန်မှာပင် မျက်ဝန်းများမှာ အေးစက်ခက်ထန်လာတော့သည်။