အစ်ကိုကြီးချန်၏နယ်ပယ်
Vol. 43 Ch. 595
"ကြည့်ရတာ သုံးရတော့မယ် ထင်တယ်။"
ရွှမ်းယွမ်ချန်မှာ တောင့်ခံနိုင်စွမ်း မရှိတော့ပဲ သက်ပြင်းချလိုက်သည်။
သူသည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်၏ ခြေလှမ်းတဝက်သို့ ရောက်ရှိခဲ့ပြီး ဖြစ်ပါသော်လည်း တိုက်ပွဲအတွင်း သူ၏နယ်ပယ်အား အသုံးမပြုရသေးပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏နယ်ပယ်မှာ တည်ငြိမ်မှု မရှိပဲ ထိန်းချုပ်ရန်လည်း ခက်ခဲလွန်းသောကြောင့်ပင်။
သို့သော် အောင်မြင်ကျော်ကြားသူများစာရင်းသို့ ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
ရန်သူ၏ ဖိနှိပ်ခြင်းကို ခံနေရသောကြောင့် နယ်ပယ်ကိုသာ အသုံးမပြုပါက မကြာမီပင် ရှုံးနိမ့်သွားပေလိမ့်မည်။
ကောင်းကင်အင်မော်တယ်သည် ရွှမ်းယွမ်ချန်၏ ခုခံကာကွယ်ရေးများကို ချိုးဖျက်ကာ လက်သီးတစ်လုံး ပစ်ကြွေးလိုက်သည်။
လက်သီးသည် လေထုအား ဖိနှိပ်ကာ လေအမြှောက် တစ်ခုကဲ့သို့ အရှိန်အဟုန်ပြင်းစွာ ရောက်ရှိလာသည်။
ရွှမ်းယွမ်ချန်၏ မျက်ဝန်းများသည် ရေပြင်တစ်ခုအလား တည်ငြိမ်နေပြီး ခြေဖဝါးအောက်တွင် ယင်းယန်အမှတ်အသား ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ ခန္ဓာကိုယ်မှ ဆန်းကြယ်သော စွမ်းအင်များ ဖြာထွက်လာသည်။
ဝုန်း.....
လက်သီး၏ စွမ်းအင်မှာ လမ်းကြောင်းပြောင်းသွားသည်။
ရွှမ်းယွမ်ချန် အမူအရာ ပြောင်းလဲသွားကာ အားလုံးကို အော်ဟစ်သတိပေးလိုက်သည်။
"ဂရုစိုက်...."
ဝုန်းဟူသော ပေါက်ကွဲသံနှင့်အတူ သူ၏အသံလည်း တိတ်ဆိတ်သွားသည်။
ကြောက်မက်ဖွယ် ပေါက်ကွဲမှုသည် အထပ်ရှစ်ဆယ် တစ်ခုလုံးကို ကြီးစိုးသွားပြီး စွမ်းအင်လှိုင်းဂယက်များ၊ အဖျက်စွမ်းအင်များ အပြင်းအထန် ထွက်ပေါ်လာသည်မှာ ကမ္ဘာပျက်နေသလိုပင်။
အန်လင်းမှာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပါသော်လည်း ကြမ်းတမ်းသော ပေါက်ကွဲမှုဒဏ်နှင့်အတူ အဝေးသို့ လွင့်ထွက်သွားရသည်။
စုရှောင်လန်သည် မီးတောက်များအပေါ် ခံစားမှုအားကောင်းသောကြောင့် မီးလျှံချပ်ဝတ်အား ချက်ချင်းဆိုသလို အသက်သွင်းလိုက်နိုင်ကာ ထိခိုက်မှု လျော့နည်းပြီး ခြေလှမ်းအနည်းငယ်မျှသာ နောက်သို့ဆုတ်သွားသည်။
မီးတောက်မီးလျှံများမှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။
ရွှမ်းယွမ်ချန်သည် ချောင်းတဟွတ်ဟွတ် ဆိုးနေပြီး ယခင်ကထက်ပင် သနားစရာကောင်းသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏အဖြူရောင် ဝတ်စုံသည် စုတ်ပြတ်သတ်နေပြီး ကျက်သရေရှိသော ဆံပင်ရှည်များမှာ မီးလောင်ကျွမ်းမှုကြောင့် ညှော်နံများတထောင်းထောင်းထနေကာ ကောက်ကွေးကုန်သည့်အပြင် ချောမောခန့်ညားသော မျက်နှာမှာလည်း မီးသွေးတုံးနှင့်မခြား မဲတူးနေလေပြီ။
သူ့ရဲ့ပြိုင်ဘက်ကရော.....
ပေါက်ကွဲမှု ဖြစ်စဉ်ကတည်းက ၎င်းမှာလောင်ကျွမ်းပျောက်ကွယ်သွားခဲ့ရသည်။
"ဝါး......"
အဝေးမှ အော်ငိုသံတစ်ခု ထွက်ပေါ်လာသည်။
အားလုံး လှည့်ကြည့်လိုက်ကြသောအခါ စုချန်းရန်၏ အပြာရောင်ဝတ်စုံမှာ စုတ်ပြဲနေပြီး သူမ၏ နူးညံ့သော အသားအရေမှာ ရဲရဲနီနေသည်အထိ မီးမြှိုက်ခံထားရသည့်အပြင် မျက်နှာမှာ မဲတူးနေကာ ပါးစပ်မှ မီးခိုးငွေ့များပင် ထွက်နေသေးသည်ကို တွေ့လိုက်ကြရသည်။
"ရွှမ်း.....ယွမ်.... ချန်....."
လျှိုချင်းဟွမ်သည်လည်း ပေါက်ကွဲမှုဒဏ်အား ခံစားခဲ့ရသောကြောင့် ရွှမ်းယွမ်ချန်အား အပိုင်းပိုင်း ခုတ်မတတ် ကြည့်ရှုနေသည်။
ရွှမ်းယွမ်ချန် ရှက်ရွံ့စွာ ခေါင်းငုံ့ထားမိသည်။
"ကျွန်တော်......ကျွန်တော် စွမ်းအင်ကို မထိန်းချုပ်နိုင်လိုက်လို့ပါ။ အကုန် ကျွန်တော့်အမှားတွေပါ။ ကျွန်တော် တောင်းပန်ပါတယ်။"
သူကိုယ်တိုင်သည်လည်း မထိန်းချုပ်လိုက်နိုင်သည်ကို အံ့အားသင့်နေမိသည်။ အန်လင်းနှင့် လေ့ကျင့်စဉ်က ထိုသို့မဟုတ်ခဲ့ပေ။ သူသည် အနန္တစိတ်ဝိဉာဉ်ထိုက်ချိအား အသုံးပြုကာ ပေါက်ကွဲမှု စွမ်းအင်များအား လမ်းကြောင်းလွှဲနိုင်ခဲ့ပါသော်လည်း အခြားသူများမှာ ထိုသို့မလုပ်နိုင်ကြပေ။
ရွှမ်းယွမ်ချန် အတော်ပင် စိတ်ဓာတ်ကျနေမိသည်။ ထိုကဲ့သို့သော နယ်ပယ်မျိုးနှင့် အဘယ့်ကြောင့် အဆုံးသတ်ခဲ့ရပါသနည်း။
အနန္တစိတ်ဝိဉာဉ်နှင့် ပေါက်ကွဲမှုအား ပေါင်းစည်းအသုံးပြုခြင်းသည် သက်ရှိစွမ်းအင်နှင့် အဖျက်စွမ်းအင်အား ယှဉ်တွဲထားခြင်းဖြစ်ပြီး ထိုက်ချိတာအိုအတွက် သင့်တော်မျှတသည်။
သို့သော် နယ်ပယ်၏ ဒြပ်စင်ပေါက်ကွဲအားသည် မကြာခဏ ဆိုသလို အနန္တစိတ်ဝိဉာဉ်အား လွှမ်းမိုးသွားလေ့ ရှိသောကြောင့် ဆိုးရွားသော မျှခြေမညီမှုများကို ဖြစ်ပေါ်လာစေသည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်သို့ ရောက်ရှိပြီးလျှင် သူ့ဟာနှင့်သူ ကောင်းမွန်မျှတသွားမည်ဟုသာ မျှော်လင့်ရတော့မည်။
စုချန်းရန်သည် ခန္ဓာကိုယ်အား ဖုံးကွယ်သော မန္တာန်တစ်ခုကို ရွတ်ဆိုကာ တိတ်တဆိတ်ပင် သန့်ရှင်းနေလိုက်ပြီးနောက် အဝတ်အစားသစ် တစ်စုံအား လဲလှယ်ကာ အစ်ကိုကြီးချန်၏ ပေါက်ကွဲမှုကြောင့် စုတ်ပြတ်သတ်နေပြီးသော ပြိုင်ဘက်အား လက်စသတ်ပေးလိုက်သည်။
ဤသို့ဖြင့် ၎င်းတို့အားလုံး အထပ်ရှစ်ဆယ်မြောက် စမ်းသပ်ချက်အား အောင်မြင်သွားကြသည်။
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာ အမူအရာ အမျိုးမျိုးနှင့် ဆွေးနွေးငြင်းခုံမှုများ ပြုလုပ်နေကြသည်။
ကျောင်းသူအချို့မှာ စိတ်ကူးယဉ် အိမ်မက်မက်နေသော အမူအရာမျိုး ဖြစ်နေလေသည်။
"ရွှမ်းယွမ်ချန်က အရမ်းချောတာပဲ။ မီးလောင်ပြီး ပေါ်လာတဲ့ သူ့ရဲ့တောင့်တင်းတဲ့ ခန္ဓာကိုယ် အချိုးအစားကို ကြည့်ပါဦး။ အား......ငါ့ရဲ့ နှလုံးသား နုနုလေးတွေ တဒိတ်ဒိတ် ခုန်နေပြီ။"
သို့သော် အချို့သော ကျောင်းသူများမှာ အမြင်မတူကြပေ။
"ငါ့ရဲ့မင်းသားလေးက ဘာလို့ပေါက်ကွဲမှုကို စွဲလမ်းနေတဲ့ အရူးလို ဖြစ်သွားရတာလဲ။ အရင်တုန်းက ချောချောလေးကလေ။ ငါဒါကို လက်မခံနိုင်ဘူး။"
အချို့ကျောင်းသားများမှာမူ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
"ဘာလို့ လျှိုချင်းဟွမ်နဲ့ စုချန်းရန် အဝတ်အစားတွေက အရမ်းအကြမ်းခံနေတာလဲကွာ။"
ရှားရှားပါးပါး ကျင့်ကြံရေးအကြောင်း ဆွေးနွေးသူများလည်း ရှိပေသည်။
"ကောင်းကင်အင်မော်တယ်ရဲ့ လက်သီးသိုင်းကို ကြည့်ပြီးတော့ ငါ့ရဲ့လက်သီးသိုင်းမှာလည်း တချို့ဟာတွေ ပေါင်းထည့်လို့ ရတယ်ဆိုတာ သိလိုက်ရတယ်။"
"တတိယနှစ် ကျောင်းသားတွေက တကယ်မလွယ်ကြောပဲ။ အန်လင်းက အောင်မြင်ကျော်ကြားသူများစာရင်းထဲ ဝင်လာရုံမကဘူး။ ရွှမ်းယွမ်ချန်၊ စုရှောင်လန်နဲ့ စုချန်းရန်တို့ပါ ပါလာကြပြီ။ ယီးထဲမှ....သူတို့က တတိယနှစ် ကျောင်းသားတွေရော ဟုတ်ရဲ့လား။"
"တကယ်ကြောက်စရာပဲ။ ဝမ်ရွှမ်ကျန့်တောင်မှ စတုတ္ထနှစ်မှ အောင်မြင်ကျော်ကြားသူများစာရင်းထဲ ပါလာတာ။"
"လျှိုချင်းဟွမ် ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်ရင် ဂျူနီယာ ကျောင်းသားတွေချည်းပဲ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ကို ကြီးစိုးသွားတော့မှာ။ တွေးကြည့်ရုံနဲ့တင် ကြက်သီးထစရာပဲ။"
"လျှိုချင်းဟွမ် ဘယ်လောက်ထိ ရောက်မယ်ထင်လဲ။"
...........
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အတွင်း၌
ပိုင်ကျုံးမှာ စိတ်ပျက်နေသော အမူအရာဖြင့် ကျောင်းသားငါးဦးအား ကြည့်ရှုနေမိသည်။ သူ့ထံတွင် ဆူချင်စိတ်ပင် မရှိတော့ပေ။
စွမ်းအင် မထိန်းလိုက်နိုင်လို့.....မထိန်းလိုက်နိုင်လို့......
ဒီကျောင်းသားတွေက အားကြီးသလောက် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကြ နည်းလှချည်လား.....
ပိုင်ကျုံးမှာ ဒေါသကြောင့် ပေါက်ကွဲသွားတော့မလို ခံစားနေရသည်။ နောက်ထပ်မဖြစ်စေနဲ့ဟု အကြိမ်ကြိမ်အခါခါ သတိထားပေးထားပါသော်လည်း အချိန်တိုင်းတွင် ပြုလုပ်သူ ပြောင်းသွားလေ့ ရှိသည်။
စုချန်းရန်မှာ တိုက်ပွဲအတွင်း အသာစီး ရနေသည်ကို ကြည့်လိုက်ပြီးနောက် ပိုင်ကျုံးမှာ ဘာမှမပြောလိုတော့ပေ။ တစ်ယောက်ချင်းစီကိုသာ အသေးစိတ် လိုက်ဆူနေပါက သူသာ မောသေသွားလောက်သည်။
ထို့အပြင် အထပ်ရှစ်ဆယ် ပြီးသွားပါက ၎င်းတို့သည် တစ်ဦး၏တိုက်ပွဲအား တစ်ဦးမှ ဝင်ရှုပ်နိုင်မည် မဟုတ်တော့ပေ။
ပိုင်ကျုံးမှာ အပိုစကားများ ပြောမနေတော့ပဲ ဆယ့်ရှစ်ဟု ရေးသားထားသော တံဆိပ်ပြားများကို ထုတ်ယူလိုက်သည်။
"ပထမဆုံးအနေနဲ့ အောင်မြင်ကျော်ကြားသူများစာရင်းထဲ ပါလာတာကို ဂုဏ်ပြုပါတယ်။"
"ဒါက ရှစ်ဆယ့်တစ်ထပ်မြောက်ကနေ ကိုးဆယ့်ရှစ်ထိ ဝင်ခွင့်ပဲ။ အထပ်တစ်ထပ်မှာ အံ့ဖွယ်စိတ်ဆန္ဒ တစ်ခုပဲ ရှိမှာမို့လို့ မင်းတို့တစ်ယောက်ချင်းစီက အထပ်သုံးထပ်ကိုပဲ ရွေးချယ်ခွင့် ရှိမယ်။ ပြီးတော့ တခြားသူ ရွေးထားတဲ့ အထပ်ကို ရွေးချယ်လို့ မရဘူး။ အရင်ဆုံး အထပ်တစ်ခုကို ရွေးချယ်ပါ။ အဲ့ကစမ်းသပ်ချက်ကို အောင်မြင်သွားရင် နောက်တစ်ထပ်ကိုရွေးဖို့ ငါရောက်လာခဲ့မယ်။"
အန်လင်း သိလိုစိတ်ပြင်းစွာ မေးလိုက်သည်။
"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ စုစုပေါင်း ကိုးဆယ့်ကိုးထပ် ရှိတာမလား။ ကိုးဆယ့်ကိုးထပ်မြောက်အတွက် ဝင်ခွင့်ကရော။"
ပိုင်ကျုံး အေးစက်စွာ တုံ့ပြန်လာသည်။
"ကိုးဆယ့်ကိုးထပ်မြောက်ကို ဝင်ခွင့်မရခင် ကိုးဆယ့်ရှစ်ထပ်မြောက်က စမ်းသပ်ချက်ကိုပဲ အရင်အောင်မြင်ပါစေဦး။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် စပြီးတည်ထောင်ချိန်တည်းက ဘယ်သူကမှ ကိုးဆယ့်ရှစ်ထပ်မြောက်ကို မအောင်မြင်ဖူးသေးဘူး။ သိပ်ပြီး ဘဝင်လေဟပ်မနေနဲ့ ကောင်လေး....မင်းဆုံးဖြတ်ချက် မချခင် ကိုယ့်အကန့်အသတ်ကိုယ် သေချာသိနေဖို့လိုတယ်။"
ပိုင်ကျုံးမှာ မနေနိုင်ပဲ ဆုံးမမိပြန်သည်။
အခွင့်အရေး သုံးခါသာ ကျန်ရှိသောကြောင့် အထပ်တစ်ထပ်ချင်းစီတွင် များပြားလှသော ဆုလာဘ်များ ရှိနေမည်မှာ သေချာပြီး အံ့ဖွယ်စိတ်ဆန္ဒများထံမှ အမွေအနှစ်များပင် ရနိုင်ခြေ ရှိသည်။
ပထမအကြိမ်တွင် ခက်ခဲလွန်းသော အထပ်အားရွေးကာ ရှုံးနိမ့်သွားပါက ကျန်ရှိနေသော အခွင့်အရေး နှစ်ခုကိုပါ လက်လွှတ်လိုက်ရလိမ့်မည်။
စုချန်းရန်မှာ သေချာစေရန်အတွက် ရှစ်ဆယ့်တစ်ထပ်မြောက်ကို ရွေးလိုက်ပြီး ရွှမ်းယွမ်ချန်မှာလည်း ရှစ်ဆယ့်နှစ်ထပ်မြောက်ကိုသာ ရွေးချယ်လိုက်သည်။
လျှိုချင်းဟွမ်မှာ ယခင်နှစ်ကထက် မြင့်မားသော အထပ်အား စမ်းသပ်လိုသောကြောင့် ရှစ်ဆယ့်ခုနစ်ထပ်မြောက်ကို ရွေးခဲ့သည်။
စုရှောင်လန်မှာ အနည်းငယ် တွေးတောပြီးနောက် ရှစ်ဆယ့်ခြောက်ထပ်အား ရွေးလိုက်သည်။
အန်လင်းမှာ တွေးပင်မတွေးပဲ ကိုးဆယ့်နှစ်ထပ်အား ရွေးပစ်လိုက်သည်။
ယုံကြည်ချက်အပြည့်ရှိနေသော ပိုင်ကျုံးမှာ မဲ့ရွဲ့သွားသည်။
"မင်းတို့အားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးပါတယ်။"
ထိုစကားနှင့်အတူ အားလုံးအား ရွေးချယ်ထားသော အထပ်များထံ ပို့ဆောင်ပေးလိုက်တော့သည်။