← Chapters

ပြန်ဆုံရတာကောင်းလိုက်တာ

Vol. 8 Ch. 708

ပြန်ဆုံရတာကောင်းလိုက်တာ

Vol. 8 Ch. 708

အသူရာချောက်နှင့် ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကတို့ ပေါင်းစပ်ပြီးသွားသည့်နောက်ပိုင်း ယန်စွမ်းအားဘုံနှင့် ယင်စွမ်းအားဘုံဆိုသည့် ဘုံ (၂)ခု ဖြစ်လာလေသည်။ လူ့ပြည်သည် ယန်စွမ်းအားဘုံ ဖြစ်ပြီး ငရဲပြည်သည် ယင်စွမ်းအားဘုံဖြစ်လေသည်။

ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကသည် သိသိသာသာကျယ်ပြန့်လာပြီး နတ်ဘုရားများက လူ့ပြည်ဟု သတ်မှတ် လိုက်ကြလေသည်။ ထို့ပြင် တာ့လော်အဆင့် နတ်ဘုရားများ၏ ဘုံရှိသေးသည်။ သို့သော်… တာ့လော်အဆင့် နတ်ဘုရားများ၏ နတ်ဘုံသည် မည်မျှကျယ်ပြန့်သည်ကို မည်သူမှ မသိရှိနိုင်ပေ။

ချင်းရွှမ်နတ်တံခါးတည်ရှိရာလောကတွင် ယွမ်ကျိုးနယ် ၊ ရွှမ်ကျိုးနယ် ၊ လင်ကျိုးနယ်နှင့် ထျန်းဟွာနယ်ဆိုသည့် တိုက်ကြီး (၄)ခု ခွဲခြားလိုက်ကြလေသည်။ ယွမ်ကျိုးနယ်နှင့် ထျန်းဟွမ်နယ်မှ အစကတည်းက တည်ရှိသည့် တိုက်ကြီးများဖြစ်ပြီး ရွှမ်ကျိုးနယ်နှင့် လင်ကျိုးနယ်ကတော့ အသစ်ဖြစ်တည်လာသည့် တိုက်ကြီးများ ဖြစ်လေသည်။

ထိုတိုက်ကြီးများတွင် မရေမတွက်နိုင်သည့် ကျင့်ကြံသူဂိုဏ်းများထွက်ပေါ်လာကြသလို သက်ရှိသတ္တဝါများလည်း မရေမတွက်နိုင်အောင် များပြားလျှက်ရှိကြလေသည်။ လူသားများသာမက နတ်ဘုရားများ ၊ နတ်မိစ္ဆာများ စုပေါင်း နေထိုင်ကြကာ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုများဖြင့် ပြည့်နက်နေသည့် လူ့ပြည်ဖြစ်လေသည်။

အချိန်ကြာလာသည်နှင့်အမျှ အပြောင်းအလဲများကြောင့် သာမန်လူများရင်ဆိုင်ရသည့် ပြဿနာများကတော့ ဖြေရှင်းနိုင်သွားမည် ဖြစ်လေသည်။

သာမန်လူသားများသည် အသက်တိုသည့်အတွက် အပြောင်းအလဲများသည် သမိုင်းစာအုပ်များထဲတွင်သာ ကျန်ရစ် ခဲ့ကြပေလိမ့်မည်။

……

ယွမ်ကျိုးနယ် မြောက်ပိုင်း ၊ ချင်းရှတောင်…။

ချင်းရှတောင်သည် အခြားတောင်များနှင့်ယှဉ်လျှင် အသက်ဓာတ်စွမ်းအားများ မြင့်မားသည့် တောင်တစ်တောင် ဖြစ်လေသည်။

တောင်ခြေတွင် ပိုင်ကျားမြို့ဟုခေါ်သည် မြို့ငယ်လေးတစ်မြို့ ရှိလေသည်။ ထိုမြို့တွင် နေထိုင်ကြသူများသည် ဘိုးဘွားအစဉ်အဆက် နေထိုင်ခဲ့ကြသူများဖြစ်လေသည်။

ထို့ပြင် ပိုင်ကျားမြို့လေး တည်လိုက်သည့်အချိန်မှစပြီး ချင်းရှင်တောင်တွင် သဘာဝဘေးအန္တရယ်များ ကြီးကြီးမားမား ကျရောက်ခြင်း မရှိတော့ပေ။ အသီးအနှံများပြားစွာ အထွက်မတိုးသော်လည်း သူတို့သည် တစ်ခါမှ ငတ်မွတ်ခေါင်းပါးခြင်းကို မတွေ့ကြုံရပေ။ ဤသည်မှာ ချင်းရှတောင်နှင့် ပိုင်ကျားမြို့လေး၏ ထူးခြားချက် ဖြစ်လေ သည်။

ထို့ကြောင့်ပင် မိုင် (၁၀၀)ပတ်လည်အတွင်းမှ မြို့ငယ် ၊ ရွာငယ်များသည် ပိုင်ကျားမြို့လေးမှ အသားငါးများ ၊ ဆန်စပါးများပေါများသည်ကို အားကျမနာလိုဖြစ်ကြရလေသည်။

ထို့ပြင်… ချင်းရှတောင်ကို ထည့်မတွက်ပါက ပိုင်ကျားမြို့အပါအဝင် ပတ်ဝန်းကျင်ဒေသသည် မြေပြန့်ဒေသဖြစ်သည့် အတွက် ကုန်သည်များလည်း သဘောကျကာ လာရောက် ကုန်သွယ်လေ့ ရှိကြလေသည်။

ထို့ကြောင့် ပိုင်ကျားမြို့လေး၏ ကုန်သွယ်မှုနှင့် ကြွယ်ဝမှုသည် အခြားသော မြို့ကြီးများနှင့် ကောင်းကောင်း ယှဉ်နိုင်လေသည်။

ပိုင်ကျားမြို့လေးတွင် စားသောက်ဆိုင်တစ်ခုရှိလေသည်။ စားသောက်ဆိုင်၏ အမည်မှာ "သောက်ပြီးရင်မပြန်နဲ့ တော့" ဟူ၍ ဖြစ်လေသည်။ ပြောကြသည်မှာတော့ ထိုစားသောက်ဆိုင်လေးကို နတ်ဘုရားများက ကောင်းချီး ပေးကြသည်ဟူ၍ ဖြစ်လေသည်။

ထိုစားသောက်ဆိုင်နာမည်ကိုပင် နတ်ဘုရားတစ်ပါးက အမည်ပေးခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ထိုစားသောက် ဆိုင်လေးသည် ရောင်းကောင်းခြင်း မရှိပါ။ လွန်ခဲ့သည့်နှစ်များက စားသောက်ဆိုင်ပိုင်ရှင်သခင်ကြီး ဆုံးပါးသွားပြီး သည့်နောက် အသက် (၁၇)နှစ်အရွယ် သမီးဖြစ်သူက စီးပွားရေးကို ဆက်လက်ဦးဆောင်ခဲ့လေသည်။

မိန်းကလေး၏ အမည်မှာ ကူးဝေေ၀ ဖြစ်လေ၏။

ပိုင်ကျားမြို့လေးတွင် "ပိုင်" မျိုးနွယ်များနေထိုင်ကြလေရာ ပိုင်မျိုးနွယ် မဟုတ်သည့် အခြားမျိုးနွယ်များ နေထိုင်သည်မှာ ရှားပါးလေသည်။ ကူးဝေေ၀သည်လည်း ပိုင်မျိုးနွယ် မဟုတ်ပေ။ ထို့ကြောင့် သူမ၏ စားသောက် ဆိုင်သည် သိပ်ပြီး အရောင်းမသွက်ခြင်း ဖြစ်ဟန်တူလေသည်။

ကူးဝေေ၀သည် အသက် (၁၇)နှစ်ရှိပြီ ဖြစ်သည့်အတွက် လက်ထပ်ရန် အချိန်တန်ပြီ ဖြစ်လေသည်။ သူမသည် လက်ထပ်ရန်အတွက် နှစ်ကြိမ်တိုင်တိုင် ကမ်းလှမ်းခံခဲ့ရလေသည်။ သို့သေ်… လက်မထပ်မီမှာပင် သတို့သားလောင်း များသည် ထူးဆန်းစွာဖြင့် သေဆုံးသွားခဲ့ရလေသည်။ ထို့ကြောင့် သူမကို မည်သူမှ လက်မထပ်ရဲတော့ပေ။

သူမအကြောင်း သွားပုပ်လေလွင့် ပြောဆိုခံရခြင်းများကြောင့် ဖခင်ဖြစ်သူမှာလည်း စိတ်ဆင်းရဲပြီး ကွယ်လွန်သွားရ ခြင်း ဖြစ်လေသည်။

ကူးဝေေ၀ စားသောက်ဆိုင်ကို စတင်ဦးစီးသည့်အချိန်တွင်တော့ ယခင်ကပင် ရောင်းမကောင်းသည့်ဆိုင်သည် လုံးဝကို မရောင်းရတော့သည့်အဆင့်သို့ ရောက်ရှိသွားလေတော့သည်။ ထို့ကြောင့် အလုပ်သမားများကို လုပ်ခ မပေးနိုင်တော့သည့်အတွက် လျော်ကြေးပေးပြီး ပြန်လွှတ်လိုက်ရလေသည်။

ယနေ့တွင်တော့….

နံနက်မိုးလင်းသည်နှင့် သူမသည် ယခင်နေ့များကဲ့သို့ပင် ဆိုင်တံခါးကို ဖွင့်လိုက်လေသည်။

ဆောင်းရာသီဖြစ်သည့်အတွက် နေထွက်နောက်ကျသလို သစ်ပင်များထက်တွင်လည်း နှင်းခဲများတင်လျှက်ရှိလေ သည်။

ကူးဝေေ၀သည် အေးစိမ့်မှုကြောင့် အနည်းငယ် တုန်ယင်နေလေသည်။

သို့သော်… ဆိုင်ရှေ့တွင် အိပ်ပျော်နေသည့် တာအိုဆရာတစ်ယောက်ကို တွေ့လိုက်ရသည့်အခါတွင်တော့ သူမသည် ထိတ်လန့်သွားမိလေသည်။

တာအိုဆရာ၏ အဝတ်အစားများမှာ စုတ်ပြဲနေပြီး မျက်နှာတစ်ခုလုံးမှာလည်း မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးများဖြင့် ပြည့်နေသည့်အတွက် ထိုသူ၏အသက်ကို ခန့်မှန်းရန် ခက်ခဲလေသည်။

ကူးဝေေ၀မှာ ထိုတာအိုဆရာကို သနားသွားပြီး ကိုယ်ကိုအနည်းငယ်ကိုင်းညွှတ်ကာ အသက်ရှူနေသေးသည်လားဟု စစ်ဆေးကြည့်လိုက်လေသည်။ အသက်ရှင်နေသေးလျှင် တာအိုဆရာကို ကယ်တင်မည်ဟု ဆုံးဖြတ်လိုက်လေ သည်။

သူမက လက်ချောင်းလေးများကို တာအိုဆရာ၏ နှာသီးဝသို့ ထိကပ်ကြည့်လိုက်လေသည်။ သို့သော်… တာအိုဆရာ သည်အသက်ရှူနေခြင်း မရှိတော့ပေ။ တာအိုဆရာ သေဆုံးနေပြီအထင်နှင့် ကူးဝေေ၀သည် သက်ပြင်းတစ်ချက်ချ လိုက်မိလေသည်။

သူမသည် တာအိုဆရာကို သနားမိသော်လည်း သူမ၏ စားသောက်ဆိုင်ရှေ့တွင် လာသေနေသည့်အတွက် စိတ်ညစ်သွားရလေသည်။

အစကတည်းက သူမအကြောင်း သွားပုပ်လေလွင့်ပြောဆိုကြမှုများကြောင့် စားသောက်ဆိုင်မှာ ရောင်းမကောင်းရ သည့်ကြားထဲ တာအိုဆရာတစ်ယောက် ဆိုင်ရှေ့တွင်သေနေသည့်သတင်းသာ  ပျံ့နှံ့သွားပါက သူမသည် ပိုပြီး မကောင်းပြောခံရ တော့မည် ဖြစ်လေသည်။

ထိုအချိန်မှာပင် တာအိုဆရာက ရုတ်တရက် နှာချေလိုက်လေသည်။

တာအိုဆရာသည် သတိရလာပြီး စိတ်ရှုတ်ထွေးသည် မျက်ဝန်းများဖြင့် ကူးဝေေ၀ကို စိုက်ကြည့်နေလေသည်။

ကြည့်နေရင်းမှာပင် သူ၏မျက်ဝန်းများ တလက်လက်တောက်ပလာပြီး

"ဂိုဏ်းတူအစ်မ…"

ဟု ခေါ်လိုက်လေတော့သည်။

တာအိုဆရာ မသေသေးသည့်အတွက် ကူးဝေေ၀မှာ ဝမ်းသာသွားမိလေသည်။ ထို့ပြင် တာအိုဆရာသည် သူမကို တစ်ယောက်ယောက်ဖြင့် လူမှားနေဟန် ရှိလေသည်။

သူမက…

"ရှင် အထဲဝင်ပြီး ရေနွေးလေး ဘာလေး သောက်ပါဦးလား…"

တာအိုဆရာက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ပြီး…

"ဂိုဏ်းတူအစ်မ ၊ ဒါက ဘယ်နေရာလဲ…"

ကူးဝေေ၀က…

"တာအိုဆရာ… ရှင် လူမှားနေပြီထင်တယ် ၊ ကျွန်မက ကူးဝေေ၀ပါ ၊ ရှင့်ရဲ့ ဂိုဏ်းတူအစ်မ မဟုတ်ပါဘူး"

တာအိုဆရာသည် တစ်စုံတစ်ခုကို စဉ်းစားသည့်ဟန်ဖြင့် မျက်ခုံးများကို တွန့်ချိုးလိုက်လေသည်။ ထို့နောက် မျက်ရည်ဝဲနေသည့် မျက်ဝန်းများဖြင့် ကူးဝေေ၀ကို မော့ကြည့်လိုက်လေသည်။

တာအိုဆရာ၏ မျက်ဝန်းမှ မျက်ရည်များကို မြင်လိုက်သည်နှင့် သူမသည် တာအိုဆရာ၏ ဂိုဏ်းတူအစ်မဆိုသူနှင့် အလွန်ရုပ်ချင်းဆင်သူဖြစ်ရမည်ဟု တွေးလိုက်မိလေသည်။

သူမသည် သတို့သားလောင်း (၂)ယောက်ကို မင်္ဂလာပွဲမတိုင်မီ သေစေခဲ့သည့်အတွက် ပိုင်ကျားမြို့မှ လူအားလုံးက သူမကို မိစ္ဆာမတစ်ယောက်သဖွယ် ကြည့်ရှုခြင်းကို ခံခဲ့ရလေသည်။

သို့သော်… သူမရှေ့မှ တာအိုဆရာ၏ အကြည့်များကတော့ သူမကို နွေးထွေးသွားစေလေသည်။ ထိုသို့သော နွေးထွေးမှုများကို မခံစားရသည်မှာ ကြာခဲ့ပြီဖြစ်လေသည်။ ထို့ကြောင့်… သူမသည် ဝမ်းသာဝမ်းနည်း ခံစားချက်များကို ခံစားလိုက်ရလေသည်။

ကူးဝေေ၀သည်လည်း မျက်ရည်မကျမိအောင် ထိန်းထားလိုက်ရင်း…

"တာအိုဆရာ ၊ ကျွန်မက ရှင့်ရဲ့ ဂိုဏ်းတူအစ်မ မဟုတ်ပါဘူး ၊ ရှင့်နာမည် ဘယ်လိုခေါ်လဲ ၊ ရှင် ဘယ်ကနေ ရောက်လာတာလဲ"

တာအိုဆရာက…

"ကျွန်တော့်နာမည်က ဆန်းလျန်ပါ… ကျွန်တော်… ဘယ်နေရာကလာတာလဲဆိုတော့…."

တာအိုဆရာသည် အလွန်တရာ ခက်ခက်ခဲခဲ စဉ်းစားနေရဟန်ရှိလေသည်။

"ကျွန်တော်… ဘယ်ကနေလာတာလဲမသိဘူး ၊ မေ့နေပြီ ၊ ကျွန်တော်မှတ်မိသလောက်တော့ အဲဒီနေရာက တောင်တစ်တောင်ပဲ ၊ အဲဒီမှာ အစ်မရှိတယ် ၊ ကျွန်တော်ရှိတယ် ၊ ပြီးတော့ အားလုံးရှိတယ်လေ…"

ကူးဝေေ၀က သက်ပြင်းတစ်ချက် ချလိုက်လေသည်။

ဤတာအိုဆရာလူငယ်သည်ကား အတိတ်မေ့နေဟန် ရှိလေ၏။ သူ့နာမည်ကို မမေ့သေးသည်မှာ ကံကောင်းသည် ဟုဆိုနိုင်လေသည်။  သို့သော်… သူမအနေဖြင့် တာအိုဆရာကို ကူညီနိုင်စွမ်းမရှိပေ။

သူမက…

"တာအိုဆရာဆန်း ၊ အထဲကိုဝင်ပြီး တစ်ခုခုစားပါဦး ၊ အပြင်မှာ အရမ်းအေးတယ်လေ…."

ဆန်းလျန်က ခေါင်းခါလိုက်ရင်း…

"ကျွန်တော် မစားချင်ဘူး ၊ အရက်ပဲ သောက်ချင်တာ ၊ ကျွန်တော်မှတ်မိတာဆိုလို့ အရက်တစ်ခွက် သောက်မိပြီး အတိတ်မှန်သမျှ အကုန်မေ့သွားတာပဲ ၊ ကျွန်တော့်အတိတ်တွေကို ပြန်သတိရလာရင် အစ်မက ကျွန်တော့်ရဲ့ ဂိုဏ်းတူအစ်မပဲဆိုတာ သက်သေပြမယ်…"

ကူးဝေေ၀က…

"ဒါဖြင့်လည်း ကျွန်မအရက်သွားယူလိုက်ဦးမယ် ၊ အရက်သောက်လိုက်တော့ နွေးသွားတာပေါ့…"

ရာသီဥတုက အေးနေသည့်အတွက် တာအိုဆရာဆန်းအနေဖြင့် အရက်သောက်လိုက်လျှင် နွေးသွားမည်ဟု သူမက တွေးလိုက်မိလေသည်။

ဆန်းလျန်က မတ်တပ်ထရပ်လိုက်ပြီး ကူးဝေေ၀နောက်သို့ လိုက်သွားလေသည်။

ဆန်းလျန်သည် ကူးဝေေ၀ထက်ခေါင်းတလုံးကျော်ခန့် အရပ်ပိုမြင့်ပြီး မုတ်ဆိတ်မွှေးများ ၊ ပါးသိုင်းမွှေးများသာ မရှိလျှင် ခပ်ချောချောလူတစ်ယောက် ဖြစ်ကြောင်း သိနိုင်လေသည်။

"တစ်ကျပ်ပိုလည်းပိုတာပဲ ၊ တစ်ကျပ်လျော့လည်းလျော့တာပဲ" ဆိုသည့် ဆိုရိုးစကားကို ကူးဝေေ၀ သတိရသွားမိ လေသည်။ ထိုစကားပုံက တာအိုဆရာဆန်းနှင့် အလွန်သင့်တော်လေသည်။

ထို့ပြင် သူမသည် ကိစ္စတစ်ခုကိုလည်း သတိထားလိုက်မိလေသည်။ တာအိုဆရာဆန်း၏ မျက်နှာမှ မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးများကို ကြည့်ခြင်းအားဖြင့် သန့်ရှင်းရေးမလုပ်သည်မှာ အတန်ကြာပြီဖြစ်သည်ကို သိရှိနိုင်လေသည်။ ထို့ပြင်… သူ၏ ဆံပင်များမှာလည်း ရှုတ်ထွေးညစ်ပတ်နေလေသည်။ သို့သော်… သူ့ထံမှ ဆိုးဝါးသည့်အနံ့အသက် များထွက်နေခြင်း မရှိပေ။ သူ့ထံမှ လန်းဆန်းသည့် မြက်ရနံ့လေးကဲ့သို့ သင်းပျံ့သည့် ကိုယ်သင်းနံ့လေးကိုပင် ရနေမိသေးသည်။

သူမသည် စပ်စုချင်နေမိသော်လည်း ပွင့်ပွင့်လင်းလင်း မေးကြည့်ရန်တော့ ရှက်ရွံ့နေမိလေသည်။

ကူးဝေေ၀သည် အရက်တစ်အိုးယူလာပြီး အရက်အိုးလေးကို မီးဖိုထက်တွင် ကျွမ်းကျင်စွာပင် အပူပေးလိုက်လေ သည်။

အရက်က မပူသေးသော်လည်း ဆန်းလျန်က အရက်အိုးကိုယူကာ ခွက်ထဲသို့ ငှဲ့ထည့်ရန် ပြင်လိုက်လေသည်။

ကူးဝေေ၀က သူ့ကိုတားလိုက်ပြီး…

"တာအိုဆရာဆန်း ၊ အရက်က မပူသေးဘူးလေ…."

ဆန်းလျန်က…

"ပူနေပါပြီ…"

ထိုအချိန်မှာပင် အရက်အိုးလေးဆီမှ ဆူပွက်သည့်အသံများထွက်ပေါ်လာပြီး သေရည်ရနံ့လေးလည်း မွှေးကြိုင် သင်းပျံ့လာလေသည်။

ကူးဝေေ၀မှာ အံ့သြမှင်တက်သွားရလေသည်။ သူမ အရက်အိုးကို မီးဖိုပေါ်တင်လိုက်သည်မှာ မကြာသေးသည့်တိုင် အရက်များက ချက်ချင်း ဆူပွက်လာသောကြောင့်ဖြစ်လေသည်။ သူမနားမလည်နိုင်ဖြစ်နေချိန်မှာပင် ဆန်းလျန်က အရက်များကို အရက်ခွက် (၂)ခွက်အတွင်းသို့ လောင်းထည့်လိုက်လေသည်။

သူက အရက်တစ်ခွက်ကို ကူးဝေေ၀ရှေ့တွင် ချပေးလိုက်ပြီး…

"အစ်မလည်းသောက်လေ…"

ကူးဝေေ၀က သူမသည် တာအိုဆရာဆန်း၏ ဂိုဏ်းတူအစ်မ မဟုတ်သည်ကို ထပ်မံရှင်းပြရန် ဟန်ပြင်လိုက်စဉ်မှာပင် သူမ၏လက်များသည် အရက်ခွက်လေးကို ကိုင်လျှက်သားဖြစ်သွားပြီး နှုတ်ခမ်းများတွင်တေ့ကာ သောက်မိလျှက် သားဖြစ်သွားလေသည်။

ပူနွေးသည့်အရက်များသည် သူမ၏ နှုတ်ခမ်းမှတစ်ဆင့် ကိုယ်တွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်လေသည်။

သူမ၏ တစ်ကိုယ်လုံး နွေးထွေးမှုကို ခံစားလိုက်ရလေသည်။ နွေးထွေးမှုကြောင့် သူမ၏ မျက်နှာလေးသည် အစွမ်းကုန် ပွင့်လန်းနေသည့် ပန်းပွင့်လေးတစ်ပွင့်အလား ပန်းရောင်သန်းကာ လှပလျှက် ရှိလေတော့သည်။

သို့သော်… သူမသည် အလျှင်အမြန် သောက်ချလိုက်ရသလို ဖြစ်သွားသည့်အတွက် နှုတ်ခမ်းလေးများမှာ အပူလောင်ပြီး နီရဲသွားရလေသည်။

ထိုအချိန်မှာပင်…

လက်ချောင်းတစ်ချောင်းက သူမ၏ နှုတ်ခမ်းလေးများကို လာရောက်ထိကပ်လိုက်လေသည်။

လက်ချောင်းဆီမှ အေးစက်သည့်အငွေ့အသက်ကို ခံစားလိုက်ရပြီး အပူလောင်ခြင်းများ ချက်ချင်းပင် သက်သာသွား လေသည်။ သူမက ယောင်ယမ်းပြီး နှုတ်ခမ်းလေးများကို လျှာဖြင့်သပ်လိုက်မိလေရာ သူမနှုတ်ခမ်းလေးများကို လက်ဖြင့်ထိထားသည့် ဆန်းလျန်၏ လက်ချောင်းကို လျှာဖြင့်လျှက်မိသွားလေတော့သည်။

All Chapters