← Chapters

မင်းပြီးတာမြန်လွန်းတယ်

Vol. 43 Ch. 596

မင်းပြီးတာမြန်လွန်းတယ်

Vol. 43 Ch. 596

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်နှစ်ထပ်မြောက်၌

မျှော်စင်၏ အကာအရံမှတဆင့် နေရောင်ခြည် အလင်းတန်းများ ဖြာကျနေလျက် ရှိသည်။ အပြင်ဘက် ကောင်းကင်သည် ပန်းချီကား တစ်ချပ်လို ပြာလဲ့နေပါသော်လည်း မျှော်စင်အတွင်း အေးခဲနေလေသည်။

အန်လင်းသည် မီတာငါးဆယ်အတွင်း ရှိနေသော မီးခိုးရောင် ဝတ်စုံနှင့် အမျိုးသားကို ကြည့်ရှုလိုက်သည်။ ၎င်း၏အသားအရေသည် ဖြူရော်နေပြီး သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပါဝင်နေသော အေးစက်စက် လစန္ဒာပုံရိပ်ကြီးလည်း ရှိနေသည်။

ထိုအမျိုးသား၏ အရှိန်အဝါသည် ဟင်းလင်းပြင်သို့အပြန် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အံ့ဖွယ်တာအို၏ အစစ်အမှန် စိတ်ဆန္ဒများအား လေ့လာဖွေရှာပြီးသော ထိပ်တန်းအဆင့် ကောင်းကင်အင်မော်တယ်ဖြစ်ကြောင်း ထင်ရှားလှသည်။

ထိုအမျိုးသား ခပ်ဖွဖွပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျောင်းမှာ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင့်ထိ ရောက်ထားတဲ့ ပါရမီရှင် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ မင်းလိုမျိုး ပါရမီရှင် တစ်ယောက်က ကိုးဆယ့်နှစ်ထပ်ထိ ရောက်လာတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ငါက မြူနှင်းစန္ဒာတာအိုကို ကျင့်ကြံနေတဲ့ ဖန်းရိပါ။"

အန်လင်း အနည်းငယ် အံ့အားသင့်သွားသည်။

"ခင်ဗျားက စကားပြောနိုင်တာလား။"

ဖန်းရိ ခေါင်းညိတ်လိုက်သည်။

"ငါက ကိုယ်ပိုင်တာအိုကို ရရှိထားပြီးပြီဆိုတော့ တာအိုရဲ့ အစစ်အမှန် စိတ်ဆန္ဒကို အံ့ဖွယ်စိတ်ဆန္ဒထဲ ပေါင်းထည့်ပြီး အသိစိတ် ထည့်ထားတာပဲ။ အဲ့ဒါကြောင့် အမွေအနှစ်ကို ပေးလို့ရတာပေါ့။ ဒါပေမယ့် ထာဝရ မတည်မြဲတာတော့ နှမြောစရာပဲ။ အချိန်ကြာလာရင် ငါလည်းပျောက်ကွယ်သွားမှာလေ။"

"မင်္ဂလာပါ စီနီယာကြီး....ကျွန်တော်က အန်လင်းပါ။"

အန်လင်း လေးလေးစားစား နှုတ်ဆက်လိုက်သည်။

ဖန်းရိ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။

"ကောင်းပြီလေ....အန်လင်း ငါတို့စကြတော့မလား။ မင်းငါ့ကို အနိုင်ယူပြီး စိတ်ကျေနပ်အောင် တိုက်နိုင်ရင် အမွေအနှစ်ကို လွှဲပေးဖို့ စဉ်းစားပေးမယ်။"

အန်လင်း ခေါင်းညိတ်ကာ စစ်နတ်ဘုရား ခန္ဓာ၏ စွမ်းအင်များကို ထွက်ပေါ်စေလိုက်သည်။

"အိုး......အထင်ကြီးစရာ အရှိန်အဝါပဲ။ ပြီးတော့ ပြီးပြည့်စုံတဲ့ စွမ်းအင်အငွေ့အသက်တွေ ပါနေတယ်။"

ဖန်းရိ အံ့သြသွားရပြီးနောက် လက်ချောင်းများကို လှုပ်ရှားကာ မီတာရာနှင့်ချီသော လရောင်လောကတစ်ခုကို ဖန်တီးလိုက်သည်။

လရောင်စွမ်းအင်ထံမှ အဖြူရောင် အလင်းတန်းများ ဖြာထွက်လာပြီး လေဟာပြင်နှင့် ပေါင်းစည်းသွားကာ နေရာတိုင်းတွင် ရှိနေသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာသောကြောင့် လွတ်မြောက်ရန် လမ်းမရှိတော့ပေ။

အန်လင်းမှာ ခန္ဓာကိုယ် တစ်ခုလုံး အေးစိမ့်လာသလို ခံစားလိုက်ရသည်။

လရောင်စွမ်းအင်သည် သိမ်မွေ့နက်နဲလွန်းသောကြောင့် သူ့အနေဖြင့် ဖယ်ထုတ်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။

လှုပ်ရှားရတော့မည့် အချိန်မှန်း သိရှိနေသောကြောင့် အန်လင်းမှာ လေတောင်ပံများကို ထွက်ပေါ်စေလျက် ဖန်းရိထံ ပျံဝဲသွားလိုက်သည်။

သို့သော် ထိုအချိန်မှာပင် အဖြူရောင် အလင်းတန်း တစ်ခုသည် လေဟာပြင်အား ဖြတ်သန်းကာ သူ၏နှလုံးသား ရှိနေသော နေရာသို့ လာရောက်ထိမှန်သွားသည်။

ဘန်း.....

အဖြူရောင် အလင်းတန်းသည် အလွန်ခိုင်မာသော အရာတစ်ခုနှင့် ထိခိုက်မိသွားပြီး စတင်အက်ကွဲလာသည်။

ဖန်းရိ အမူအရာ ပြောင်းလဲသွားကာ လစန္ဒာ ပုံရိပ်ထံမှ တောက်ပလွန်းသော အဖြူရောင် အလင်းများ ဖြာထွက်လာသည်။ အန်လင်းသည် ဖန်းရိ၏ရှေ့သို့ ရောက်ရှိနေပြီဖြစ်ကာ အထွဋ်အထိပ် မြေကြာပန်းအတတ်ဖြင့် လက်သီးတစ်လုံး ပစ်ကြွေးလိုက်သည်။

ဝုန်း.....

ရွှေရောင်စွမ်းအင်လှိုင်းများနှင့်အတူ ဖန်းရိ၏ လရောင်အကာအကွယ်မှာ ချက်ချင်းပျက်စီးသွားရသည်။

"ဖူး...."

ဖန်းရိသည်လည်း သွေးတစ်လုတ်အန်ကာ နောက်သို့ဆုတ်ခွာလိုက်ရလေသည်။

အန်လင်း အတော်ပင် အံ့သြသွားရသည်။

အံ့ဖွယ်စိတ်ဆန္ဒတွေမှာ သွေးပါရှိတာလားဟ....

ဖန်းရိသည်လည်း ပါးစပ်အဟောင်းသားဖြင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးစများကို သုတ်လိုက်သည်။

"မင်းကအရမ်း သန်မာတာပဲ။ ကောင်းကင်ဘုံခုံရုံးမှာ မင်းလို ပါရမီရှင်မျိုး ရှိနေမယ် မထင်ထားဘူး။ ငါ့ရဲ့အားအပြင်းဆုံး တိုက်ကွက်ကို ထုတ်သုံးတော့မယ်။"

သူသည် လက်သင်္ကေတများ ပြောင်းလဲသွားပြီးနောက် အနောက်တွင် ရှိနေသော လစန္ဒာပုံရိပ်မှာ နှစ်ခုကွဲထွက်သွားပြီး နှစ်ခုမှ လေးခု၊ လေးခုမှ ရှစ်ခု စသဖြင့် အသင်္ချေတမျှ ဖြစ်ပေါ်လာသည်။

အလွန်အေးစိမ့်သော အရှိန်များလည်း လေထုထဲ လွှမ်းခြုံလာလေသည်။

အံ့ဖွယ်တာအိုကျင့်စဉ်...အနန္တမြူခိုးစန္ဒာ....

အန်လင်းမှာ ထိုမြင်ကွင်းကြောင့် ဒူးများပင် တုန်လာရသည်။

သူ့ထံတွင် ထရိုင်ပိုဖိုဘီးယား ရှိသည်။

(ထရိုင်ပိုဖိုဘီးယား ဆိုသည်မှာ အဝိုင်းများ၊ အပေါက်များကို အများကြီး စုမြင်ရလျှင် ကြောက်တတ်သော စိတ်ရောဂါ ဖြစ်သည်။ ဥပမာ- ကြာခွက်၊ ပျားအုံ အစရှိသည်တို့မှ အပေါက်များ၊ အဝိုင်းများ ပြွတ်သိပ်နေခြင်းကို မခံစားနိုင်ခြင်းမျိုးပင်။ )

လပုံရိပ်များ ကျဆင်းလာတော့မည့် အချိန်မှာပင် အန်လင်း၏ နဖူးထက်၌ မီးလျှံအမှတ်အသား ပေါ်ထွက်လာကာ မီးလျှံတောင်ပံများလည်း ဖြစ်ပေါ်လာသည်။

သူသည် လက်တစ်ဖက်ဖြင့် လေးကြိုးတင်နေသဏ္ဍာန် လုပ်နေပြီး ကျန်လက်တစ်ဖက်ဖြင့် ဖန်းရိအား လက်ညှိုးထိုးထားသည်။

ကြီးမြတ်သန့်စင်မီးတောက်၊ ကြယ်မိစ္ဆာမီးတောက်၊ လရောင်ရှုခင်းမီးတောက်၊ ကောင်းကင်ဘုံဟာလာပြင်မီးတောက်တို့ ပေါင်းစည်းကာ မြှားတစ်စင်းအသွင် ဖြစ်ပေါ်လာသည်။

ထိုသည်မှာ အံ့ဖွယ်မီးတောက်လေးခု ပေါင်းဆုံနေသော ကြက်သွေးရောင် နတ်ဘုရားမြှား ဖြစ်သည်။ အန်လင်းသည် အစစ်အမှန် မီးတောင်ပံကျင့်စဉ်ကိုပါ အမြင့်ဆုံးထိ မြှင့်တင်ထားလိုက်သည်။

ဝုန်း....ဝုန်း....ဝုန်း....

အန်လင်း၏ ခန္ဓာကိုယ် တစ်ခုလုံးအား လပုံရိပ်များမှ လွှမ်းမိုးသွားသည်။

သို့သော် မြှားတစ်စင်းသည် လပုံရိပ်များအား ကျော်ဖြတ်ကာ ဖန်းရိ၏ နှလုံးသားကို ထိုးစိုက်သွားသည်။

လရောင်များ ပျောက်ကွယ်သွားပြီးနောက် ဖန်းရိမှာ မယုံကြည်နိုင်သော အမူအရာဖြင့် ရင်ဘတ်အား ငုံ့ကြည့်လိုက်သည်။

အချိန်အနည်းငယ် တိတ်ဆိတ်နေပြီးမှသာ အသိပြန်ဝင်လာတော့သည်။

"ငါရှုံးသွားတာလား.....မြန်လိုက်တာ။"

သူသည် အန်လင်းအားကြည့်ကာ ပို၍ပင် မယုံကြည်နိုင် ဖြစ်သွားရသည်။

အပြင်းထန်ဆုံးသော တိုက်ကွက်အား အသုံးပြုခဲ့ပါသော်လည်း အန်လင်း၏ အဝတ်အစားများ ​ဆုတ်ပြဲသွားသည်မှအပ ခန္ဓာကိုယ်တွင် ခြစ်ရာကလေးတစ်ခုမျှပင် မထင်ကျန်ခဲ့ပေ။

"ဝါး....."

ဖန်းရိ အသက်ရှူသံများ ပြင်းလာရသည်။

"မင်းရဲ့ခန္ဓာကိုယ်က ဘာသားနဲ့များ ထုထားတာလဲကွာ။"

အန်လင်းမှာ ခေါင်းကုတ်ကာ ဖန်းရိ၏ ပျောက်ကွယ်တော့မည့် ခန္ဓာကိုယ်အားကြည့်ရင်း သူ့ဘာသာ ပြန်မေးလိုက်သည်။

"ငါနိုင်သွားတာလား။"

ဖန်းရိ မျက်စိမျက်နှာ ပျက်သွားရသည်။

"မင်းနိုင်သွားတာပေါ့ကွ။ မင်းလို​ ပါရမီရှင်မျိုး ရှိနေမှတော့ ကောင်းကင်ဘုံခုံရုံးက အခုထက်ပိုပြီး အင်အားကောင်းလာဦးမှာပဲ။"

"သက်ညှာပေးလို့ ကျေးဇူးတင်ပါတယ် စီနီယာကြီး..."

အန်လင်း မျှော်လင့်တကြီး မေးမြန်းလိုက်သည်။

"အဲ့ဒါဆိုရင် အမွေအနှစ်ကရော...."

"အိုး....ငါမင်းကို မပေးတော့ဘူး။"

ဖန်းရိ လက်ခါပြလိုက်သည်။

အန်လင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

"ဘာလို့လဲ။"

ဖန်းရိကို သပ်သပ်ရပ်ရပ် အနိုင်ယူခဲ့တာတောင် အမွေအနှစ် မရဘူးလား......

"ငါ့အမွေအနှစ်ကိုရဖို့ ငါ့ကိုနိုင်ရမယ့်အပြင် စိတ်ကျေနပ်အောင် လုပ်ရမယ်လို့ ပြောခဲ့တယ်။"

ဖန်းရိ ရင်ဘတ်ပေါ်မှ မြှားဒဏ်ရာအား ညွှန်ပြလိုက်သည်။

"ဒါပေမယ့် မင်းက တိုက်ပွဲကို ဖွတ်ခနဲ ပြီးပစ်လိုက်တယ်။ ငါမရှုံးခင် စိတ်လေးတောင် မလှုပ်ရှားလိုက်ရဘူး။ မင်းကပြီးတာမြန်လွန်းတော့ ငါဘယ်လို စိတ်ကျေနပ်မှာလဲ။"

အန်လင်း ဒယိမ်းဒယိုင်ဖြစ်ကာ သွေးပင်အန်ချင်မိသွားသည်။

ကြားလိုက်ရသော စကားကြောင့် ကိုယ့်နားကိုယ်ပင် မယုံနိုင်ပေ။

မြန်လွန်းတယ်.....စိတ်ကျေနပ်မှု မရဘူး.....

ဘာအကြောင်းပြချက်ကြီးလဲ.....

ဒါကတိုက်ခိုက်နေတာလေ… ကုလားကားရိုက်နေတာမှ မဟုတ်ပဲ…

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်တွင် ရှိနေသော ကျောင်းသားများမှာလည်း အူကြောင်ကြောင် ဖြစ်ကုန်သည်။

အန်လင်းနှင့် ဖန်းရိတို့၏ စကားများအား ၎င်းတို့လည်း ကြားနေရသောကြောင့် ထိပ်တန်းအဆင့် ကောင်းကင်အင်မော်တယ်များပေါ်တွင်ထားသော အမြင်များ ပြောင်းကုန်ကြတော့သည်။

"ထိပ်တန်းအဆင့် ကောင်းကင်အင်မော်တယ် တစ်ယောက်က စကားကို အဲ့လိုပြောသင့်လား။"

"ငါယုံတောင်မယုံနိုင်ဘူး။ ထိပ်တန်းပါရမီရှင် အန်လင်းက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ကိုးဆယ့်နှစ်ထပ်မြောက်ကို အနိုင်ရခဲ့တာတောင် မြန်လွန်းလို့ အမွေအနှစ် မရဘူးပေါ့လေ။"

"နတ်ဘုရားအန်အတွက် တစ်မိနစ်လောက် ငြိမ်သက်ပေးလိုက်ရအောင်။ အဲ့အကြောင်းပြချက်ကို ကြားရတာ ငါတောင်သွေးအန်ချင်တယ်။"

"ကြည့်ရတာ အရမ်းအားကောင်းတာ အားသာချက် မဟုတ်ဘူး ထင်တယ်။ ကောင်းကင်အင်မော်တယ်တောင် သဘောမကျဘူး။"

............

အန်လင်း၏ ဘူပိတ်သွားသော အမူအရာအား မြင်လိုက်ရချိန်မှသာ ဖန်းရိမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။

အဲ့ကောင်ရဲ့ အားကောင်းလွန်းတဲ့ ခန္ဓာကိုယ်နဲ့ ကျင့်စဉ်တွေကို ကြည့်ပါဦး.....ဒင်းက ငါ့အမွေအနှစ်ကို လိုအပ်မှာတဲ့လား......

မလိုအပ်တဲ့ ကျင့်စဉ်ကို သင်ပေးရင်း အချိန်ဖြုန်းနေစရာမှ မရှိတာ....

တိုက်ပွဲမှတဆင့် အန်လင်း၏ ကျင့်စဉ်များသည် သူ၏ကျင့်စဉ်များထက် ပိုမိုအဆင့်မြင့်ကြောင်း ဖန်းရိ သိရှိခဲ့ရသည်။ ထို့ကြောင့် အန်လင်းကို အမွေအနှစ် ပေးမည့်အစား အခြားကျောင်းသား တစ်ဦးအတွက် ချန်ထားခြင်းမှာ ပို၍ကောင်းမွန်လိမ့်မည်။

သို့သော် ထိုသည်ကို ဝန်ခံရန် မဖြစ်နိုင်ပေ။ သို့မဟုတ်ပါက ထိပ်တန်းအဆင့် ကောင်းကင်အင်မော်တယ်ဟူသော ဂုဏ်ပုဒ်မှာ ပျက်စီးသွားမည် ဖြစ်သည်။

ဖန်းရိ ပြုံးပြကာ နှစ်သိမ့်ပေးလိုက်သည်။

"စိတ်မပျက်ပါနဲ့...အန်လင်း မင်းကအရမ်းတော်တော့ ပိုကောင်းတဲ့ အမွေအနှစ်တွေကို ရမှာပါ။ မင်းအခုထက်ပိုပြီးမြင့်တဲ့ အဆင့်တွေကိုလည်း စိန်ခေါ်နိုင်မယ်လို့ ငါထင်တယ်။ ကိုးဆယ့်ငါး ဒါမှမဟုတ် ကိုးဆယ့်ခြောက်လောက်ပေါ့။"

ထိုအချိန်တွင် အန်လင်းရှေ့သို့ ပိုင်ကျုံး ရောက်ရှိလာသည်။

"ဂုဏ်ယူပါတယ် ကျောင်းသားအန်လင်း....ကိုးဆယ့်နှစ်ထပ်မြောက်ကို အောင်မြင်သွားပြီဆိုတော့ မင်းဆက်သွားချင်သေးလား။"

လျင်မြန်လွန်းသော တိုက်ပွဲအား တွေ့မြင်ခဲ့ရပြီးနောက် အန်လင်း၏ တိုက်ပွဲစွမ်းရည်ကို နားလည်သွားခဲ့သည်။ ထို့ကြောင့် အန်လင်းအပေါ် အထင်အမြင်သေးခြင်းများ မရှိတော့ပေ။

"ကိုးဆယ့်ရှစ်ထပ်ကို ပို့ပေးပါ။"

အန်လင်း တွေဝေမနေပဲ တုံ့ပြန်လိုက်သည်။

ငါအရမ်းကို သတိထားနေသလိုပဲ....ကိုးဆယ့်နှစ်ထပ်မြောက်ကို ရွေးခဲ့တာ ဘာများပြန်ရလို့လဲ....bossကို အသေဆော်လိုက်ပေမယ့် ဘာပစ္စည်းမှတောင် အဖက်မတင်လိုက်ဘူး.....အစတည်းက အခက်ဆုံးကို ရွေးလိုက်သင့်တာ......

ပိုင်ကျုံး: "ကောင်းပြီလေ။"

All Chapters