← Chapters

စီနီယာကိုပျော်အောင်လုပ်ပေးမယ်

Vol. 43 Ch. 597

စီနီယာကိုပျော်အောင်လုပ်ပေးမယ်

Vol. 43 Ch. 597

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်၌

ကိုးဆယ့်ရှစ်ထပ်မြောက်ကို ရွေးချယ်သော အန်လင်း၏ ဆုံးဖြတ်ချက်အား ကြားလိုက်ရသောအခါ ကျောင်းသားများအားလုံး ဆွေးနွေးခန်း ဝင်ရပြန်သည်။

"ဘုရားရေ.....အန်လင်းက ကိုးဆယ့်ရှစ်ထပ်မြောက်ကို ရွေးလိုက်တာလား။ ကျောင်းတော်မှာ ဒီလိုဖြစ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။"

"ဝမ်ရွှမ်ကျန့်က ကိုးဆယ့်သုံးထပ်မြောက်ကိုနိုင်ပြီး ကိုးဆယ့်လေးထပ်မြောက်မှာ ရှုံးသွားဖူးတယ်။ အန်လင်းက ကိုးဆယ့်ရှစ်ထပ်မြောက်ကို တန်းတက်တော့မလို့လား။"

"ဟားဟား.....နတ်ဘုရားအန်က စီနီယာကျောင်းသားဝမ်ကို လက်တစ်ချောင်းတည်းနဲ့ အနိုင်ယူနိုင်တယ်။ အဲ့ဒါကြောင့် ကိုးဆယ့်ရှစ်ထပ်မြောက်ကလည်း ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး။"

"ဒီတိုက်ပွဲက တစ်သန်းမှာတစ်ခါ တွေ့ရဖို့ မလွယ်ဘူးဟေ့။ အန်လင်းသာ နိုင်သွားခဲ့ရင်တော့ သမိုင်းအသစ် ရေးထိုးနိုင်လိမ့်မယ်။"

"ဒီလို ဒဏ္ဍာရီလာ တိုက်ပွဲမျိုးကို မျက်မြင်ကိုယ်တွေ့ ကြုံရတော့မှာဆိုတော့ နောက်ဆို ကျောင်းတော်က အချိန်တွေ ပြန်တွေးတိုင်း အမှတ်တရ ဖြစ်နေတော့မှာပဲ။"

ကျောင်းသားအများစုမှာ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် မျက်နှာပြင်ပေါ်မှ အန်လင်းကိုကြည့်ရင်း စိတ်လှုပ်ရှားနေကြသည်။

အခြားတိုက်ပွဲများကို စောင့်ကြည့်နေကြသော ကျောင်းသားအနည်းငယ်လည်း ရှိသည်။

ဥပမာအားဖြင့် ကျောင်းသူတစ်စုသည် တိုက်ခိုက်နေခြင်း မရှိသော ရွှမ်းယွမ်ချန်ကိုသာ တစ်ချိန်လုံး အာရုံစိုက်နေသည်။

ရွှမ်းယွမ်ချန်မှာ တိုက်ခိုက်ရမည့်အစား စကားစမြည် ပြောဆိုနေခြင်း ဖြစ်သည်။

လှပသော ကောင်းကင်အင်မော်တယ် အမျိုးသမီးသည် သွေးနီရောင် ကြာပွတ်အားကိုင်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။

ခေတ္တကြာပြီးနောက် သူမ မောပန်းစွာ သက်ပြင်းချလိုက်သည်။

"နင်စကားပြောလို့ ပြီးပြီလား။"

ရွှမ်းယွမ်ချန် တည်ငြိမ်စွာ ခေါင်းခါပြသည်။

"မပြီးသေးဘူး။ စီနီယာ ရှုယွီ ဒီအင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ အတွင်းပိုင်း လုပ်ဆောင်ပုံတွေကို ကျွန်တော့်ဆီ ပေးလို့မရဘူးလား။ ဒီလိုအခြေအနေမှာ နေရတာ စီနီယာအတွက် အရမ်းနာကျင်ခက်ခဲမှာပဲ။"

ရှုယွီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"မဟုတ်ဘူး.....ငါဒီမှာ အရမ်းပျော်ပါတယ်။"

"ဘယ်လိုလုပ် ပျော်နိုင်မှာလဲ။ အံ့ဖွယ်တာအိုရဲ့ အစစ်အမှန် စိတ်ဆန္ဒနဲ့ ပေါင်းစည်းထားတဲ့ အံ့ဖွယ်စိတ်ဆန္ဒဆိုတာ အသိစိတ်ရှိတဲ့ လူလိုပဲလေ။ အဲ့ဒါကြောင့် ဒီမှာရှိနေတဲ့ စီနီယာရဲ့ အံ့ဖွယ်စိတ်ဆန္ဒက စီနီယာ ကိုယ်တိုင်လိုပါပဲ။"

ရွှမ်းယွမ်ချန် အသက်ပြင်းပြင်းရှူကာ ဆုံးဖြတ်ချက် ချထားဟန်ဖြင့် စကားဆိုလိုက်သည်။

"ကျွန်တော်က အနန္တစိတ်ဝိဉာဉ်ထိုက်ချိကို ကျင့်ကြံတာမို့လို့ စီနီယာ ကျွန်တော့်ကို အရူးလုပ်လို့ မရဘူး။ ဒီမျှော်စင်ထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်မိနေတာ စီနီယာ တကယ်ပဲ ပျော်ရဲ့လား။"

"ကောင်းကင်ဘုံခုံရုံးအတွက် တာဝန်ထမ်းဆောင်ပေးရတာ ဘယ်လိုပဲဖြစ်ဖြစ် ငါပျော်ပါတယ်။"

ရှုယွီ တုံ့ပြန်လာသည်။

"မဟုတ်ဘူး။ စီနီယာ ပျော်မနေပါဘူး....စီနီယာရဲ့ မျက်ဝန်းတွေထဲမှာ ဝမ်းနည်းမှုတွေ ကျွန်တော် မြင်နေရတယ်။"

ရွှမ်းယွမ်ချန် ခေါင်းမာနေသည်။

ရှုယွီ: "ငါတကယ်ပျော်ပါတယ်။"

"စီနီယာ တကယ်မပျော်ပါဘူး။"

ရွှမ်းယွမ်ချန် အလေးအနက်ကို ငြင်းခုံနေသည်။

ရှုယွီ: " ....."

ဒင်းသာ ချောချောလေး မဟုတ်ရင် ငါဆော်ပစ်လိုက်တာကြာပြီ....ငါ့အတွက် စိတ်ပူနေတယ်ပဲပြောပြော တော်တော်လေကြောရှည်တယ်.....

"အဲ့တော့ နင်ကဘာလုပ်ချင်လို့လဲ။"

ရှုယွီ လက်လျှော့ကာ မေးလိုက်သည်။

"ကျွန်တော်က အနန္တစိတ်ဝိဉာဉ်တာအိုနဲ့ ပက်သတ်ပြီး ဗဟုသုတ ရှိတယ်။ အဲ့ဒါကြောင့် စီနီယာကို နောက်ဘဝကူးအောင် လုပ်ပေးလို့ရတယ်။ ဒါပေမယ့် စီနီယာကိုယ်တိုင် လိုလိုလားလား ပူးပေါင်းပေးမှ ဖြစ်လိမ့်မယ်။"

ရွှမ်းယွမ်ချန် ရိုးသားစွာ ပြောလိုက်သည်။

ရှုယွီ၏ အမူအရာ ခက်ထန်သွားရသည်။

"အဲ့တော့နင်ကငါ့ကို သတ်မလို့လား။"

ရွှမ်းယွမ်ချန် ခေါင်းတွင်တွင်ခါပြသည်။

"မဟုတ်ပါဘူး။ စီနီယာနဲ့ ထိုက်တန်တဲ့ လွတ်မြောက်မှုကို ပေးချင်လို့ပါ။ အဲ့ဒါမှ စီနီယာက ဘဝကူးပြီး ပြန်ဝင်စားလို့ရမှာလေ။ စီနီယာက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ အထပ်ရှစ်ဆယ်လုံးမှာ တွေ့ခဲ့ရတဲ့ အံ့ဖွယ်စိတ်ဆန္ဒတွေနဲ့ မတူဘူး။ စီနီယာရဲ့ အသိစိတ်က ဒီကိုရောက်နေရင် ပြန်လည်ဝင်စားခြင်း ဘဝသံသရာထဲ ပြန်ပါလို့ရမှာ မဟုတ်ဘူး။"

ရှုယွီ မျက်စောင်းထိုးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် နင်ကငါ့ကို သတ်ချင်နေတာပဲ။"

ရွှမ်းယွမ်ချန်၏ နှုတ်ခမ်းထက်တွင် နွေးထွေးသော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

"စီနီယာရော ဘဝအသစ် မလိုချင်တော့ဘူးလား။ လောကကြီးရဲ့ အလှအပတွေကိုရော နောက်တစ်ကြိမ် ထပ်ပြီးမခံစားချင်ဘူးလား။"

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် ပြတင်းပေါက်မှတဆင့် နေရောင်ခြည်များ ဝင်ရောက်ကာ ရွှမ်းယွမ်ချန်၏ မျက်နှာပေါ် ဖြာကျနေပါသော်လည်း သူ၏အပြုံးမှာ နေရောင်ထက်ပင် နွေးထွေးနေသေးသည်။ မျှော်စင်အပြင်ဘက်မှ စောင့်ကြည့်နေသူများသည်ပင် ထိုအပြုံးကြောင့် ငေးငေးကြောင်ကြောင် ဖြစ်နေမိကြသည်။

ကမ္ဘာကြီး တစ်ခုလုံး၏ နူးညံ့သိမ်မွေ့မှုများသည် ထိုအပြုံးပေါ် ရောက်ရှိနေသလိုပင်။

ရှုယွီသည်လည်း ထိုအမျိုးသားကိုကြည့်ကာ ငေးမောနေမိသည်။

ထိုကောင်လေးသည် ခေါင်းမာလွန်းသည်ဟု သူမ အတွေးရောက်ခဲ့ဖူးသည်။

သို့သော် နွေးထွေးညင်သာသော အပြုံးအား တွေ့လိုက်ရသောအခါ သူမ၏ အတွေးများအားလုံး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်တွင်ရှိသော ရွှမ်းယွမ်ချန်၏ အမာခံ ပရိသတ်များမှာ အသဲတယားယား ဖြစ်နေကြသည်။

"ဒါပေမယ့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ အံ့ဖွယ်စိတ်ဆန္ဒ အနေနဲ့နေဖို့ ကတိပြုထားတယ်။"

ရှုယွီမှာ ဦးနှောက်များ ကမောက်ကမ ဖြစ်နေသလို ခံစားလာရသည်။

"အဲ့တာ ဘာဖြစ်လို့လဲ။ စီနီယာ ပူးပေါင်းပေးသမျှ ကျွန်တော် စီနီယာကို နောက်ဘဝ ပို့ပေးနိုင်တယ်။"

ရွှမ်းယွမ်ချန်၏ အပြုံးမှာ ပိုမိုနွေးထွေးလာသည်။

"သေဆုံးသွားတဲ့ အင်မော်တယ်တွေရဲ့ အံ့ဖွယ်စိတ်ဆန္ဒတွေကို ဒီနေရာမှာ ပိတ်လှောင်ထားတာ မဖြစ်သင့်ဘူးလို့ ကျွန်တော် ထင်တယ်။ ကောင်းကင်ဘုံခုံရုံးရဲ့ ကျောင်းသားတွေ ကောင်းကျိုးအတွက် ဆိုပေမယ့် တခြားနည်းလမ်းတွေ အများကြီး ရှိပါသေးတယ်။ ကောင်းကင်အင်မော်တယ်တွေရဲ့ အံ့ဖွယ်စိတ်ဆန္ဒတွေကို ပိတ်လှောင်ထားပြီးမှ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်နိုင်မှာလား။"

ရှုယွီမှာ ရွှမ်းယွမ်ချန်၏ စကားနှင့် အမူအရာထဲတွင် သူတော်ကောင်းဟန်ဆောင်သော အငွေ့အသက်ကိုမှ မခံစားမိပေ။

သူသည် သူမအတွက် အမှန်တကယ် စိတ်အားထက်သန်နေခြင်းဖြစ်ကြောင်း ရှုယွီ နားလည်လိုက်သည်။

"ကျွန်တော်က အရမ်းအားနည်းနေသေးတယ်။ ဒါပေမယ့် အကောင်းဆုံး ကြိုးစားပြီး လူတိုင်းကို ထိုက်တန်တဲ့ ပျော်ရွှင်မှုရအောင် ကူညီပေးချင်တယ်။ စီနီယာကို ပျော်ရွှင်ရအောင်လည်း ကျွန်တော် လုပ်နိုင်သမျှ လုပ်ပေးမှာပါ။ အားလုံးအပေါ် ကျွန်တော် လေးစားမှု ရှိပါတယ်။"

ရွှမ်းယွမ်ချန်၏ စကားလုံး တစ်လုံးချင်းစီသည် ရှုယွီ၏ နှလုံးသားထဲ သံမှိုအလား စွဲကပ်သွားသည်။

နှစ်ပေါင်းများစွာအတွင်း ရောက်လာသမျှ လူတိုင်းနှင့် တိုက်ပွဲဆင်နွှဲခဲ့ရသည်။

ထိုသည်မှလွဲ၍ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ပြတင်းပေါက်မှတဆင့် ကောင်းကင်ပြာအား ငေးမော​ကြည့်ရှုလေ့ ရှိသည်။

ပြင်ပကမ္ဘာသည် သူမအတွက် ငေးကြည့်နေရုံသာ တတ်နိုင်သော နေရာတစ်ခု ဖြစ်ခဲ့သည်။

သူမသည် စက်ရုပ်တစ်ရုပ်သဖွယ် တိုက်ခိုက်နေရင်း စိတ်ဆန္ဒ အလိုအလျောက် အားနည်းကာ ပျောက်ကွယ်သွားမည့် အချိန်ကို စောင့်မျှော်နေမိသည်။

သူမ ပျော်ခဲ့လား.....

သူမ၏ နှလုံးသားထဲတွင် ​ကောင်းကင်ဘုံခုံရုံးအတွက် တာဝန်ထမ်းဆောင်လိုစိတ် အပြည့်အဝ ရှိနေသည်။

သို့သော် သူမ ပျော်ခဲ့ရဲ့လား....

မျက်စိရှေ့တွင် ရှိနေသော အမျိုးသားသည် သူမအား မတိုက်ခိုက်လိုပဲ သူမထံတွင် ပျော်ရွှင်ခြင်းမရှိဟုသာ ပြောနေခဲ့သည်။

ခန့်မှန်းရလွယ်သော အဆုံးမရှိသည့် တိုက်ပွဲများ အဆုံးသတ်ချိန်သို့ ရောက်လာပုံရသည်။

အရောင်အဆင်း ကင်းမဲ့နေသော သူမ၏ မီးခိုးရောင် ကမ္ဘာထဲတွင် ရွှမ်းယွမ်ချန်သည် နွေးထွေးသော မနက်ခင်း နေရောင်လို လူမျိုးဖြစ်ကာ နှစ်ပေါင်းများစွာအတွင်း ရောင်စဉ်များစွာကို ပထမဆုံးအကြိမ် တွေ့မြင်ခွင့် ရစေခဲ့သည်။

"စီနီယာ လွတ်လပ်မှုကို မလိုချင်ဘူးလား။ အရာအားလုံး အစကနေ ပြန်မစချင်ဘူးလား။ ဒီမှာရှိနေရတာ စိတ်ညစ်လို့ လွတ်​မြောက်ချင်တယ်ဆိုရင် ကျွန်တော် ကူညီပေးနိုင်ပါတယ်။"

ရွှမ်းယွမ်ချန် လက်ကမ်းပေးလိုက်သည်။ ရှုယွီသည် ထိုလက်ကိုကြည့်ရင်း နှလုံးသားထဲ သတ္တိများ ပေါက်ဖွားလာတော့သည်။

ရှုယွီ မျက်ရည်အဝဲသားဖြင့် ရှေ့တွင်ရှိနေသော အမျိုးသားအား ကြည့်ရှုလိုက်သည်။

တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်ပေးမှုကို ခံရတယ်ဆိုတာ ဒီလိုမျိုးလား......ငါဒါမျိုး မခံစားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ.....

သေသွားတာ ကြာခဲ့ပေမယ့် ပြန်ရှင်သန်လာသလို ခံစားရတယ်.....

ရှုယွီ တောက်ပစွာ ပြုံးလိုက်သောကြောင့် အလှတရားများ ပိုမိုပေါ်လွင်လာသည်။

"ရွှမ်းယွမ်ချန် နင်ကတကယ် စိတ်ဝင်စားစရာပဲ။ ငါသာ အသက်ရှိနေသေးရင် နင့်ကို တာအိုလက်တွဲဖော်အဖြစ် သတ်မှတ်မိမှာ သေချာတယ်။"

ရှုယွီ၏ နူးညံ့သော စကားသံသည် နွေဦးလေပြေလေးကဲ့သို့ နားဝင်ချိုလှသည်။

ရွှမ်းယွမ်ချန်မှာ ဘာလုပ်ရမှန်း မသိတော့ပဲ လက်သည်လည်း လေထဲတွင် တန်းလန်းရပ်သွားသည်။

နေပါဦး.....ဒါက အချစ်ကို ဝန်ခံနေတာလား....ဘယ်လိုလုပ် ဒီလိုတွေ ဖြစ်ကုန်တာလဲ.....

ထိုအချိန်တွင် ရှုယွီမှာ ရွှမ်းယွမ်ချန်၏လက်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။

ရွှမ်းယွမ်ချန်ထံမှ နွေးထွေးသော အငွေ့အသက်များကို သူမ ခံစားလိုက်မိသည်။

သူက မှီခိုအားထားလို့ရမယ့် သူမျိုးပါလား......

ရှုယွီ အသက်ပြင်းပြင်းရှူကာ လှပစွာ ပြုံးလိုက်သည်။

"ရွှမ်းယွမ်ချန် ငါဘဝအသစ် လိုချင်တယ်။ ငါ့ကိုကူညီပေးပါ။"

All Chapters