← Chapters

နောက်ဘဝမှာတွေ့ကြမယ်

Vol. 43 Ch. 598

နောက်ဘဝမှာတွေ့ကြမယ်

Vol. 43 Ch. 598

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်၌

အားလုံးမှာ ရွှမ်းယွမ်ချန်ကို အာရုံစိုက်နေကြသည်။

မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းသည် အနည်းငယ်မျှ ယုံကြည်ချင်စဖွယ် မရှိပေ။ ထို့ကြောင့် အံ့အားသင့်သော အာမေဋိတ်သံများနှင့်အတူ ရွှမ်းယွမ်ချန်ထံမှ အကြည့်မခွာနိုင် ဖြစ်ကုန်သည်။

"ယီးထဲမှ....ဘာတွေဖြစ်ကုန်တာလဲ။ ဘာလို့ ရွှမ်းယွမ်ချန်က အဲ့အမျိုးသမီးနဲ့ လက်ကိုင်ထားရတာလဲ။"

ရွှမ်းယွမ်ချန်၏ တိုက်ပွဲအား ယခုလေးတင်မှ သတိပြုသူများမှာ ပါးစပ်အဟောင်းသား ဖြစ်နေကြရသည်။

"ဒါက စမ်းသပ်ချက်ကို ပြောင်းပစ်လိုက်တာလား ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးအတွက် ခြေတစ်လှမ်း အစပျိုးနေတာလား။"

"ဘာတွေဖြစ်နေတာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြပေးကြပါဦး။"

ကျောင်းသားများမှာ ရှင်းပြချက်အား အသည်းအသန် တောင်းဆိုကြတော့သည်။

သို့သော် အဖြစ်အပျက် တစ်ခုလုံးကို မြင်တွေ့ခဲ့ရသူများမှာလည်း ရှင်းပြရန် စိတ်မပါသေးပဲ မြင်နေရသော မြင်ကွင်းနှင့်သာ အလုပ်များနေသည်။ ယုံကြည်နိုင်စရာ တစ်ကွက်မှ မရှိသောကြောင့် ၎င်းတို့အနေဖြင့် အချိန်အတော် ယူလိုက်ကြရသည်။

"ရွှမ်းယွမ်ချန်က အဲ့လောက်တောင် ကြမ်းတာလား။ ဘိုးဘေးစိတ်ဆန္ဒကိုတောင်မှ တွဲနေပြီပေါ့လေ။"

ကျောင်းသားအချို့မှာ ရွှတ်နောက်နောက်ဖြင့် စနေသည်။

"လက်ထပ်သွားတာ ဂုဏ်ယူရမှာပေါ့။ ပျားရည်ဆမ်းခရီးလေးဘာလေး ထွက်သင့်ပြီ။"

"ဝါး.....ရွှမ်းယွမ်ချန်က ငါ့မင်းသားလေးပဲ။ ဘာလို့အဲ့လို လုပ်ရတာလဲ။ ဘာလို့သူမကို ရွေးသွားရတာလဲ။"

ကျောင်းသူအချို့၏ နှလုံးသားများမှာ ခွမ်းခနဲနေအောင် ကွဲကြေသွားလေပြီ။

"ဟူး.....သူတို့အတွက် ကောင်းချီးတွေကိုပဲ ပေးသင့်တာပေါ့။"

"ပြောရရင် ငါလည်း ရွှမ်းယွမ်ချန် မှန်တယ်လို့ထင်တယ်။ ကောင်းကင်ဘုံခုံရုံးမှာ ကတိပြုထားတယ် ဆိုပေမယ့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ ပိတ်မိနေရတဲ့ ဘိုးဘေးစိတ်ဆန္ဒတွေက သနားစရာပဲ။ သူတို့သာ ထွက်သွားချင်တယ်ဆိုရင် ထွက်သွားခွင့် ပြုသင့်တယ်။"

ကျောင်းသားအများစုမှာ ထိုစကားကို ထောက်ခံလိုက်ကြသည်။

အချို့သော ကျောင်းသားများမှာမူ ကောင်းကင်ဘုံခုံရုံး၏ တာဝန်ဝတ္တရားများဘက်မှ တွေးမိကြသောကြောင့် သဘောမတူသူများလည်း ရှိသည်။

...........

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၌

ရွှမ်းယွမ်ချန်မှာ ရှုယွီ၏လက်အားကိုင်ကာ ငေးငေးကြောင်ကြောင် ဖြစ်နေသည်။

သို့သော် လျင်မြန်စွာပင် အသိစိတ် ဝင်လာကာ သူမ၏လက်အား လွှတ်ပေးလျက် နွေးထွေးစွာ ပြုံးပြလိုက်သည်။

"စီနီယာ ရှုယွီ....ကျင့်ကြံရေးကို အသက်သွင်းပြီးတော့ ကျွန်တော် ပြောတဲ့အတိုင်း လိုက်လုပ်ပေးပါ။ အံ့ဖွယ်တာအိုရဲ့ အစစ်အမှန် စိတ်ဆန္ဒကို အံ့ဖွယ်စိတ်ဆန္ဒကနေ ခွဲထုတ်ပေးပါ့မယ်။"

ရှုယွီသည် ရွှမ်းယွမ်ချန်အား မျက်တောင်မခတ် ကြည့်နေရင်းနှင့်ပင် ခေါင်းညိတ်ပြလိုက်သည်။

အန်လင်းအား ကိုးဆယ့်ရှစ်ထပ်မြောက် ပို့ဆောင်ပေးခဲ့သော ပိုင်ကျုံးမှာ တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားရသောကြောင့် ရှစ်ဆယ့်နှစ်ထပ်မြောက်အား ကြည့်ရှုလိုက်သည်။

မြင်လိုက်ရသော မြင်ကွင်းကြောင့် သတိပင် လစ်မလို ဖြစ်သွားရသည်။

ရွှမ်းယွမ်ချန်က ယီးဖြစ်လို့ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်က အံ့ဖွယ်စိတ်ဆန္ဒကို ဘဝကူးပေးချင်နေတာလား.....

အရေးကြီးတာက အံ့ဖွယ်စိတ်ဆန္ဒကလည်း နည်းနည်းလေးတောင် မငြင်းဘူးလားဟ.....

ယီးတွေဖြစ်နေတာလား.....ဒီနှစ် ကျောင်းသားတွေက ဘာတွေလဲ.... ဘာကြီးတွေလဲ.... အမလေး....ငါသွေးတက်.....

ဒင်းတို့တွေ အရမ်းတော်၊ အရမ်းထူးချွန်နေတာကိုတော့ လက်ခံပေးလို့ ရပါတယ်....ဒါပေမယ့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်က အံ့ဖွယ်စိတ်ဆန္ဒတွေကို​တောင် ဘဝကူးပေးတော့မလို့လား.....

ပိုင်ကျုံးမှာ ဘူလည်းပိတ်သလို အတော်လည်း စိတ်ပင်ပန်းနေလေပြီ။

သူမပြောနှင့် ဒုကျောင်းအုပ် ယွီဟွားသည်ပင် ထိုသို့ဆုံးဖြတ်ပိုင်ခွင့် မရှိပေ။

ရှုယွီ၏ လိုလားနေသော အမူအရာအား တွေ့လိုက်ရပြီးနောက် ပိုင်ကျုံးမှာ သွားမတားတော့ပဲ ကောင်းကင်အရှင်သခင်ကိုသာ လှမ်းဆက်သွယ်လိုက်သည်။

ကောင်းကင်အရှင်သခင်ကသာ ထိုသို့ဆုံးဖြတ်နိုင်သူ ဖြစ်သည်။

ပိုင်ကျုံးသည် ကောင်းကင်အရှင်သခင်ထံ အဖြစ်အပျက်များ သတင်းပို့ပြီးနောက် တစ်ဖက်မှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် စိတ်ပျက်ဟန်နှင့် စိတ်သက်သာရာရဟန် ရောယှက်နေသော သက်ပြင်းချသံတစ်ခုအား ကြားလိုက်ရသည်။

"ဟူး.....လွှတ်ထားပေးလိုက်ပါ။"

ထိုစကား၏ အဓိပ္ပါယ်မှာ ရှင်းလင်းလွန်းလှသည်။

ကောင်းကင်အရှင်သခင်သည် ရှုယွီနှင့် ရွှမ်းယွမ်ချန်တို့အား ဝင်မရှုပ်ရန် အကြံပေးနေခြင်းပင်။

ရှုယွီမှာ မျက်ဝန်းများ မှိတ်ထားပြီး သူမ၏ ခန္ဓာကိုယ်မှ အဖြူရောင် အလင်းစက်ဝန်းတစ်ခု ထွက်ပေါ်နေသည်။

သေခြင်းနှင့်ရှင်ခြင်းကို ကိုယ်စားပြုသော ယင်းယန်စက်ဝိုင်းကြီးတစ်ခုမှာလည်း မြေပြင်ပေါ်တွင် ရှိနေသည်။

ရွှမ်းယွမ်ချန်သည် အနန္တစိတ်ဝိဉာဉ်ထိုက်ချိအား အသက်သွင်းကာ သိစိတ်ကိုလည်း အမြင့်ဆုံး မြှင့်တင်လိုက်ပြီးနောက် ပြင်းထန်လှသော စွမ်းအင်များနှင့်အတူ ဆန်းကြယ်သော အလင်းရောင်မှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်နှစ်ထပ် တစ်ခုလုံးကို တောက်ပသွားစေသည်။

ရှုယွီသည် တစ်စုံတစ်ခု ကျိုးပျက်သွားပြီး ခန္ဓာကိုယ်မှာ ပေါ့ပါးသွားသလို ခံစားလာရသည်။

သို့သော် စွမ်းအင်အား အလွန်အကျွံ သုံးစွဲခြင်းမှာ မကောင်းလှပေ။

ရွှမ်းယွမ်ချန်၏ မျက်ဝန်းများတွင် သွေးများပြည့်လျှံလာကာ နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများစီးကျလာသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိုသည်ကို ဂရုမစိုက်ပဲ ဆက်လက်လုပ်ဆောင်နေသည်။

ရှုယွီ တစ်စုံတစ်ခုကို အာရုံခံမိကာ မျက်လုံးဖွင့်လိုက်သောအခါ ဆိုးဆိုးရွားရွား ဖြစ်နေသော ရွှမ်းယွမ်ချန်ကို တွေ့လိုက်ရသည်။

သူမ၏နှလုံးသားများ နာကျင်တုန်လှုပ်ကာ ပြောမပြတတ်သော ခံစားချက်များ ဖြစ်ပေါ်လာသည်။

"ရွှမ်းယွမ်ချန်....နင်....."

"စကားမပြောပဲ အာရုံစိုက်ထား....."

ရွှမ်းယွမ်ချန် အော်ဟစ်သတိပေးလိုက်သည်။

ရှုယွီ ရွှမ်းယွမ်ချန်အား တစ်ချက်မျှ ကြည့်ရှုလိုက်ပြီးနောက် မျက်ဝန်းများကိုပိတ်ကာ ပြန်လည်အာရုံစိုက်လိုက်သည်။

ဝုန်း.....

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် ရှစ်ဆယ့်နှစ်ထပ် တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

ဖြစ်ပေါ်လာသော စွမ်းအင်များသည် သိမ်မွေ့နက်နဲသလို တစ်ချိန်တည်းမှာပင် ကြမ်းတမ်းခက်ထန်နေပြန်သည်။ ထိုစွမ်းအင်များ စုဝေးသွားကာ ကခုန်နေသော နဂါးတစ်ကောင်အသွင် ပေါ်ထွက်လာသည်။ ထိုသည်မှာ ရှုယွီ၏ အံ့ဖွယ်တာအိုမှ အစစ်အမှန် စိတ်ဆန္ဒပင်။

စွမ်းအင်များသည် မီးရှူးမီးပန်းများအလား လှပစွာ ဖြာထွက်လာပြီး မီးရှူးမီးပန်းများကဲ့သို့ပင် လျင်မြန်စွာ ပြန်လည်ပျောက်ကွယ်သွားသည်။

ပန်းပွင့်သဏ္ဍာန် အနီရောင်ဝတ်စုံကို ဆင်မြန်းထားသော တင့်တယ်လွန်းသည့် ကောင်းကင်အင်မော်တယ်တစ်ပါး ရွှမ်းယွမ်ချန်ရှေ့တွင် ထွက်ပေါ်လာသည်။ သူမသည် မျက်ရည်အဝဲသားဖြင့် ရွှမ်းယွမ်ချန်အား တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်သည်။

"တကယ်.....တကယ့်ကို ကျေးဇူးတင်ပါတယ်။"

ရှုယွီ၏ ခံစားချက်များ အလွန်ပြင်းထန်နေကြောင်း သတိပြုမိသောကြောင့် ရွှမ်းယွမ်ချန် ခပ်ဖွဖွပြုံးကာ ပင်ပန်းနွမ်းနယ်နေသော လက်ချောင်းများဖြင့် သူမ၏ ကျောပြင်အား ပုတ်ပေးလိုက်သည်။

"စီနီယာက ကောင်းကင်ဘုံခုံရုံးရဲ့ သူရဲကောင်းပါပဲ။ နောက်ဘဝမှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်။"

ရှုယွီ မျက်ရည်များ ကျဆင်းလာတော့သည်။

"ငါလုပ်ခဲ့တာ မှားလားမှန်လား မသိပေမယ့် နင်ကငါ့ဘဝရဲ့ နောက်ဆုံးအခိုက်အတန့်ကို လင်းလက်စေတဲ့ ရောင်ခြည်လေးပါ။"

ရှုယွီ၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး သိမ်မွေ့သော စကားသံ တစ်ခုသာ ရွှမ်းယွမ်ချန်၏နားထဲ ပဲ့တင်ထပ်ကျန်ခဲ့သည်။

"တကယ်ပဲ ငါပြန်ဝင်စားခဲ့ရင် နောက်ဘဝမှာ နင်နဲ့တွေ့ချင်မိတယ်။"

ရွှမ်းယွမ်ချန် ပြုံးကာခေါင်းညိတ်ပြလိုက်ပြီးနောက် မောပန်းစွာ လှဲချလိုက်သည်။

သူသည် အကန့်အသတ် ကျော်လွန်သည်အထိ စွမ်းအင်အား အသုံးပြုခဲ့သောကြောင့် မည်သို့မှ တောင့်ခံမထားနိုင်တော့ပေ။

ရှုယွီ ထွက်ခွာသွားပြီးနောက် ရွှမ်းယွမ်ချန်လည်း သတိလစ်သွားလေသည်။

စက္ကန့်အနည်းငယ် ကြာမြင့်ပြီးနောက်တွင် အဖိုးအိုတစ်ဦး ပေါ်ထွက်လာသည်။

ပိုင်ကျုံးသည် စိတ်ရှုပ်ထွေးနေဟန်ဖြင့် ရွှမ်းယွမ်ချန်အား ကြည့်ရှုလိုက်သည်။

ရွှမ်းယွမ်ချန်၏ လုပ်ရပ်အား နားမလည်ခဲ့ပါသော်လည်း ရှုယွီ၏ နှုတ်ဆက်စကားကို ကြားလိုက်ရသောအခါ အနည်းငယ် သဘောပေါက်လာသလို ရှိလာခဲ့သည်။

"ဟူး.....သူတို့တွေက အသိစိတ်ရှိတဲ့ သူတွေပဲလေ။ ငါကသာ သူတို့ရဲ့ ခံစားချက်တွေကို လျစ်လျူရှုခဲ့မိတာ။"

"မင်းလုပ်ခဲ့တာ မှန်ကောင်းမှန်မှာပါ။"

ပိုင်ကျုံး သက်ပြင်းချကာ ရွှမ်းယွမ်ချန်အား အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်သည်။

ထို့နောက် သူ့ဘာသာ တိုးညင်းစွာ ရေရွတ်မိသည်။

"ဒီကောင်လေးတွေက ဘာတွေလဲဟ.....ကျန်တဲ့ကောင်တွေလည်း ပြဿနာ မရှာနိုင်အောင် သေချာစောင့်ကြည့်မှ ရတော့မယ်။"

............

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်၌

ကျောင်းသားများမှာ ကောင်းမွန်လွန်းသော ရုပ်ရှင်တစ်ကားအား ကြည့်ရှုလိုက်ရသလို ခံစားနေကြရသည်။

"ရွှမ်းယွမ်ချန်က ကောင်းကင်အင်မော်တယ်ကို ဘဝကူးပေးလိုက်တာလား။ ဘယ်လိုများ လုပ်နိုင်တာလဲဟ။"

"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် စတည်ထောင်ချိန်တည်းက အခုလိုဖြစ်တာ ပထမဆုံးပဲမလား။ ကောင်းကင်ဘုံခုံရုံးရဲ့ ထိပ်တန်းပါရမီရှင် ဆိုတဲ့အတိုင်းပဲ ငါတို့ကျောင်းတော်မှာ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်လာပြီပေါ့။"

"အရမ်းရင်ထဲထိတယ်ဟာ။ သူတို့ကို shipတယ်။ ချန်ယွီစုံတွဲပဲဟေ့...."

(shipတယ်ဆိုတာ fan girlတွေကြားက အသုံးအနှုန်း တစ်ခုပါ။ လူနှစ်ယောက်ကို သဘောတူတယ်ဆိုရင် တစ်ယောက်ချင်းစီရဲ့ နာမည်တစ်လုံးစီကိုယူပြီး cp nameပေးကြပါတယ်။ အဲ့ဒါကြောင့် ရွှမ်းယွမ်ချန်က ချန်နဲ့ ရှုယွီက ယွီပေါင်းပြီး ချန်ယွီ cp name ဖြစ်လာတာပါ။)

"သပလား....ရွှမ်းယွမ်ချန်က ငါ့အတွက်ပဲ။"

"ရွှမ်းယွမ်ချန်က ရှစ်ဆယ့်နှစ်ထပ်မှာတင် သတိလစ်သွားတာ နှမြောစရာပဲ။ အမွေအနှစ်တွေတောင် မရလိုက်ဘူး။"

"နင်ကသာ နှမြောနေတာ။ ရွှမ်းယွမ်ချန်ကတော့ သတိလစ်သွားတာတောင် အပြုံးလေးနဲ့နော်။"

.........

"ကြည့်စမ်း.....လျှိုချင်းဟွမ်က ရှစ်ဆယ့်ခုနစ်ထပ်မြောက်က ကောင်းကင်အင်မော်တယ်ကို နိုင်သွားပြီ။"

All Chapters