← Chapters

ပင်ပန်းနေသောပိုင်ကျုံး

Vol. 43 Ch. 599

ပင်ပန်းနေသောပိုင်ကျုံး

Vol. 43 Ch. 599

တားမြစ်ဧရိယာ၏ ကာကွယ်စောင့်ရှောက်သူ ဖြစ်သည်နှင့်အညီ ပိုင်ကျုံးသည် တားမြစ်ဧရိယာ တစ်ခုလုံးအား ကြီးကြပ်ပေးရန် တာဝန်ရှိသည်။

သူသည် အလုပ်တာဝန်များအား လွယ်လင့်တကူ ကျော်လွှားနိုင်ခဲ့ပါသော်လည်း ယခုနှစ် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ စမ်းသပ်ပွဲမှာ ရင်ထိတ်စရာများ ပြည့်နှက်နေလေသည်။

အန်လင်းနှင့် စုရှောင်လန်တို့၏ ကြောက်မက်ဖွယ် စွမ်းအင်များသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ လိုအပ်ချက်များကို မီးမောင်းထိုးပြခဲ့သည်။ ရွှမ်းယွမ်ချန်သည် ရှုယွီအား ဘဝကူးနိုင်အောင် ကူညီပေးခဲ့ခြင်းမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ လူသားမဆန်မှုများကို ပေါ်လွင်စေခဲ့သည်။

ပိုင်ကျုံးမှာ လူရောစိတ်ပါ ပင်ပန်းနေပါသော်လည်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ပြစ်ချက်များကို သိလိုက်ရသောကြောင့် အနည်းငယ် စိတ်သက်သာရာ ရနေသည်။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ လိုအပ်ချက်များအား တဲ့တိုးအဆန်ဆုံး နည်းလမ်းဖြင့် ကွက်ကွက်ကွင်းကွင်း သိမြင်အောင် ပြသပေးခဲ့သော ကျောင်းသားများကိုပင် ကျေးဇူးတင်သင့်လား မသိတော့ပေ။

လျှိုချင်းဟွမ်သည် ရှစ်ဆယ့်ခုနစ်ထပ်မြောက်ရှိ ပြိုင်ဘက်အား အမှောက်သိပ်နိုင်ခဲ့ပြီး ကြယ်ဖြိုခွဲခြင်းလက်ဝါးကိုပင် အမွေအနှစ်အဖြစ် ရရှိခဲ့သည်။

ပိုင်ကျုံး လျှိုချင်းဟွမ်ထံသွားကာ ဂုဏ်ပြုစကား ဆိုလိုက်သည်။

စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ခြေလှမ်းတဝက်မျှသာ ရောက်ရှိသေးပါသော်လည်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်ခုနစ်ထပ်မြောက်ကို အနိုင်ရရှိခဲ့သောကြောင့် လျှိုချင်းဟွမ်မှာ သမိုင်းတစ်ခု ရေးထူနိုင်ခဲ့လေပြီ။

လျှိုချင်းဟွမ် အနည်းငယ် တွေးတောကာ ကိုးဆယ့်တစ်ထပ်မြောက်ကို ရွေးချယ်လိုက်သည်။

ပိုင်ကျုံးသည် သူမ၏ ရွေးချယ်မှုအား ဝင်မနှောင့်ယှက်လိုပါသော်လည်း ကိုးဆယ့်တစ်ထပ်အား ရွေးလိုက်သောအခါ ကူကယ်ရာမဲ့စွာဖြင့် မျက်နှာအစုံ ရှုံ့မဲ့သွားရပြီး မနေနိုင်မထိုင်နိုင် ဆူပူမိပြန်သည်။ ကိုယ့်အကန့်အသတ်ကိုယ်သိကာ ဝါးနိုင်သည်ထက် ပိုမစားရန် ပြောဖြစ်ခဲ့သည်။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်ခုနစ်ထပ်မြောက်အား အနိုင်ရရှိခဲ့သည်ကပင် ကောင်းမွန်လွန်းနေပြီ ဖြစ်သောကြောင့် အမွေအနှစ်များ ထပ်မံရရှိနိုင်ရန် နံပါတ်အစဉ်အတိုင်းသာ ရွေးချယ်သွားသင့်သည်။

သို့သော် လျှိုချင်းဟွမ်မှာ အရေးမစိုက်ဟန်ဖြင့် လက်ခါပြကာ လူငယ်များ၏ ရွေးချယ်မှုအား ဝင်မပါသင့်ကြောင့် လူတိုင်းတွင် ကွဲပြားခြားနားသော စိတ်ကူးအိမ်မက်များ ရှိကြကြောင်း ဆိုလာသည်။ လူကြီးများနှင့် လူငယ်များသည် မျိုးဆက်ကွာနေသောကြောင့် လူငယ်များ၏ ခံစားချက်၊ ခံယူချက်ကို နားမလည်နိုင်မည့်တူတူ လွှတ်ထားပေးသင့်ကြောင်းပါ ပြောလာသည်။

"ရေတွင်းထဲကဖားက ပင်လယ်ထဲကငါးကို အကြံပေးနိုင်စရာ အကြောင်းမရှိဘူးလေ။ စီနီယာ ပိုင်ကျုံးကို စော်ကားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အသက်တွေ၊ မျိုးဆက်တွေ ကွာနေမှတော့ ကျွန်မတို့ အမြင်တွေလည်း ညှိုနှိုင်းလို့ရမယ် မထင်ဘူး။"

လျှိုချင်းဟွမ်၏ စကား​ကြောင့် ပိုင်ကျုံး တိတ်ဆိတ်သွားရသည်။

စော်ကားတာ မဟုတ်ဘူးတဲ့လား.....အဲ့ဒါ အလိမ်အညာပဲ.....

ငါကမှ လျှိုချင်းဟွမ် အသိတရားရအောင် ဆုံးမနေသင့်တာ မဟုတ်ဘူးလား..... ဘာလို့ငါက ပြန်ပြီးအပြောခံနေရတာလဲ.....

ယခုနှစ် ကျောင်းသားများသည် ပြောလို့ဆိုလို့ရမည့်သူများ မဟုတ်ကြောင်း ပိုင်ကျုံး နားလည်သွားမိသည်။

ပိုင်ကျုံး မည်သည့်စကားမှ မဆိုတော့ပဲ လျှိုချင်းဟွမ်အား ကိုးဆယ့်တစ်ထပ်မြောက်သို့ လျင်မြန်စွာ ပို့ဆောင်ပေးလိုက်သည်။ လျှိုချင်းဟွမ်၏ စကားများကြောင့် သူ၏နှလုံးသားထဲတွင် ရှင်းမပြနိုင်သော ဝမ်းနည်းမှုများ အမြစ်တွယ်နေခဲ့လေပြီ။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်ခြောက်ထပ်မြောက်တွင် သန့်စင်သော အဖြူရောင် ဓားပုံရိပ်မှာ မဟူရာမြူခိုးများ ဖုံးလွှမ်းနေသော အမျိုးသားကို ထက်ပိုင်းဖြတ်ပစ်လိုက်သည်။ အကန့်အသတ်မဲ့သော ဗာမီလီယမ် မြင့်မြတ်မီးတောက်များမှာ ထိုအမျိုးသား၏ ခန္ဓာကိုယ်အား ပြာကျသွားစေသည်။

အမျိုးသားတစ်ဦး၏ပုံရိပ် ထွက်ပေါ်လာကာ စိတ်ကျေနပ်စွာ ပြောလိုက်သည်။

"တော်တယ်....စုရှောင်လန်....မင်းငါ့ကို နိုင်သွားပြီပဲ။ ကောင်းကင်ဘုံအဆိပ်ကျင့်စဉ်ကို အမွေအနှစ်အနေနဲ့ ပေးခဲ့မယ်။"

စုရှောင်လန် နောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်သွားသည်။

"စီနီယာ လင်ဟူကျွင်း....ကျွန်မ...ကျွန်မ ငြင်းလို့ရမလား။"

လင်ဟူကျွင်း မျက်မှောင်ကျုံ့လိုက်မိသည်။

"မင်းက ငါ့အမွေအနှစ်ကို ငြင်းချင်တာလား။"

စုရှောင်လန် ဆုံးဖြတ်ထားဟန်ဖြင့် ခေါင်းညိတ်ပြသည်။

"ကျွန်မရဲ့ သွေးဆက်က မီးနဲ့လျှပ်စီးတွေ ပါနေတယ်။ အဲ့နှစ်ခုလုံးက အဆိပ်တွေနဲ့ ဆန့်ကျင်ဘက်ပဲလေ။ အဲ့ဒါကြောင့် စွမ်းအင်နှစ်ခုကို ဘယ်လိုမှ ပေါင်းလို့ရမှာ မဟုတ်ဘူး။ အမွေအနှစ် ရခဲ့ရင်တောင် ကျွန်မ သေချာ မသုံးနိုင်လောက်ဘူး။"

လင်ဟူကျွင်း စိတ်နှလုံးများ နာကျင်ကာ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။

သူမ၏ အကြောင်းပြချက်မှာ သင့်တော်ပါသော်လည်း သူသည် တစ်ချိန်က အောင်မြင်ကျော်ကြားခဲ့သော ကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်သည်။ လူပေါင်းများစွာသည် သူ၏သင်ကြားပြသပေးမှုကို ခံယူလိုခဲ့ပါသော်လည်း ယခုတွင်မူ ထိုမိန်းမငယ်လေးမှာ အမွေအနှစ် ဆက်ခံရန် ငြင်းဆိုနေလေသည်။ ရှက်ရွံ့ခြင်းနှင့် မခံမရပ်ဖြစ်ခြင်း ခံစားချက်များမှာ နှလုံးသားထဲ စုပုံလာသည်။

ကောင်းကင်အင်မော်တယ်၏ နာကျင်နေသော ခံစားချက်များကို အာရုံခံမိပြီးနောက် ပိုင်ကျုံးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်ခြောက်ထပ်သို့ ချက်ချင်းရောက်ရှိလာသည်။

"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ရှစ်ဆယ့်ခြောက်ထပ်မြောက်ကို အောင်မြင်သွားလို့ ကျောင်းသူ စုရှောင်လန်ကို ဂုဏ်ပြုပါတယ်။"

ပိုင်ကျုံး အားယူကာ ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ စီနီယာ လင်ဟူကျွင်း ကျွန်မ တကယ်တောင်းပန်ပါတယ်။"

စုရှောင်လန် အရိုအသေပေးကာ တောင်းပန်လိုက်သည်။

ပိုင်ကျုံး နဖူးထက်ရှိ ချွေးများကိုသုတ်ကာ ဖျန်ဖြေရန် ကြိုးစားကြည့်သည်။

"တချို့အရာတွေက ကံကြမ္မာ အလိုကျဆိုတော့လည်း ဘယ်တတ်နိုင်ပါ့မလဲ။ စီနီယာ လင်ဟူကျွင်းက အရမ်းကြင်နာပြီး ခွင့်လွှတ်နားလည်ပေးတတ်တာ။ မင်းကို အငြှိုးထားမှာ မဟုတ်ပါဘူး။"

လင်ဟူကျွင်း၏ အမူအရာ ပြေလျော့သွားကာ ပိုင်ကျုံးအား ကြည့်ရှုလိုက်သည်။

"ဒါပေါ့။ ငါက အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ကို အငြှိုးထားနေစရာလား။ ဒါပေမယ့် စမ်းသပ်ခံမယ့် လူတွေကို မင်းနည်းနည်းပါးပါး ပြောပြထားလို့ မရဘူးလား။ ဥပမာ- ဘယ်လိုစမ်းသပ်မှုမျိုး တွေ့ရမယ်။ ဘာကျင့်စဉ်ကို အမွေအနှစ်အဖြစ် ရနိုင်တယ် ဆိုတာမျိုးပေါ့။ ဒီလောက်ကတော့ အခြေခံ သဘောတရားလို့ ထင်ထားခဲ့တာ။ ကြည့်ရတာ အဲ့လောက်တောင် မပြောပြထားဘူး ထင်ပါတယ်....ဟမ့်။"

လင်ဟူကျွင်း၏ ပုံရိပ်မှာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး ပိုင်ကျုံး ကြောင်တောင်တောင်ဖြင့် ကျန်ခဲ့သည်။

ငါအခုပဲ အဆူခံလိုက်ရတာလား.....

ပိုင်ကျုံး သွေးအန်တော့မလို ခံစားနေရသည်။

အားလုံးက ငါ့အပြစ်တွေချည်းပဲလား.....

သူသည် စုရှောင်လန်အား ဆူပူရန် တွေးထားပါသော်လည်း စကားလုံးများကိုသာ ပြန်မြိုချလိုက်မိသည်။

ပိုင်ကျုံး စိတ်မသက်မသာဖြင့်ပြုံးကာ နံပါတ်တံဆိပ်ပြားများ ထုတ်ပြလိုက်သည်။

"မင်းသွားချင်တဲ့ အထပ်ကို ရွေးလို့ရတယ်။"

စုရှောင်လန် အနည်းငယ် တွေးတောကာ ကိုးဆယ့်ငါးထပ်မြောက်ကို ရွေးချယ်လိုက်သည်။

ပိုင်ကျုံး မျက်နှာပျက်သွားပါသော်လည်း ဘာမှမပြောမိအောင် ထိန်းထားရသည်။

စုရှောင်လန်သည် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့် ကျင့်ကြံသူ ဖြစ်သည်။ ဝမ်ရွှမ်ကျန့်သည်လည်း ကိုးဆယ့်လေးထပ်​မြောက်တွင် ကျရှုံးခဲ့စဉ်က စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်သာ ရှိသည်။ စုရှောင်လန်သည် ဝမ်ရွှမ်ကျန့်ထက် သာလွန်လိမ့်မည်ဟု သူမကိုသူမ အထင်ရောက်နေသည်လော။ သူမထံတွင် အခွင့်အရေး နှစ်ခါမျှ ကျန်နေသေးသည်ကို အဘယ်ကြောင့် လောနေရပါသနည်း။

အဆုံးတွင်မူ ပိုင်ကျုံးမှာ မည်သည့်ဝေဖန်မှုမှ မလုပ်ဖြစ်ခဲ့ပေ။

ထားလိုက်ပါတော့.....ကျင့်ကြံရေးလမ်းမှာ ရှုံးနိမ့်မှုဆိုတာလည်း ရှိမှာပဲလေ....ရှုံးနိမ့်တာက တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်.....

စုရှောင်လန် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ငါးထပ်သို့ တက်သွားပြီးနောက် စုချန်းရန်သည်လည်း ရှစ်ဆယ့်တစ်ထပ်မြောက်မှ စမ်းသပ်ချက်ကို အောင်မြင်သွားသည်။

စုချန်းရန်သည် ရေလှိုင်းဖြူခြေလှမ်းကျင့်စဉ်အား အမွေအနှစ်အဖြစ် ရရှိခဲ့သည်။ သူမသည် ပိုင်ကျုံးအား တွေ့လိုက်ရသောအခါ ပျော်ရွှင်စွာပင် ရှစ်ဆယ့်သုံးထပ်မြောက်ကို ရွေးချယ်လိုက်သည်။

ပိုင်ကျုံးမှာ ဝမ်းသာမျက်ရည်များပင် ဝေ့ဝဲလာရသည်။

နောက်ဆုံးတော့ ငါဆူစရာ မလိုတဲ့ ကလေးမလေး ရှိလာပြီပဲ.....

စုချန်းရန်သည် ရည်ရွယ်ချက် ကြီးကြီးမားမား မရှိပေ။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အထပ်မြင့်များကို စိန်ခေါ်မည့်အစား အမွေအနှစ်များကိုသာ ပိုမိုအလိုရှိသည်။

.........

ကိုးဆယ့်တစ်ထပ်မြောက်၌

ဓားစိတ်ဆန္ဒမှာ အေးခဲနေသော လေထုအား ဖြတ်သန်းသွားသည်။

ကောင်းကင်အင်မော်တယ်သည် အစိမ်းရောင် ဓားရှည်အား ဝေ့ယမ်းကာ ဓားပုံရိပ်များစွာကို ထွက်ပေါ်နေစေသည်။ ဓားပုံရိပ်များတွင် ကျောက်တုံးကို ထိုးဖောက်မည့် ရေစက်များကဲ့သို့ မဆုတ်မနစ်သော တာအိုများ ပါဝင်နေသည်။ ဓားပုံရိပ် တစ်ခုချင်းစီသည် အေးခဲနေသော နယ်ပယ်အား ကျော်ဖြတ်ကာ လျှိုချင်းဟွမ်ထံ ရောက်ရှိလာသည်။

လျှိုချင်းဟွမ်သည် အလုံးစုံ ဖိနှိပ်ခံနေရပြီး တန်ပြန်တိုက်ခိုက်မှုများ မပြုလုပ်နိုင်ပေ။

"မင်းက ရှေးဟောင်းတာအိုဓားသိုင်းကို ပိုင်ဆိုင်ပြီး ပြီးပြည့်စုံတဲ့ နယ်ပယ်လည်း ရှိနေတာကို ဘာလို့ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် မရောက်သေးတာလဲ။"

ကောင်းကင်အင်မော်တယ်မှာ ပြင်းထန်လှသော စွမ်းအင်များကို ဓားတွင်စုစည်းကာ လျှိုချင်းဟွမ်၏ နယ်ပယ်အား ထိုးဖောက်လိုက်ပြီးနောက် သူမကို တိုက်ခိုက်လိုက်သည်။

လျှိုချင်းဟွမ် အမြှောက်ဆံတစ်ခုအလား လွင့်ထွက်ကာ မြေပြင်ပေါ် ဆိုးရွားစွာ ပြုတ်ကျလာသည်။

"မင်းဘာလို့ နောက်ဆုံးခြေလှမ်းကို ကြောက်နေရတာလဲ။ ဘာလို့များ နောက်ဆုံးအတားအဆီးကို မကျော်လွှားတာလဲ။"

ကောင်းကင်အင်မော်တယ်မှာ နားမလည်နိုင်ဟန်ဖြင့် လျှိုချင်းဟွမ်ထံ လျှောက်လှမ်းလာသည်။

"ပါးစပ်ပိတ်ပြီး တိုက်စမ်းပါ။"

လျှိုချင်းဟွမ် အံကြိတ်ကာ မတ်တပ်ရပ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်သည် အံ့ဖွယ်ဓားတစ်လက်အလား အေးခဲသော အရှိန်အဝါများ ဖြာထွက်လာသည်။

ကောင်းကင်အင်မော်တယ်သည် လျှိုချင်းဟွမ်အား လျစ်လျူရှုကာ စကားဆက်ပြောနေသည်။

"ဓားတာအိုမှာ အစွဲအလမ်းကြောင့်လည်း အင်မော်တယ် ဖြစ်လာနိုင်တယ်။ မင်းမလုပ်နိုင်ရင်လည်း ဘာလို့ဓားကို မသုံးရတာလဲ။ မင်းက အရည်အချင်း ရှိမယ့်ပုံပါ။"

လျှိုချင်းဟွမ် တုန်လှုပ်ကာ ရပ်တန့်သွားရသည်။

လမ်းပျောက်နေသော အချိန်မျိုးတွင် စကားတစ်ခွန်းတည်းဖြင့်လည်း လမ်းမှန်ပေါ် ရောက်သွားနိုင်ပေသည်။

သူမသည် ထိုနည်းလမ်းအား စဉ်းစားခဲ့ဖူးပါသော်လည်း အမြဲလိုလို လျစ်လျူရှုထားခဲ့သည်။

ယခုအခါ ကောင်းကင်အင်မော်တယ်မှ လမ်းမှန်ကို ပြသလာသောကြောင့် သူမအနေဖြင့် ထိုလမ်းအား ရွေးချယ်ရုံသာ ရှိသည်။

လျှိုချင်းဟွမ် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် တောက်ပစွာ ပြုံးလိုက်သည်။

"ကောင်းပြီလေ။ ရှင်ကြည့်လို့ရအောင် ဒီမှာပဲ အဆင့်တက်လိုက်တော့မယ်။"

All Chapters