မိုးကြိုးကပ်ဘေးကိုဘယ်လိုကျော်လွှားရမလဲ
Vol. 43 Ch. 600
ဓားအင်မော်တယ်မှာ ခပ်ဖွဖွပြုံးရင်း ဓားကိုသိမ်းဆည်းလိုက်သည်။
သူသည် တိတ်ဆိတ်စွာ မတ်တပ်ရပ်နေပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။
လျှိုချင်းဟွမ်၏ တောက်ပသော ခရမ်းရောင် မျက်ဝန်းများမှာ နှင်းပွင့်များအလား အေးစက်လာသည်။
ချက်ချင်းဆိုသလို သူမသည် စိတ်ခံစားချက်များ အားလုံးကို ဖယ်ရှားကာ ခံစားချက် ကင်းမဲ့သော အခြေအနေသို့ ရောက်ရှိသွားသည်။
အားလုံးကိုမေ့လိုက်.....အားလုံးကို ထားခဲ့ပြီး လွတ်မြောက်ရာကို ရှာတာက မေ့လျော့ခြင်းပဲ.....
ဝုန်း......
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကောင်းကင်ထက်တွင် ငါးကီလိုမီတာမျှ ကျယ်ဝန်းသော တိမ်တိုက်မည်းကြီးများ စုဝေးလာသည်။
သလင်းကျောက် မျက်နှာပြင်မှတဆင့် စောင့်ကြည့်နေသော ကျောင်းသားများမှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
လျှိုချင်းဟွမ်လည်း ရွှမ်းယွမ်ချန်လို လုပ်ပြတော့မယ်ထင်တယ်.....
ဝုန်း....
အဖျက်စွမ်းအင် ပြင်းထန်သော မိုးကြိုးလျှပ်စီးများမှာ ကောင်းကင်ကို ဆွဲဖြဲတော့မည့်အလား တဝုန်းဝုန်း မြည်ဟီးနေသည်။
"လျှိုချင်းဟွမ်က မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်တော့မှာလား။"
"တိုက်ပွဲထဲမှာ မိုးကြိုးကပ်ဘေး ခံယူမှာပေါ့လေ။ တကယ်ကို နတ်ဘုရားမလေးပဲ။"
"နတ်ဘုရားမလေးဟွမ်က အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ အထပ်မြင့်ကိုရွေးလို့ သဘောမကျမိဘူး ဖြစ်နေတာ။ အခုတော့ ငါ့အမြင်ကို ပြောင်းရတော့မယ် ထင်တယ်။"
"လျှိုချင်းဟွမ်က အရမ်းပါရမီကောင်းတာပဲ။ သူမရဲ့ မိုးကြိုးကပ်ဘေးက အန်လင်းရဲ့ မိုးကြိုးကပ်ဘေးကိုတောင် ယှဉ်နိုင်တယ်။"
"တစ်ခုတော့ ကွာတာပေါ့။ ဒီမိုးကြိုးကပ်ဘေးက ရိုးရိုးလျှပ်စီးတွေပဲ။ ရွှေရောင်ဟာလာပြင်လျှပ်စီး မဟုတ်ဘူး။"
...........
ကျောင်းသားများ အချင်းချင်း ဆွေးနွေးနေစဉ်မှာပင် အန်လင်း၊ စုချန်းရန်နှင့် စုရှောင်လန်တို့သည်လည်း တစ်စုံတစ်ခုကို အာရုံခံမိကာ ပြတင်းပေါက်မှတဆင့် မည်းမှောင်နေသော ကောင်းကင်အား လှမ်းကြည့်လိုက်မိကြသည်။
စုချန်းရန်၏ ကောင်းမွန်သော ဆုံးဖြတ်ချက်ကြောင့် စိတ်သက်သာရာ ရနေခဲ့သော ပိုင်ကျုံးမှာလည်း တိမ်တိုက်မည်းများကိုကြည့်ကာ အံ့အားသင့်သွားရသည်။
"တစ်ယောက်ယောက်က မိုးကြိုးကပ်ဘေးကို ခံယူတော့မှာလား။"
သူသည် အံ့ဖွယ်အာရုံအား ကောင်းကင်နှင့်မြေပြင်တခွင် ဖြန့်ကြက်လိုက်ပြီးနောက် အမူအရာ ပြောင်းလဲသွားသည်။
"အိုး....လျှိုချင်းဟွမ်က မိုးကြိုးကပ်ဘေး ခံယူတော့မှာပဲ။ ကျောင်းတော်ရဲ့ အတော်ဆုံး ပါရမီရှင်လို့ကို မပြောရဘူး။ တိုက်ပွဲထဲမှာတောင် ဉာဏ်အလင်းပွင့်သွားသေးတယ်။ တကယ်ချီးကျူးစရာပဲ။"
ထို့နောက် အတွေးတစ်စ ပေါ်လာသောကြောင့် မျက်စိမျက်နှာ ပျက်သွားရလေပြီ။
ဟမ်..ယီးထဲမှ....သူမရဲ့ မိုးကြိုးကပ်ဘေးက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ပေါ် ကျလာမှာပေါ့.....
မိုးကြိုးကပ်ဘေးသည် အနှောင့်အယှက် ရှိ၍ရသော အရာမျိုး မဟုတ်ပေ။ ထိုသို့မဟုတ်ပါက ပိုမိုပြင်းထန်ပြီး အဖျက်စွမ်းအင် များပြားလာပေလိမ့်မည်။
ဝုန်း.....
ကျယ်လောင်လှသော ပေါက်ကွဲသံနှင့်အတူ တောက်ပလွန်းသော အပြာရောင် လျှပ်စီးကြောင်းတစ်ခု ဆင်းသက်လာသည်။
လျှိုချင်းဟွမ်ထံ ဆင်းသက်လာခြင်း ဖြစ်ပါသော်လည်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်အမိုးမှ တားဆီးထားသောကြောင့် လျှပ်စီးကြောင်းမှာ ကြမ်းတမ်းစွာ ပေါက်ကွဲသွားရသည်။
ဝုန်း.....
တစ်စုံတစ်ခုမှ ဟန့်တားနေသည်ကို သတိပြုမိသည့်အလား ကောင်းကင်ထက်မှ လျှပ်စီးများမှာ ပိုမိုခက်ထန်လာသည်။
ဘာလုပ်ရမလဲ.....ဘာလုပ်ရမလဲ.....
ပိုင်ကျုံး ချွေးများပျံကာ ဦးနှောက်အား ညှစ်ထုတ်နေရလေပြီ။
လျှိုချင်းဟွမ်၏ မိုးကြိုးကပ်ဘေးမှာ တားဆီး၍ရမည့်အရာမျိုး မဟုတ်ပေ။
သို့သော် ယခုအတိုင်းသာ ဆက်ဖြစ်နေပါက မိုးကြိုးကပ်ဘေးမှာ ပို၍ပို၍ ကြမ်းတမ်းလာပြီး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ကိုပင် ထိုးဖောက်ကာ လျှိုချင်းဟွမ်ပေါ် အရှိန်အဟုန်ဖြင့် သက်ဆင်းလာမည် ဖြစ်သည်။ သို့သော် လျှိုချင်းဟွမ်မှာလည်း ထိုမျှပြင်းထန်သော မိုးကြိုးကပ်ဘေးဒဏ်အား ခံနိုင်ရည် ရှိမည်မဟုတ်ပေ။
လျှိုချင်းဟွမ်သည်လည်း ထိုသည်ကို တွေးမိသွားသောကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေမိသည်။
နောက်ဆုံးအတားအဆီးအား ကျော်လွှားရသည်မှာ အဆင်ပြေနေခဲ့သောကြောင့် သူမအနေဖြင့် များများစားစား မတွေးခဲ့မိပေ။
ယခု အသိစိတ် ဝင်လာမှသာ ကိုယ့်ကိုယ်ကို သတ်သေတော့မည့်အလား မိုးကြိုးကပ်ဘေးအား ခံယူရန် အဆိုးဆုံး နေရာကို ရွေးချယ်ခဲ့မိကြောင်း သိလိုက်ရသည်။
ပိုင်ကျုံးသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်အား ကာကွယ်ထားသော ဝင်္ကပါများအားလုံးကို ချက်ချင်းရုတ်သိမ်းလိုက်သည်။ ထို့ကြောင့် စွမ်းအင်ကန့်သတ်ချက်များလည်း မရှိတော့ပေ။
လျှိုချင်းဟွမ်အနေဖြင့် မိုးကြိုးကပ်ဘေးအား ခံယူရန် သူမ၏ သိုလှောင်လက်စွပ်ထဲမှ ရတနာများကိုသာ အားကိုးရတော့မည်။
သို့သော် ထိုမျှဖြင့် ပြဿနာအား မဖြေရှင်းနိုင်ပေ။
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်သည် အလွန်အကြမ်းခံသော ပစ္စည်းများဖြင့် တည်ဆောက်ထားသည့် အဆင့်မြင့် အင်မော်တယ် ရတနာ ဖြစ်သည်။ ထိုမျှအကြမ်းခံသည့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ကိုပင် ထိုးဖောက်ခဲ့ပါက လျှိုချင်းဟွမ်သည်လည်း အသက်မရှိတော့လောက်ပေ။
ဓားအင်မော်တယ် မျက်မှောင်ကျုံ့ကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အမိုးအား ဓားဖြင့်ခုတ်လိုက်သည်။
ဝုန်း......
ဓားပုံရိပ်မှာ ပေါက်ကွဲသွားပါသော်လည်း ကိုးဆယ့်တစ်ထပ်မြောက်နှင့် ကိုးဆယ့်နှစ်ထပ်မြောက်ကြားရှိ အကာအရံကိုပင် မဖောက်နိုင်ခဲ့ပေ။
ဓားအင်မော်တယ်သည် စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုသာ ဖြစ်သောကြောင့် အဆင့်မြင့် အင်မော်တယ် ရတနာအား ဖျက်စီးနိုင်ရန် မဖြစ်နိုင်ပေ။
"ပိုင်ကျုံး... ဒီကိုမြန်မြန်လာဦး။"
ဓားအင်မော်တယ် အော်ဟစ်လိုက်သည်။
အဖြူရောင်ဝတ်စုံနှင့် အဖိုးအိုတစ်ဦး လျင်မြန်စွာ ပေါ်ထွက်လာသည်။
"ခုံးမိုဟန်....မင်းဘာလို့ လျှိုချင်းဟွမ် အဆင့်တက်မှာကို မတားလိုက်တာလဲကွ။"
ပိုင်ကျုံး ဆူပူလိုက်သည်။
ခုံးမိုဟန် မျက်နှာပျက်သွားသည်။
"သူမကို နောက်ဆုံးအတားအဆီး ကျော်ဖြတ်ဖို့ ပြောခဲ့တာငါပဲ။ သူမလို ပါရမီရှင်က နောက်မှာကျန်နေတာ ငါမကြည့်ရက်ဘူးလေ။"
ပိုင်ကျုံး: "....."
အော်.....ဒင်းက မတားတဲ့အပြင် လျှိုချင်းဟွမ် အဆင့်တက်ရတဲ့ တရားခံ ဖြစ်နေတာပေါ့လေ.....
ပိုင်ကျုံး သွေးများဆောင့်တက်လာသည်။
စမ်းသပ်ခံ ကျောင်းသားတွေ ငါ့ကိုသွေးအန်အောင်လုပ်တာ ထားပါဦး.....အခုတော့ အံ့ဖွယ်စိတ်ဆန္ဒတွေကပါ ငါသွေးအန်အောင် လုပ်နေတာလား......
ခုံးမိုဟန်သည် တစ်ချိန်က အလွန်ကျော်ကြားခဲ့သော ထိပ်တန်းအဆင့် ဓားအင်မော်တယ်ဖြစ်ပြီး ဓားအင်မော်တယ်များအတွက် နာမည်ကြီး ညွှန်ကြားပြသပေးသူလည်း ဖြစ်သည်။ ကြည့်ရသည်မှာ ထိုညွှန်ကြားပြသပေးချင်စိတ်များ တဖန်ပြန်လည် ထွက်ပေါ်လာပုံ ရသည်။
"အခုက ဒါကိုပြောဖို့ အချိန်မဟုတ်ဘူး။ အရေးကြီးတာက လျှိုချင်းဟွမ်ကို ကူညီပေးဖို့ပဲ။"
ခုံးမိုဟန် အလောတကြီး ပြောလိုက်သည်။
ပိုင်ကျုံး သက်ပြင်းချကာ တုံ့ပြန်သည်။
"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်က ဒီကနေ ဖယ်ပေးလို့ မရဘူး။ မိုးကြိုးကပ်ဘေး တိမ်တိုက်တွေကလည်း နေရာယူပြီးပြီ။ အဲ့ဒါကြောင့် လျှိုချင်းဟွမ်သာ ဒီကထွက်သွားရင် ကောင်းကင်တာအိုရဲ့ အပြစ်ပေးတာကို ခံရလိမ့်မယ်။ မိုးကြိုးကပ်ဘေး တိမ်တိုက်တွေကို အတင်းအကြပ် ဖယ်ရှားပစ်ရုံကလွဲပြီး တခြားနည်းလမ်း မရှိဘူး။"
"မဟုတ်ဘူး။ အဲ့လိုလုပ်လိုက်ရင် သူမရဲ့ တာအိုအခြေခံကို ထိခိုက်စေလိမ့်မယ်။ ပြီးတော့ နောက်တစ်ကြိမ် မိုးကြိုးကပ်ဘေး ခံယူရင် အခုထက် အများကြီးပိုပြီး ခက်ခဲသွားလိမ့်မယ်။"
ခုံးမိုဟန် ခေါင်းခါပြလိုက်သည်။
ထို့နောက် အတွေးတစ်စ ဝင်လာကာ အကြံပေးကြည့်သည်။
"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ အမိုးမှာ အပေါက်တစ်ခုလောက် ဖောက်လို့မရဘူးလား။"
ပိုင်ကျုံး စိတ်ပျက်လက်ပျက် ခေါင်းခါပြသည်။
"အဲ့လိုလုပ်လိုက်ရင် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ စွမ်းအင်တွေအားလုံး အပါအဝင် အံ့ဖွယ်စိတ်ဆန္ဒတွေပါ ပျောက်သွားလိမ့်မယ်။ ကောင်းကင်အရှင်သခင်ကလည်း သဘောတူမှာ မဟုတ်ဘူး။"
ခုံးမိုဟန် ဒယိမ်းဒယိုင် ဖြစ်သွားသည်။
"အကုန် ငါ့အပြစ်တွေပါပဲ။"
လျှိုချင်းဟွမ်သည်လည်း ထိုစကားကိုကြားကာ နှလုံးသားများ ကြေမွသွားသလို ခံစားလိုက်ရသည်။
ဝုန်း.....
ကြမ်းတမ်းခက်ထန်သော လျှပ်စီးကြောင်းတစ်ခု ထပ်မံကျဆင်းလာသောကြောင့် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် တစ်ခုလုံး တုန်ခါသွားသည်။
.............
ကိုးဆယ့်ရှစ်ထပ်မြောက်၌
အန်လင်းသည် စွမ်းအင်ကန့်သတ်ချက်များ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်မိသည်။
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ အကာအကွယ် ဝင်္ကပါများလည်း မရှိတော့သည်ကို သတိပြုမိကာ ပြတင်းပေါက်အား လှမ်းကြည့်လိုက်သည်။
"တောင်းပန်ပါတယ် စီနီယာ.... ကျွန်တော် အရေးကြီးတာတစ်ခု လုပ်စရာရှိလို့။"
သူသည် အံ့ဖွယ်စိတ်ဆန္ဒအား အရိုအသေပေးကာ ပြတင်းပေါက်ထံ ပျံဝဲသွားသည်။
ထို့နောက် ပြတင်းပေါက်အား နယ်မြေထိုးဖောက်လက်သည်းဖြင့် ဖျက်စီးကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်သို့ ဖရိုဖရဲ သတ္ထုအုတ်ခဲဖြင့် ထွက်လာခဲ့သည်။
"မိုးကြိုးကပ်ဘေး.....စီနီယာအစ်မကြီးလျှိုက အဆင့်တက်တော့မှာလား။"
အန်လင်း ကောင်းကင်အားကြည့်ကာ ကိုးဆယ့်တစ်ထပ်မြောက်သို့ လာခဲ့လိုက်သည်။
အနီရောင် အလင်းတန်း တစ်ခုနှင့်အတူ ကိုးဆယ့်တစ်ထပ်မြောက်ရှိ ပြတင်းပေါက်မှာ ပျက်စီးသွားသည်။
ပိုင်ကျုံးနှင့် ခုံးမိုဟန်မှာ လန့်ဖြန့်သွားရလေသည်။
"အန်လင်း မင်းဘာလာလုပ်တာလဲ။"
ပိုင်ကျုံး အံ့အားတကြီး မေးမြန်းမိသည်။
"မင်းဘာလုပ်မလို့လဲ။"
ခုံးမိုဟန်သည်လည်း သတိအနေအထား ဖြစ်နေသည်။
ဝုန်း.....
ထိုအချိန်တွင် အဖျက်စွမ်းအား ပြင်းထန်သော လျှပ်စီးကြောင်းတစ်ခု သက်ဆင်းလာပြန်သည်။
အန်လင်း လျှပ်စီးကြောင်းကို လက်ညှိုးထိုးလိုက်သည်။
မိုးကြိုးကပ်ဘေးမှာ အန်လင်းထံ ရောက်ရှိလာပြီးနောက် လျှိုချင်းဟွမ်းထံသို့ ကွေ့ဝိုက်၍ ပျံဝဲသွားလေသည်။
ကျယ်လောင်လှသော ပေါက်ကွဲသံအား ကြားလိုက်ကြရသည်။
လျှိုချင်းဟွမ်မှာ နာကျင်စွာ ငြီးငြူရင်း လျှပ်စီးများကြား နစ်မြုပ်သွားသည်။
လျှပ်စီးခြယ်လှယ်နည်းစနစ်မှာ အတော်ပင် အသုံးဝင်လှသည်။
အန်လင်း စိတ်သက်သာရာရကာ ပြုံးလိုက်မိသည်။
"ကျွန်တော် ဒီကိုဘာလာလုပ်တာလဲ ဟုတ်လား။ စီနီယာအစ်မကြီးလျှိုကို မိုးကြိုးကပ်ဘေးအတွက် ကူညီပေးမလို့ဗျ။"