ကျောက်တုံးကိုရွှေဖြစ်အောင်ပြောင်းနိုင်သူ
Vol. 8 Ch. 709
ကူးဝေေ၀မှာ ရှက်သွားပြီး မျက်နှာတစ်ခုလုံး ပန်းရောင်သန်းသွားလေသည်။
ဆန်းလျန်က သူမ၏ နှုတ်ခမ်းလေးများကို ထိထားသည့် လက်ချောင်းကို ချက်ချင်းပင် ပြန်ရုတ်လိုက်လေသည်။
ကူးဝေေ၀မှာ စိတ်တည်ငြိမ်သွားအောင် အတန်ကြာကြိုးစားနေပြီးမှ ဆန်းလျန်ကို ကြည့်လိုက်လေသည်။ ဆန်းလျန် ကတော့ မည်သို့မှ မထူးဆန်းသည့်နှယ် အရက်အိုးထဲမှ အရက်များကို ငှဲ့သောက်နေလေ၏။ မီးဖိုလေးမှာ မီးများတောက်လောင်နေဆဲဖြစ်ပြီး အရက်အိုးထဲမှ အရက်များကတော့ ကုန်သွားပြီ ဖြစ်လေသည်။
ကူးဝေေ၀က မီးသွေးများအလကားဖြစ်သွားမည်ကို စိုးရိမ်သည့်အတွက်…
"ကျွန်မ အရက်နောက်တစ်အိုး သွားယူလိုက်ဦးမယ်…"
စောစောကအရက်တစ်အိုး လျှင်လျှင်မြန်မြန် ဆူပွက်သွားရသည့်အကြောင်းမှာ သူမအတွက် ပဟေဠိဖြစ်နေဆဲဖြစ်ပြီး ဆန်းလျန်ကို မေးကြည့်ချင်နေမိလေသည်။
ဆန်းလျန်ကတော့ သူ့ဦးနှောက်ကို အပြင်းအထန်အလုပ်ပေးနေလေသည်။ ယခု အရက်သောက်ပြီးသွားပြီ ဖြစ်လေသည်။ သို့တိုင်အောင် အတိတ်ကို ပြန်သတိရလာရန်ဝေးစွ ဂိုဏ်းတူအစ်မ၏နာမည်အရင်းကိုပင် စဉ်းစား၍ မရသေးပေ။ ထို့ပြင် သူ… မည်သည့် နေရာကလာခဲ့သည်ကိုလည်း မမှတ်မိသလို မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုလည်း သိရှိခြင်း မရှိပေ။
သင်းပျံ့သည့်ရနံ့လေးတစ်ခု နှာခေါင်းထဲတိုးဝင်လာတော့မှ အတွေးလွန်နေသည့်ဆန်းလျန် အသိပြန်ဝင်လာလေ သည်။
ကူးဝေေ၀သည် နောက်ထပ်အရက်တစ်အိုးယူလာပြီး မီးဖိုလေးပေါ်သို့ တင်လိုက်လေ၏။ သူမက ထူးခြားချက်တစ်ခုခုများ ဖြစ်လေမလားဟု အရက်အိုးကို စိုက်ကြည့်နေသော်လည်း မည်သည့်ထူးခြားချက်မှ ဖြစ်မလာတော့ပေ။ အချိန်အတန်ကြာမှ အရက်များ ပူနွေးလာလေသည်။
သူမက အင်္ကျီလက်လေးများကို အသာပင့်လိုက်ပြီး အရက်အိုးကိုမကာ ဆန်းလျန်၏အရက်ခွက်ထဲသို့ ငှဲ့ထည့်ပေး လိုက်လေသည်။ ထို့နောက် သူမ၏ ခွက်ထဲသို့လည်း ထည့်လိုက်လေသည်။
ဆန်းလျန်နှင့် ကူးဝေေ၀သည် မျက်နှာချင်းဆိုင် ထိုင်နေကြခြင်း ဖြစ်လေရာ မီးဖိုလေးမှထွက်နေသည့် မီးရောင် အောက်တွင် ကူးဝေေ၀သည် နူးညံ့စွာဖြင့် လှပနေလေသည်။ သူမက ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက် လေရာ သူမကို စိုက်ကြည့်နေသည့် ဆန်းလျန်နှင့် အကြည့်ချင်းဆုံသွားသည့်အတွက် သူမက ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့ချလိုက်မိလေသည်။
"ကျွန်မကို ကြည့်မနေနဲ့ ၊ သောက်စရာရှိတာ သောက်ပါ…"
အခြားသူတစ်ယောက်က သူမကို ထိုသို့ စိုက်ကြည့်နေမည်ဆိုလျှင် သူမ အလွန်ဒေါသထွက်မိမည် ဖြစ်လေသည်။ သို့သော်… ဆန်းလျန်ကိုတော့ လုံး၀ ဒေါသမထွက်မိပေ။
အဘယ်ကြောင့်ဆိုသော်… ဆန်းလျန်၏အကြည့်များသည် သူမ မြင်တွေ့ခဲ့ရဖူးသမျှ အကြည့်များထဲတွင် အသန့်ရှင်း ဆုံးအကြည့်များ ဖြစ်နေသောကြောင့်ပင်။ ဆန်းလျန်၏အကြည့်များသည် တောင်ပေါ်စမ်းချောင်းလေး တစ်ခုထက် ပင်ကြည်လင်သန့်စင်လျှက် ရှိပါလေ၏။
သူမသည် အရက်ခွက်ကို အသာကိုင်မြှောက်ကာ မော့သောက်လိုက်လေသည်။
အရက်များမှာ ပထမတစ်ခွက်လောက် ပူလောင်နေခြင်းမရှိပါ။ သို့သော်… အရက်၏ အရသာသည် ပထမတစ်ခွက် လောက်ကောင်းမွန်ခြင်း မရှိတော့ပေ။ ထူးဆန်းလှသည်ဟု ကူးဝေေ၀ တွေးနေမိလေသည်။
သူမသည် စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သည့်မိသားစုတွင် ကြီးပြင်းလာခဲ့သူဖြစ်လေရာ အရက်နှင့်ပတ်သက်ပြီး ကောင်းကောင်းနားလည်လေသည်။ ထို့ကြောင့်… သူမအနေဖြင့် အရက်၏အရသာကို မှားယွင်းဆုံးဖြတ်မိခြင်းမှ မည်သို့မှ မဖြစ်နိုင်ပေ။
ထို့ကြောင့် သူမက မေးလိုက်လေတော့သည်။
"ခုန အရက်အိုးက ဘာလို့ ချက်ချင်းကြီး ဆူပွက်သွားရတာလဲ…"
ဆန်းလျန်က…
"ကျွန်တာ်က အရက်တွေ မြန်မြန်ပူစေချင်နေပြီလေ ၊ အဲဒီတော့ ချက်ချင်းဆူပွက်သွားတာပေါ့…"
ကူးဝေေ၀မှာ ဆန်းလျန်၏ စကားကြောင့် မျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်သွားရလေသည်။
ဆန်းလျန်၏ စကားများကို မယုံကြည်သည့်တိုင် ဆန်းလျန်သည် တာအိုဆရာတစ်ယောက် ဖြစ်လေသည်။
သူမက…
"ရှင်က နတ်ဘုရားကျင့်စဉ်တွေကို ကျင့်ကြံထားတာလား"
ဆန်းလျန်က…
"နတ်ဘုရားကျင့်စဉ်တွေဆိုတာ ဘာကိုပြောတာလဲ…"
ဆန်းလျန်က ရိုးရိုးသားသား မေးမြန်းနေခြင်းဖြစ်သည်ကို သိလိုက်သည့်အတွက် သူမက စိတ်ရှည်ရှည်ဖြင့်ပင် ရှင်းပြ လိုက်လေသည်။
"နတ်ဘုရားကျင့်စဉ်တွေဆိုတာ တန်ခိုးစွမ်းအားကျင့်စဉ်တွေကိုပြောတာ ၊ အဲဒီကျင့်စဉ်တွေ ကျင့်ကြံထားရင် ထူးဆန်းတဲ့ အလုပ်တွေ လုပ်နိုင်တာပေါ့ ၊ ဟိုးရှေးရှေးတုန်းကဆိုရင် ချင်းရှတောင်မှာ နတ်ဘုရားတစ်ပါးပေါ်လာဖူး တယ်လို့ ကျွန်မကြားဖူးတယ် ၊ ဒီ ပိုင်ကျားမြို့ကိုတည်ထောင်ခဲ့တဲ့ ဘိုးဘေးက အဲဒီနတ်ဘုရားရဲ့ မိတ်ဆွေတဲ့ ၊ အဲဒီဘိုးဘေးဟာ အသက်ရာကျော် အထိနေသွားခဲ့ရတယ်ဆိုပဲ…"
ဆန်းလျန်က တစ်စုံတစ်ခုကို တွေးလိုက်မိပြီး…
"ကျုပ်က နတ်ဘုရားတစ်ပါး ဖြစ်မယ်ထင်တယ်…"
ကူးဝေေ၀က ရယ်မောလိုက်ရင်း…
"ဒါပေမယ့် ရှင်က နတ်ဘုရားကျင့်စဉ်တွေကို ကျင့်ကြံထားရုံနဲ့တော့ နတ်ဘုရားတစ်ပါး ဖြစ်မလာနိုင်ဘူးလေ ၊ ပြီးတော့ ရှင်က အရက်ကို ချက်ချင်းပူသွားအောင် လုပ်တာလောက်ပဲ တတ်နိုင်တာ ၊ အဲဒီပညာလောက်နဲ့တော့ ရှင့်ကိုယ်ရှင် နတ်ဘုရားတစ်ပါးလို့ ဘယ်ပြောလို့ရမှာလဲ"
ဆန်းလျန်က မကျေမနပ်ဖြစ်သွားပြီး…
"ဒါဖြင့် နတ်ဘုရားတစ်ပါးက ဘာတွေလုပ်နိုင်တာလဲ…"
ကူးဝေေ၀က…
"ကျွန်မရဲ့စားသောက်ဆိုင်ကိုလာတဲ့ ဆရာတစ်ယောက် ပြောဖူးတာတော့ နတ်ဘုရားတွေက တိမ်စီးပြီး ပျံသန်းနိုင် တယ်တဲ့ ၊ ပြီးတော့ ကျောက်တုံးကိုထိလိုက်ရင်လည်း ရွှေဖြစ်နိုင်တယ်ဆိုပဲ ၊ ပြီးတော့ သူတို့တွေက ဘယ်တော့မှ အသက်ကြီးမလာဘဲ ထာဝရ နုပျိုနေကြတာတဲ့"
ထိုအခါ ဆန်းလျန်က အလွန်မှ ဂုဏ်ယူသည့် မျက်နှာပေးဖြင့်…
"ဘာများ ထူးထူးဆန်းဆန်းတွေ ပြောမှာလဲလို့ နားထောင်နေတာ ၊ အစ်မ ပြောတာတွေလောက်တော့ ကျွန်တော် လည်းလုပ်နိုင်သားပဲ…"
ဆန်းလျန်မှာ အလွန်မှ ရယ်စရာကောင်းသည်ဟု ကူးဝေေ၀က တွေးလိုက်မိလေသည်။
"ဒါဖြင့်လည် းကျောက်တုံးကို ရွှေဖြစ်အောင် ပြောင်းပြစမ်းပါ…"
ဆန်းလျန်က…
"ဒါဖြင့် ကျောက်တုံးပေးလေ…"
ကူးဝေေ၀က အရက်ခွက်လေးကို ညွှန်ပြလိုက်ရင်း…
"အဲဒီအရက်ခွက်က ကျောက်သားနဲ့လုပ်ထားတာပဲလေ ၊ အဲဒီခွက်ကို ရွှေဖြစ်အောင် ပြောင်းပြပေါ့…"
ဆန်းလျန်က…
"ပြီးရော…"
ထို့နောက်… ဆန်းလျန်က အရက်ခွက်လေးကို ကြည့်လိုက်ပြီး…
"ရွှေဖြစ်စမ်း…"
ဟု ပြောလိုက်လေသည်။
သို့သော် အရက်ခွက်လေးသည် အရင်အတိုင်းပင် မပြောင်းမလဲ ရှိနေလေသည်။
ဆန်းလျန်က အလွန်ဂုဏ်ယူသည့် မျက်နှာထားဖြင့်…
"တွေ့လား ဂိုဏ်းတူအစ်မ ၊ အခု ရွှေခွက်လေးဖြစ်သွားပြီ…"
ကူးဝေေ၀သည် အရက်ခွက်လေးကို သေသေချာချာကိုင်ကာ လှည့်ပတ်ကြည့်လိုက်လေသည်။
သို့သော်… အရက်ခွက်လေးသည် ယခင်အတိုင်းပင် ပြောင်းလဲခြင်းတစ်ခုမှ မရှိခဲ့ပေ။
သူမက ရယ်ချင်စိတ်ကို မြိုသိပ်ထားလိုက်ရင်း…
"ဟုတ်ပ… ရွှေခွက်လေးဖြစ်သွားပြီဟယ်…"
ဆန်းလျန်က ရယ်မောလိုက်ရင်း…
"ကျွန်တော်က နတ်ဘုရားတစ်ပါးဆိုတာ ယုံပြီမဟုတ်လား…."
ဆန်းလျန်၏ ပုံစံက နောက်ပြောင်နေသည့်ဟန်မဟုတ်ဘဲ အတည်ပြောနေဟန် ဖြစ်လေ၏။
ကူးဝေက ဆန်းလျန်သည် ဦးနှောက်မကောင်းသူဖြစ်ရမည်ဟု တွေးလိုက်မိလေသည်။ ဆန်းလျန်သည် တာအိုကျောင်းတော်တစ်ခုခုမှ ဖြစ်ပုံရလေသည်။ ထိုကျောင်းတော်တွင် သူ၏ဂိုဏ်းတူအစ်မဆိုသူက သူ့ကို အတော်ပင် ဂရုစိုက်ခဲ့ဟန် ရှိလေသည်။ ပြဿနာတစ်ခုခု ဖြစ်ပျက်ခဲ့ပြီး အတိတ်မေ့သွားကာ ယခုကဲ့သို့ စိတ်မမှန် ဖြစ်သွားရခြင်း ဖြစ်ရမည်ဟု တွေးနေမိလေသည်။
သူမသည် ပြဇာတ်ပေါင်းများစွာ ကြည့်ဖူးလေရာ ဆန်းလျန်အကြောင်းကို စိတ်မကောင်းဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ် အဖြစ် အမျိုးမျိုး စဉ်းစားကာ စိတ်ကူးယဉ်နေလေတော့သည်။
တွေးနေရင်းနှင့်ပင် ဆန်းလျန်ကိုကြည့်နေသည့် သူမ၏ အကြည့်များသည် တဖြည်းဖြည်းနူးညံ့သိမ်မွေ့သွားပြီး…
"အခုကစပြီး ရှင် ကျွန်မဆီမှာ နေလို့ရပါတယ် ၊ အလုပ်တွေ ဘာတွေတော့ ကူလုပ်ပေးပေါ့ ၊ ကျွန်မမငတ်သေး သရွေ့ ရှင့်ကို ထမင်းတစ်နပ် တင်ကျွေးထားနိုင်ပါတယ်"
သို့သော်… ဆန်းလျန်သည် စားပွဲတွင်မှောက်နေပြီဖြစ်ပြီး သူမပြောသည့်စကားကို ကြားဟန် မတူတော့ပေ။
ကူးဝေေ၀သည် စားပွဲပေါ်မှောက်ကာ အိပ်ပျော်နေပြီဖြစ်သည့် ဆန်းလျန်ကို ကြည့်ကာ ခေါင်းတစ်ချက်ခါယမ်းရင်း ပြုံးလိုက်မိလေသည်။ ထို့နောက် စောင်တစ်ထည်သွားယူပြီး ဆန်းလျန်ကိုယ်ပေါ်သို့ ခြုံပေးလိုက်လေသည်။
မီးဖိုလေးထက်မှ အရက်အိုးထဲတွင် အရက်များက ကျန်နေသေးသည်။ ထို့ကြောင့် အရက်များကိုနှမျောသည့် အတွက် သူမက မြေပဲအနည်းငယ်စားရင်း ဆက်သောက်နေလိုက်လေသည်။
တစ်ချိန်တည်းမှာပင် သူမက ဆန်းလျန်ကိုလည်း ငေးကြည့်နေမိပြန်လေသည်။
ငေးနေရင်းဖြင့် ဆန်းလျန်သည် ချောမောသူတစ်ယောက်ဖြစ်သည်ကို သတိပြုလိုက်မိလေသည်။ မုတ်ဆိတ်မွှေးများ ကိုသာရိတ်လိုက်မည်ဆိုလျှင် အမှန်ပင် ချောမောလွန်းမှ ာဖြစ်လေသည်။
အရက်များကုန်သွားသည်နှင့် သူမက အရက်အိုးနှင့်အရက်ခွက်များကို ဆေးကြောရန် ယူဆောင်သွားပြီး ဆန်းလျန် နွေးနွေးထွေးထွေးအိပ်စက်နိုင်ရန်အတွက် မီးဖိုလေးကိုတော့ ဒီအတိုင်း ထားရစ်ခဲ့လေသည်။
သူမသည် အရက်ခွက်များကို ဆေးကြောနေစဉ်မှာပင် သူမမျက်စိကိုသူမ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ လေသည်။ အဘယ်ကြောင့်ဆိုသော် အရွက်ခွက်လေးတစ်ခွက်သည် ရေနှင့်ထိလိုက်မိသည်နှင့် ရွှေရောင်ထွက်ပေါ် လာသောကြောင့် ဖြစ်လေသည်။
သူမအမြင်မှားသည်ထင်ပြီး ခွက်တစ်ခုလုံးကို ဆေးကြောကြည့်လိုက်သည့်အခါတွင်တော့ ခွက်တစ်ခုလုံးမှာ ရွှေသား အတိပြီးသော ရွှေခွက်လေးတစ်ခွက် ဖြစ်နေခဲ့လေသည်။ ခွက်လေးမှာ ရွှေရောင်တလက်လက် တောက်ပလျှက် ရှိလေ၏။
အရက်ခွက်လေးမှာ ရွှေခွက်အဖြစ်သို့ ပြောင်းလဲသွားပြီး ကူးဝေေ၀မှာ အိပ်မက်မက်နေသည့်အလား ခံစားနေရလေ သည်။ ဆန်းလျန်သည် ကျောက်တုံးကိုပင် ရွှေဖြစ်အောင် ပြောင်းနိုင်သည့် နတ်ဘုရားတစ်ပါး အမှန်တကယ်ပင် ဖြစ်နေလေသည်လား။ သူမသည် ကျင့်ကြံသူတစ်ယောက်မဟုတ်သလို ကျင့်ကြံခြင်းအကြောင်းများကိုလည်း နားလည်သူမဟုတ်ပါ။
သို့သော်… ကျောက်တုံးကို ရွှေအဖြစ် အသွင်ပြောင်းခြင်းသည် အရာဝတ္ထုများထဲတွင်ပါဝင်သည့် ဒြပ်စင်များကို ပြောင်းလဲခြင်းဖြစ်လေရာ ဖန်ဆင်းမှု သဘောတရားများပါဝင်လေသည်။ တော်ရုံတန်ရုံ နတ်ဘုရားများပင် ပြုလုပ်နိုင် မည်မဟုတ်ပေ။
ဆန်းလျန်သည် ကျောက်တုံးကို ရွှေဖြစ်အောင်ပြုလုပ်နိုင်သည်ကို အခြားသော ကျင့်ကြံသူများ သိရှိသွားကြမည်ဆို လျှင် ထိုပညာကို ဆန်းလျန်ကို သင်ကြားခိုင်းကြပေလိမ့်မည်။ ယွမ်ကျိုးနယ်တွင် တန်ခိုးစွမ်းအား မြင့်မားသည့် နတ်ဘုရားများစွာ ရှိသည့်တိုင် ထိုကဲ့သို့ စွမ်းရည်မျိုး ရှိသည့်နတ်ဘုရားဆိုသည်က ရှားပါးလေသည်။
ကူးဝေေ၀သည် အလွန်အမင်း ထိန်လန့်တုန်လှုပ်နေလေသည်။ ဝမ်းသာရမည့်အစား သူမသည် စိုးရိမ်နေမိလေ သည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်သည် အတိတ်မေ့နေသူတစ်ယောက် ဖြစ်လေသည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ ဆန်းလျန်သည် ကျောက်တုံးကို ရွှေအဖြစ်ပြောင်းလဲနိုင်သူဖြစ်သည်ကို သိရှိသွားခဲ့လျှင် သူ့ကို ဒုက္ခပေးကြပေလိမ့်မည်။
သူမသည် ချက်ချင်းပင် ဆန်းလျန်ရှိရာသို့သွားပြီး ဆန်းလျန်ကို နှိုးလိုက်လေသည်။ ဆန်းလျန်မှာ အိပ်နေသည်ကို လာနှိုးသည့် အတွက် မကျေမနပ်ဖြစ်သွားလေသည်။
သူက အိပ်မှုံစုံမွှားဖြင့်…
"အတိတ်ကအကြောင်းတွေလားမသိဘူး ၊ အိပ်မက်မက်နေတာ ၊ ဂိုဏ်းတူအစ်မ … ကျွန်တော့်ကို ဘာလို့လာနှိုးရ တာလဲ"
ကူးဝေေ၀က ရွှေခွက်လေးကို သူ့ကိုပြလိုက်ရင်း…
"ရှင် အရက်ခွက်ကို ရွှေခွက်ဖြစ်အောင် ပြောင်းလိုက်တာမလား…"
ဆန်းလျန်က…
"အင်းလေ… စောစောကပဲ အစ်မ သိပြီးပြီကို ၊ အစ်မကို ကျွန်တော် လိမ်ပြောတာမှ မဟုတ်တာ…"
ကူးဝေေ၀က…
"ကျွန်မက ရှင်နောက်နေတယ်ထင်လို့ ၊ အခုအချိန်ကစပြီး ရှင်က ကျောက်တုံးကို ရွှေဖြစ်အောင် လုပ်နိုင်တယ် ဆိုတာ သူများတွေကို လျှောက်မပြောရဘူးနော်…"
ဆန်းလျန်က…
"ဘာဖြစ်လို့လဲ…"
ကူးဝေေ၀က…
"ရှင်က ကျောက်တုံးကို ရွှေဖြစ်အောင်ပြောင်းနိုင်တဲ့အကြောင်း လူတွေသိသွားရင် အဲဒီပညာကို ရှင့်ကို သင်ခိုင်းကြ လိမ့်မယ် ၊ ရှင်က သင်ပေးလိုက်တဲ့လူတွေထဲမှာ စိတ်ထားမကောင်းတဲ့လူတွေပါနေရင် ပြဿနာတွေ ဖြစ်လာလိမ့် မယ် ၊ ဒါပေမယ့် ရှင်က သူတို့ကို သင်မပေးဘူးလို့ ငြင်းပြန်ရင်လည်း သူတို့က ရှင့်ကို သတ်ပစ်ကြလိမ့်မယ် ၊ နားလည်လား…"
သူမသည် ဆန်းလျန်အတွက် အလွန်စိုးရိမ်နေခဲ့လေသည်။ ထို့ပြင် ဆန်းလျန်အတိတ်မေ့နေရသည်မှာ လူအချို့က ဆန်းလျန်အကြောင်းသိသွားပြီး ဒုက္ခပေးခဲ့သည့်အတွက်သာ ယခုကဲ့သို့ဖြစ်နေရသည်ဟု သူမက ထင်မှတ်နေမိလေ တော့သည်။