လျှိုချင်းဟွမ်၏မိုးကြိုးကပ်ဘေးအားကျော်လွှားခြင်း
Vol. 43 Ch. 601
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၌
စုရှောင်လန်နှင့် စုချန်းရန်တို့လည်း တိုက်ခိုက်နေသည်ကို ရပ်တန့်လိုက်ကြသည်။
စွမ်းအင်ကန့်သတ်ချက်များ ဖယ်ရှားခံလိုက်ရပြီးနောက် ၎င်းတို့သည်လည်း ပြတင်းပေါက်မှတဆင့် ထွက်လာခဲ့လိုက်သည်။
အန်လင်းသည် မိုးကြိုးကပ်ဘေးအား လျှိုချင်းဟွမ်ထံ ပို့ဆောင်ပေးနေသည်ကို တွေ့လိုက်ရလေသည်။
စောင့်ကြည့်နေသော ကျောင်းသားများမှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
"ဘုရားရေ......အန်လင်းက မိုးကြိုးကပ်ဘေးကိုတောင် ထိန်းချုပ်နိုင်တာလား။"
"မင်းမသိဘူးလား။ နတ်ဘုရားအန်က ရွှေရောင်ဟာလာပြင်လျှပ်စီးကီရင်ကိုတောင် ထိန်းချုပ်လာတာ။ ဒီလောက်ကတော့ အပျော့လေးပဲ။"
"အရင်တုန်းက ကောလဟလတွေကို မယုံခဲ့ပေမယ့် အခု ငါ့မျက်စိရှေ့တင် တွေ့နေရမှတော့ မယုံလို့ မရတော့ဘူး။ နတ်ဘုရားအန်က တကယ်ကို လျှပ်စီးထိန်းချုပ်သူနတ်ဘုရားပဲ။"
"ဟူး.....အန်လင်းရဲ့ အကူအညီနဲ့ဆို လျှိုချင်းဟွမ်လည်း မိုးကြိုးကပ်ဘေး ခံယူရတာ အန္တရာယ် ကင်းလောက်ပါပြီ။"
"ဟုတ်တယ်။ နောက်ကြရင် ငါတို့မိုးကြိုးကပ်ဘေး ခံယူရတဲ့ အချိန်ကြရင်လည်း အန်လင်းကို ခေါ်ထားသင့်တယ်။ အဲ့လိုဆို အရမ်းကောင်းမှာပဲ။"
"အိမ်မက်မက်မနေနဲ့။ အဲ့ဒါက တကယ်ကောင်းပေမယ့် အန်လင်းက နင့်ကိုဘာလို့ ကူညီရမှာလဲ။"
"ငါ့အလှပကြောင့်ပေါ့။"
"ဟီးဟီး.....နင့်ကိုယ်နင် နတ်ဘုရားမလေးဟွမ် ဒါမှမဟုတ် နတ်မိမယ်လေး ရှောင်လန်ထက် လှတယ်ထင်နေလား။"
ကျောင်းသားများမှာ ကျောင်းသူအချို့အား မခံချင်အောင် စနောက်နေသည်။
..........
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၌
ပိုင်ကျုံးနှင့် ခုံးမိုဟန် နှစ်ဦးလုံးမှာ အံ့အားတကြီးနှင့် အန်လင်းကို ကြည့်ရှုနေမိသည်။
"သူက မိုးကြိုးကပ်ဘေးကို ထိန်းချုပ်နေတာလား။ ငါအိမ်မက် မက်နေတာတော့ မဟုတ်ဘူးမလား။"
ပိုင်ကျုံးသည် အသက်ကြီးလာသောကြောင့် အမြင်များ မှားကုန်သလို ခံစားနေရသည်။
ဝုန်း.....
လျှပ်စီးတစ်ခု ထပ်မံဆင်းသက်လာကာ အန်လင်းမှာ လျှိုချင်းဟွမ်ထံ ပို့ဆောင်ပေးလိုက်သည်။
မိုးကြိုးကပ်ဘေးသည် လျှိုချင်းဟွမ်၏ ခန္ဓာကိုယ်အား ဖျက်စီးကာ သန့်စင်ပေးနေသည်။
အဖျက်စွမ်းအင်မှ ပြန်လည်ဖန်တီးခြင်း အမျိုးအစားဖြစ်ပြီး စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ တစ်ဦးသည် မိုးကြိုးကပ်ဘေး ခံယူနေစဉ်အတွင်း ခန္ဓာကိုယ်အား ပြန်လည်ဖြစ်တည်စေနိုင်သည်။
"သူ့နာမည်က အန်လင်းလား။ ငါတို့ ကောင်းကင်ဘုံခုံရုံးမှာ အဲ့လောက်တော်တဲ့ ပါရမီရှင်မျိုး ရှိလာမယ် မထင်ထားဘူး။"
ခုံးမိုဟန်မှာ တောက်ပနေသော မျက်ဝန်းများဖြင့် အန်လင်းကို ကြည့်ရှုနေသည်။
လွန်ခဲ့သော နှစ်တစ်သောင်းခန့် သူအသက်ရှင်နေစဉ်ကသာ အန်လင်းအား တွေ့ခဲ့ရပါက တပည့်အဖြစ် ခေါ်ဆောင်ထားမိမှာ သေချာသည်။
အန်လင်းအား တိုက်ရိုက်တပည့်အဖြစ် သတ်မှတ်ကာ သိရှိထားသော အကြောင်းအရာ၊ ဗဟုသုတများအားလုံး သင်ကြားပေးမည် ဖြစ်သည်။
မိုးကြိုးကပ်ဘေးအား ပေါ့ပေါ့ပါးပါး ကိုင်တွယ်နေဟန်က ခုံးမိဟန်၏စိတ်ကို သိမ်းပိုက်သွားသည်။
"စိတ်မပူနဲ့ စီနီယာအစ်မကြီးလျှို ကျွန်တော် ရှိနေတာမို့ မိုးကြိုးကပ်ဘေးကိုပဲ အာရုံစိုက်ထားနော်။"
ကောင်းကင်ထက်မှ မိုးကြိုးကပ်ဘေးများမှာ ပိုမိုကြောက်မက်ဖွယ် ကောင်းလာပါသော်လည်း အန်လင်းမှာ တည်ငြိမ်စွာဖြင့် အခိုင်အမာ ကတိပြုလိုက်သည်။
လျှိုချင်းဟွမ်၏ မျက်ခုံးများ ပြေလျော့သွားကာ နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။
ဟုတ်တယ်.....အန်လင်းရှိနေတာပဲ....
မည်သည့်အကြောင်းအရင်းကြောင့်မှန်း မသိပါသော်လည်း လျှိုချင်းဟွမ်မှာ လုံခြုံသော စိတ်ခံစားချက်ကို ရရှိနေသည်။
သူမသည် မိုးကြိုးကပ်ဘေးနှင့် ခန္ဓာကိုယ်အား သန့်စင်ကာ နယ်ပယ်အား ပြီးပြည့်စုံစေရန်အတွက် ကျင့်ကြံရေးကိုသာ အာရုံစိုက်နေရန် လိုတော့သည်။
စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တက်ရန် မိုးကြိုးကပ်ဘေး လေးဆယ့်ကိုးခုကို ခံယူရပြီး လျှိုချင်းဟွမ်သည်လည်း ခြွင်းချက်မဟုတ်ပေ။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ဟန့်တားမှုကြောင့် မိုးကြိုးကပ်ဘေးမှာ ပိုမိုအားကောင်းလာသည်မှလွဲ၍ အခြားသော ထူးခြားဖြစ်စဉ်များ မရှိပေ။
ယခုအတိုင်းသာ ဆက်သွားနေပါက လျှိုချင်းဟွမ်မှာ မိုးကြိုးကပ်ဘေးအား ကောင်းမွန်စွာ ကျော်လွှားနိုင်လိမ့်မည်။
ဝုန်း....ဝုန်း....ဝုန်း....
လျှပ်စီးများသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီးနောက် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်တစ်ထပ်မြောက် ပြတင်းပေါက်မှတဆင့် လျှိုချင်းဟွမ်ထံ ရောက်ရှိနေသည်။
အရာအားလုံးသည် ထိန်းချုပ်ထားသည့်အတိုင်း စီစဉ်တကျ ရှိနေလေသည်။
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏အဝေး ကောင်းကင်ထက်တွင် လေဟာနယ်များ တုန်ခါလာကာ အရှိန်အဝါ ကြီးမားသော အဝါရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး ပေါ်ထွက်လာသည်။
သူသည် မိုးကြိုးကပ်ဘေး တိမ်တိုက်အား ကြည့်ရှုလိုက်ပြီးနောက် ၎င်းတို့အား ထိန်းချုပ်နေသော အန်လင်းအားကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်မိသည်။
"သူကတကယ်ပဲ မိုးကြိုးကပ်ဘေးကို ထိန်းချုပ်နိုင်တယ်ပေါ့။"
ထိုသည်မှာ ကောင်းကင်ဘုံခုံရုံးအား အုပ်ချုပ်သူ ကောင်းကင်အရှင်သခင် ဖြစ်သည်။
သူရှိနေသည်အား မည်သူကမှ သတိမပြုမိကြပေ။ သူသာ အလိုရှိပါက မည်သူကမှ သူ၏တည်ရှိမှုအား အာရုံခံနိုင်မည် မဟုတ်ပေ။
"ကြည့်ရတာ ငါဝင်ပါစရာ မလိုတော့ဘူးထင်တယ်။"
ကောင်းကင်အရှင်သခင်မှာ ညင်သာစွာ ပြုံးလိုက်ပြီးနောက် မျက်စိရှေ့ရှိ မြင်ကွင်းကိုသာ အေးအေးဆေးဆေး ကြည့်ရှုနေသည်။
စုရှောင်လန်နှင့် စုချန်းရန်တို့သည်လည်း ဓားများကို စီးနင်းကာ ကောင်းကင်ထက်မှတဆင့် စောင့်ကြည့်နေကြသည်။
စုချန်းရန်၏ အပြာရောင် မျက်ဝန်းလေးများ အပြူးသားဖြင့် အန်လင်းကို ငေးကြည့်နေမိသည်။
"အတန်းဖော် အန်လင်းက တခြားသူတွေရဲ့ မိုးကြိုးကပ်ဘေးကိုပါ ထိန်းချုပ်နိုင်မယ် မထင်ထားဘူး။ နောက်ငါမိုးကြိုးကပ်ဘေး ခံယူရင်လည်း သူကူညီပေးရင် ကောင်းမယ်။"
သူမ သတိထားနေဟန်ဖြင့် စုရှောင်လန်အား ကြည့်ရှုလိုက်သည်။
"နင်စိတ်မဆိုးဘူးမလား။"
စုချန်းရန်၏ ချစ်စဖွယ် အမူအရာကြောင့် စုရှောင်လန်မှာ ဝါးခနဲ ရယ်မောလိုက်မိသည်။
"စိတ်မဆိုးပါဘူးဟ....ငါတို့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား။ ပြီးတော့ ငါ့အမြင်ကို မေးနေစရာ လိုလို့လား။ သူနဲ့ငါက ဘာဆိုင်လို့လဲ။"
စုချန်းရန် ခပ်ဖွဖွလေး ပြုံးလိုက်သည်။
"အားလုံးက ပြောနေကြတယ်လေ....နင်နဲ့ အတန်းဖော် အန်လင်းက တာအိုလက်တွဲဖော် ဖြစ်လာမယ့်သူတွေတဲ့။"
စုရှောင်လန် မျက်နှာပျက်နေပါသော်လည်း သူမ၏ မျက်ဝန်းလေးများ ပြုံးရောင်သမ်းသွားသည်။ သူမသည် အန်လင်း၏ တာအိုလက်တွဲဖော်အဖြစ် သတ်မှတ်ခံရသည်ကို အသားကျသေးပုံ မရပေ။
..........
လျှပ်စီးများမှာ ဆက်တိုက်ဆိုသလို ကျဆင်းနေသည်။
အန်လင်းသည် လျှပ်စီးခြယ်လှယ်နည်းစနစ်အား အသုံးပြုနေပြီး ပထမဆုံး အကြိမ်အဖြစ် မိုးကြိုးကပ်ဘေးများ ပိုမိုအားကောင်းလာသည်ကို ခံစားမိသည်။
အန်လင်းအပါအဝင် မည်သူ့ထံတွင်မှ အကန့်အသတ်မဲ့သော စွမ်းအင်များ ရှိမနေပေ။ သူသည်ပင် စွမ်းအင်အလွန်အကျွံ သုံးစွဲမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ခံစားလာရသည်။
ကံကောင်းထောက်မစွာဖြင့် မိုးကြိုးကပ်ဘေး ခံယူမှုမှာလည်း ပြီးဆုံးတော့မည်ပင်။
မိုးကြိုးကပ်ဘေး လေးဆယ်တိတိ ကျဆင်းပြီးခဲ့ပြီ ဖြစ်သည်။
လျှိုချင်းဟွမ်သည် ခန္ဓာကိုယ်အား သန့်စင်ခြင်း ပြီးဆုံးသွားပြီဖြစ်ပြီး မကြာမီပင် ပြီးပြည့်စုံသော နယ်ပယ်အား ရရှိပေတော့မည်။
ထိုအချိန်မှာပင် တိမ်တိုက်များထံမှ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားစိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။
ငါးဆယ်ကီလိုမီတာပတ်လည်ရှိ သက်ရှိသတ္တဝါများမှာ အေးစက်ထက်ရှသော အရှိန်အဝါကို ခံစားမိလိုက်ကြသည်။
ပိုင်ကျုံးနှင့် ခုံးမိုဟန်မှာ ပါးစပ်အဟောင်းသားနှင့် လျှိုချင်းဟွမ်အား ကြည့်လိုက်မိကြသည်။
ကောင်းကင်အရှင်သခင်သည်ပင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပေ။
ခုံးမိုဟန် မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
"သူမရဲ့ ရှေးဟောင်းတာအိုဓားသိုင်းက နိုးထလာတာလား။"
လျှိုချင်းဟွမ်မှာ မျက်ဝန်းများ ပွင့်ဟလာပြီး သူမ၏ အရှိန်အဝါမှာလည်း တဟုန်ထိုး ထိုးတက်လာသည်။
သူမသည် ဓားနတ်ဘုရားမ တစ်ပါးအလား မျက်ဝန်းထဲ၌ အစစ်အမှန် ဓားစိတ်ဆန္ဒများ ထင်ဟပ်နေသည်။
ထိုအချိန်တွင် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများ၏ ဓားများပါ မြည်ဟီးလာသည်။ ခုံးမိုဟန်၏ အစိမ်းရောင် ဓားရှည်သည်ပင် ထိန်းချုပ်မရအောင် တုန်ခါလာလေသည်။
ရှေးဟောင်းတာအိုဓားသိုင်း၏ အရှိန်အဝါကြောင့် ဖြစ်သည်။
ဝုန်း.....
ကောင်းကင်ထက်ရှိ လျှပ်စီးများမှာ ကောင်းကင်နှင့်မြေပြင်ကို ထိုးခွဲတော့မည့်အလား အဖျက်စွမ်းအင် ပြင်းထန်လှသော လျှပ်စီးဓားတစ်လက်အသွင် ရုပ်လုံးပေါ်လာသည်။
"ဒါက ဓားမိုးကြိုးကပ်ဘေးလား...."
ခုံးမိုဟန် စကားဆိုလိုက်သည်။
"ဒဏ္ဍာရီလာ မိုးကြိုးကပ်ဘေးကို ငါ့မျက်စိနဲ့ မြင်ရလိမ့်မယ်လို့ မထင်ထားဘူး။ အရမ်းပါရမီကောင်းတဲ့ ဓားအင်မော်တယ်တွေပဲ ဓားမိုးကြိုးကပ်ဘေးကို ဖြစ်လာစေနိုင်တာ။"
ခုံးမိုဟန်မှာ အံ့သြဘနန်း ဖြစ်နေပါသော်လည်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာ များများစားစား မတွေးကြပေ။
အန်လင်း၏ ရွှေရောင်ဟာလာပြင်လျှပ်စီးအား မြင်ဖူးထားသောကြောင့် လျှပ်စီးဓားမှာ အထူးအဆန်း မဟုတ်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ဓားအရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းကြောင်း ဝန်ခံရပေလိမ့်မည်။
လျှိုချင်းဟွမ်၏ အစစ်အမှန် ဓားစိတ်ဆန္ဒသည် အလွန်ခက်ထန်ကြောင်း ၎င်းတို့အားလုံး ခံစားမိနေသည်။
လျှိုချင်းဟွမ် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်သည် အံ့ဖွယ်ဓားတစ်လက်အလား စူးရှလွန်းသော အရှိန်အဝါများ ဖြာထွက်နေလေသည်။
သူမသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ကို ဖောက်မြင်နေသကဲ့သို့ ခေါင်းကိုမော့ကာ ကောင်းကင်ထက်တွင် ရှိနေသော လျှပ်စီးဓားအား ကြည့်ရှုလိုက်သည်။
ဝှစ်.....
လျှပ်စီးဓားသည် နဂါးတစ်ကောင်သဖွယ် လျင်မြန်စွာဖြင့် လျှိုချင်းဟွမ်ထံသွားရန် အန်လင်းထံ ရောက်ရှိလာကာ လမ်းတလျှောက် လျှပ်စီးကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။
ဝုန်း.....
လျှပ်စီးဓားသည် အန်လင်း၏ ရင်ဘတ်အားထိမှန်၍ စွမ်းအင်များပေါက်ကွဲထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလို ကောင်းကင်ရော၊ မြေပြင်ပါ တိတ်ဆိတ်သွားလေသည်။
အားလုံးသည် ရင်ဘတ်အတွင်းသို့ လျှပ်စီးဓားဝင်ရောက်နေသော လူငယ်လေးကိုသာ ကြည့်ရှုနေမိကြသည်။