← Chapters

အရှုံးမပေးနိုင်ဘူး

Vol. 43 Ch. 602

အရှုံးမပေးနိုင်ဘူး

Vol. 43 Ch. 602

အန်လင်း မယုံကြည်နိုင်စွာဖြင့် ရင်ဘတ်အတွင်းသို့ စတင်ဝင်ရောက်နေသော လျှပ်စီးဓားကို ငုံ့ကြည့်မိသည်။

လျှပ်စီးဓား၏ ပြိုင်ဘက်ကင်း ထက်ရှမှုများနှင့် ကြောက်မက်ဖွယ် စွမ်းအင်များသည် အဖျက်စွမ်းအားများအလား သူ၏ခန္ဓာကိုယ် တစ်ခုလုံးကို တိုက်စားပစ်နေသည်။

လျှပ်စီးခြယ်လှယ်နည်းစနစ်က ကျရှုံးသွားတာလား.....

မဟုတ်ဘူး.....ငါအချိန်မှီ မတုံ့ပြန်လိုက်တာနေမှာ.....

မိုးကြိုးကပ်ဘေးသည် မည်မျှပင် ခြယ်လှယ်ခံရပါစေ ခံယူရမည့်သူကိုသာ ထိမှန်ရန် ကြိုးစားလေ့ ရှိသည်။

သို့သော် အန်လင်းသည် လျှပ်စီးဓားအား အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်တစ်ထပ်မြောက်သို့ ဆင်းသက်လာရန် ခြယ်လှယ်လိုက်သောအခါ ရုတ်ချည်းဆိုသလို ပစ်မှတ်ပြောင်းသွားခဲ့သည်။

အရာအားလုံးမှာ မျက်စိတမှိတ်အတွင်း ဖြစ်ပျက်ခဲ့သောကြောင့် အန်လင်းသည်ပင် ဘာမှမတတ်နိုင်ခဲ့ပေ။

ဘာလို့ လျှိုချင်းဟွမ်ဆီ မရောက်ပဲ ငါ့ကိုလာမှန်တာတုန်း.....ငါက မိုးကြိုးကပ်ဘေး ခံယူတဲ့သူမှ မဟုတ်တာ.....

အန်လင်း ​ကြောင်တောင်တောင် ဖြစ်နေမိသည်။

လျှပ်စီးခြယ်လှယ်နည်းစနစ်က မိုးကြိုးကပ်ဘေးကို ဒေါသထွက်စေခဲ့လို့များ ငါ့ကိုအမြင်ကပ်ပုဒ်မနဲ့ ဆော်ထည့်လိုက်တာလား.....

အဓိပ္ပါယ်မှ မရှိတာ.....

မိုးကြိုးကပ်ဘေးသာ ခံစားချက်ရှိရင် ငါလည်း သေလောက်အောင် ဆော်ခံပြီးလောက်ပြီ.....

"အန်လင်း...."

စုရှောင်လန် အံ့အားတကြီး အော်ဟစ်လိုက်ပြီးနောက် အန်လင်းထံ ပျံဝဲလာသည်။

စုချန်းရန်သည်လည်း စုရှောင်လန်နှင့်အတူ လိုက်ပါလာသည်။ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်တွင် ရှိနေသော ရွှမ်းယွမ်ချန်တို့သည်ပင် အန်လင်းထံ ရောက်ရှိလာကြသည်။

"ဝေးဝေးနေ.....ငါအဆင်ပြေတယ်.... အဲ့ဒါကြောင့် ဝေးဝေးနေကြ...."

အန်လင်းသည် သူ၏အော်ဟစ်သံအား အားလုံးကြားနိုင်ရန် သက်ရှိစွမ်းအင်ကိုပါ အသံထဲ ပေါင်းထည့်ထားသည်။

သူ့ထံလာနေသူများအားလုံး ရပ်တန့်သွားလေသည်။

ထိုအချိန်မှသာ ၎င်းတို့မှာ အန်လင်း၏ ခန္ဓာကိုယ်အား သတိပြုမိသွားကြသည်။ လျှပ်စီးဓားသည် အန်လင်း၏ အဝတ်အစားများကိုသာ ဆုတ်ပြဲသွားစေပြီး ခန္ဓာကိုယ်တွင် မည်သည့်ထိခိုက်မှုမှ ရှိမနေပေ။

"နင်....နင်တကယ်အဆင်ပြေရဲ့လား။"

စုရှောင်လန် စိုးရိမ်နေဆဲပင်။

"အဆင်ပြေပါတယ်။"

အန်လင်း ခေါင်းညိတ်ပြသည်။

"နည်းနည်းလောက် ထုံနေတာကလွဲရင်ပေါ့။"

ထိုစကားနှင့်အတူ လက်နှစ်ဖက်ဖြင့် လျှပ်စီးဓားအား ချေမွပစ်လိုက်သည်။

"ဝါး...."

အားလုံးမှာ ပါးစပ်အဟောင်းသား ဖြစ်သွားရပြန်သည်။

အန်လင်းက မိုးကြိုးကပ်ဘေးကိုတောင် မထိခိုက်၊ မနာကျင်ပဲ ဖျက်စီးပစ်နိုင်တာလား.....မိုက်တယ်ဟေ့.....

လျှိုချင်းဟွမ်မှာ အန်လင်းကိုကြည့်ရင်း တည်ငြိမ်နေသော မျက်ဝန်းများတွင် ခံစားချက်အချို့ ဖြတ်ပြေးသွားသည်။

မိုးကြိုးကပ်ဘေးသည် အဘယ့်ကြောင့် အန်လင်းအား ထိမှန်သွားသည်ကို သူမ ခန့်မှန်းမိသည်။ သူမသည် မိခင်ဖြစ်သူ အပါအဝင် အန်လင်းတို့နှင့် ပက်သတ်ဆက်နွယ်မှု အားလုံးကို ဖြတ်တောက်ရန် ကြိုးစားနေခဲ့သည်။

သို့သော် အန်လင်းသည် သူမရှေ့တွင် ရှိနေသောကြောင့် လျှပ်စီးဓားအတွက် အဆိုးရွားဆုံး အဟန့်အတား ဖြစ်လာသည်။

မိုးကြိုးကပ်ဘေးသည် သူမ အဆင့်တက်ရန် အရေးအကြီးဆုံး အရာဖြစ်သောကြောင့် သူမအား လွန်ဆွဲထားစေသော အရာများအားလုံးကို ဖျက်စီးပစ်ပေလိမ့်မည်။

ဘာလုပ်ရမလဲ......

အချို့အရာများအပေါ် လက်လျှော့ရသည်မှာ မလွယ်ကူကြောင်း လျှိုချင်းဟွမ် နားလည်သွားသည်။

ယခုထိတိုင် သူမသည် မိခင်ဖြစ်သူအား မမေ့နိုင်သေးပေ။ ထို့အတူ အန်လင်းနှင့် သူငယ်ချင်းများအားလုံးကိုလည်း သံယောဇဉ် ရှိနေသေးသည်။

မိုးကြိုးကပ်ဘေး၏ နောက်ဆုံးသော လျှပ်စီးအား ခံယူပြီးပါက ထိုခံစားချက်များကို ဖြတ်ပစ်ကောင်း ဖြတ်ပစ်နိုင်လောက်သည်။

သို့သော် အရာအားလုံး မေ့လျော့သွားမည်ကို သူမ ကြောက်ရွံ့မိလာသည်။

ဝုန်း.....

လေးဆယ့်နှစ်ခုမြောက် မိုးကြိုးကပ်ဘေး ကျဆင်းလာသည်။

လျှပ်စီးဓားတစ်လက် ထပ်မံဖြစ်ပေါ်လာသောကြောင့် အန်လင်းမှာ လျှပ်စီးခြယ်လှယ်နည်းစနစ်အပေါ် အပြည့်အဝ အာရုံစိုက်ထားလိုက်သည်။

ထို့နောက် လျှပ်စီးဓားအား အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်တစ်ထပ်မြောက်သို့ ခေါ်ဆောင်လိုက်သည်။

ယခင်ကအတိုင်း လျှပ်စီးဓားမှာ ပစ်မှတ်ထပ်ပြောင်းသွားပြန်သည်။

အန်လင်းမှာ သတိအပြည့် ရှိနေသော​ကြောင့် လျှပ်စီးဓားအား အခြားတစ်ဖက်သို့ ပို့ဆောင်သည်။

ဝှစ်.....

လျှပ်စီးဓားသည် အပြည့်အဝ ခြယ်လှယ်ခံရသောကြောင့် ရွေးချယ်စရာ မရှိပဲ လျှိုချင်းဟွမ်ကို ထိမှန်သွားသည်။

လျှိုချင်းဟွမ်သည် ဓားမန္တာန်အား အသက်သွင်းထားသောကြောင့် ရှေးဟောင်းဓားပုံရိပ်မှာ ခန္ဓာကိုယ်အား လွှမ်းခြုံထားပြီး လျှပ်စီးဓားကို ခံယူရန် အသင့်ဖြစ်နေသည်။

လျှပ်စီးဓားသည် သူမအား ထိုးစိုက်ကာ အလင်းအစက်အပြောက်များအဖြစ် ပေါက်ကွဲသွားပြီးနောက် ကောင်းကင်တာအိုနှင့်အတူ ပါဝင်လာသော ဓားစိတ်ဆန္ဒမှာ ဖျက်စီးခြင်းနှင့် ဖန်တီးခြင်းကို သယ်ဆောင်ကာ ခန္ဓာကိုယ်တလျှောက် စီးဆင်းသွားသည်။

အောင်မြင်တယ်.....

အန်လင်း စိတ်သက်သာရာရကာ ပြုံးလိုက်သည်။

မိုးကြိုးကပ်ဘေး ခံယူရာတွင် လျှပ်စီးထံမှ စွမ်းအင်များ စုပ်ယူခြင်းမှာ ကျင့်ကြံသူများအတွက် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်သည်။

ထိုလျှပ်စီး၏ ဖျက်စီးခြင်း စွမ်းအင်မှ ပြန်လည်မွေးဖွားခြင်းမှာ အဆင့်တက်ခြင်းအတွက် သော့ချက်ပင်။ ထိုသို့သာ မဟုတ်ပါက အန်လင်းမှာ မိုးကြိုးကပ်ဘေး အားလုံးကို လျှိုချင်းဟွမ်အစား ခံယူပေးလိုက်မည်သာ။

ဝုန်း....ဝုန်း....ဝုန်း....

လျှပ်စီးဓားများ ကျဆင်းနေသည်နှင့်အတူ လျှိုချင်းဟွမ်၏ အရှိန်အဝါမှာ ပိုမိုအားကောင်းလာသည်။

သူမ၏ ဓားစိတ်ဆန္ဒသည်လည်း ရှေးဟောင်းတာအိုဓားသိုင်းနှင့်အတူ နိုးထလာကာ ကောင်းကင်ထိတိုင် ထိုးဖောက်သွားသည်။

အားနည်းသော ကျောင်းသားများသည် ကောင်းကင်ထက်မှ ဓားစိတ်ဆန္ဒအားကြည့်ကာ တာအိုနှလုံးသားများ တုန်လှုပ်လာပြီး ဒူးထောက်အရိုအသေပေးကုန်တော့သည်။

မိုးကြိုးကပ်ဘေး လေးဆယ့်ရှစ်ခု ပြီးဆုံးသွားပြီးနောက် ကောင်းကင်ထက်ရှိ မိုးကြိုးတိမ်တိုက်မှာ အတော်ပင် ငြိမ်သက်နေလေပြီ။

အန်လင်း လေးနက်သော အမူအရာဖြင့် စောင့်ကြည့်နေသည်။

နောက်ဆုံးသော မိုးကြိုးကပ်ဘေးမှာ ကျဆင်းလာတော့မည်ပင်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များနှင့်အတူ အကန့်အသတ်မဲ့သော ဓားစိတ်ဆန္ဒမှာ ငါးကီလိုမီတာလုံးကို လွှမ်းမိုးသွားသည်။ အဖြူရောင် လျှပ်စီးဓားမှာလည်း စတင်ပုံပေါ်လာလေသည်။

လျှပ်စီးဓားသည် ပေတစ်ရာကျော်မျှရှိပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် အဖြူရောင်အဖြစ် ပြောင်းလဲသွားစေသည်။

ဓားတွင်စုဝေးနေသော အဖျက်စွမ်းအင်များကြောင့် အားလုံးမှာ အသက်ရှူပင် ကြပ်လာသည်။

အက်ကွဲသံများနှင့်အတူ ဓားပတ်ပတ်လည်တွင် လေဟာနယ် တွင်းနက်များ ဖြစ်ပေါ်လာသည်။ လေထုသည်ပင် ဓား၏အရှိန်အဝါအား ခံနိုင်ပုံ မရပေ။

"ဒီမိုးကြိုးကပ်ဘေးက အရမ်းအားကောင်းတာပဲ။"

အန်လင်း အံ့အားသင့်နေမိသည်။

စစ်နတ်ဘုရား ခန္ဓာနှင့်ပင် ထိုလျှပ်စီးအား ခံယူရပါက ထိခိုက်သွားလောက်သောကြောင့် လျှိုချင်းဟွမ်မှာ ခံနိုင်ရည် မရှိလောက်ပေ။

ဟုတ်တယ်.....သူမ လုံးဝခံနိုင်ရည် မရှိနိုင်ဘူး....

ထို့အပြင် သူသည် ၎င်းမိုးကြိုးကပ်ဘေးအား စိတ်ရှိသလို မခြယ်လှယ်လိုက်နိုင်ပေ။ အရပ်မျက်နှာကိုသာ ညွှန်ပြပေးလိုက်နိုင်ပြီး အရှိန်အား မထိန်းချုပ်နိုင်ခဲ့ပေ။ (လက်ရှိမိုးကြိုးကပ်ဘေးက မိုးကြိုးတစ်ခုသာမက ဓားဆန္ဒများစွာပါဝင်နေခြင်းကြောင့်ဖြစ်နိုင်သည်။)

ထို့ကြောင့် မိုးကြိုးကပ်ဘေးသည် အရှိန်အဟုန်ပြင်းစွာ လျှိုချင်းဟွမ်ထံ ထိမှန်တော့မည်ပင်။

ခုံးမိုဟန်လည်း ထိုသည်ကို သတိပြုလိုက်မိသည်။

"မဖြစ်ဘူး....ဒီလျှပ်စီးက အရမ်းပြင်းလွန်းတယ်။ သူမ မခံနိုင်လောက်ဘူး။"

"အစပိုင်းတုန်းက မိုးကြိုးကပ်ဘေးကို အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်က တားထားလို့ အဲ့လောက်ကြမ်းသွားတာလား။"

ပိုင်ကျုံးမှာ စိတ်ပျက်လက်ပျက်နှင့် လျှိုချင်းဟွမ်ကို သနားနေမိပါသော်လည်း ဘာမှမကူညီပေးနိုင်ပေ။

အဝေးတွင်ရှိနေသော ကောင်းကင်အရှင်သခင်လည်း သက်ပြင်းချလိုက်သည်။

"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ကြောင့်တင် မဟုတ်ဘူး။ ကျင့်ကြံသူက ပါရမီကောင်းသလောက် မိုးကြိုးကပ်ဘေးက ပြင်းထန်မှာပဲ။ ရှေးဟောင်းတာအိုဓားသိုင်းကလည်း နိုးထလာပြီဆိုတော့ ဒီမိုးကြိုးကပ်ဘေးက ကြောက်စရာ ကောင်းနေတာ မထူးဆန်းတော့ဘူး။"

"အဲ့ဒါအပြင် သူမရဲ့ အခြေခံက ပြီးပြည့်စုံမှု မရှိသေးဘူး။ သူမက သံယောဇဉ်တွေကို လွှတ်မချနိုင်သေးဘူး။ အဲ့ဒါတွေ အားလုံးကို ဖြတ်တောက်ဖို့ မိုးကြိုးကပ်ဘေးကို မိုခိုထားတာကိုး။ မိုးကြိုးကပ်ဘေးက ပိုအားကောင်းသွားတာပေါ့။ ကြည့်ရတာ သူမက ဒီမှာတင် ဘဝကူးတော့မှာလား မသိဘူး။"

ကောင်းကင်အရှင်သခင် ခေါင်းခါမိသည်။

မိုးကြိုးကပ်ဘေး အစသာ ဖြစ်ပါက သူသည် တိမ်တိုက်များအား အတင်းအကြပ် ဖယ်ရှားကာ လျှိုချင်းဟွမ်၏ အသက်အား ကယ်တင်မိပေလိမ့်မည်။

သို့သော် မိုးကြိုးကပ်ဘေးသည် နောက်ဆုံးအဆင့် ရောက်နေပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် ဘာမှမတတ်နိုင်တော့ပေ။ ထိုသို့မဟုတ်ပါက ကောင်းကင်တာအို၏ အပြစ်ပေးခြင်းကို ခံယူရနိုင်သည်။

စောင့်ကြည့်နေသူများသည်လည်း လျှပ်စီးဓားအားကြည့်ကာ စိုးရိမ်နေကြသည်။ လျှပ်စီးဓားထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် လူသားတစ်ဦး ထိတွေ့ကိုင်တွယ်နိုင်မည့် အရာမျိုး မဟုတ်ပေ။

လျှိုချင်းဟွမ်သည်လည်း မျက်နှာတစ်ခုလုံး ဖြူရော်နေလေပြီ။

သူမ အတိတ်ကို ပြန်လည်တွေးတောမိသည်။ သူမသည် မိခင်အား အလွန်ချစ်ခင်သည့်အပြင် သူငယ်ချင်းများကိုလည်း လွန်စွာတန်ဖိုးထားသည်။ ထိုသံယောဇဉ်များကို အဘယ့်ကြောင့် အလုံးစုံ ဖြတ်တောက်ပစ်ရမည်နည်း။

ပထမဆုံး ခြေလှမ်းတွင် မှားယွင်းခဲ့ပါက နောက်ခြေလှမ်းများလည်း မမှန်နိုင်​ပေ။

လျှိုချင်းဟွမ်မှာ သူမ၏ အမှားကို သိရှိသွားသည်။ ထိုသံယောဇဉ်များကို ဖြတ်တောက်ရန် သူမ အသင့်မဖြစ်သေးပေ။

မရိုးဖြောင့်သော ပါးစပ်နှင့် ရိုးသားလွန်းသော နှလုံးသား ရှိသူမှာ သူမပင် ဖြစ်သည်။ သူမ၏စိတ်သည်ပင် အဆင်သင့် မဖြစ်သေးသောကြောင့် မိုးကြိုးကပ်ဘေးသည်လည်း ကူညီပေးနိုင်မည် မဟုတ်ပေ။

ပြင်းထန်လှသော ဖိအားများနှင့်အတူ တိမ်တိုက်မည်းများ စုဝေးလာသည်။

အဖြူရောင် လျှပ်စီးဓားသည် ကောင်းကင်ထက်တွင် ဝေ့ဝဲနေသည်။ လျှိုချင်းဟွမ်မှာ တည်တည်ငြိမ်ငြိမ် မရှိတော့ပဲ သစ်ပင်ပေါ်မှ ပြုတ်ကျထားသူအလား မျက်စိမျက်နှာပျက်ကာ မျက်ရည်များ ကျဆင်းလာတော့သည်။

သေခြင်းတရားအား သူမ ကြောက်ရွံ့သည်။ ဤကမ္ဘာကြီးထဲမှ သူမ ထွက်ခွာသွားလိုစိတ် မရှိသေးကြောင်း နားလည်လာသည်။

ဝုန်း.....

အဖြူရောင် လျှပ်စီးဓားသည် နတ်ဘုရား ပြစ်ဒဏ်အလား ​အရှိန်အဟုန်ပြင်းစွာ သက်ဆင်းလာသည်။

လျှိုချင်းဟွမ် လက်လျှော့လိုက်ဟန်ဖြင့် လျှပ်စီးဓားကို ကြည့်ရှုလိုက်သည်။

ထိုအချိန်မှာပင် သူမအား လှည့်ကြည့်ကာ နွေးထွေးစွာ ပြုံးပြလာသော လူငယ်လေးကို တွေ့လိုက်ရသည်။

လျှပ်စီးဓားသည် လူငယ်လေးအား ထိမှန်သွားတော့သည်။

သူမ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။

အဆုံးတွင်မူ ခံစားချက်များအား ဖိနှိပ်မထားနိုင်တော့ပဲ အော်ဟစ်ငိုကြွေးမိလေသည်။

"အန်လင်း...."

All Chapters