လျှိုချင်းဟွမ်၏ရွေးချယ်မှု
Vol. 43 Ch. 604
လျှိုချင်းဟွမ်သည် မိုးကြိုးကပ်ဘေးအား အောင်မြင်စွာ ကျော်လွှားသွားနိုင်ချိန်မှသာ စောင့်ကြည့်နေသူများလည်း သက်ပြင်းချနိုင်တော့သည်။
မိုးကြိုးကပ်ဘေး ခံယူမှုသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့ပြီး ကောင်းမွန်သော တိုက်ပွဲတစ်ပွဲကို ကြည့်ရသည်နှင့်မခြား စိတ်လှုပ်ရှားစေခဲ့သည်။
နောက်ဆုံးပွေ့ဖက်ခြင်းကိုမူ မည်သူကမှ များများစားစား မတွေးကြပေ။
သို့သော် စုရှောင်လန်မှာ ထိုမြင်ကွင်းကြောင့် အီးမှန်ထားသလို ဖြစ်နေသည်။ အန်လင်းအား သေလောက်အောင် ထုရိုက်ကာ 'နင်ခံစားလို့ကောင်းလား.....ဟမ်....ကောင်းမှကောင်းရဲ့လား...'ဟု မေးလိုသည်။
သို့သော် စောင့်ကြည့်နေသူများစွာရှေ့တွင် အန်လင်းအား သမရန် မကောင်းသောကြောင့် ခံစားချက်များကိုသာ မြိုသိပ်ထားလိုက်ရသည်။
"အန်လင်းက အရမ်းတော်တာပဲ။ ကောင်းကင်ဘုံရဲ့ မိုးကြိုးကပ်ဘေးကိုတောင် ဖန်တီးနိုင်တယ်။ ငါလည်းသူ့ဆီကနေ မိုးကြိုးပစ်ခံလိုက်ရင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်ကို ရောက်လာမှာလားဟင်။"
စုချန်းရန်မှာ မျက်ဝန်းလေး ကလယ်ကလယ်နှင် အံ့အားသင့်နေသည်။
စုရှောင်လန် စိတ်အလိုမကျစွာ တုံ့ပြန်လိုက်သည်။
"မဖြစ်နိုင်လောက်ဘူး။ အန်လင်းက လျှိုချင်းဟွမ်ရဲ့ မိုးကြိုးကပ်ဘေးကို စုပ်ယူခဲ့တာလေ။ အဲ့ဒါကြောင့် လျှိုချင်းဟွမ် အတွက်ပဲ အလုပ်ဖြစ်လောက်တယ်။"
"အတိအကျကြီးတော့ ပြောလို့မရပါဘူး။ သူ့ရဲ့လျှပ်စီးက ငါ့အတွက် အလုပ်ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ မစမ်းကြည့်မချင်း မသိနိုင်ဘူး။"
စုချန်းရန် သာယာသော အသံဖြင့် ငြင်းခုံလိုက်သည်။
စုရှောင်လန် သက်ပြင်းချကာ ကိုယ်နဖူးကိုယ်ရိုက်မိသည်။
စုချန်းရန်က အရမ်းကို မိုးကြိုးပစ်ခံချင်နေရင် ဘယ်သူက တားနိုင်မှာတဲ့လဲ....
ပိုင်ကျုံး တုန်လှုပ်စွာဖြင့် နဖူးထက်မှ ချွေးစများကို သုတ်လိုက်သည်။ မိုးကြိုးကပ်ဘေး ခံယူခြင်းသည် သူ့အတွက် ခက်ခဲကြမ်းတမ်းသော အတွေ့အကြုံတစ်ခု ဖြစ်ခဲ့လေသည်။ ကျောင်းတော်၏ အထူးချွန်ဆုံး ပါရမီရှင် တစ်ဦးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်တွင် ဘဝကူးတော့မလို ဖြစ်ခဲ့သည် မဟုတ်လော။
"တော်သေးတာပေါ့....ငါ့အမှားက ပြင်လို့ရသွားလို့။"
လျှိုချင်းဟွမ်၏ မိုးကြိုးကပ်ဘေး ခံယူမှုမှာ အောင်မြင်သွားသောကြောင့် ခုံးမိုဟန်လည်း စိတ်သက်သာရာ ရသွားသည်။
သူ၏အားပေးစကားများကြောင့် ပါရမီကောင်းသော ဓားအင်မော်တယ်တစ်ဦး သေဆုံးသွားမည်ကို အလွန်အမင်း စိုးရိမ်နေခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် အန်လင်းမှာ အခြေအနေကို ပြောင်းလဲကာ လျှိုချင်းဟွမ်၏ အသက်အား ကယ်တင်ပေးနိုင်လိုက်သည်။
ပိုင်ကျုံးလည်း စိတ်သက်သာရာရကာ ပြုံးမိသည်။
"ဒီနှစ်ရဲ့ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် စမ်းသပ်မှုကို ဒီလိုလေး ပိတ်လိုက်နိုင်လို့ တော်သေးတာပေါ့။"
ထိုစကားနှင့်အတူ သူ၏အမူအရာမှာ ပြောင်းလဲသွားသည်။
နေပါဦး....ယီးထဲမှ စမ်းသပ်ချက်က တန်းလန်းကြီးဟ.....
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ စမ်းသပ်ချက်မှာ မပြီးဆုံးသေးပဲ အခြေအနေများသာ ကသောင်းကနင်း ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
ပိုင်ကျုံးမှာ ရုတ်ချည်းဆိုသလို သွေးအန်ချင်လာကာ ဆယ်သက်စာလောက် ပင်ပန်းသွားသလို ခံစားလိုက်ရသည်။
လျှိုချင်းဟွမ် အန်လင်းအား တာ့တာပြလိုက်သည်။
"စမ်းသပ်ချက်က မပြီးသေးဘူးဆိုတော့ ငါတို့နောက်မှ တွေ့ကြတာပေါ့။"
ပိုင်ကျုံးသည်လည်း အသိစိတ် ပြန်ဝင်လာကာ သြဇာအာဏာရှိသော အသံဖြင့် စကားဆိုသည်။
"စမ်းသပ်မှု ခံယူနေတဲ့ သူတွေအားလုံး သက်ဆိုင်ရာ အထပ်တွေဆီ ပြန်သွားပေးကြပါ။"
အန်လင်း ဟိုဟိုသည်သည် ကြည့်ရှုလိုက်သောအခါ စုရှောင်လန်၏ မျက်ဝန်းအစုံနှင့် တည့်တည့်တိုးသွားသည်။
စုရှောင်လန် ခပ်ဖွဖွပြုံးကာ ညင်သာစွာ ချီးကျူးလိုက်သည်။
"တော်တယ်။"
"ဟဲဟဲ....ငါ့လိုစွမ်းရည်ရော၊ ပါရမီရော ကောင်းတဲ့သူကို အားမကိုးချင်ဘူးလား။"
အန်လင်းမှာ စုရှောင်လန်၏ ချီးကျူးမှုကြောင့် မြောက်ကြွမြောက်ကြွ ဖြစ်နေလေပြီ။
စုရှောင်လန် သွေးများဆောင့်တက်လာရသည်။
ဒင်းက အဲ့လောက်တောင် အရိပ်အကဲ မသိတာလား.....
သူမ၏ အပြုံးများ အနည်းငယ် အေးစက်သွားသည်။
"ဟင်းဟင်း.....ငါတို့ပြန်ရမယ့် အချိန်ထိ စောင့်နေလိုက်ဦးပေါ့။"
"ဟမ်...."
အန်လင်း နားမလည်နိုင် ဖြစ်သွားပါသော်လည်း နှလုံးသားထဲတွင် မကောင်းသောနိမိတ်များ ထင်လာမိသည်။
"အခုတော့ ငါ့ရဲ့စမ်းသပ်ချက်ကို ဆက်လုပ်ရဦးမယ်။"
စုရှောင်လန်သည် နဂါးစာကလေးဓားအား စီးနင်းကာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ငါးထပ်မြောက်သို့ ပျံသန်းသွားသည်။
"ခစ်ခစ်......အတန်းဖော် အန်လင်း.....နောက်ကြငါအဆင့်တက်ရင်လည်း မိုးကြိုးကပ်ဘေးကို ကူညီပေးရမယ်နော်။"
စုချန်းရန် ချိုမြိန်စွာ ပြုံးပြလိုက်သည်။
အန်လင်းမှာ အူကြောင်ကြောင် ဖြစ်နေပါသော်လည်း အားလုံးမှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ သက်ဆိုင်ရာ အထပ်များထံ ပြန်သွားကြပြီ ဖြစ်သောကြောင့် သူသည်လည်း ထိုသို့လုပ်ဆောင်ရန်သာ ရှိတော့သည်။ ထို့ကြောင့် ဝိဉာဉ်သွေးဆေးလုံးအားသောက်ကာ ကိုးဆယ့်ရှစ်ထပ်မြောက်သို့ ပြန်သွားလိုက်သည်။
ထိုအထပ်ရှိ အံ့ဖွယ်စိတ်ဆန္ဒသည် ရုပ်လုံးပေါ်လာရန်ပင် အချိန်အတော်ယူရသည်။ သူသည် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ပါသော်လည်း အံ့ဖွယ်စိတ်ဆန္ဒမှာ သေသေချာချာ ရုပ်လုံးပေါ်မလာခဲ့ပေ။ ယခု သူထွက်ခွာလာသည်မှာ အချိန်အတိုင်းအတာတစ်ခု ရှိနေပြီ ဖြစ်သောကြောင့် အံ့ဖွယ်စိတ်ဆန္ဒ ရုပ်လုံးပေါ်လောက်ပြီလားဟု တွေးမိသည်။
.............
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်တစ်ထပ်မြောက်၌
လျှိုချင်းဟွမ်နှင့် ခုံးမိုဟန်တို့မှာ ဓားများကို ကိုင်ဆောင်ရင်း မျက်နှာချင်းဆိုင် ရှိနေကြသည်။
"တောင်းပန်ပါတယ်။ ဒီနေရာမှာ အဆင့်တက်ဖို့ အားမပေးလိုက်သင့်ဘူး။"
ခုံးမိုဟန် တောင်းပန်ကာ အရိုအသေ ပေးလိုက်သည်။
လျှိုချင်းဟွမ် ဂရုမစိုက်စွာ ပြုံးနေသည်။
"ကျွန်မကမှ မှားတဲ့သူပါ။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေခဲ့လို့ ကျေးဇူးတင်ပါတယ်။ အနည်းဆုံးတော့ နောက်ဆုံးရလဒ်က ကောင်းနေတာပဲမလား။"
မိုးကြိုးကပ်ဘေး ခံယူခြင်းသည် သူမအတွက် အလွန်ကောင်းမွန်သော ရလဒ်ကို ဖြစ်ပေါ်စေခဲ့သည်။ သူမသည် အဆင့်တက်ရန်အတွက် ခံစားချက်များအားလုံးကို ဖြတ်တောက်ရန် ကြိုးစားခဲ့ပါသော်လည်း ထိုသို့မလုပ်နိုင်ခဲ့ပေ။
အန်လင်းကြောင့် သူမသည် တန်ဖိုးရှိသော ခံစားချက်များကို သိမ်းဆည်းနိုင်ခဲ့သည့်အပြင် အဆင့်တက်ခြင်းမှာလည်း အောင်မြင်ခဲ့သည်။ ထိုခံစားချက်များကြောင့် အနာဂတ်တွင် သူမ၏ တာအိုနှလုံးသား ထိခိုက်လာနိုင်ပါသော်လည်း ခံစားချက် ကင်းမဲ့သော ဓားအင်မော်တယ် ဖြစ်နေသည်ထက် ပိုမိုကောင်းမွန်သည်။
လျှိုချင်းဟွမ်၏ အပြုံးကို မြင်မှသာ ခုံးမိုဟန်လည်း စိတ်သက်သာရာ ရသွားသည်။
"ကောင်းပြီ။ ဒါဆိုရင် စလိုက်ကြတာပေါ့။"
"ကောင်းပြီ။"
လျှိုချင်းဟွမ် ဓားအားဝေ့ယမ်းလိုက်သည်နှင့် အေးခဲနေသော နယ်ပယ်တစ်ခု ဖြစ်ပေါ်လာသည်။
သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ထက်ရှလှသော ဓားတစ်လက်ဟု ထင်မှတ်ရပြီး နှင်းပွင့်နှင့် ရေခဲမှုန်များမှာ သူမနှင့် အနီးတဝိုက်တွင် ပျံဝဲနေသည်။ သူမ၏ နယ်ပယ်တွင် ကြောက်မက်ဖွယ်ကောင်းသော ထက်ရှမှုများ ပါဝင်နေသောကြောင့် ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ပတ်ဝန်းကျင်မှာ တုန်ခါသွားရသည်။
သူမ၏ နှင်းခဲနယ်ပယ်မှာ ခုံးမိုဟန်အပေါ် ကျဆင်းလာပြီး တိုက်ခိုက်မှု မလုပ်ရသေးခင်မှာပင် ဓားအတွက် လမ်းကြောင်းခင်းပေးထားသည်။
ခုံးမိုဟန် မျက်မှောင်ကျုံ့ကာ နှင်းခဲနယ်ပယ်ကာ အတင်းအကြပ် ရုန်းထွက်လိုက်ရပြီး လျှိုချင်းဟွမ်အား အစိမ်းရောင် ဓားပုံရိပ်ဖြင့် တိုက်ခိုက်လိုက်သည်။
ဒုန်း....
ကျောက်စိမ်းနှစ်ခု ကွဲသွားသလို အသံမျိုး ထွက်ပေါ်လာပြီးနောက် အစိမ်းရောင် ဓားပုံရိပ်မှာလည်း အပြာရောင်ပုံရိပ်၏ လက်ချက်နှင့်အတူ ထက်ပိုင်းပြတ်သွားသည်။
မြန်လိုက်တာ.....
ခုံးမိုဟန်မှာ လှုပ်ရှားခြင်း နည်းစနစ်များကို အသုံးပြုပြီး လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။ သို့သော် သူ၏လှုပ်ရှားမှုများမှာ တဖြည်းဖြည်း နှေးကွေးလာသည်ဟု ထင်မှတ်ရလောက်အောင် တစ်ဖက်လူ၏ လှုပ်ရှားမှုမှာ လျင်မြန်လွန်းနေသည်။
နှင်းခဲနယ်ပယ်.....
လျှိုချင်းဟွမ် ခုံးမိုဟန်နားသို့ ရောက်လာသည်နှင့်အတူ အေးခဲချိပ်ပိတ်ခြင်းမှာ လေထုထဲ ပိုမိုသိပ်သည်းလာသည်။
ဝှစ်.....
နှင်းခဲစွမ်းအင်များ ပါဝင်နေသော ဓားပုံရိပ်မှာ ခုံးမိုဟန်၏ ပုံရိပ်အား ပိုင်းဖြတ်ပစ်လိုက်သည်။
လျှိုချင်းဟွမ်မှာ ခုံးမိုဟန်နောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူမ၏ ပန်းရောင်နှင့် အပြာရောင် ရောယှက်ထားသော ဝတ်စုံမှာ ညင်သာစွာ ကခုန်နေသလို ထင်မှတ်ရကာ နှင်းပွင့်နှင့် ရေခဲမှုန်များမှာလည်း ညင်သာစွာ ဝေ့ဝဲလို့နေသည်။
သူမ၏ လက်နှစ်ဖက်အား ပြန်ချလိုက်သည်နှင့် ဓားမှာလည်း ရေစက်များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားသည်။ သူမသည် တိုက်ပွဲတလျှောက်လုံး ခုံးမိုဟန်အား တစ်ချက်ကလေးမျှပင် မညှာခဲ့ပေ။
"တော်တော်အားကောင်းတာပဲ။"
ခုံးမိုဟန် ပျော်ရွှင်စွာ ပြုံးမိသည်။
"အသင့်ပြင်ထားလိုက်တော့။ မင်းကို ဓားရေစက်ကျင့်စဉ် အမွေပေးတော့မယ်။"
လျှိုချင်းဟွမ်၏ မျက်ခုံးနှစ်ခုကြားတွင် အစိမ်းရောင် အလင်းများ စုဝေးလာသည်။
လျှိုချင်းဟွမ် တိတ်ဆိတ်စွာ ရပ်နေပြီး ရှေးဟောင်းဓားတာအိုဖြင့် ဓားရေစက်ကျင့်စဉ်အား လေ့လာလိုက်သည်။ ထို့နောက် ခုံးမိုဟန်အား ကျေးဇူးတင်စွာ အရိုအသေပေးသည်။
"ကျေးဇူးတင်ပါတယ် စီနီယာ..."
ခုံးမိုဟန် စိတ်ကျေနပ်စွာ ပြုံးလိုက်သည်။
"မင်းက အရမ်းပါရမီကောင်းတယ်။ တကယ်သာဆိုရင် ငါ့ရဲ့ကျင့်စဉ်တွေ အားလုံးကိုပါ သင်ပေးချင်မိတာ။"
ထိုစကားနှင့်အတူ ခုံးမိုဟန်၏ ခန္ဓာကိုယ်မှာ လေပြေအလား ပျောက်ကွယ်သွားတော့သည်။
ချက်ချင်းဆိုသလို ဝမ်းနည်းဟန်ပေါက်နေသော ပိုင်ကျုံး ရောက်ရှိလာကာ တံဆိပ်ပြားများ ထုတ်ပြလိုက်သည်။
"အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ကိုးဆယ့်တစ်ထပ်မြောက်က စမ်းသပ်ချက်ကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ် လျှိုချင်းဟွမ်။ အခု မင်းသွားချင်တဲ့ နောက်တစ်ထပ်ကို ရွေးလို့ရပြီ။"
လျှိုချင်းဟွမ်မှာ တွေဝေခြင်းမရှိပဲ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ခုနစ်ထပ်မြောက်အား ရွေးချယ်လိုက်သည်။
ပိုင်ကျုံးမှာ ဒယိမ်းဒယိုင် ဖြစ်သွားပြီး ကူကယ်ရာမဲ့စွာ လျှာရှည်မိပြန်သည်။
"မင်းသေချာ မစဉ်းစားတော့ဘူးလား။ မင်းကအခုမှ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း စဦးအဆင့်ကို တက်ထားတာနော်။ မင်းမှာ ပါရမီ ဘယ်လောက်ရှိရှိ ကျင့်ကြံရေးအခြေခံ ခိုင်မာဖို့ အချိန်လိုသေးတယ်။ ကိုးဆယ့်ခုနစ်ထပ်မြောက်က စမ်းသပ်ချက်ကို အောင်မြင်ဖို့ မဖြစ်နိုင်လောက်ဘူး။"
"ဟီးဟီး....ကျွန်မ ကိုးဆယ့်တစ်ထပ်မြောက်ကို ရွေးတုန်းကလည်း ဒီဓာတ်ပြားဟောင်းကြီးပဲနော် အဖိုးကြီး။"
လျှိုချင်းဟွမ် ရယ်မောနေသည်။
ပိုင်ကျုံး: "......"
သူသည် စိုးရိမ်သောကြောင့် အကြံကောင်း ပေးခဲ့ပါသော်လည်း လျစ်လျူရှုခံလိုက်ရသောကြောင့် စိတ်ဓာတ်ကျသွားမိသည်။
"ကောင်းပြီ....ကောင်းပြီ။ အဲ့ဒါဆိုလည်းသွားပါ။ ကျရှုံးမှု မရှိရင် ရင့်ကျက်မှုလည်း ရှိမှာမဟုတ်ဘူး။"
ပိုင်ကျုံး ကိုးဆယ့်ခုနစ်ထပ်မြောက်သို့သွားရန် တံဆိပ်ပြားအား လျှိုချင်းဟွမ်ထံ ပေးလိုက်သည်။
နေပါဦး.....ဒီစကားတွေကို ရင်းနှီးနေသလိုပဲ....
ပိုင်ကျုံး ပို၍ပင် စိတ်ဓာတ်ကျသွားသည်။
လျှိုချင်းဟွမ် ခပ်ဖွဖွပြုံးကာ တံဆိပ်ပြားအား ယူလိုက်သည်။
အန်လင်းသည် ကိုးဆယ့်ရှစ်ထပ်မြောက်တွင် ရှိနေသောကြောင့် သူမသည်လည်း နောက်ကျမကျန်နေချင်ပေ။
..........
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်၌
ခုံးမိုဟန်အား လျှိုချင်းဟွမ် လျင်မြန်စွာ အနိုင်ယူလိုက်သည်ကို တွေ့လိုက်ရပြီးနောက် ကျောင်းသားများအားလုံး အော်ဟစ်အောင်ပွဲခံလိုက်ကြသည်။ ကျန်ရှိနေသော စမ်းသပ်ခံများထဲတွင် လျှိုချင်းဟွမ် တစ်ဦးတည်းကသာ ပဉ္စမနှစ် ကိုယ်စားပြု ဖြစ်သောကြောင့် လူတိုင်းမှာ သူမအား မျှော်လင့်ထားသည်။
"စီနီယာကျောင်းသူလျှိုက စီနီယာကျောင်းသားဝမ်ရဲ့ စံချိန်ကို ချိုးမယ်ထင်လား။"
"မျှော်လင့်ချက်တော့ ရှိတာသေချာတယ်။ စီနီယာကျောင်းသူလျှိုက စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်လည်း ရောက်သွားပြီဆိုတော့ သူမ အရည်အချင်းနဲ့ဆို အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ ကိုးဆယ့်လေးထပ်မြောက်ကို နိုင်လောက်တယ်။"
"ဒါက....."
သို့သော် သလင်းကျောက် မျက်နှာပြင်အားကြည့်ကာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"ဘုရားရေ....စီနီယာကျောင်းသူလျှိုက ကိုးဆယ့်ခုနစ်ထပ်ကို ရွေးလိုက်တာလား။"
"ကိုးဆယ့်ခုနစ်ထပ်မြောက်ကို နောက်ဆုံးနိုင်ခဲ့တာ ဘယ်တုန်းကလဲ။ နှစ်တစ်သောင်း ကျော်လောက်ပြီထင်တယ်။"
"ဟူး....သူမ ဆုံးဖြတ်တာ အရမ်းလောလွန်းတယ်။ ဝမ်ရွှမ်ကျန့်လို ပါရမီရှင်တောင် ကိုးဆယ့်လေးထပ်မြောက်မှာ ရှုံးခဲ့သေးတာကို။ သူမက စားနိုင်တာထက် ပိုစားဖို့ လုပ်နေတာပဲ။"
ကျောင်းသားများမှာ စီနီယာကျောင်းသားဝမ်၏ စံချိန်အား လျှိုချင်းဟွမ်မှ ချိုးဖြတ်ရန် မျှော်လင့်ထားကြပါသော်လည်း သူမ၏ ရွေးချယ်မှုအား တွေ့လိုက်ရပြီးနောက် စိတ်လှုပ်ရှားမှုများ အဆုံးသတ်သွားရသည်။
အဝေးတွင် ရှိနေသော ကောင်းကင်အရှင်သခင်မှာလည်း ပါးစပ်အဟောင်းသား ဖြစ်နေမိသည်။
"အန်လင်းက တကယ်အထင်ကြီးစရာပဲ။ ဒါပေမယ့် ဆန့်ကျင်ဘက်လိင်တွေကို ဆွဲဆောင်လွန်းအားကြီးတယ်။ ရှောင်ဇီကို သတိထားဖို့ သေချာပြောထားရမယ်။"