စစ်နတ်ဘုရားရှင်းထျန်း
Vol. 43 Ch. 605
စုချန်းရန်သည် ရှစ်ဆယ့်သုံးထပ်မြောက်ရှိ ပြိုင်ဘက်အား အမှောက်သိပ်နိုင်ခဲ့ပြီး အင်မော်တယ်မီးလျှံကြာပန်း အမွေအနှစ် ရရှိခဲ့သည်။
ထိုအမွေအနှစ်သည် သူမ တိုက်ခိုက်သောပုံစံနှင့် အနည်းငယ်မျှပင် မကိုက်ညီပါသော်လည်း တွေဝေခြင်းမရှိ လက်ခံခဲ့သည်။
ထို့ကြောင့် ကောင်းကင်အင်မော်တယ်မှာလည်း အမွေအနှစ် လက်ဆင့်ကမ်းရခြင်းအပေါ် ပျော်ရွှင်နေသည်။
သူမသည် လှပသည်ထင်ပင် သာလွန်နေသောကြောင့် အမွေအနှစ် ပေးရသည်မှာ နောင်တရစရာ မရှိပေ။
ကောင်းကင်အင်မော်တယ်သည် ထိုမျှလှပသော မိန်းမငယ်လေးအား မတွေ့ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သောကြောင့် ရွေးချယ်စရာ မရှိပဲ အမွေအနှစ်အား ပေးအပ်ချင်ကြသည်။
ထို့နောက် စုချန်းရန်မှာ ပေါ့ပါးစွာပြုံးရင်း အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်လေးထပ်မြောက်ကို ရွေးချယ်လိုက်သည်။
စုချန်းရန်သည် ချစ်စဖွယ် အကောင်းဆုံးနှင့် ရည်မှန်းချက် အကြီးဆုံး ကျောင်းသူဟု ပိုင်ကျုံး ထင်မှတ်မိသည်။ သူမသည် ရုပ်ရည်ချောမောရုံသာမက စိတ်နေစိတ်ထားလည်း လှပသည်။ ပိုင်ကျုံးအတွက် သူမနှင့် ပြောဆိုဆက်ဆံရသည်မှာ သက်တောင့်သက်သာ အဖြစ်ဆုံးပင်။
ထို့ကြောင့်ပင် ပိုင်ကျုံးသည် စုချန်းရန်နှင့်ဆိုလျှင် ချိုသာနေတတ်သည်။
စမ်းသပ်ခံ ကျောင်းသားများ အားလုံးတွင် စုချန်းရန် တစ်ဦးတည်းကိုသာ သူစိတ်တိုင်းကျမိသည်။
ထိုအချိန်တွင် စုရှောင်လန်မှာ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ငါးထပ်မြောက်၌ ကြမ်းတမ်းခက်ခဲသော တိုက်ပွဲကို ရင်ဆိုင်နေရသည်။
အဆုံးတွင်မူ ဗာမီလီယမ်ငှက်၏ ဟစ်ကြွေးသံနှင့်အတူ အဖြူရောင် မြင့်မြတ်မီးတောက်များမှာ ကိုးဆယ့်ငါးထပ် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ကြောက်မက်ဖွယ် အပူရှိန်နှင့် အဖျက်စွမ်းအင်များကြောင့် လေထုသည်ပင် တွန့်လိမ်ကုန်ရသည်။
သူမ၏ ပြိုင်ဘက်သည် ကာကွယ်ရေး မန္တာန်များ ဖုံးလွှမ်းထားသော အမျိုးသားတစ်ဦးဖြစ်ပြီး ဖျက်စီးမရနိုင်သော ရွှေရောင်နဂါးခေါင်း ပုံရိပ်ကြီးမှ ကာကွယ်ပေးထားသည်။
လျှပ်စီးစပါးအုံးများမှာ စုရှောင်လန်၏ ခြေထောက်အောက်သို့ ရောက်ရှိလာသည်နှင့် သူမသည် ထက်ရှသော ဓားတစ်လက်အလား မီးတောက်များကြား ပျံဝဲသွားလိုက်သည်။
သူမသည် နတ်ဘုရားမတစ်ပါးသဖွယ် အဖြူရောင် တောင်ပံများကိုပါ ဖြန့်ထုတ်ထားသည်။
မိုးပြာရောင် လျှပ်စီးနဂါးသည် ကျယ်ပြန့်လှသော နဂါးအရှိန်အဝါများနှင့်အတူ အံ့ဖွယ်ဓားတစ်လက်အဖြစ် ပြောင်းလဲသွားချိန်တွင် အဖြူရောင် ဗာမီလီယမ်မီးတောက်များမှာလည်း မြင့်မြတ်သော အရှိန်အဝါများ ပါဝင်နေသည့် ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ဓားနှစ်လက်သည် ဗာမီလီယမ်ငှက်နှင့် အစစ်အမှန် နဂါးတို့၏ အရှိန်အဝါများ ပေါင်းစပ်နေသော ဓားတစ်လက်အသွင် ဖြစ်ပေါ်လာကာ စုရှောင်လန်၏လက်ထဲ ရောက်ရှိလာသည်။
သူမ အရှေ့သို့တိုးကာ ကြောက်မက်ဖွယ်ဓားဖြင့် ရွှေရောင်နဂါးခေါင်းပုံရိပ်အား ခုတ်ချလိုက်သည်။
ဝုန်း.....
အဖြူရောင်မီးလျှံနှင့် မိုးပြာရောင် လျှပ်စီးများ ဖြာထွက်လာကာ ကြမ်းတမ်းခက်ထန်သော စွမ်းအင်လှိုင်းဂယက်များ ထွက်ပေါ်လာသောကြောင့် ကိုးဆယ့်ငါးထပ် တစ်ခုလုံး တုန်ခါသွားရပြီး အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကာကွယ်ရေး ဝင်္ကပါများသည်ပင် ပျက်စီးတော့မလို ဖြစ်သွားသည်။
စုရှောင်လန်သည် မီးတောက်မီးလျှံများနှင့်အတူ ထိုအမျိုးသားထံ လျှောက်လှမ်းသွားလိုက်သည်။ များပြားလှသော စွမ်းအင်များ အသုံးပြုခဲ့ရသောကြောင့် သူမ၏မျက်နှာမှာ အနည်းငယ် ဖြူရော်နေပါသော်လည်း ဂုဏ်ယူဝံ့ကြွားစွာ ပြုံးနေလေသည်။ သူမအနားရှိ မီးတောက်မီးလျှံများမှာလည်း ရွှင်မြူးစွာ ကခုန်နေသောကြောင့် သူမအား ကြည့်ရသည်မှာ မီးလျှံနတ်ဘုရားမဟုပင် ထင်မှတ်ရသည်။
ရွှေရောင်နဂါးခေါင်းပုံရိပ်မှာ ဟက်တက်ကွဲသွားပြီးနောက် ကောင်းကင်အင်မော်တယ်၏ မျက်ခုံးနှစ်ခုကြားတွင် သွေးများစီးကျလာကာ ၎င်း၏အရှိန်အဝါမှာလည်း လျင်မြန်စွာ မှေးမှိန်လာသည်။
"ဗာမီလီယမ်ငှက်နဲ့ အစစ်အမှန်နဂါးရဲ့ သွေးမျိုးဆက် နှစ်ခုလုံး ရှိနေတဲ့သူကို တွေ့ရလိမ့်မယ် မထင်ထားဘူး။ ကြည့်ရတာ နှစ်ထောင်ပေါင်းများစွာ စောင့်ခဲ့ရတာက တန်သွားပြီ ထင်ပါတယ်။"
ထိုအမျိုးသား၏ လက်ဝါးပေါ်တွင် ရွှေရောင်သင်္ကေတတစ်ခု လင်းလက်လာသည်။
"မင်းဒီနဂါးသင်္ကေတကို အမွေအနှစ်အဖြစ်ယူဖို့ စိတ်ဝင်စားလား။"
စုရှောင်လန် ပြုံးကာအရိုအသေပေးလိုက်သည်။
"ဂုဏ်ယူစွာနဲ့ လက်ခံမှာပါ။ ကျေးဇူးတင်ပါတယ် စီနီယာ။"
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်ရှိ ကျောင်းသားများမှာ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်သည်။
"ဘုရားရေ.....စုရှောင်လန်က ကိုးဆယ့်ငါးထပ်မြောက်က ကောင်းကင်အင်မော်တယ်ကို နိုင်သွားတာလား။"
"သူမကို တခြားစိတ်ဝိဉာဉ်ဖွဲ့စည်းခြင်းအဆင့် ပါရမီရှင်တွေနဲ့ တူတူပဲလို့ ထင်ထားခဲ့တာ။ ဒါပေမယ့် ကျောင်းတော်ရဲ့ နှစ်တစ်ထောင်ကျော် စံချိန်ကို ချိုးသွားတာပဲ။"
"နောက်ဆုံး ဓားပုံရိပ်က အရမ်းကြောက်စရာကောင်းလွန်းတယ်။ သလင်းကျောက် မျက်နှာပြင်ကနေ ကြည့်နေရတာတောင် ငါ့စိတ်တွေ တုန်နေတာပဲ။ ဒါတောင်မှ သူမ အစွမ်းရဲ့ တစ်ရာခိုင်နှုန်းဆိုတော့ တကယ်သာဆိုရင် ဘယ်လောက်တောင် ကြမ်းတမ်းနေလိုက်မလဲ။"
အချို့သော ကျောင်းသားများမှာ အခြားနေရာတစ်ခုအား အာရုံစိုက်နေကြပြီ ဖြစ်သည်။
"စုရှောင်လန်က အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် ကိုးဆယ့်ငါးထပ်မြောက်ကို နိုင်သွားတယ်ဆိုတော့ နတ်ဘုရားမလေးလျှိုကရော ကိုးဆယ့်ခုနစ်ထပ်မြောက်ကို နိုင်မယ်ထင်လား။"
"တော်တော်တော့ ခက်မှာကွ။ စီနီယာကျောင်းသူလျှိုက အခုမှ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကိုရောက်တာ။ သူမရဲ့ ကျင့်ကြံရေးအခြေခံကလည်း မခိုင်မာသေးဘူး။ အရင်တုန်းက အစစ်အမှန် သခင်အားလန်တောင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အလယ်အလတ် အဆင်နဲ့ ကိုးဆယ့်ခုနစ်ထပ်မြောက်ကို နိုင်ခဲ့ပေမယ့် ကိုးဆယ့်ရှစ်ထပ်မြောက်မှာ ရှုံးသွားတယ်။ စီနီယာကျောင်းသူလျှိုက အခုမှ စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်ကို ရောက်တာလေ။ အဲ့ဒါကြောင့် သခင်အားလန်ကို မယှဉ်နိုင်လောက်ဘူး။"
ကျောင်းသားများကြားတွင် ရှိနေသော ထန်းရှီမန်မှာ သလင်းကျောက် မျက်နှာပြင်အား လေးစားအားကျသော မျက်ဝန်းများဖြင့် ငေးကြည့်နေသည်။
သူသည် အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ရှစ်ဆယ့်ရှစ်ထပ်မြောက်ထိရောက်ကာ အောင်မြင်ကျော်ကြားသူများစာရင်း၌လည်း ပါဝင်ချင်ခဲ့သည်။ သို့သော် သူ၏သူငယ်ချင်းများသည် တသက်စာ စံချိန်များကိုပင် ချိုးတော့မည် ဖြစ်သောကြောင့် သိမ်ငယ်စိတ်များ ဝင်လာမိသည်။
စုရှောင်လန်မှာ ကိုးဆယ့်ငါးထပ်မြောက်အား အနိုင်ရသွားသောကြောင့် ပိုင်ကျုံးလည်း ရှက်ရွံ့သွားရသည်။ သူသည် စိတ်ခံစားချက်များအား အရင်တည်ငြိမ်စေပြီးမှသာ စုရှောင်လန်ထံသွားကာ တံဆိပ်ပြားများ ပြသလိုက်သည်။
စုရှောင်လန် တံဆိပ်ပြားများကိုကြည့်ကာ မျက်ခုံးပင့်လိုက်သည်။
"ဟင်....ကိုးဆယ့်ခုနစ်ထပ်မြောက်အတွက် တံဆိပ်ပြားကရော...."
"အဲ့ဒါကို ကျောင်းသူလျှို ယူသွားပြီ။"
ပိုင်ကျုံး တုံ့ပြန်လိုက်သည်။
စုရှောင်လန် ခေတ္တမျှတွေးကာ ခပ်ဖွဖွ ပြုံးမိသည်။
"အဲ့ဒါဆိုလည်း ကိုးဆယ့်ခြောက်ထပ်မြောက်ကိုပဲ သွားရတော့မှာပေါ့။"
ပိုင်ကျုံး ခေါင်းညိတ်ကာ တံဆိပ်ပြားကို ပေးလိုက်သည်။
သူသည် ကိုယ့်စကားနှင့်ကိုယ် ပြန်အရှက်ရမည်ကို စိုးရိမ်မိသောကြောင့် မည်သည့်စကားမှ မပြောလိုတော့ပေ။
..............
အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ ကိုးဆယ့်ရှစ်ထပ်မြောက်၌
အန်လင်းသည် ရုပ်လုံးပေါ်၍ မပြီးနိုင်သော ကောင်းကင်အင်မော်တယ်အား ကြည့်ရှုနေသည်။ သို့သော် ၎င်း၏ကျယ်ပြန့်လှသော အရှိန်အဝါအား ခံစားမိသောကြောင့် စိတ်လှုပ်ရှားလာရသည်။
တော်တော်အားကောင်းတဲ့ အရှိန်အဝါပဲ.....
ဟင်းလင်းပြင်သို့အပြန် အထွဋ်အထိပ်အဆင့် ဖြစ်မယ်.....
သူ၏ရှေ့တွင်ရှိနေသော ကောင်းကင်အင်မော်တယ်သည် တာအိုဉာဏ်အလင်းအား ရရှိနေပြီဖြစ်ပြီး တာအိုပေါင်းစည်းခြင်း အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းမျှ လိုတော့သည့်သူသာ ဖြစ်လိမ့်မည်။ ထိုကောင်းကင်အင်မော်တယ်နှင့် ရင်ဆိုင်ရသည်မှာ မဟူရာည အကြီးအကဲနှင့် နန်းဆောင်သခင်မ ချင်းလီတို့အား ရင်ဆိုင်နေရသလို အသက်ရှူကြပ်စေသည်။ အံ့ဖွယ်တာအို စွမ်းအားကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ဖိနှိပ်ဖျက်စီးခံရတော့မလို ခံစားရလေသည်။
သူအသက်ပြင်းပြင်းရှူကာ ပြိုင်ဘက်ဖြစ်သူအား စူးစိုက်ကြည့်ရှုလိုက်သည်။
ကောင်းကင်အင်မော်တယ်မှာ ရုပ်လုံးပေါ်လာပြီးနောက် အရှိန်အဝါများ ပိုမိုခက်ထန်လာသဖြင့် လေထုသည်ပင် တုန်ခါလာရသည်။
၎င်း၏မျက်ဝန်းများမှာ အဆုံးမရှိသော ရေပြင်တစ်ခုအလား ငြိမ်သက်နေပြီး လက်ကောက်ဝတ် နှစ်ဖက်တွင် မဟူရာလေကွင်းများ ရှိနေသည်။ သူ၏ခန္ဓာကိုယ်သည် လေထဲတွင် ဝေ့ဝဲနေပြီး ခြေဖဝါးအောက်တွင် မည်းနက်သော တွင်းနက်တစ်ခုကို တွေ့နိုင်ပေသည်။
ထိုအနက်ရောင်တွင်းသည် မဟူရာရေပြင်တစ်ခုဟု ထင်မှတ်ရပါသော်လည်း အန်လင်း အာရုံစိုက်လိုက်သောအခါ ကောင်းကင်နှင့်မြေပြင်ကိုပင် ဝါးမြိုပစ်နိုင်သော ချောက်နက်တစ်ခုနှင့် ဆင်တူနေသည်။
ထိုသည်မှာ အသင်္ချေမဟူရာနယ်ပယ်ဖြစ်ပြီး တစ်ချက်မျှ ကြည့်ရုံနှင့်ပင် ကြောက်ရွံ့ထိတ်လန့်မှုကို ပေးစွမ်းနိုင်သည်။
"ဟမ့်.....လူသားပဲ။"
ကောင်းကင်အင်မော်တယ်မှာ ရုတ်ချည်းဆန်စွာ စကားဆိုလိုက်ပြီး ထိုစကားသံမှာ နားဝင်ပီယံ ရှိလှသည်။
ဘယ်လိုနှုတ်ဆက်နည်းလဲဟ.....
အန်လင်း စိတ်ရှုပ်သွားပါသော်လည်း အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။
"ဂျူနီယာ အန်လင်းက စီနီယာကို ဂါရဝပြုပါတယ်။"
"ငါဘယ်သူလဲ မင်းသိလား။"
ထိုသူမှာ အန်လင်းအား စူးစိုက်ကြည့်ရှုနေသည်။
အန်လင်း၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားပါသော်လည်း ရိုးသားစွာ တုံ့ပြန်သည်။
"မသိပါဘူး။"
"ဟမ့်....မင်းကငါ့ကို သိတောင်မသိပဲ စိန်ခေါ်ရဲတယ်ပေါ့လေ။ သတ္တိကောင်းလှချည်လား။"
ကောင်းကင်အင်မော်တယ်ထံမှ အေးစက်ခက်ထန်သော အရှိန်အဝါများ ဖြာထွက်လာသည်။
အန်လင်း မည်သည့်စကားမှ မပြောရသေးခင်မှာပင် ထိုသူမှာ စကားဆက်လိုက်သည်။
"ငါ့နာမည်က ရှင်းထျန်းပဲ။ ငါက ရှေးဟောင်းကောင်းကင်ဘုံခုံရုံးရဲ့ စွမ်းအားအကြီးဆုံး စစ်နတ်ဘုရားပဲ။ အရင်တုန်းက ဆုပ်ယုတ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေထိသွားပြီး မိစ္ဆာတွေ သန်းနဲ့ချီကို သုတ်သင်ပစ်ခဲ့ဖူးတာပေါ့ကွာ။ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူတွေတောင် ဆယ်နဲ့ချီပြီး ငါ့လက်ထဲ သေခဲ့ဖူးတယ်။"
အန်လင်း အံ့အားသင့်သွားရသည်။
ရှင်းထျန်းက ရင်ဘတ်မှာ မျက်လုံးပါပြီး ဗိုက်မှာပါးစပ်ပါတဲ့ မကောင်းဆိုးဝါး မဟုတ်ဘူးလား....ဘာလို့ ရုပ်ချောချောနဲ့ဘဲကြီး ဖြစ်နေရတာလဲ... ကြားဖူးထားတာနဲ့လည်း တစ်စိမှ မတူပါလား......
"စီနီယာ ရှင်းထျန်း...ကျွန်တော်...."
အန်လင်း အရိုအသေပေးကာ ပြောလိုက်သည်။
"ဖြတ်မပြောနဲ့။ ငါပြောလို့ မပြီးသေးဘူး။"
ရှင်းထျန်း လက်ကာပြလိုက်သည်။
အန်လင်း: "......."