← Chapters

မပြီးဆုံးနိုင်သောကြွားဝါမှုများ

Vol. 43 Ch. 606

မပြီးဆုံးနိုင်သောကြွားဝါမှုများ

Vol. 43 Ch. 606

ရှင်းထျန်းမှာ လက်နှစ်ဖက်အား ကျောဘက်တွင် ယှက်သိုင်းကာ သြဇာအာဏာ ကြီးမားသူတစ်ဦး၏အသွင်ကို ဖော်ပြနေသည်။

"ဒီကိုလာတဲ့လူက နှစ်မျိုးပဲ ရှိတယ်။ ပထမတစ်မျိုးက ငါ့ရဲ့ အရှိန်အဝါတွေကို လေးစားအားကျပြီး မြင်ဖူးချင်တဲ့ သူမျိုးပဲ။ သူတို့နှလုံးသားထဲမှာ ရှုံးကိုရှုံးရမယ်လို့ သိနေပေမယ့် ငါ့ကိုမြင်ဖူးချင်ရုံသက်သက်နဲ့ ရောက်လာကြတာ။ အဲ့လို လူငယ်ပါရမီရှင်တွေကိုတော့ နှုတ်ဆက်လက်ဆောင်အဖြစ် ငါကဗဟုသုတ တစ်ခု၊ နှစ်ခုလောက် သင်ပေးပါတယ်။"

"ဒုတိယတစ်မျိုးကတော့ ဘဝင်လေဟပ်ပြီး အမှန်ကို မမြင်နိုင်တဲ့ သူမျိုးပဲ။ သူတို့တွေက ငါ့ကိုအနိုင်ရမယ်ထင်ပြီး စိတ်ကူးယဉ်အိမ်မက် မက်နေကြတာလေ။ ဒါပေမယ့် ငါကဘဝမှာ တစ်ခါမှ မရှုံးဖူးဘူးကွ။ ဒင်းတို့အားလုံးကိုလည်း ငါကပဲ ဖျက်စီးအနိုင်ယူပစ်လိုက်တာ။"

အန်လင်း ကူကယ်ရာမဲ့စွာ စကားဖြတ်ပြောလိုက်သည်။

"စီနီယာက တစ်ခါမှ မရှုံးဖူးပဲ ဘယ်လိုသေသွားတာလဲဟင်။"

ရှင်းထျန်း နင်သွားကာ အရှိန်အဝါများ ရှုပ်ထွေးလာပြီး ဒေါသရေချိန်လည်း မြင့်တက်လာသည်။

"မင်းက တော်တော်စကားများတာပဲကွ။"

အန်လင်း နှုတ်ခမ်းအစုံ ရှုံ့မဲ့သွားရသည်။

ဒင်းပဲ တစ်ချိန်လုံး ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား.....ငါကအခုမှ စကားလေးတစ်ခွန်း ပြီးအောင်ပြောရတာလေ.... 

အန်လင်း၏ မျက်ဝန်းထဲမှ မထီမဲ့မြင်မှုများကို သတိပြုမိလိုက်သောကြောင့် ရှင်းထျန်းမှာ အလျင်အမြန် စကားဆက်လိုက်သည်။

"ငါက တိုက်ပွဲမှာ တစ်ခါမှ မရှုံးဖူးဘူး​ဆိုတာ အမှန်ပဲ။ ကံကြမ္မာကို ရှုံးနိမ့်သွားလို့သာ သေခဲ့ရတာကွ။"

အန်လင်း: "......"

ကောင်းပြီ....ကောင်းပြီ.....ခင်ဗျား ပြောချင်ရာသာ ပြောလိုက်ပါတော့......

ကံကြမ္မာကို ရှုံးနိမ့်သွားတယ်တဲ့လား.....ဒါတောင် အရှက်မရှိပဲ ဘဝမှာ တစ်ခါမှ မရှုံးဖူးဘူးလို့ ပြောသေးတယ်.....ရှက်ကြောနဲ့ ချက်ကြောက မှားဖြတ်ထားတာလား.....

"ဘာလဲ.....မင်းကမယုံဘူးလား။"

ရှင်းထျန်း သက်ပြင်းချကာ အတိတ်ကို ပြန်လည်မြင်ယောင်နေဟန်ဖြင့် စကားဆိုလိုက်သည်။

"ကောင်းပြီလေ....မင်းကို ပြောပြရသေးတာပေါ့။"

"အမ်.....စီနီယာ.....ကျွန်တော်တို့တိုက်...."

"စကားဖြတ်မပြောနဲ့။ ငါပြောတာနားထောင်။"

အန်လင်း : "......."

"အဲ့နှစ်တုန်းက ကောင်းကင်ဘုံခုံရုံးရဲ့ ဧကရာဇ် ချန်ရှန်းက ကိုးပြည်ထောင်ရဲ့ ပိုင်နက်ကို ချဲ့ထွင်ဖို့ တောင်ဘက်ပိုင်းက ပုရွက်ဆိတ် မျိုးနွယ်စုကို ရှင်းပစ်ခိုင်းခဲ့တယ်။ ငါ့တာဝန်ကို ကျေပွန်ခဲ့ပြီးတော့ အသူရာချောက်နက် တစ်ခုလုံး ငရဲနတ်ဆိုးတွေကို ဆန့်ကျင်ပါ့မယ်ဆိုတဲ့ စာချုပ်နဲ့ တောင်ဘက်ပိုင်းကနေ ပြောင်းပေးခဲ့တယ်။"

"ဒါပေမယ့် မန္တာန်ဝင်္ကပါတွေကို လေ့လာဖို့အတွက် ပုရွက်ဆိတ် မျိုးနွယ်စု ကုန်းမြေထဲ သွားတဲ့အချိန်မှာ ပုရွက်ဆိတ်ဘုရင်မ ဆယ့်ရှစ်ပါးကို တွေ့ခဲ့ရတယ်။ တိုက်ပွဲထဲမှာ ငါပင်ပန်းပြီး မသေခင် ပုရွက်ဆိတ် ဘီလီယံချီနဲ့ ပုရွက်ဆိတ်ဘုရင်မ ဆယ်ပါးကို သတ်နိုင်ခဲ့တယ်။"

ရှင်းထျန်း သူ၏ဇာတ်လမ်းအား ဖြည်းညင်းစွာ ပြောပြနေသည်။

အန်လင်း၏ နှလုံးသားထဲတွင် လေးစားမှုများ အနည်းငယ် ဖြစ်ပေါ်လာသည်။ ကောင်းကင်ဘုံခုံရုံးအတွက် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားရခြင်း ဖြစ်သောကြောင့် အထင်ကြီးလာမိသည်။

"ပုရွက်ဆိတ် မျိုးနွယ်စုက ကောင်းကင်ဘုံခုံရုံးရဲ့ လက်စားချေ ခံရမှာကို မကြောက်ဘူးလား။"

ရှင်းထျန်းသည် သူ၏ဇာတ်လမ်းအား လေကြောရှည်တော့မည့် အချိန်မှာပင် အန်လင်း၏ စကားကြောင့် စူးစိုက်ကြည့်ရှုလိုက်သည်။

"စကားဖြတ်မပြောနဲ့။ ငါပြောတာနားထောင်။"

အန်လင်း: "......"

အန်လင်းမှာ ချက်ချင်းအထင်ပြန်သေးသွားသည်။

ဒီလူကြီးနဲ့ စကားပြောရတာ စိတ်ရှုပ်ဖို့ တော်တော်ကောင်းတာပဲ.....

ရှင်းထျန်းက စကားပြောဖော် မလိုဘူးလား.....သူ့ကိုယ်သူ ပြဇာတ်ကတယ် မှတ်နေတာလား.....

ရှင်းထျန်း သက်ပြင်းချလိုက်သည်။

"ပုရွက်ဆိတ် မျိုးနွယ်စုက ကောင်းကင်ဘုံခုံရုံး လက်တုံ့ပြန်မှာကို တကယ်မကြောက်ကြဘူး။ ငါက ပုရွက်ဆိတ် မျိုးနွယ်စုကို အထင်သေးခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတာပဲ။ ပင်ပန်းနွမ်းနယ်မှုကြောင့် သေသွားခဲ့ရပေမယ့် ငါ့အသိစိတ်တစ်ခုက လွတ်မြောက်လာပြီး ကောင်းကင်ဘုံခုံရုံးကို သတင်းပို့နိုင်ခဲ့တယ်။ မဟုတ်ရင် မင်းငါ့ကို တွေ့ရတော့မှာတောင် မဟုတ်ဘူး။"

"ဧကရာဇ် ချန်ရှန်းက အဲ့သတင်းကြောင့် အရမ်းဒေါသထွက်ပြီးတော့ စစ်ဗိုလ်ချုပ်နဲ့ စစ်သည်တော် သိန်းနဲ့ချီကို ပုရွက်ဆိတ် မျိုးနွယ်စုဆီ စေလွှတ်ခဲ့တယ်။ ဒါပေမယ့် ငရဲနတ်ဆိုးတွေ ကျူးကျော်လာပြီး ပြဿနာတွေ အများကြီး ဖြစ်လာမှာစိုးလို့ ပုရွက်ဆိတ် မျိုးနွယ်စုကို မျိုးတုန်းတဲ့ထိတော့ မလုပ်ခဲ့ဘူး။"

"ပြောရရင် ပုရွက်ဆိတ် မျိုးနွယ်စုရဲ့ မျိုးပွားစွမ်းရည်က တကယ်မှင်သက်စရာပဲ။ သူတို့ရဲ့ ပုရွက်ဆိတ်ဦးရေက အတိတ်ကထက်ကို အများကြီး ကျော်လွန်နေတယ်။ သူတို့တွေက ဘုရင်အသစ်ကို ပျိုးထောင်ဖို့ လုပ်နေတယ်လို့ ကြားမိတယ်။ ဟမ့်.....ဒင်းတို့က အိမ်မက်မက်နေတာပဲ။"

"ဘာပဲဖြစ်ဖြစ် မျိုးနွယ်စုတွေအားလုံးက စိုးရိမ်စရာ အပြုအမူတွေကို လုပ်လာကြတာပါပဲ။ ပုရွက်ဆိတ် မျိုးနွယ်စုပဲဖြစ်ဖြစ်၊ နှင်းပျိုမဒီပဲဖြစ်ဖြစ် နောက်ဆုံး အရှေ့ပင်လယ်၏ နဂါးမင်းပိုင်နက်တောင်မှ လူသားမျိုးနွယ်စုအပေါ် အကြံအစည် ရှိကြတာချည်းပဲ။ အဲ့ဒါကြောင့် အနာဂတ်မှာ မင်းသေချာဂရုစိုက်သင့်တယ်။"

အန်လင်း နားမလည်နိုင် ဖြစ်သွားမိသည်။

"စီနီယာက ဒီနေရာမှာ တစ်ချိန်လုံး ပိတ်မိနေပြီး သတင်းတွေကို ဘယ်လိုသိနေတာလဲ။"

"ငါ့ကိုစကားဖြတ်မပြောပါနဲ့ဆို....ငါပြောတာပဲနားထောင်။"

ရှင်းထျန်း မျက်မှောင်ကျုံ့လိုက်သည်။

အန်လင်း: "......."

ယီးမှစကားမပြောချင်တော့ဘူးဟေ့.....ငါအသေပဲ ဆော်လိုက်ချင်တော့တယ်.....

"ဟားဟား....သတင်းတွေကို ငါဘယ်လိုသိလဲသိလား။ ကြည့်ရတာ ကောင်းကင်ဘုံခုံရုံးမှာရှိတဲ့ ငါ့ရာထူးအဆင့်အတန်းကို မင်းမသိဘူးထင်တယ်။ ငါသေသွားတာတောင်မှ တာအိုအကြောင်းကို ဆွေးနွေးဖို့အတွက် လူတွေအများကြီး လာလည်နေကြတုန်းပဲ။"

"ရှေးဟောင်းကောင်းကင်ဘုံခုံရုံးမှာ ဧကရာဇ်နေရာကို ဆက်ခံမယ့်သူ ငါးယောက်ထဲကတစ်ယောက်ကငါပဲ။ တာအိုပေါင်းစည်းခြင်း အဆင့်ကိုရောက်ဖို့ ငါကဖြစ်နိုင်ခြေအရှိဆုံး ဖြစ်ခဲ့တာ။ ကွပ်မျက်ခြင်းတာအိုရော အသူရာတွင်းနက်တာအိုမှာရော ငါကထိပ်ဆုံးကို ရောက်နေခဲ့တာ။ ကံကြမ္မာကို ရှုံးနိမ့်သွားရတာ နှမြောစရာပဲ။"

ရှင်းထျန်း ခံစားချက်များစွာနှင့် ခေါင်းခါမိသည်။

အန်လင်းမှာ နှစ်သိမ့်ပေးလိုသောကြောင့် ပါးစပ်ဟလိုက်စဉ်မှာပင် ရှင်းထျန်း၏ အကြည့်နှင့် တွေ့သွားရသည်။

ထိုအကြည့်သည် စကားဖြတ်မပြောနဲ့....ငါပြောတာနားထောင်ဟု ဆိုနေသလိုပင်။

အန်လင်း : "......"

ဒီစကားဝိုင်းက အဓိပ္ပါယ်ရော ရှိသေးရဲ့လား.....

"မင်းငါ့အ​ကြောင်းကို အရမ်းသိချင်နေတယ်ဆိုတာ ငါသိတယ်။"

"ဟင့်အင်း....တကယ်ပြောတာ နည်းနည်းမှကို မသိချင်ဘူး။"

"ငါဘာလို့ အရမ်းစွမ်းအားကြီးလာလဲဆိုတာ မင်းအရမ်းသိချင်နေပါတယ်။ ဘာလို့လဲဆိုတော့ မင်းကငါ့ကိုနိုင်မယ်ထင်နေတဲ့ ဒုတိယအမျိုးအစား ဖြစ်နေလို့လေ။"

ရှင်းထျန်းမှာ အန်လင်း၏ စကားကို မကြားသည့်အလား အရှက်မရှိ ဆက်ပြောနေသည်။

"ဘယ်လိုလူတွေကို ငါအနိုင်ယူခဲ့လဲသိလား။ တောင်ပံနက်မျိုးနွယ်စုက သွေးနီရောင်ညအကြီးအကဲ၊ တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ထားတဲ့ ဆုပ်ယုတ်ဝိဉာဉ်သားရဲဒုစရိုက်နယ်မြေက မဟာလင်းနို့ဧကရာဇ်၊ အရိုးဖြူနယ်မြေက ဖရိုဖရဲ အရိုးအကြီးအကဲတို့ကို သမခဲ့တာကွ။"

ရှင်းထျန်းမှာ ရန်သူများအကြောင်း ဝံ့ကြွားစွာ ပြောပြနေရင်း မျက်လုံးထောင့်ကပ်ကာ အန်လင်းအား လှမ်းကြည့်လိုက်သောအခါ မျက်နှာတစ်ခုလုံး မည်းမှောင်နေသည်ကို တွေ့လိုက်ရသည်။

"ဘာလဲ......မင်းကြည့်ရတာ မပျော်သလိုပဲ။ ငါ့စကားတွေကို စိတ်တိုင်းမကျတာလား ဒါမှမဟုတ် ငါလိမ်နေတယ် ထင်နေတာလား။"

"မဟုတ်ပါဘူး။ ကျွန်တော့်ကို ဘာလို့ဒါတွေ လာပြောပြနေတာလဲဆိုတာ နားမလည်လို့ပါ။"

အန်လင်း တုံ့ပြန်လိုက်သည်။

"ဟမ့်.....ငါဘယ်လောက်စွမ်းအားကြီးလဲဆိုတာ မင်းနားလည်အောင်လို့ပေါ့။"

ရှင်းထျန်း အေးစက်ခက်ထန်စွာပြောသည်။

အန်လင်း သွေးဆောင့်တက်ကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။

ရှင်းထျန်း ယုံကြည်မှုရှိစွာ စကားဆိုသည်။

"အခု မင်းငါ့ကို စိန်ခေါ်မိတာအတွက် နောင်တရနေပြီမလား။"

အန်လင်း အသားများပင် ယားလာသည်။

ယီးလား.....ခင်ဗျားက ကျွန်တော့်ကို ကြွားဖို့သက်သက်နဲ့ အရည်မရ၊ အဖတ်မရတွေကို မပြီးနိုင် အရီးမြိုင် လုပ်နေတာပေါ့.....

"ကျွန်တော် နောင်တရလွန်းလို့ အသားတွေတောင် တဆတ်ဆတ် တုန်နေပြီ။"

အန်လင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။

ရှင်းထျန်း စိတ်ကျေနပ်စွာပြုံးကာ စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် တင်းမာသော အော်ဟစ်သံအား ကြားလိုက်ရသည်။

"စကားဖြတ်မပြောနဲ့.....ပြောတာကိုနားထောင်။"

ရှင်းထျန်း ဒယိမ်းဒယိုင် ဖြစ်သွားရသည်။

တစ်ခုခု မှားနေသလိုပဲ....

"ခင်ဗျားရဲ့ အဆုံးမရှိတဲ့ ကြွားဝါမှုတွေကို နားထောင်ရတာ တော်တော်ကြောက်မိတယ်။ အဓိပ္ပါယ် မရှိတာတွေ နားထောင်ရင်း အချိန်တော်တော် ကုန်သွားတာကိုလည်း နောင်တရတယ်။"

အန်လင်း စကားဆက်လိုက်သည်။

"အဲ့ဒါကြောင့် လက်သီးချင်းပဲ ပြောကြတာပေါ့။"

အန်လင်းမှာ စစ်နတ်ဘုရား ခန္ဓာ၏ အရှိန်အဝါနှင့် တိုက်ပွဲစိတ်ဆန္ဒများအား ထုတ်ဖော်ကာ ရှေ့သို့လျှောက်လာသည်။

ဝုန်း....

အန်လင်း၏ ကြောက်မက်ဖွယ် တိုက်ပွဲစိတ်ဆန္ဒများကြောင့် ရှင်းထျန်း ဒေါသမထွက်တော့ပဲ သဘောကျစွာ ရယ်မောလိုက်သည်။

"ကောင်းပြီလေ။ လက်သီးချင်းပဲ ပြောကြတာပေါ့။ ပြိုင်ဘက်ကင်း သူရဲကောင်းဖြစ်တဲ့ ကောင်းကင်ဘုံခုံရုံးရဲ့ စစ်နတ်ဘုရားက ဘယ်လိုမျိုးလဲဆိုတာ သေချာပြပေးမယ်။"

All Chapters