လှပသည့်ဘဝ
Vol. 8 Ch. 711
ဆန်းလျန်၏စကားကို ကြားလိုက်ရသည့်အခါတွင်တော့ ကူးဝေေ၀က ဆန်းလျန်ကို လူထူးလူဆန်းသဖွယ် ကြည့်နေ လေတော့သည်။
ဆန်းလျန်က…
"ဂိုဏ်းတူအစ်မ… အဲဒီအကြံ မကောင်းဘူးလား"
ကူဝေေ၀က…
"ရှင်ပြောတဲ့စကားတွေက ဟုတ်လား မဟုတ်လားဆိုတာ ကျွန်မလည်း မသိတော့ဘူး ၊ ပြီးတော့ ကျွန်မက လူသားလေ ၊ ရှင်တို့လိုမျိုးမှ မဟုတ်တာ…"
ဆန်းလျန်က…
"နတ်ဘုရားတွေဆိုတာလည်း လူတွေပါပဲဗျာ ၊ လူသားတွေ ကျင့်ကြံအားထုတ်လို့ နတ်ဘုရားတွေ ဖြစ်လာကြတာပါ ၊ ဘာမှ သိပ်မထူးကြပါဘူး ၊ ကျွန်တော်လည်း အတူတူပါပဲ"
ကူးဝေေ၀သည် ဆန်းလျန်၏ စကားများကို မယုံမကြည်ဖြစ်နေလေသည်။
ကူးဝေေ၀က ဆန်းလျန်သည် နတ်ဘုရားကျင့်စဉ်များကို နားလည်ပြီး ကျောက်တုံးကို ရွှေဖြစ်အောင် လုပ်နိုင်သူဖြစ် သည်ဟု သိရှိထားလေသည်။
သို့သော်… ဆန်းလျန်သည် အတိတ်မေ့နေသူတစ်ယောက် ဖြစ်လေသည်။ ထို့ကြောင့် သူလုပ်သည့်အလုပ်များကိုပင် သူကိုယ်တိုင် နားလည်ပါရဲ့လား မသေချာပေ။ ထို့ထက်ပိုပြီး အရေးကြီးသည်မှာ သူလုပ်သည့်အလုပ်များသည် သူ့ကို အတိတ်မေ့အောင် ပြုလုပ်ခဲ့သည့် ရန်သူများကို သတိပေးလိုက်သလိုဖြစ်သွားလျှင် အခြေအနေများ ပိုဆိုးသွား လေမည်လား။ ထိုအချိန်သို့ရောက်လာလျှင် သူမသည်လည်း မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။
ကူးဝေေ၀ စိတ်ပူနေသည်ကို ဆန်းလျန်က ရိပ်မိလိုက်လေသည်။
"ဂိုဏ်းတူအစ်မ ၊ မြောက်လေမတိုက်ရင် ဆောင်းမဝင်သေးဘူးဆိုတာမျိုးကို အစ်မခန့်မှန်းတတ်တယ် မဟုတ်လား ၊ အဲဒီလိုမျိုးပဲ အန္တရယ်ကျရောက်တော့မယ်ဆိုရင် ကျွန်တော်က ကြိုပြီးသိနိုင်စွမ်းရှိတယ်"
ကူးဝေေ၀က သက်ပြင်းတစ်ချက် ချလိုက်ရင်း…
"ရှင်က ဒီလိုပြောပေမယ့် ဒီ ပိုင်ကျားမြို့မှာက လူတွေပဲ နေတာလေ ၊ နတ်ဘုရားတွေ နတ်မိစ္ဆာတွေနေတာမှ မဟုတ်တာ ၊ အဲဒီတော့ ကျွန်မက နတ်ဘုရားတွေ နတ်မိစ္ဆာတွေအတွက် ဈေးရောင်းပေးမယ်ဆိုရင် သူတို့က ဒီမြို့က လူတွေကို ဒုက္ခပေးရင် ဘယ်လိုလုပ်မလဲ"
ဆန်းလျန်က တစ်ချက်ပြုံးလိုက်ရင်း…
"ဂိုဏ်းတူအစ်မ… ဒီမြို့ထဲမှာ နတ်မိစ္ဆာတွေ အများကြီးရှိတာ အစ်မမှမသိတာ ၊ ပြီးတော့ လူတွေကို ဒုက္ခပေးနိုင်တဲ့ နတ်မိစ္ဆာတွေကလည်း လူတွေကြားထဲကို အလွယ်တကူ မသွားလာနိုင်ပါဘူး"
ကူးဝေေ၀က…
"ကျွန်မ စဉ်းစားပါရစေဦး…"
ဆန်းလျန်က ခေါင်းညိတ်လိုက်လေသည်။
သူက ကူးဝေေ၀ကို ကူညီလိုခြင်းဖြစ်သော်လည်း အတင်းတော့ မတိုက်တွန်းချင်မိပေ။ လွန်ခဲ့သည့် ရက်အနည်းငယ် ကပင် ဆန်းလျန်သည် ပိုင်ကျားမြို့လေး၏ ကိစ္စကြီးငယ်များအားလုံးကို သိရှိထားလေသည်။ သို့သော်… သူ၏ အတိတ်ကိုကား တစ်ချက်မှပင် စဉ်းစားမရသေးပေ။
သို့သော်… သူသည် နတ်ဘုရားတစ်ပါးဖြစ်သည်ဆိုသည့်အချက်ကတော့ သေချာလေသည်။ ထို့ကြောင့် နတ်ဘုရား များ ၊ နတ်မိစ္ဆာများနှင့် ဆက်သွယ်မိပါက သူ့အတိတ်ကို ပြန်လည်သတိရစေရန်အတွက် သဲလွန်စ တစ်ခုခုရနိုင်မည် ဟု စဉ်းစားထားမိလေသည်။
ထို့ကြောင့် သူက ကူးဝေေ၀ကို သူ၏အကြံအစည်ကို ပြောပြခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ဂိုဏ်းတူအစ်မ၏ စိတ်ဆန္ဒသာလျှင် အရေးအကြီးဆုံး ဖြစ်လေသည်။ သူသည် ဂိုဏ်းတူအစ်မနှင့်ပတ်သက်သည့် အတိတ်အကြောင်း အရာများကို မေ့လျော့နေခဲ့သော်လည်း ဂိုဏ်းတူအစ်မသည် သူ့ဘဝတွင် အရေးပါသူတစ်ယောက်ဖြစ်သည် ဆိုသည့် အချက်ကိုတော့ မေ့လျော့ခြင်းမရှိခဲ့ပေ။
ထို့ပြင် သူ့နှလုံးသားထဲတွင် သူ့အတွက် အရေးအကြီးဆုံးလူတစ်ယောက် ရှိနေသေးသည်ကိုလည်း မှတ်မိနေလေ သည်။ သို့သော်… သူမ၏ နာမည်ကိုလည်း မှတ်မိခြင်း မရှိတော့ပေ။ သူ၏အတိတ်သည် မြူဖုံးနေသကဲ့သို့ ရှိလေ သည်။ အမှတ်တရများနှင့် အရေးကြီးသည့်သူများကို မမေ့ချင်သော်လည်း မေ့ပျောက်သွားခဲ့ရလေသည်။
ညနေစောင်းသည့်အခါတွင်တော့ ဆန်းလျန်က ဂိုဏ်းတူအစ်မကို ညနေစာအတွက် တစ်ယောက်စာပိုချက်ရန် ပြောလိုက်လေသည်။ အမှန်တော့ ဆန်းလျန်အနေဖြင့် ထမင်းစားရန် မလိုအပ်ပေ။ သို့သော်… ဂိုဏ်းတူအစ်မ တစ်ယောက်တည်း ထမင်းစားနေသည်ကို ကြည့်ရသည်မှာ အထီးကျန်ဆန်လွန်းလှသည့်အတွက် အစ်မဖြစ်သူကို အဖော်လုပ်ကာ ထမင်းအတူစားပေးနေခြင်း ဖြစ်လေသည်။
ညနေစာစားသည့်အချိန်တွင်တော့ စားသောက်ဆိုင်တံခါးဝသို့ ပိုင်ရှောက်ယွီ ရောက်ရှိလာလေသည်။ သူသည် စားသောက်ဆိုင်အတွင်းသို့ မဝင်ရဲသေးဘဲ ရှက်ကိုးရှက်ကန်း ဖြစ်နေလေသည်။ သို့သော်… ဟင်းလျာရနံ့များ ရရှိသည့်အခါတွင်တော့ သူ့ဗိုက်ထဲမှ တဂွီဂွီမြည်သံများ ထွက်ပေါ်လာလေတော့သည်။
ထိုအချိန်မှာပင် ဆန်းလျန်၏ နူးညံ့သိမ်မွေ့သည့်အသံထွက်ပေါ်လာလေသည်။
"ဝင်ခဲ့လေကွာ… ဒီမှာ မင်းအတွက်လည်း ထမင်းပိုချက်ထားတယ်…"
ပိုင်ရှောက်ယွီက သူ၏ခေါင်းကို တစ်ချက်ပွတ်လိုက်ပြီး ရှက်ကိုးရှက်ကန်းအမူအရာဖြင့်…
"ဒါက… အင်း… နေ့လည်က ခင်ဗျားပြောတာမှန်တယ် ၊ ခုတော့ ကျုပ်အိတ်ထဲမှာ တစ်ပြားမှ မရှိတော့ဘူး…"
ဆန်းလျန်က…
"ကျုပ်ပြောတာ မှန်သွားပြီပေါ့ ၊ ကဲ… ကဲ ထမင်းလာစားတော့…"
ဆန်းလျန်စကားက ပိုင်ရှောက်ယွီရင်ထဲ ထိရှသွားလေသည်။
သူသည် လူဆိုးလူမိုက်တစ်ယောက်မျှသာ ဖြစ်လေသည်။ သို့သော်… ဆန်းလျန်က သူ့ကို လုံး၀ အထင်မသေးခဲ့ပေ။ ဆန်းလျန်၏အပြုအမူများကြောင့် သူ့ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရလေသည်။
ပိုုင်ရှောက်ယွီက စားသောက်ဆိုင်လေးအတွင်းသို့ ဝင်လာခဲ့လေသည်။
မီးရောင်အလင်းမှိန်မှိန်အောက်တွင် ဆန်းလျန်ထိုင်နေပြီး ဆန်းလျန်၏ ညာဘက်တွင် ကူးဝေေ၀ထိုင်နေလေသည်။ မီးရောင်အောက်တွင် သူမသည် အလွန်ချောမောလှပလွန်းလှလေသည်။ ပိုင်ရှောက်ယွီမှာ ယခင်က သူမကို သွားပုပ်လေလွင့် ပြောခဲ့မိသည်များကို သတိရကာ မျက်နှာပူနေမိလေသည်။ ထို့ကြောင့် သူမ၏ မျက်နှာကို တစ်ချက် ခန့်ကြည့်လိုက်ပြီး ထပ်ကြည့်ရဲခြင်း မရှိတော့ပေ။
သူက လက်နှစ်ဖက်ကို ပွတ်သပ်နေရင်း စိတ်ကျဉ်းကြပ်နေသည့်ဟန်ဖြင့်…
"တာအိုဆရာ… ကျုပ် လက်သွားဆေးလိုက်ဦးမယ်…"
ကူးဝေေ၀က…
"ရှင် သူ့ကို ထမင်းစားဖိတ်ထားမယ်လို့ ကျွန်မ လုံးဝထင်မထားဘူး"
ဆန်းလျန်က…
"အစ်မရဲ့ စားသောက်ဆိုင်က အကြီးကြီးပဲ ၊ အစ်မကိုယ်တိုင် နေ့တိုင်း သန့်ရှင်းရေးလုပ်နေရတာ ပင်ပန်းတယ်လေ ၊ သူ့ကိုသန့်ရှင်းရေး တွေ ဘာတွေလုပ်ဖို့ ငှားလိုက်ရင် မကောင်းဘူးလား"
ကူးဝေေ၀က…
"ဟင်… ရှင်ကျတော့ တစ်နေ့တစ်နေ့ အိပ်လိုက် စားလိုက်နဲ့ ၊ ဘာအလုပ်မှ မလုပ်ဘဲနေနေပြီးတော့များ…"
ဆန်းလျန်က…
"ကျွန်တော်က အစ်မကို ပိုက်ဆံရှာပေးမယ်လေ…"
ကူးဝေေ၀က မကျေမနပ်ဖြင့် ဆန်းလျန်ကိုကြည့်လိုက်ပြီး…
"ရှင် ရှာပေးမယ့် ပိုက်ဆံကို ကျွန်မက ဘာလုပ်ရမှာလဲ…"
ဆန်းလျန်မျက်နှာရှုံ့မဲ့သွားပြီး…
"အင်းပေါ့လေ… အစ်မက ဆိုင်ရှင်သူဌေးဆိုတော့ ပြောအားရှိတာပေါ့"
ကူးဝေေ၀က မကျေမနပ်ဖြင့် တစ်ချက်ညည်းညူလိုက်ပြီး…
"ကျွန်မက အစကတည်းက ဆိုင်ရှင်သူဌေးပဲလေ…"
ကူးဝေေ၀က မကျေမနပ်ဟန်ဖြင့်ပြောနေသည့်တိုင် သူမ၏စိတ်ထဲတွင် ပီတိဖြာနေမိလေသည်။
ဆန်းလျန်မှာ အတိတ်မေ့နေသူတစ်ယောက် ဖြစ်သည့်တိုင် စနစ်ကျသူတစ်ယောက်ဖြစ်ပြီး တာဝန်ယူမှုအပြည့်ရှိသူ တစ်ယောက် ဖြစ်လေသည်။ သူမ၏ဖခင်သာ အသက်ရှင်နေဦးမည်ဆိုလျှင် ဆန်းလျန်ကို အလွန်ပင်သဘောကျမည် ဖြစ်ပြီး သူမနှင့်ပင် လက်ဆက်ရန် စီစဉ်မည် ဖြစ်လေသည်။
လက်ထပ်မည့်အကြောင်းကို စဉ်းစားလိုက်မိသည့်အခါတွင်တော့ ကူးဝေေ၀မှာ ရှက်သွေးဖြာသွားရလေသည်။ ဤရက်များ တွင် သူမသည် အလွန်မှ စိတ်ကူးယဉ်ဆန်နေခဲ့မိလေသည်။
မိန်းကလေးငယ်လေးကူးဝေေ၀၏ အတွေးများကို ဆန်းလျန်က ရိပ်မိလိုက်သော်လည်း မသိချင်ယောင်ဆောင်နေ လိုက်ပြီး စကားတစ်ခွန်းမှဆက်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် လက်ရှိအချိန်တွင် သူ့ဘဝသည် အလွန်ကောင်းမွန်နေပြီး အလွန်တရာလည်း လှပနေသောကြောင့် ဖြစ်လေ၏။
ထိုအချိန်မှာပင် လက်သွားဆေးသည့် ပိုင်ရှောက်ယွီ ပြန်ရောက်လာလေသည်။ သူက ကူးဝေေ၀နှင့် မျက်နှာချင်း ဆိုင်တွင် ဝင်ထိုင်လိုက်ပြီး သူတို့ (၃)ယောက် အတူတူ ထမင်းလက်ဆုံစားကြလေတော့သည်။
အမှန်အတိုင်းဝန်ခံရလျှင် ကူးဝေေ၀၏ ဟင်းချက်လက်ရာသည် အလွန်ကောင်းလေသည်။ "သောက်ပြီးရင်မပြန်နဲ့ တော့" စားသောက်ဆိုင် ရောင်းမကောင်းရခြင်းမှာ သူမကို အထင်အမြင်လွဲကာ သွားပုပ်လေလွင့် ပြောဆိုကြခြင်း များကြောင့်သာဖြစ်လေသည်။
ပိုင်ရှောက်ယွီက ကြိတ်ပြီး သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ ကူးဝေေ၀သာ မင်္ဂလာကိစ္စ (၂)ကြိမ်တိတိ မပျက်ခဲ့ဘူးဆိုလျှင် သူမကဲ့သို့ မိန်းကလေးမျိုးကို လက်ထပ်ခွင့်ရသူသည် (၃)ဘဝဆက်တိုက် ကံကောင်းသူ တစ်ယောက် ဖြစ်ပေလိမ့်မည်။
သူမကိုလက်ထပ်မည့် သတို့သားလောင်း (၂)ယောက်လုံး သေဆုံးခဲ့သည်ဆိုတော့လည်း ဟုတ်သည် ဖြစ်စေ မဟုတ်သည်ဖြစ်စေ မည်သူမှ သူမကို အသေခံပြီး လက်ထပ်ရဲကြမည် မဟုတ်ပေ။
ဆန်းလျန်နှင့် ကူးဝေေ၀သည် ထမင်းစားနေစဉ်တွင် စကားပြောလေ့မရှိကြပေ။ ထို့ကြောင့် ထမင်းစားပွဲသည် တိတ်ဆိတ်လျှက်ရှိလေ၏။ ထို့ကြောင့် ပိုင်ရှောက်ယွီသည် မနေတတ် မထိုင်တတ်ဖြစ်လာပြီး နေ့လည်ကကြုံတွေ့ခဲ့ ရသည့်အဖြစ်အပျက်များကို စပြီး ပြောလေတော့သည်။
နေ့လည်က ပိုင်ရှောက်ယွီတစ်ယောက် ပိုင်ကျားမြို့၏ မြောက်ပိုင်းသို့ သွားခဲ့လေသည်။
ထိုနေရာတွင် ပိုင်တတိယသခင်ကြီး၏ အိမ်ဂေဟာ ရှိလေ၏။ ပိုင်တတိယသခင်ကြီးသည် ပိုင်ကျားမြို့တွင် အချမ်းသာဆုံး လူများထဲမှ တစ်ယောက်လည်း ဖြစ်လေသည်။ သူသည် ကြွေထည်လုပ်ငန်း လုပ်ဆောင်သူဖြစ်ပြီး သူ၏ အိမ်ဂေဟာခြံဝန်းထဲတွင်ပင် ကြွေထည်ပြုလုပ်သည့် မီးဖိုကြီးများ ရှိလေသည်။
ထို့ပြင် သူပိုင်ဆိုင်သည့် ကြွေထည်ရောင်းချသည့် ဆိုင်ခွဲများလည်း များစွာ ရှိလေသည်။ သူ၏ ကြွေထည်များသည် ပြည်နယ်မြို့တော်အထိ တင်သွင်းရလေသည်။ ထို့ကြောင့် မြို့ထဲမှ လူများစွာသည် သူ့ထံတွင် အချိန်ပြည့်နှင့် အချိန်ပိုင်းအလုပ်များ လာရောက်လုပ်ကိုင်ကြလေသည်။
ပိုင်ရှောက်ယွီကလည်း ပိုင်တတိယသခင်ကြီး၏ဂေဟာသို့ အလုပ်တစ်ခုခုများရလေမလားဟု ရောက်လာခဲ့ခြင်း ဖြစ်လေသည်။ သူက ဂေဟာခြံဝန်းအနောက်ဘက်တံခါးမှ ဝင်လာစဉ်မှာပင် ဂေဟာအတွင်းမှ ထွက်လာသည့် အဘိုးကြီးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ ထိုအဘိုးကြီးမှာ ပိုင်တတိယသခင်ကြီး၏ အိမ်တော်ထိန်းဖြစ်လေ သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ပိုင်ရှောက်ယွီ၏ ဘေးနားတွင် ထင်းတစ်စည်းကလည်း အဆင်သင့်ရှိနေလေသည် အိမ်တော်ထိန်း အဘိုးကြီးက ပိုင်ရှောက်ယွီက ထင်းစည်းသယ်လာသည်ဟု အထင်မှားပြီး ထင်းဖိုး ကြေးပြား (၁၀၀) ထုတ်ပေးလိုက်လေသည်။
ပိုင်ရှောက်ယွီက ဘေးဘီဘယ်ညာ ပတ်ဝန်းကျင်သို့ တစ်ချက်ကြည့်လိုက်သော်လည်း မည်သူမှမတွေ့ရပေ။ ထို့ကြောင့် ကြေးပြား (၁၀၀)ကိုယူပြီး ပြန်ရန် ဆုံးဖြတ်လိုက်လေသည်။ လမ်းတွင် ထင်းခုတ်သမားနှင့် ဆုံလျှင်လည်း ကြေးပြား (၅၀) ခွဲပေးလိုက်ပြီး ကျန်သည့် ကြေးပြား(၅၀)ကို သူယူလိုက်မည်ဟု တွေးထားလေသည်။
သို့ရာတွင် ပိုင်တတိယသခင်ကြီး၏ အိမ်တော်မှ သူထွက်လာသည်အထိ ထင်းခုတ်သမားကို တွေ့ရခြင်းမရှိပေ။ ထိုသို့ဖြင့် ပိုင်ရှောက်ယွီသည် ကြေးပြား (၁၀၀)ကို အချောင်ရလိုက်လေသည်။ ကြေးပြား (၁၀၀) ဆိုသည်က စားသောက်ဆိုင်ကောင်းကောင်းတစ်ခုတွင် (၁)လခန့် ဇိမ်ကျကျ စားသောက်နေနိုင်သည့် ငွေကြးဖြစ်လေသည်။ ထိုသို့သော ငွေများကို အလကားရလာသည့်အတွက် ပိုင်ရှောက်ယွီသည် အပျော်လွန်လျှက်ရှိလေတော့၏။
ထို့နောက်တွင်တော့ ပိုင်ရှောက်ယွီတစ်ယောက် သူဌေးကြီးပိုင်၏ လောင်းကစားဂေဟာသို့ ထွက်လာခဲ့လေသည်။
ကံကောင်းသည့်နေ့တစ်နေ့ ဖြစ်သည့်အတွက် လောင်းကစားပြုလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ လောင်းကစားဝိုင်းသို့ ဝင်လိုက်သည်နှင့် ပိုင်ရှောက်ယွီသည် မထင်မှတ်စွာပင် ငွေအမြောက်အမြား အနိုင်ရပြန်လေ သည်။ သူ၏အိတ်ကပ်မှာ ငွေများဖြင့် ဖောင်းကားနေလေတော့သည်။ ပိုင်ရှောက်ယွီမှာလည်း မာန်တက်လျှက်ရှိလေ တော့၏။
သို့သော်… သူ၏ ကံကောင်းခြင်းများသည် တမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူအနိုင်ရရှိထားသမျှ ငွေများအားလုံး လောင်းကစားဝိုင်းတွင် အကုန်ပြန်ရှုံးသွားသောကြောင့် ဖြစ်လေ၏။ နောက်ဆုံး သူ့တွင်ရှိသည့် ကြေးပြား (၁၃၀)လုံး ပြောင်သလင်းခါသွားလေတော့သည်။ လူဆိုးလူမိုက်တစ်ယောက် ဖြစ်သည့် ပိုင်ရှောက်ယွီကို မည်သူကမှ ပိုက်ဆံမချေးကြပေ။
နောက်ဆုံးတော့ လောင်းကစားဂေဟာမှ အစောင့်များက သူ့ကို ဂေဟာအပြင်သို့ ကန်ထုတ်လိုက်ကြပြီး သူ့မှာ အရှက်အကွဲကြီး ကွဲခဲ့ရလေသည်။
ထိုအခါမှ သူက ဆန်းလျန်ရေးပြသည့် -
"မင်းရဲ့အိတ်ကပ်က မင်းမျက်နှာထက်တောင် ပြောင်နေသေးတယ်…"
ဆိုသည့်စကားကို သွားသတိရမိလေတော့သည်။
ထို့နောက်တွင်တော့ စိတ်ညစ်ညစ်ဖြင့် ပိုင်ရှောက်ယွီတစ်ယောက် အရက်မူးအောင်သောက်နေခဲ့လေသည်။ ညနေစောင်းတော့မှ ကံကောင်းရန်အတွက် ဆန်းလျန်ကို ဗေဒင်တွက်ခိုင်းမည်ဟု သတိရကာ ဆန်းလျန်ရှိရာသို့ ရောက်လာခဲ့ခြင်း ဖြစ်လေ၏။
ပိုက်ရှောက်လျိုပြောပြသမျှ အကြောင်းများကို ဆန်းလျန်က နားထောင်နေပြီး စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။
ပိုင်ရှောက်ယွီက မနေနိုင်တော့ဘဲ ထပ်ပြောလိုက်လေသည်။
"တာအိုဆရာ… ကျုပ်ကို ဗေဒင်တွက်ပေးပြီး ကံကောင်းစေဖို့ ယတြာလေး ဘာလေး ပေးပါလားဗျာ ၊ ကျုပ်ကောင်းစားတဲ့တစ်နေ့ကျ ခင်ဗျားကိုလည်း မမေ့ပါဘူး ၊ ကျုပ် ခင်ဗျားကို နတ်သမီးဗိမာန်မှာ ကောင်းကောင်း ပြုစုပါ့မယ်"
စကားဆုံးသွားသည်နှင့် ပိုင်ရှောက်ယွီသည် နာကျင်လွန်းသည့်အသံဖြင့် ကျယ်လောင်စွာ ထ အော် လိုက်လေတော့ သည်။
အဘယ်ကြောင့်ဆိုသော်… သူနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ကူးဝေေ၀သည် သူ့ကို ခြေထောက်ဖြင့် စောင့်ကန်လိုက်သောကြောင့် ဖြစ်လေတော့သည်။