ညဉ့်နက်သန်းခေါင်မှာ ကျင့်ကြံရန်လာခေါ်သူ
Vol. 8 Ch. 712
ကူးဝေေ၀ ပိုင်ရှောက်ယွီကို အဘယ်ကြောင့် စောင့်ကန်လိုက်ရပါသနည်း…။
အဘယ်ကြောင့်ဆိုသော် ပိုင်ရှောက်ယွီပြောသည့် နတ်သမီးဗိမာန်ဆိုသည်မှာ ပိုင်ကျားမြို့တွင် နာမည်အကြီးဆုံး ဆောင်ကြာမြိုင်တစ်ခု ဖြစ်နေသောကြောင့်ပင်။
နတ်သမီးဗိမာန်သို့ရောက်ရှိသွားသည်နှင့် လူတစ်ယောက်သည် နတ်စည်းစိမ် အပြည့်ခံစားရသည်ဟု လူအများက ပြောလေ့ရှိကြလေသည်။ ထို့ကြောင့် ထိုနေရာကို နတ်သမီးဗိမာန်ဟု လူအများက ခေါ်ကြလေသည်။
နောက်ဆုံးတွင်တော့ ဆောင်ကြာမြိုင်ပိုင်ရှင် ဟူတောက်တယ်ကိုယ်တိုင်က သူ၏ဆောင်ကြာမြိုင်ကို နတ်သမီး ဗိမာန်ဟု တရားဝင် အမည်ပြောင်းလိုက်လေသည်။ ထိုဆောင်ကြာမြိုင်သို့သွားကာ တစ်ကြိမ်ပျော်ပါးရုံမျှဖြင့် ငွေစ (၃၀) ပေးရမည် ဖြစ်လေသည်။
ထို့ကြောင့် နတ်သမီးဗိမာန်သို့ လာရောက်ပျော်ပါးကြသူများမှာ ချမ်းသာကြွယ်ဝသည့် စီးပွားရေးသမားများ ၊ ချင်ပြည်နယ်မြို့တော်မှ အရာရှိကြီးများ ၊ မကောင်းမှုလုပ်ကြသည့် ဒုစရိုက်ဂိုဏ်းခေါင်းဆောင်များသာ ရှိလေသည်။
ပိုင်ကျားမြို့တွင် အနေကြာပြီဖြစ်သည့် ကူးဝေေ၀က နတ်သမီးဗိမာန်သည် မည်သို့သော နေရာမျိုးဖြစ်သည်ကို ကောင်းကောင်းသိလေသည်။ ထို့ကြောင့် သူမသည် ပိုင်ရှောင်ယွီကို မကျေမနပ် ဖြစ်နေမိလေသည်။
ဆန်းလျန်က…
"မင်း ဒီနေ့ ကျုပ်ဆီရောက်လာမှတော့ မနက်ဖန် ကံအကြီးအကျယ်ကောင်းတော့မှာပါကွာ …"
ဆန်းလျန်၏ စကားကိုကြားသည့်အခါတွင်တော့ ပိုက်ရှောက်ယွီမှာ ကူးဝေေ၀ စောင့်ကန်လိုက်သည့်အတွက် နာကျင်သွားရသည်ကိုပင် အရေးမစိုက်နိုင်တော့ပေ။
သူက ဆန်းလျန်ကို မျက်လုံးပြူးပြီးကြည့်လိုက်ရင်း…
"ဟမ်…တကယ်လား…"
ဆန်းလျန်ကပေါ့ပေါ့ပါးပါးဟန်ဖြင့်…
"မယုံလည်းနေပေါ့…"
ပိုင်ရှောက်ယွီသည် ဆန်းလျန်ကို နည်းနည်းတော့ ယုံချင်မိလေသည်။
ထို့ပြင် လောင်းကစားဝိုင်းတွင် တက်တက်ပြောင်သွားရသည့် သူ၏ပိုက်ဆံများကိုလည်း ပြန်လိုချင်နေမိလေသည်။ ထို့ကြောင့် သူသည် ဆန်းလျန်ကို အရင်ကထက် နည်းနည်းပိုပြီး ယုံကြည်ရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော်… ယခုအချိန်တွင် သူ့လက်ထဲတွင် ပိုက်ဆံတစ်ပြားပင် မရှိတော့လေရာ နောက်တစ်နေ့ လောင်းကစားဝိုင်း ကိုမည်သို့သွားနိုင်ပါမည်နည်း။
ပိုင်ရှောက်ယွီက…
"တာအိုဆရာ… ၊ ခင်ဗျား ကျုပ်ကို ပိုက်ဆံနည်းနည်းလောက် ချေးပါလား ၊ မနက်ဖန် ကျုပ် လောင်းကစားနိုင်ရင် ပြန်ဆပ်မယ်ဗျာ ၊ ဘယ်လိုလဲ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါဆို ရှုံးရင်ပြန်မဆပ်ဘူးဆိုတဲ့ သဘောပေါ့…"
ဆန်းလျန်၏ စကားကြောင့် ပိုက်ရှောက်ယွီ၏ မျက်နှာတစ်ခုလုံး နီရဲသွားလေသည်။
"ရှုံးမှတော့ ပြန်ဆပ်စရာပိုက်ဆံ ဘယ်လိုလုပ်ရှိတော့မှာလဲ"
ဆန်းလျန်က…
"ဒါဖြင့် ဒီလိုလုပ် ၊ မင်းမှာလည်း အလုပ်မရှိဘူးမဟုတ်လား ၊ ဒီစားသောက်ဆိုင်မှာ အလုပ်လုပ်မယ်ဆိုရင် နေစရာနဲ့ စားစရာလည်းပေးမယ် ၊ လစာလည်း အသားတင်ပေးမယ်…"
ပိုင်ရှောက်ယွီက ရယ်မောလိုက်ရင်း…
"တာအိုဆရာ… ဒီဆိုင်ပိုင်ရှင်က ခင်ဗျားမှ မဟုတ်တာ ၊ အစ်မကူးဝေေ၀လေဗျာ…"
ကူးဝေေ၀က မျက်နှာသေဖြင့်…
"သူပြောတဲ့စကားက ငါ့စကားပဲ…"
ပိုင်ရှောက်ယွီက…
"အာ.. အစ်မကူးဝေေ၀လို နတ်သမီးလေးက ဒီလိုတာအိုဆရာမျိုးနဲ့မှလိုက်ဖက်တာပေါ့ ၊ ကျုပ်သိပါပြီ… ကျုပ်သိပါပြီ…"
ပိုင်ရှောက်ယွီမှာ ဆိုးသွမ်းနေသူတစ်ယောက်ဖြစ်သော်လည်း မျက်နှာရိပ်မျက်နှာကဲတော့ အကဲခတ်တတ်သူ ဖြစ်လေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ကူးဝေေ၀သည် တာအိုဆရာအပေါ်တွင် စိတ်တိမ်းညွှတ်နေပြီကို ပိုင်ရှောက်ယွီ ရိပ်မိ လိုက်လေသည်။ ဆန်းလျန်မှာလည်း ပိုင်ကျားမြို့မှ မြို့ခံလူမဟုတ်သည့်အတွက် ကူးဝေေ၀အကြောင်း သွားပုပ် လေလွင့်ပြောစကားများ ကို ဂရုစိုက်ဟန် မရှိပေ။
ပိုင်ရှောက်ယွီအနေဖြင့် ဆန်းလျန်နှင့် ကူးဝေေ၀ မေတ္တာရှိနေကြသည်ဆိုလျှင်လည်း ဝေဖန်ကန့်ကွက်စရာ အကြောင်းမရှိပေ။ အနည်းဆုံးတော့ ကူးဝေေ၀မှာလည်း အချက်အပြုတ်တော်ပြီး အိမ်ရှင်မကောင်း ပီသသူ တစ်ယောက်ဖြစ်သလို ဆန်းလျန်သည်လည်း အိမ်ထောင်ဦးစီးတစ်ယောက်အဖြစ် ကူးဝေေ၀လိုအပ်သည့် ငွေကြေး အထောက်အပံ့ကို ပေးနိုင်မည့်သူ ဖြစ်လေသည်။
ကူးဝေေ၀မှာ ပိုင်ရှောက်ယွီ၏ စကားများကြောင့် ရင်ထဲတွင် ပီတိဖြာသွားရသော်လည်း မသိသလို ဟန်ဆောင် နေလိုက်လေသည်။
ကူးဝေေ၀က…
"လစာက တစ်လကို ကြေးပြား (၃၀)ရမယ် ၊ ဘယ်လိုလဲ … လုပ်မှာလား"
လစာက နည်းလွန်းသည်ဟု ပိုင်ရှောက်ယွီက အထွန့်တက်ချင်မိသော်လည်း တကယ်တမ်းစဉ်းစားကြည့်မည်ဆို လျှင် ကူးဝေေ၀၏ စားသောက်ဆိုင်သည် မရောင်းရသည့် ဆိုင်တစ်ဆိုင်ဖြစ်လေသည်။
ထို့ကြောင့် သူ့ကို လစာ အများကြီးပေးနိုင်မည် မဟုတ်ပေ။ ထို့ပြင် နေစရာနှင့်စားစရာလည်း အလကား ရဦးမည် ဖြစ်လေရာ ပိုင်ရှောက်ယွီအတွက် ထို့ထက်ကောင်းသည့် အခွင့်အရေး ရှိနိုင်တော့မည် မဟုတ်ပေ။
ပိုက်ရှောက်ယွီက…
"ကျုပ် လုပ်ပါ့မယ်…"
ဆန်းလျန်က…
"ဒါဖြင့်လည်း စာချုပ်ချုပ်ရအောင်…"
ဆန်းလျန်က သူ၏အင်္ကျီလက်ထဲမှ စာချုပ်တစ်ခုကို ထုတ်ယူလိုက်လေသည်။
စာချုပ်ပေါ်တွင်ရေးသားထားသည့် လက်ရေးက သပ်ရပ်လှပပြီး မင်ရောင်ကလည်း တောက်ပနေလေသည်။ သို့သော် ပိုင်ရှောက်ယီသည် စာသိပ်တတ်သူတစ်ယောက် မဟုတ်သည့်အတွက် စာချုပ်၏ တန်ဖိုးကို နားမလည်ပေ။
ထိုသို့သော လက်ရေးမျိုးကို ချင်ပြည်နယ်မြို့တော်တွင်သာ တွေ့ရနိုင်လေသည်။ လက်ရေးလှစာလုံးများကို တန်ဖိုးထားဝယ်ယူသူများသာလျှင် ထိုလက်ရေး၏ တန်ဖိုးမြင့်မားမှုကို သိရှိမည် ဖြစ်လေသည်။
ပိုင်ရှောက်ယွီက စာချုပ်ကို တစ်ချက်ဖတ်ကြည့်လိုက်ပြီး လက်မှတ်ထိုးပေးလိုက်ကာ လက်ဗွေပါတစ်ခါတည်းနှိပ်ပေး လိုက်လေသည်။
ထိုအချိန်မှာပင်… သူ့ခေါင်းထဲသို့ အေးစိမ့်မှုတစ်ခုက ထိုးဖောက်ဝင်ရောက်လာသည်ကို ခံစားလိုက်ရလေသည်။
ဆန်းလျန်က…
"မင်း ဆိုင်အလုပ်တွေ သေချာမလုပ်ဘူးဆိုရင် ခေါင်းကိုက်လိမ့်မယ်ဆိုတာ မမေ့ပါနဲ့ ၊ ကဲ … အခု ပန်းကန်တွေ သွားဆေးတော့…"
ပိုင်ရှောက်ယွီက…
"တာအိုဆရာ… စိတ်မပူနဲ့ စိတ်မပူနဲ့ ၊ ကျုပ်က အလုပ်ကြိုးစားတဲ့သူပါ…"
ဆန်းလျန်က အင်္ကျီလက်ထဲမှ ကြေးပြားလေး (၂)ပြားထုတ်ယူလိုက်ပြီး…
"ရော့… ဒီနေ့အတွက်လုပ်ခ ၊ မနက်ဖန် မင်း လောင်းကစားဝိုင်းသွားချင်ရင် အဲဒီပိုက်ဆံနဲ့သွား…"
ပိုင်ရှောက်ယွီက…
"ဒီလောက်နည်းနည်းလေးနဲ့ ဘာလုပ်လို့ရမှာလဲ ၊ ကျုပ်ကို လစာတစ်လစာ ကြိုထုတ်ပေးပါလား ၊ ကြေးပြား (၃၀) ဆိုတာ ဘယ်လောက်မှလည်း များတာမဟုတ်ဘဲနဲ့"
ဆန်းလျန်က အေးဆေးသည့်လေသံဖြင့်…
"နေ့လည်တုန်းက ကျုပ် တီကောင်အစိမ်း (၂)ကောင်တွေ့လိုက်တယ် ၊ အဲဒီတီကောင်အစိမ်း (၂)ကောင်ကိုရှာပြီး မင်းရဲ့ကြေးပြား(၂)ပြားကို ဖြန်းမယ်ဆိုရင်တော့ လောင်းကစားဝိုင်းမှာ ပိုက်ဆံတွေ ဝင်လာမဆဲ တသဲသဲ ဖြစ်မှာပဲ"
ပိုင်ရှောက်ယွီမှာ ဆန်းလျန်ပြောသည့် တီကောင်အစိမ်းဆိုသည်မှာ ဘာကိုပြောမှန်း မသိပေ။
အမှန်တော့ ဆန်းလျန်က ပိုင်ရှောက်ယွီကို နောက်ပြောင်လိုက်ခြင်း ဖြစ်လေသည်။
ရှေးခေတ်အယူအဆအရ တီကောင်အစိမ်းဆိုသည်မှာ ထူးဆန်းသည့် ပိုးမွှားတစ်မျိုးဖြစ်လေသည်။ ဒဏ္ဍာရီအရဆို လျှင် တီကောင်အစိမ်းသည် ကလေးမွေးဖွားနိုင်စွမ်းရှိသည်ဟု ဆိုလေသည်။ ကလေးမွေးပြီးသွားသည့်အခါတွင် လည်းကလေးနှင့်မိခင်သည် မခွဲဘဲ အတူတူနေကြလေသည်။ ထိုသို့ တီကောင်အစိမ်းသားအမိကိုယှဉ်တွဲတွေ့ရပါက လာဘ်ကောင်းသည်ဟု အဆိုရှိကြလေသည်။
ထို့ကြောင့် လူများသည် တီကောင်အစိမ်း၏ သွေးကိုအသုံးပြုကာ ပိုက်ဆံကို ဆေးကြောလေ့ရှိကြလေသည်။ ထိုသို့ ပြုလုပ်သည့်အခါ ငွေများ ဝင်လာမဆဲ တသဲသဲ ဖြစ်ရသည်ဟု အယူရှိကြလေသည်။
နောက်ဆုံးတော့ လူသားတို့၏ လက်ချက်ဖြင့် တီကောင်အစိမ်းများမှာ မျိုးသုဉ်းလုနီးပါး ဖြစ်သွားခဲ့ကြရလေသည်။
နေ့လည်ကတော့ ဆန်းလျန်သည် သူ၏ တန်ခိုးစွမ်အားအသုံးပြုကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်နေစဉ်တွင် ဆောင်းဦး ရွက်ကြွေများအောက်တွင် ပုန်းနေသည့် တီကောင်အစိမ်း (၂)ကောင်ကို တွေ့မြင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ဆန်းလျန်သည် အဓိပ္ပါယ်မရှိ ထိုတီကောင် (၂)ကောင်ကို လိုက်ဖမ်းစရာ အကြောင်းမရှိပေ။
အမှန်တော့… ပိုင်ရှောက်ယွီကိုပေးလိုက်သည့် ကြေးပြားလေး (၂)ပြားမှာ ပိုင်ကျားမြို့သို့ရောက်ပြီးနောက်ပိုင်း ဆန်းလျန် ပထမဆုံး ပြုလုပ်ထားသည့် ဝိညာဉ်စွမ်းအား ပစ္စည်းလေး (၂)ခု ဖြစ်လေသည်။ ကြေးနီပြားလေးများပင် ဖြစ်လင့်ကစား ထိပ်တန်းအဆင့် တာအိုတရားများပါဝင်လေသည်။ ကျင့်ကြံသူဂိုဏ်းများ ၊ နတ်ဘုရားဂိုဏ်းများ ကသာထိုကြေးပြားလေး (၂)ပြားကို ရရှိသွားပါက အဖိုးမဖြတ်နိုင်သည့် ရတနာအလား သေသေချာချာ သိမ်းဆည်း ထားကြပေလိမ့်မည်။
ပိုင်ရှောက်ယွီက မယုံသင်္ကာမျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်လိုက်လေသည်။ ဆန်းလျန်၏ ခပ်တည်တည် မျက်နှာထားကို မြင်လိုက်ရသည့်အခါတွင်တော့ သူ့ကို နောက်ထပ် ပိုက်ဆံထပ်ပေးတော့မည် မဟုတ်သည်ကို ရိပ်မိ လိုက်လေသည်။ ထို့ကြောင့် ထပ်ပြီးပြောမနေတော့ဘဲ ပန်းကန်များကိုသာ ဆေးကြောရန် သိမ်းဆည်းလိုက်လေ တော့သည်။
ကူးဝေေ၀က ပန်းကန်းများကို သယ်ဆောင်ကာ ထွက်ခွာသွားသည့် ပိုင်ရှောက်ယွီကို ကြည့်လိုက်ရင်း စိုးရိမ်သည့် လေသံဖြင့်…
"အဲဒီကောင်ကြည့်ရတာ လက်ကြောတင်းမယ့်ပုံလည်း မပေါ်ဘူး…"
ဆန်းလျန်က…
"အစ်မ စိတ်မပူပါနဲ့ ၊ သူ အပျင်းမထူရဲပါဘူး…"
ထိုအချိန်မှာပင် ဆိုင်အနောက်ဘက်မှ ပိုင်ရှောက်ယွီ၏ အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာလေသည်။
ကူးဝေေ၀က…
"ဘာတွေဖြစ်နေတာလဲ မသိဘူး…"
ဆန်းလျန်က အေးအေးဆေးဆေးလေသံဖြင့်…
"စာချုပ်ချုပ်တုန်းက ပြောလိုက်တယ်လေ ၊ အပျင်းထူရင် ခေါင်းကိုက်လိမ့်မယ်လို့…"
ပိုင်ရှောက်ယွီမှာ ပန်းကန်များကို ပြီးစလွယ်ဆေးကြောနေလေရာ ချက်ချင်းပင် ခေါင်းကိုက်လာလေသည်။ ထို့ကြောင့် အော်ဟစ်လိုက်မိခြင်းဖြစ်လေ၏။
သူက ဆန်းလျန်ပြောသည့်စကားများကို ပြန်ကြားယောင်မိသည့် အခါတွင်တော့ ပန်းကန်များကို သေသေချာချာ ဆေးကြောရန် ဆုံးဖြတ်လိုက်လေသည်။ ထိုအခါမှ ခေါင်းကိုက် အနည်းငယ် သက်သာသွားရလေသည်။
ပန်းကန်များ ဆေးပြီးသွားသည်နှင့် ဆန်းလျန်က ပိုင်ရှောက်ယွီကို စားသောက်ဆိုင် အတွင်းနှင့်အပြင် သန့်ရှင်းရေး လုပ်ခိုင်းပြန်သည်။ နောက်ဆုံးတော့ ပိုင်ရှောက်ယွီခမျာ ညအိပ်ယာဝင်ချိန်ကျမှသာ အနားယူရရှာလေတော့သည်။
ကူးဝေေ၀မှာတော့ ဆန်းလျန်၏ စီမံခန့်ခွဲမှုကောင်းပုံကိုကြည့်ပြီး အံ့အားသင့်နေရလေသည်။ မြို့ထဲမှာ မြေရှင်ယာရှင်များ ၊ သူဌေးကြီးများသာ ဤအကြောင်းကို သိရှိသွားလျှင် သူတို့၏ အိမ်ငှားများ ၊ အလုပ်သမားကို စီမံခန့်ခွဲမှုပြုလုပ်ပေးရန်အတွက် ဆန်းလျန်ဆီများ လာရောက်ငိုယိုတောင်းပန်ကြလေမည်လား မသိနိုင်ပေ။
သူမသည် ဆန်းလျန်၏အရည်အချင်းများကိုကြည့်ရင်း ဆန်းလျန်၏ အတိတ်အကြောင်းများကို သိချင်လာမိလေ သည်။ သို့သော်… ဆန်းလျန်အတိတ်ကို ပြန်သတိရသွားသည့်တစ်နေ့တွင် သူတို့ (၂)ယောက် ခွဲခွာရမည့်အရေး တွေးမိသည့်အခါ ရင်လေးရပြန်လေ၏။
ထိုညက… ကူးဝေေ၀သည် အတွေးလွန်ပြီး တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့ပေ။
အတော်နောက်ကျမှ မှေးကနဲတစ်ချက်အိပ်ပျော်သွားပြီး ထူးဆန်းသည့် အိပ်မက်တစ်ခုကို မြင်မက်လေသည်။ အိပ်မက်ထဲတွင် သူမသည် နတ်သမီးတစ်ပါးဖြစ်နေပြီး လူငယ်လေးတစ်ယောက်ကို ကျင့်စဉ်များ သင်ကြားပေးနေ လေသည်။ ထိုလူငယ်လေးသည် ဆန်းလျန်နှင့် အလွန် ဆင်တူလေသည်။
ရုတ်တရက်… သူမ၏ ပါးပြင်ကို အေးစက်သည့် လက်တစ်ဖက်က လာရောက်ထိကိုင်လိုက်သည့်အတွက် လန့်နိုး သွားရလေသည်။ ထိုအခါ သူမ အိပ်ယာဘေးတွင် လူတစ်ယောက်ရောက်နေသည်ကို လရောင်အောက်တွင် တွေ့လိုက်ရလေသည်။
သူမသည် အလွန်အမင်း ထိတ်လန့်သွားပြီး မအော်မိစေရန်အတွက် လက်များဖြင့် ပါးစပ်ကို အုပ်ထားလိုက်မိလေ သည်။
ထို့နောက် လရောင်အောက်တွင် အိပ်ယာဘေးမှလူ၏ မျက်နှာကို တွေ့မြင်လာရလေသည်။ အခြားသူမဟုတ်ပါ။ ဆန်းလျန်သာ ဖြစ်လေသည်။
ဆန်းလျန်က နူးညံ့သည့်လေသံဖြင့်…
"အစ်မ… ကျွန်တော်ပါ…"
ထို့နောက် ဆန်းလျန်က သူမ၏ ပါးပြင်ကို ထိကိုင်ထားသည့် လက်များကို ပြန်လည် ရုတ်သိမ်းလိုက်လေသည်။
ကူးဝေေ၀မှ သူမ၏အိပ်မက်လေး ပျက်ပြယ်သွားရသည့်အတွက် စိတ်တိုသွားမိလေသည်။
"ညဉ့်နက်သန်းခေါင်ကြီး ကျွန်မအခန်းထဲ ဘာလာလုပ်တာလဲ…"
ဆန်းလျန်က နူးညံ့သည့် လေသံဖြင့်…
"ညနက်သန်းခေါင်ကြီးလာရတာက အစ်မကို ကျွန်တော် ကျင့်စဉ်တွေသင်ပေးမလို့ ၊ အဲဒါမှ အစ်မ အရင်ကလို ကျင့်စဉ်လမ်းမှာ ပြန်လျှောက်လှမ်းနိုင်မှာပေါ့…"
"မနက်ကျမှပဲ ပြောကြရအောင် ၊ အခု အိပ်ချင်နေပြီ…"
ကူးဝေေ၀က နှုတ်ခမ်းစူရင်း ပြောလိုက်လေသည်။
သူမ တကယ်လည်း အိပ်ချင်နေပြီ ဖြစ်လေသည်။
ဆန်းလျန်က ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
"အစ်မ အိပ်ချင်နေတဲ့အချိန် ကျင့်ကြံမှ ဖြစ်မှာ ၊ အဲဒီအချိန်မှာပဲ အစ်မရဲ့ စိတ်အခြေအနေနဲ့ စရိုက်က အစစ်အမှန် ပေါ်လွင်တာလေ…"
ထို့နောက် ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ကူးဝေေ၀ခြုံထားသောစောင်မှာ အိပ်ယာတစ်ဖက် သို့ကျသွားလေသည်။
ကူးဝေေ၀မှာ ဆောင်းလေအေးကြောင့် ချမ်းတုန်လာရလေသည်။ သူမသည် အိပ်ချင်နေသည့်အတွက် ကလေးငယ် တစ်ယောက်လို ဂဂျီဂဂျောင် လုပ်လိုက်ချင်မိလေသည်။ သို့သော်… သူမကို ကြည့်နေသည့် ဆန်းလျန်၏ နွေးထွေးသည့် အကြည့်များဖြင့် ရင်ဆိုင်လိုက်ရသည့်အခါတွင်တော့ ဆန်းလျန်၏ စကားကို နားထောင်ရန် ဆုံးဖြတ် လိုက်မိလေတော့သည်။
ဆန်းလျန်ကပြုံးလိုက်ရင်း…
"ကျွန်တော်တို့ သွားကြရအောင်…"
ကူးဝေေ၀က…
"ဒီအခန်းထဲမှာ ကျင့်ကြံရမှာ မဟုတ်ဘူးလား"
ဆန်းလျန်က…
"ဒီအခန်းထဲမှာ ကျင့်ကြံမယ်ဆိုရင် တာအိုစုံတွဲတွေ ကျင့်ကြံသလို ဖြစ်ကုန်မှာပေါ့…"
ကူးဝေေ၀က…
"တာအိုစုံတွဲတွေ ကျင့်ကြံသလိုကျင့်ကြံတယ်ဆိုတာ ဘာကိုပြောတာလဲ…"