လပြည့်ညရဲ့မြေခွေးအူသံ
Vol. 8 Ch. 713
ဆန်းလျန်က တာအိုစုံတွဲများ မည်သို့ကျင့်ကြံကြသည်ဆိုသည့်အကြောင်းကို ကူးဝေေ၀အား စိတ်ရှည်လက်ရှည် ရှင်းပြ လိုက်လေသည်။
ဆန်းလျန်ရှင်းပြသည်ကိုနားထောင်နေရင်း ကူးဝေေ၀သည် ဆန်းလျန်ကို လှမ်းရိုက်လိုက်လေတော့သည်။
"အတိတ်သာမေ့နေတာ ၊ ဒါမျိုးတွေကျ အသေးစိတ်မှတ်မိနေတာလား…"
ဆန်းလျန်က နောက်သို့အသာခုန်ဆုတ်လိုက်ပြီး…
"အစ်မကလည်း အတိတ်မေ့တယ်ဆိုပေမယ့် သိသင့်တာတွေတော့ သိတာပေါ့ …"
ရုတ်တရက်..
ဆန်းလျန်၏ စိတ်အာရုံတွင် မှုံဝါးပြီး မတိကျသည့် အတိတ်ပုံရိပ်များများစွာ ပေါ်လာလေသည်။ ဆန်းလျန်မှာ စိတ်များရှုတ်ထွေးသွားပြီး နေရာတွင်ပင် မလှုပ်မယှက် မတ်တပ်ရပ်နေမိလေသည်။ ပြင်ပမှ နှင်းမှုံနှင်းခဲများသည် ဆန်းလျန်၏ခန္ဓာကိုယ်တွင် လာရောက်ကပ်ငြိကုန်ကြပြီး ဆန်းလျန်၏ပုံသဏ္ဍန်မှာ ပြီးပြည့်စုံ သည့် အဖြူရောင်နှင်း ပန်းပုရုပ်တု တစ်ခုအလား ထင်မှတ်ရလေသည်။
ကူးဝေေ၀က ဆန်းလျန်ကို ကြည့်ပြီး အနည်းငယ် လန့်သွားလေသည်။
"ဆန်းလျန်… ရှင်ဘာဖြစ်တာလဲ…"
ဆန်းလျန်၏ အတိတ်များသည် မပီဝိုးတဝါး မှုံဝါးလျှက်ရှိလေသည်။
ထိုအချိန်မှာပင် မိစ္ဆာစွမ်းအားများသည် သူ့နှလုံးသားကို ဝင်ရောက်စီးနင်းလာသလို ခံစားလိုက်ရလေသည်။ သူ၏ ကျင့်စဉ်လမ်းအဆင့်မှာ မြင့်မားသည့်တိုင် သူ့ရင်ထဲတွင် အကြောက်တရားများ ဖုံးလွှမ်းလာလေတော့သည်။
သူ… မသေချင်သေးပါ။ သူ သေရမည်ကို ကြောက်ရွံ့ထိတ်လန့်နေမိလေသည်။
ထိုအချိန်မှာပင်… ကူဝေေ၀ထံမှ စကားသံ ထွက်ပေါ်လာသည့်အတွက် ဆန်းလျန် သတိပြန်ဝင်လာလေသည်။
ဆန်းလျန်၏ဝိညာဉ် အသိပြန်ဝင်လာသည်နှင့် သူ၏နှလုံးသားအတွင်းသို့ ဝင်ရောက်လာသည့် မိစ္ဆာဆန်သည့် အကြောက်တရားများ ပြန်လည် ဆုတ်ခွာသွားကြလေသည်။ ထိုအခါတွင်တော့ သူ၏ စိတ်ဝိညာဉ်သည် မြူမှုံတစ်စ ပင်စွန်းထင်းခြင်းမရှိဘဲ ကြည်လင်လျှက် ရှိနေပြန်လေ၏။
ဆန်းလျန်၏ နှလုံးသားထဲမှ မိစ္ဆာဆန်သည့်အကြောက်တရားများ ပျောက်ကွယ်သွားသည်နှင့် ဆန်းလျန်၏ကိုယ်ပေါ် တွင်ဖုံးလွှမ်းနေသည့် နှင်းခဲများလည်း အရည်ပျော်ကျသွားလေသည်။
ဆန်းလျန်က…
"မိစ္ဆာစွမ်းအားတွေနှောက်ယှက်တာခံလိုက်ရတာ ၊ တော်သေးတယ် အစ်မ ခေါ်လိုက်လို့…"
ကူးဝေေ၀မှာ ဆန်းလျန်၏ စကားကြားတော့မှ ရင်ထဲတွင် လေးလံနေသည်များ ပျောက်ကွယ်သွားရပြီး…
"ဘာမှမဖြစ်လို့ တော်သေးတာပေါ့"
ဆန်းလျန်သည် လရောင်အောက်တွင် အလွန်တရာလှပနေသည့် ကူးဝေေ၀ကို အတန်ကြာငေးကြည့်နေမိလေ သည်။ ကူးဝေေ၀က ဆန်းလျန်၏ အကြည့်များကို သတိထားလိုက်မိပြီး ချောင်းတစ်ချက် ဟန့်လိုက်လေသည်။
ထိုအခါမှ… ဆန်းလျန်က ရှက်ကိုးရှက်ကန်းဖြင့် တစ်ချက်ပြုံးလိုက်ရင်း…
"အစ်မ… ကျွန်တော်နဲ့ လိုက်ခဲ့ပါ…"
ဆန်းလျန်က ပြောပြီးသည်နှင့် ကူးဝေေ၀ စကားပြန်ပြောသည်ကို မစောင့်တော့ပါ။
မိန်းမလှလေးကူးဝေေ၀ကို ပွေ့ချီသွားပြီး အခိုးအငွေ့အလား ပြတင်းတံခါးဆီမှ ပျံသန်းထွက်ခွာသွားလေတော့သည်။ လရောင်သည် စီးဆင်းနေသည့်စမ်းချောင်းလေးအလား ကြည်လင်စွာ လင်းလက်တောက်ပနေလေသည်။ ကူးဝေေ၀မှာ ဆန်းလျန်ခေါ်ဆောင်ရာသို့ လေနှင့်အတူ လွင့်မျောကာ လိုက်ပါသွားလေသည်။
လရောင်အောက်တွင် ပျံသန်းနေရသည်မှာ အိပ်မက်ဆန်လွန်းလှလေသည်။ ထို့ပြင် သူမနှင့် ဆန်းလျန် ဆုံတွေ့ခဲ့ရ ခြင်းသည်လည်း အိပ်မက်ဆန်လွန်းခဲ့လေသည်။ ယခုကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ရမည်ဟု ကူးဝေေ၀သည် အိပ်မက်ထဲတွင်ပင် စိတ်ကူးမယဉ်မိခဲ့ဖူးခဲ့ပေ။
အချိန်ခဏအတွင်းမှာပင် သူတို့ (၂)ယောက် ပိုင်ကျားမြို့အပြင်ဘက်သို့ ရောက်ရှိလာကြလေသည်။
ချင်းရှတောင်ပေါ်သို့ ရောက်သည့်အခါတွင်တော့ ဆန်းလျန်က မြေပြင်ထက်သို့ ဆင်းသက်လိုက်လေသည်။
တစ်ချိန်တုန်းကတော့ ထိုနေရာတွင် "ချင်းရှကျောင်းတော်" ဆိုသည့် တာအိုကျောင်းတော် (၁)ခု ရှိခဲ့လေသည်။ သို့သော်… နှစ်တွေ လတွေ အလီလီ ကုန်ဆုံးခဲ့ပြီးသည့်နောက် ချင်းရှကျောင်းတော်သည်လည်း ပျက်စီးသွားခဲ့ပြီ ဖြစ်လေသည်။ ထို့ကြောင့် တောင်ပေါ်တွင် မည်သည့်ကျောင်းတော်မှမရှိတော့ဘဲ သစ်ပင်များသာ ပေါက်ရောက် လျှက်ရှိလေ၏။
ဆန်းလျန်သည်လည်း ချင်းရှကျောင်းတော်အကြောင်းကို မမှတ်မိတော့ပေ။ သို့သော်…. ချင်းရှကျောင်းတောင် ကတော့ ဝိညာဉ်စွမ်းအားများ ပြည့်ဝလွန်းသည့် နေရာတစ်ခုဖြစ်သည့်အတွက် ကျင့်ကြံခြင်းပြုလုပ်ရန် အလွန် သင့်တော်သည့် နေရာတစ်ခု ဖြစ်လေသည်။
လရောင်အောက်တွင် ယင်ရှင့်သစ်ပင်များသည် လှပလွန်းစွာဖြင့် အဝါရောင်တောက်ပနေကြလေသည်။ ချင်းရှ တောင်ပေါ်မှ ကြည့်လိုက်မည်ဆိုလျှင် မီးရောင်များ လင်းလက်နေသည့် ပိုင်ကျားမြို့ကို အပေါ်စီးမှ လှပစွာ တွေ့မြင်ရ မည်ဖြစ်လေသည်။
ကူးဝေေ၀သည် ပိုင်ကျားမြို့တွင် ကြီးပြင်းခဲ့သူတစ်ယောက်ဖြစ်သည့်တိုင် ထိုမျှ လှပသည့်ရှုခင်းမျိုးကို တစ်ခါမှ တွေ့မြင်ခဲ့ဖူးခြင်း မရှိပေ။ ထို့ကြောင့် သူမသည် လှပသည့်ရှုခင်းကို ငေးကြည့်နေခဲ့လေသည်။ ဆန်းလျန်သည်လည်း သူမ အနားတွင်ရှိနေသည့်အတွက် သူမ၏ဘဝသည် ပြီးပြည့်စုံလျှက် ရှိလေသည်။
ကူးဝေေ၀က…
"ဆန်းလျန်… အရင်တုန်းကလည်း ရှင့်ရဲ့ ဂိုဏ်းတူအစ်မကို အခုလိုမျိုး လှပတဲ့ရှုခင်းတွေကြည့်ဖို့ခေါ်လာဖူး သလား…"
ကူးဝေေ၀က ဆန်းလျန်က သူမကို သူ၏ ဂိုဏ်းတူအစ်မအဖြစ် အထင်မှားနေသည်ဟု ယူဆထားသည့်အတွက် ထိုသို့ မေးလိုက်ခြင်း ဖြစ်လေသည်။
ဆန်းလျန်သည် သူ၏ ဂိုဏ်းတူအစ်မအပေါ်တွင်လည်း ထိုသို့ပင် ဂရုတစိုက်ရှိလေသလားဟု သိချင်နေမိလသည်။ ဆန်းလျန်က သူမ၏ မေးခွန်းကို "ခေါ်လာခဲ့ဖူးတယ်…" ဟု ကျိန်းသေပေါက်ဖြေလိမ့်မည်ဟု မျှော်လင့်ထားမိသည့် တိုင်သူမသည် ဆန်းလျန်ကိုယ်တိုင်ဖြေသည့်အဖြေကို ကြားချင်နေမိလေသည်။
သို့သော်… ဆန်းလျန်ဖြေလိုက်သည့်အဖြေမှာ…
"ဟင့်အင်း…"
ဟူ၍ဖြစ်လေ၏။
ဆန်းလျန်၏အဖြေကြောင့် ကူးဝေေ၀၏ မျက်ဝန်းများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပသွားလေသည်။
"တကယ်လား…"
ဆန်းလျန်က…
"တကယ်တော့ အစ်မကို ကျွန်တော် ပစ်ထားခဲ့မိသလို ဖြစ်နေခဲ့တာ ၊ လာ… အခု ဒီလိုလှပတဲ့ ရှုခင်းတွေ အတူတူကြည့်ကြမယ်နော်…"
ဆန်းလျန်သည် ဂိုဏ်းတူအစ်မဖြင့် အတူတူဖြတ်သန်းခဲ့သည့် အဖြစ်အပျက်များကို မှတ်မိခြင်း မရှိတော့ပါ။
သို့သော်… သူတို့ အတူတူ ပညာသင်ခဲ့ဖူးသည့်နေရာသည် ယခုနေရာထက် အဆပေါင်းများစွာ ပိုပြီးလှပသည်ကို တော့မှတ်မိနေခဲ့ လေသည်။ ယခုကဲ့သို့ လှပသည့် ညများစွာတွင် ဂိုဏ်းတူအစ်မသည် သူ့ကို ကျင့်စဉ်ပညာများ သင်ပြပေးခဲ့ဖူးလေသည်။
ကူးဝေေ၀မှာ ဆန်းလျန်က သူမကို သူ၏ ဂိုဏ်းတူအစ်မဟု ထင်မှတ်နေသေးသည့်အတွက် စိတ်မကောင်း ဖြစ်သွား လေသည်။
"ဆန်းလျန် ၊ ရှင် ကျွန်မကို ကတိပေးပါ ၊ နောက်ဆို ဒီလိုနေရာမှာ ရှုခင်းလာကြည့်ဖို့ တခြားဘယ်မိန်းကလေးကိုမှ ခေါ်မလာပါဘူးဆိုတဲ့ ကတိပေါ့…"
ဆန်းလျန်က…
"အင်းပါ… ခေါ်မလာပါဘူး"
ဆန်းလျန်ထံမှ ကတိစကားကြောင့် ကူးဝေေ၀ ပျော်ရွှင်သွားရလေသည်။
ဆန်းလျန်က…
"ဒါဖြင့် ကျွန်တာ်တို့ ကျင့်စဉ် စပြီး ကျင့်ကြံရအောင်…"
ကူးဝေေ၀၏ စိတ်များမှာ ကြည်လင်နေလေသည်။
သူမက နူးညံ့သိမ်မွေ့သည့် လေသံဖြင့်….
"ရှင် ကျွန်မကို သင်ပေးလေ ၊ ကျွန်မ အဲဒီအတိုင်းလိုက်လုပ်မယ်…"
ဆန်းလျန်က…
"ကောင်းပြီလေ ၊ အခု အလွယ်ကူဆုံး အသက်ရှူကျင့်စဉ်ကို အစ်မကို စပြီးသင်ပေးမယ်…"
ကူးဝေေ၀က အစကတည်းကပင် ဉာဏ်ကောင်းသည့် မိန်းကလေးတစ်ယောက် ဖြစ်သည့်အပြင် စိတ်ရှည်သူ တစ်ယောက်လည်းဖြစ်လေရာ ဆန်းလျန်သင်ပြပေးသည့် အသက်ရှူကျင့်စဉ်ကို ခပ်မြန်မြန်ပင် နားလည်သွားလေ သည်။
အသက်ရှူကျင့်စဉ်သည် ခက်ခဲသည့် ကျင့်စဉ်တစ်ခု မဟုတ်ပါ။ စိတ်ရှည်လက်ရှည်ဖြင့် ကျင့်ကြံနိုင်ရန်သာ လိုအပ်လေသည်။ ထိုကျင့်စဉ်သည် ရေရှည်တွင် အလွန်အကျိုးများသည့် ကျင့်စဉ်တစ်ခု ဖြစ်လေ၏။ သို့သော်… အသက်ရှူကျင့်စဉ်တစ်ခုတည်းကို ကျင့်ကြံရုံမျှဖြင့် နတ်ဘုရားတစ်ပါး ဖြစ်လာမည်တော့ မဟုတ်ပေ။ သို့ရာတွင်… အသက်ကိုရှည်စေပြီး ကျင့်စဉ်လမ်းကို အထောက်အကူပြုသည့်ကျင့်စဉ်တစ်ခု ဖြစ်လေသည်။
ကူးဝေေ၀သည် ကျင့်စဉ်ကို ကျင့်ကြံလိုက်သည်နှင့် လျှင်မြန်စွာပင် အဆင့်တက်သွားလေသည်။ သို့သော် … သူမသည် ကျင့်စဉ်ကို နားလည်သဘောပေါက်ရန် အနည်းငယ် လိုအပ်နေသေးသည်ကိုတော့ ဆန်းလျန်က ရိပ်မိ လိုက်လေသည်။
ကူးဝေေ၀သည် ခြောက်သွေ့သည့် မြေပြင်ထက်တွင်ထိုင်ကာ ကျင့်စဉ် ကျင့်ကြံနေခြင်း ဖြစ်လေသည်။
ဆန်းလျန်က သူမကို ကာကွယ်ပေးရန်အတွက် ပတ်ဝန်းကျင် မိုင်တစ်ထောင်ပတ်လည်ကို အန္တရယ် ကင်း မကင်း တစ်ချက် ကြည့်ရှုစစ်ဆေးလိုက်လေသည်။
ရုတ်တရက်… ဆန်းလျန်၏ စိတ်အာရုံအတွင်းသို့ ထူးခြားမှုတစ်ခုဝင်ရောက်လာသည့်အတွက် သူက အနောက်ဆီ သို့တစ်ချက်ကြည့် လိုက်လေသည်။
တောအထပ်ထပ်ကို ဖြတ်ကျော်ပြီး သူ၏ စိတ်အာရုံကို ဖြန့်ကျက်ကြည့်ရှုလိုက်လေရာ ထိုနေရာတွင် မြင့်မားသည့် ကျောက်ဆောင်ကြီးတစ်ခုရှိနေသည်ကို တွေ့လိုက်ရလေ၏။ ကျောက်ဆောင်ကြီးထက်တွင် အနီရောင်အမွှေးရှိသည့် လှပသည့် မြေခွေးတစ်ကောင်သည် လပြည့်ဝန်းထံသို့ ခေါင်းမော့ကြည့်ကာ အူနေလေသည်။
မြေခွေး၏ ပါးစပ်အတွင်းမှ အဖြူရောင်အခိုးအငွေ့များထွက်ပေါ်လျှက် ရှိလေ၏။
ဆန်းလျန်က ကူးဝေေ၀ ကျင့်စဉ်ကျင့်ကြံနေခြင်းကို အနှောက်အယှက်ဖြစ်မှာ စိတ်ပူသည့်အတွက် ခန္ဓာကိုယ်ထဲမှ ကိုယ်ပွားတစ်ခု ထုတ်လွှတ်ကာ တောအထပ်ထပ်ကို ဖြတ်ကျော်ပြီး ကျောက်ဆောင်ကြီးရှိရာသို့ အခြေအနေကြည့် ရန်ထွက်ခွာသွားလေတော့သည်။ ဆန်းလျန်သည် ကျောက်ဆောင်ကြီးရှိရာသို့ ခဏချင်းပင် ရောက်ရှိသွားလေ သည်။
ဆန်းလျန်က ကိုယ်ယောာင်ဖျောက်ထားသည့်အတွက် အနီရောင်မြေခွေးသည် ဆန်းလျန်ကို တွေ့မြင်နိုင်ခြင်း မရှိပေ။
ဆန်းလျန်သည် အတိတ်မေ့နေပြီး သူကိုယ်တိုင်၏ တန်ခိုးစွမ်းအား မည်မျှ မြင့်မားသည်ကိုပင် သိပ်ပြီး မှတ်မိခြင်း မရှိပေ။ တစ်ခါတစ်လေတွင် သူ၏ တန်ခိုးစွမ်းအား မြင့်မားမှုများကို သူကိုယ်တိုင်ပင် အံ့သြနေရလေသည်။
အနီရောင်မြေခွေး၏ ပါးစပ်အတွင်းမှထွက်ပေါ်နေသည့် အဖြူရောင်အခိုးအငွေ့များသည် နှစ်ပေါင်းများစွာကျင့်ကြံ ထားသည့် ကိုယ်တွင်းမှ ပြဒါးတန်ခိုးစွမ်းအားများ ဖြစ်လေသည်။ ထိုပြဒါးငွေ့များသည် လရောင်အောက်တွင် လွင့်မျောနေပြီး လရောင်ခြည်နှင့်ပေါင်းစပ်သွားကြလေသည်။
စွမ်းအားပေါင်းစပ်သံများသည် တဟုန်ထိုးစီးဆင်းနေသည့် မြစ်ရေစီးသံကဲ့သို့ အသံများ ထွက်ပေါ်လျှက်ရှိလေ သည်။ အနီရောင်မြေခွေးမှာ ကျင့်စဉ်ကျင့်ကြံနေသည်မှာ ထင်ရှားလေသည်။ အနီရောင်မြေခွေး၏ ကိုယ်တွင်းမှ ပြဒါး ငွေ့များသည် လရောင်ကို စုပ်ယူပြီးသည့်နောက် မိုးမြေစွမ်းအားများကို ဆက်လက်စုပ်ယူလေသည်။
နတ်မိစ္ဆာများ၏ ကျင့်စဉ်များသည် အချို့သော ကျင့်ကြံသူများ၏ ကျင့်စဉ်များထက်ပင် သာလွန်ကောင်းမွန်လေ သည်။ အနီးရောင်မြေခွေး၏ ကိုယ်တွင်းမှ ပြဒါးစွမ်းအားနှင့် မိုးမြေစွမ်းအား ပေါင်းစပ်ကျင့်ကြံနေသည့် ကျင့်စဉ်မှာ ထင်ရှားသည့် နတ်ဘုရားကျောင်းတော်ကြီးများကို မမီသည့်တိုင် အဆင့်နိမ့်သည်ဟု မဆိုသာပေ။
မိုးမြေစွမ်းအားများသည် အနီရောင်မြေခွေး၏ကိုယ်တွင်းမှ ပြဒါးစွမ်းအားများနှင့် ဖြည်းဖြည်းချင်း ပေါင်းစပ်နေလေ သည်။ အနီရောင်မြေခွေးသည် ကျင့်စဉ်ကျင့်ကြံရာတွင် နားမလည်သည့်အချက်များ ရှိနေသည့်အတွက် ထိုသို့ နှေးကွေးနေရခြင်း ဖြစ်လေသည်။
ဆန်းလျန်မှာ ကြည့်နေရင်းစိတ်မရှည်ဖြစ်လာပြီး အနီရောင်မြေခွေးကို စိတ်ချင်းဆက်သွယ်ကာ အနည်းငယ် သင်ပြပေးလိုက်လေသည်။ အနီရောင်မြေခွေးမှာ ကျင့်ကြံခြင်းကို အာရုံစိုက်နေသည့်အတွက် သူ့အနားတွင် တစ်စုံတစ်ယောက် ရောက်ရှိနေသည်ကို သတိထားခဲ့မိခြင်း မရှိပေ။
ဆန်းလျန်၏ သင်ပြပေးသံကို ကြားလိုက်ရသည့်အခါတွင်တော့ သူ့အတွက် နားလည်ရခက်နေသည့် ကိစ္စအတော်များများကို ရှင်းရှင်းလင်းလင်း နားလည်သွားရလေသည်။ ပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားများ ပိုမိုးစုစည်းပေါင်းစပ်လာပြီး ဝိညာဉ်စွမ်းအားများ သိပ်သည်းလာသည်ကို တွေ့မြင်လိုက်ရလေသည်။
သို့သော်… အနီရောင်မြေခွေးသည် ဆန်းလျန်ကို ကျေးဇူးတင်စကား မပြောနိုင်တော့ပေ။
အဘယ်ကြောင့်ဆိုသော်… သူ့ဆီသို့ ပျံသန်းလာသည့် ကြိုးကြာငှက်ကြီး (၂)ကောင်ကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။
ကြိုးကြာငှက်များ၏ အမွှေးများမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်နေပြီး ဖုံမှုန့်များ ပေကျံနေခြင်း လုံး၀ မရှိပေ။ ကြိုးကြာငှက်ကြီး များ၏ ကျောပေါ်တွင်တော့ အလွန်လှပသည့် မိန်းမပျို (၂)ယောက်ကို စီးနင်းလိုက်ပါလာလေသည်။
မိန်းမပျိုတစ်ယောက်က…
"ဂိုဏ်းတူအစ်မ ၊ ဒီမြေခွေးရဲ့အမွှေးတွေက လှလိုက်တာ ၊ ဆရာ့အတွက် အင်္ကျီချုပ်ပေးရင် မကောင်းဘူးလား ၊ ဆရာ အရမ်းသဘောကျမှာ…"
မိန်းမပျို၏အသံလေးမှာ ကြိုးကြာသံလေးအလား သာယာလွန်းလှလေသည်။
ထို့ပြင် သူမရှေ့မှ အနီရောင်မြေခွေးကိုမပြောနှင့် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည့် နတ်မိစ္ဆာဘုရင်တစ်ပါးကိုပင် အရေးမစိုက်သည့်လေသံမျိုးဖြစ်လေသည်။
ထို့နောက်… ကြိုးကြာငှက်များ မြေပြင်ထက်သို့ ဆင်းသက်လာကြလေသည်။
အနီရောင်မြေခွေးမှာ ကိုယ်တွင်းမှ ပြဒါးတန်ခိုးစွမ်းအားများကို ပြင်ပသို့ထုတ်ယူပြီး မိုးမြေစွမ်းအားများဖြင့် ပေါင်းစပ် ကျင့်ကြံနေခြင်း ဖြစ်လေရာ ယခုအချိန်တွင် မိန်းမပျိုများကို တိုက်ခိုက်ရန်မဖြစ်နိုင်ပါ။ မဟုတ်ပါက ဒဏ်ရာရသွားနိုင် လေသည်။
အဖြူရောင်ကြိုးကြာထက်မှ နောက်ထပ်မိန်းကလေးတစ်ယောက်က…
"ဂိုဏ်းတူညီမလေး ၊ ဒီမြေခွေးက မိုးမြေစွမ်းအားတွေကို စုပ်ယူပြီး စစ်မှန်တဲ့ကျင့်စဉ်တစ်ခုကို ကျင့်ကြံနေတာပဲ…"
"မဟုတ်နိုင်ပါဘူး ၊ ဒီလိုတောကြိုအုံကြားက နတ်မိစ္ဆာလေးတစ်ကောင်က စစ်မှန်တဲ့ ကျင့်စဉ်လမ်းကို ဘယ်လိုလုပ် နားလည်မှာလဲ…"
မိန်းမပျို (၂)ယောက် စကားပြောနေသည့် အချိန်မှာပင် အနီရောင်မြေခွေးက အခွင့်အရေးကို အသုံးချကာ သူ၏ ကိုယ်တွင်းမှ ပြဒါးတန်ခိုးစွမ်းအားများကို ပြန်ရုတ်သိမ်းလိုက်လေသည်။
ထို့နောက် ခပ်သြသြအသံဖြင့်…
"နတ်သမီးလေး (၂)ပါး ၊ ဒီမိစ္ဆာလေးက ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ဖူးပါဘူး ၊ ဒီမိစ္ဆာလေးကို အန္တရာယ်မပြုပါနဲ့နော်…"
အနီရောင်မြေခွေးမှာ စိတ်ပူပန်နေသည့်တိုင် မိန်းကလေး (၂)ယောက်ကတော့ ခပ်အေးအေးပင် ဖြစ်လေသည်။
မိန်းကလေး (၂)ယောက်မှာ ထင်ရှားသည့် နတ်ဘုရားဂိုဏ်းတစ်ခုခုမှ တပည့်များ ဖြစ်ကြဟန်တူလေသည်။ ထို့ကြောင့် အနီရောင်မြေခွေးသည် သူတို့ (၂)ယောက်ကို ရင်ဆိုင်ရဲခြင်း မရှိပေ။
ထိုအချိန်မှာပင်… ဂိုဏ်းတူညီမလေးဆိုသူက…
"ငါတို့က နင့်အမွှေးနဲ့ အင်္ကျီချုပ်မလို့ ၊ အသာတကြည် အဖမ်းခံမလား ၊ ဒါမှမဟုတ် နင့်ကို ချက်ချင်းသတ်ပစ်လိုက် ရမလား…"