မြေစောင့်နတ်
Vol. 8 Ch. 714
မိန်းမပျို၏ စကားကြောင့် အနီရောင်မြေခွေးမှာ တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားရလေသည်။
ကျင့်ကြံသူအများစုသည် သူတို့ကဲ့သို့သော သာမန်နတ်မိစ္ဆာလေးများကို အထင်အမြင်သေးကာ နှိမ့်ချဆက်ဆံ တတ်ကြလေသည်။ ထို့ကြောင့် အနီရောင်မြေခွေးသည် တန်ခိုးစွမ်းအား မြင့်မားခြင်းမရှိသေးသရွေ့ ကျင့်ကြံသူများ ရန်မှရှောင်တိမ်းရန်အတွက် ဤအရပ်ဒေသတွင် လာရောက်ပုန်းအောင်းနေခြင်း ဖြစ်လေသည်။ ထိုအခါမှသာ သူ့အနေဖြင့် အသက် ရှည်ရှည်နေထိုင်ခွင့်ရမည် ဖြစ်လေသည်။
သို့သော်… ယနေ့တွင်တော့ လွတ်မြောက်ရန် မဖြစ်နိုင်တော့ပြီ…။
အနီရောင်မြေခွေးက…
"နတ်သမီးလေးတွေက တကယ်ရန်လိုနေတာပဲ ၊ ဒါပေမယ့် ကျုပ်မသေခင် နတ်သမီးလေးတွေရဲ့ နာမည်ကိုများ သိခွင့်ရှိမလား"
အနီရောင်မြေခွေးက ထိုမေးခွန်းကို သူ့အတွက် မေးလိုက်ခြင်း မဟုတ်ပါ။
စောစောက သူကျင့်ကြံနေသည့်အချိန်တွင် သူ့ကို သင်ပြပေးခဲ့သည့် တန်ခိုးရှင် သိရှိစေရန်အတွက် မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။ အဆင့်အတန်းမခွဲခြားဘဲ သူ့ကို ကူညီသင်ပြပေးသူသည် နတ်မိစ္ဆာဘုရင်တစ်ပါး ဖြစ်နိုင်လေသည်။
အနီရောင်မြေခွေးသည် စိတ်ထားကောင်းသူတစ်ယောက်ဖြစ်လေရာ ထိုတန်ခိုးရှင်ကို ဒုက္ခမရောက်စေချင်ပေ။
မိန်းမပျို (၂)ယောက်အကြောင်းကို ထိုတန်ခိုးရှင် သိရှိထားခြင်းအားဖြင့် နောင်တစ်ချိန်တွင် ထပ်မံကြုံဆုံသည့်အခါ ကြိုတင်ရှောင်ရှားနိုင်မည် ဖြစ်လေသည်။
ဂိုဏ်းတူညီမလေးဆိုသူက အေးစက်စွာဖြင့် ပြုံးလိုက်ရင်း….
"ငါက ရွှမ်နွီနန်းတော်က ဟယ်စူးရင်း ၊ သူကတော့ ငါ့ရဲ့ဂိုဏ်းတူအစ်မ ယွမ်ကျိယီ ၊ ငါတို့ရဲ့ဆရာကတော့ ကျားဝေ့ကျန်းရန်ပဲ ၊ နင့်မှာ အသိဉာဏ်ရှိတယ်ဆိုရင် ခုခံမနေနဲ့တော့…"
အနီရောင်မြေခွေးမှာ သူမ၏စကားများကိုကြားသည်နှင့် ရင်ထဲတွင် နင့်သွားရလေသည်။
ယွမ်ကျိုးနယ် ကျင့်ကြံသူလောကတွင် နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခု ရှိလေသည်။ ရွှမ်နွီနန်းတော်မှာ နန်းတော် (၃)ခုတွင် အပါအဝင်ဖြစ်လေသည်။ ရွှမ်နွီနန်းတော်မှာ ရှေးဟောင်းနတ်ဘုရားတစ်ပါး ဖြစ်သည့် ကျိုးထျန်းရွှမ်နွီနတ်သမီး၏ ကျင့်စဉ်များကို ဆက်ခံကျင့်ကြံသည့် နတ်ဘုရားဂိုဏ်း တစ်ဂိုဏ်းဖြစ်လေသည်။
ကျင့်ကြံသူလောကတွင် ရွှမ်နွီနန်းတော်၏ ကျော်ကြားမှုသည် ထိုက်စုနတ်ဘုရားဂိုဏ်း၏ ကျော်ကြားမှုအောက် မလျော့ပေ။ ထို့ပြင် ထိုအမျိုးသမီးကျင့်ကြံသူဂိုဏ်း (၂)ဂိုဏ်းကို အခြားသော နတ်ဘုရားဂိုဏ်းများမှ ယောကျ်ားလေး များပင် သွားရောက်ရန်စရဲခြင်း မရှိကြပေ။ ထို့ပြင် နန်းတော် (၃)ခုနှင့် နတ်ဘုရားကျောင်းတော်ကြီး (၄)ခုကို နတ်မိစ္ဆာများ မပြောနှင့် ကျင့်ကြံသူများပင်လျှင် ရန်မစဝံ့ကြပေ။
သူ့လိုနတ်မိစ္ဆာငယ်တစ်ကောင်မပြောနှင့် နောက်ခံအင်အားကောင်းသည့် နတ်မိစ္ဆာဘုရင်များတောင်မှ ရွှမ်နွီ နန်းတော်မှ အမျိုးသမီးကျင့်ကြံသူများက သတ်ပစ်ချင်သည်ဆိုလျှင် ငရဲမင်းထံမှ သေမိန့်ကျသူပမာ လွတ်လမ်းရှိမည် မဟုတ်ပေ။
အနီရောင်မြေခွေးမှာ တုန်ယင်သည့်လေသံဖြင့်…
"လက်စသတ်တော့ ရွှမ်နွီနန်းတော်က နတ်သမီး (၂)ပါးကိုး ၊ ရွှမ်နွီနန်းတော်အကြောင်းကို ချင်းယန်ကျောင်းတော်က တာအိုဆရာ ပြောတာကြားဖူးတယ် ၊ ဒါကြောင့် ဒီမြေခွေးလေး နတ်သမီး (၂)ပါးဆီမှာ လွှတ်ပေးဖို့ မတောင်းပန် တော့ပါဘူး ၊ နောက်ဘ၀ ပြန်ဝင်စားခွင့်သာပေးပါတော့ ၊ ကံကောင်းလို့ ငရဲမင်းနဲ့ ဆုံတွေ့ခွင့်ရမယ်ဆိုရင်တောင်မှ နတ်သမီး (၂)ပါးအကြောင်းကို မကောင်းမပြောရဲပါဘူး…"
ချင်းယန်ကျောင်းတော်ဆိုသည့်အမည်ကိုကြားသည်နှင့် ဟယ်စူးရင်းမှာ ဒေါသချောင်းချောင်း ထွက်သွားလေသည်။
"ချင်းယန်ကျောင်းတော်က ပတ်ဝန်းကျင်က တိရိစ္ဆန်တွေသိအောင်တောင် ငါတို့အကြောင်းတွေကို လျှောက်ပြောနေတယ် ၊ တော်ပြီ… နင် ငါတို့ကို တောင်းပန်ဖို့ မစဉ်းစားနဲ့ ၊ နင့်ကို ဒီနေ့သတ်ရုံတင်မက ဝိညာဉ်ကိုပါ ဖျက်စီးပစ်မယ်…"
ဟယ်စူးရင်း၏စကားများကြောင့် ဂိုဏ်းတူအစ်မယွမ်ကျိယီက အနည်းငယ် အလိုမကျဟန်ဖြင့် မျက်မှောင် တစ်ချက် ကြုတ်လိုက်မိလေသည်။ သို့သော်… သူမသည် ဟန်စူးရင်းအား တားဆီးခြင်းမပြုပါ။
အပြစ်တင်မည်ဆိုလျှင် စကားပြောမှားသွားသည့် အနီရောင်မြေခွေးကိုသာ အပြစ်တင်ရမည် ဖြစ်လေသည်။
ဟယ်စူးရင်းသည် အလွန်ထူးခြားသော အရည်အချင်းများကို ပိုင်ဆိုင်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေသည်။ သို့သော်… သူမသည် မိခင်၏ဝမ်းတွင်းကတည်းက ဒေါသကြီးသူတစ်ယောက် ဖြစ်ခဲ့ဟန် ရှိလေသည်။ သူမသည် အမြဲတမ်းသတ်ချင်ဖြတ်ချင်စိတ်များဖြင့် ပြည့်လျှက်ရှိလေ၏။
ကျားဝေ့ကျန်းရန်သည် ဟယ်စူးရင်းကို အလွန် ချစ်မြတ်နိုးပြီး တန်ဖိုးလည်း ထားလေသည်။ ထို့ကြောင့် ချင်းယန် ကျောင်းတော်မှ မြင့်မြတ်သူတစ်ယောက်နှင့် သူမကို တာအိုလက်တွဲဖော်များအဖြစ် လက်ဆက်ပေးလိုခဲ့လေသည်။ ထိုအခါမှသာ မြင့်မြတ်အေးချမ်းသည့် အမျိုးသားသည် အမျိုးသမီးဖြစ်သူ၏ မိစ္ဆာဆန်ပြီး သတ်လိုဖြတ်လိုသည့် စိတ်ထားများကို ထိန်းသိမ်းပဲ့ပြင်ပေးနိုင်မည်ဟု ယူဆခဲ့လေသည်။
သို့သော်… ချင်းယန်ကျောင်းတော်၏ ဂိုဏ်းချုပ် ယင်ရှန်းကျွင်းအရှင်ကတော့ ဟယ်စူးရင်းသည် သတ်ဖြတ်လိုစိတ် ကြီးမားသည့်အတွက် ချင်းယန်ကျောင်းတော် ဒုက္ခရောက်ရမည်ကို စိတ်ပူလေသည်။ ထို့ကြောင့် သူ၏ တပည့်များ အားလုံးကို မည်သူမှ ဟန်စူးရင်းနှင့် လက်ထပ်ခွင့်မပြုခဲ့ပေ။
သတင်းစကားများက မည်သို့ ပျံ့နှံ့သွားသည် မသိပေ။
ထိုအချိန်မှစပြီး မည်သည့်တာအိုကျင့်ကြံသူမှ ဟန်စူးရင်းကို လက်ထပ်ရန် မကမ်းလှမ်းကြတော့ပေ။
ယင်ရှန်းကျွင်းအရှင်သည် မြင့်မြတ်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လေရာ သူက လက်မထပ်ခိုင်းသည့်သူကို အခြားသူများကလည်း လက်မထပ်ဝံ့ကြပေ။ သူ့စကားကို ကျင့်ကြံသူအများစုက လေးစားလက်ခံကြလေသည်။
ဟယ်စူးရင်းသည် ထိုအချိန်မှစပြီး တာအိုလက်တွဲဖော် ရှာမတွေ့တော့ပေ။ ဟန်စူးရင်းသည် အလွန်မာနကြီးသူ တစ်ယောက် ဖြစ်သည့်အတွက် ယောကျ်ားများကိုလည်း အရေးစိုက်သူ မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူမကို အရှက်ခွဲခဲ့သည့် ချင်းယန်ကျောင်းတော်ကိုတော့ အလွန်မုန်းတီးလေသည်။
ချင်းယန်ကျောင်းတော်သည်ကား လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်း၍မရနိုင်သည့် ကျောင်းတော်တစ်ခု ဖြစ်လေသည်။ အင်အားမှာလည်း ရွှမ်နွီနန်းတော်ထက် မလျော့ပေ။ ထို့ကြောင့် သူမသည် ချင်းယန်နန်းတော်ကို ပေါ်ပေါ်ထင်ထင် မစော်ကားဝံ့ပေ။
သို့သော်… အနီရောင်မြေခွေးကတော့ နတ်မိစ္ဆာလေးတစ်ကောင်မျှသာ ဖြစ်လေသည်။ သူမရှေ့တွင် ချင်းယန် ကျောင်းတော်ဆိုသည့် အမည်ကိုထုတ်ပြောရဲခြင်းမှာ တော်ရုံသတ္တိနှင့်တော့ မရနိုင်ပေ။ ထို့ကြောင့် သူမသည် သည်းခံနိုင်စွမ်း မရှိတော့ပေ။
ဟယ်စူးရင်းမှာ ဒေါသချောင်းချောင်း ထွက်လျှက်ရှိလေသည်။
သူမက ဦးခေါင်းထက်မှ တိမ်တိုက်ပုံသဏ္ဍန် ရွှေဆံထိုးလေးကို ဖြုတ်ယူလိုက်လေသည်။ ထို့နောက် ဆံထိုးလေးကို လေထဲသို့ ပစ်လွှတ်လိက်လေရာ ဆံထိုးလေးသည် လေကိုထိုးခွင်းသွားပြီး ရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားလေသည်။
ရွှေရောင်အလင်းတန်းများနှင့် ထိမိသည်နှင့် အနီရောင်မြေခွေး၏ကိုယ်ထဲမှ မိစ္ဆာစွမ်းအားများသည် ပျောက်ကွယ် သွားရလေသည်။ မြေခွေးသည် သူ၏ကိုယ်ထဲမှ နတ်မိစ္ဆာပြဒါးလုံးကို အန်ထုတ်လိုက်ရုံသာမက နှာခေါင်းနှင့် ပါးစပ်မှ သွေးများလည်း ထွက်လာလေသည်။
နတ်မိစ္ဆာပြဒါးလုံးမှ အဖြူရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွားလေသည်။ ထိုမိစ္ဆာပြဒါးလုံးထဲတွင် အနီရောင်မြေခွေး ဆယ်နှစ်ကျော်ကျင့်ကြံထားသည့် တန်ခိုးစွမ်းအားများ ပါဝင်လေသည်။
ဟယ်စူးရင်းသည် တန်ခိုးစွမ်းအားမြင့်မားပြီး ခွင့်လွှတ်တတ်သူတစ်ယောက် မဟုတ်ပေ။ ရွှေရောင်အလင်းတန်းသည် နတ်မိစ္ဆာပြဒါးလုံးနှင့် ရိုက်မိပြီး ရွှေရောင်ဆံထိုးလေး ပြန်ပေါ်လာလေသည်။
သူမက ရွှေရောင်ဆံထိုးလေးကို အမိန့်ပေးစေခိုင်းလိုက်လေရာ ဆံထိုးလေးမှ ရွှေရောင်အလင်းတန်းများ ဖြာထွက် လာပြီး လေထုတစ်ခုလုံး ရွှေရောင်အလင်းတန်းများ ဖုံးလွှမ်းသွားလေသည်။ ဆံထိုးလေးသည် လေထဲတွင် လှပစွာ တစ်ချက်လှည့်ပတ်လိုက်ပြီး အနီရောင်မြေခွေးကို ထိုးစိုက်ရန် ဆင်းသက်လာလေသည်။
သို့သော်… ရွှေရောင်အလင်းတန်းများသည် အနီရောင်မြေခွေးကို ထိုးစိုက်မိမည့်အစား လမ်းကြောင်းပြောင်းသွားပြီး ဟယ်စူးရင်းကို ထိုးစိုက်ချလိုက်လေတော့သည်။
ဂိုဏ်းတူအစ်မဖြစ်သူ ယွမ်ကျိယီက အခြေအနေမဟန်သည်ကို ရိပ်မိလိုက်သည်နှင့် အလင်းတန်းတစ်ခုဖန်ဆင်းကာ ဟယ်စူးရင်းကို ကာကွယ်ပေးလိုက်လေသည်။ သို့သော်… ရွှေရောင်အလင်းတန်း (၁၀)ခုသည် ဟယ်စူးရင်း၏ သွေးကြောဆုံချက် (၁၀)နေရာကို ဖျက်စီးပစ်လိုက်ပြီး သူမသည် အပြင်းအထန် ဒဏ်ရာရသွားလေတော့သည်။
ဟယ်စူးရင်း၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး စကားပင် မပြောနိုင်တော့ပေ။ ယွမ်ကျိယီမှာတော့ များစွာ အံ့သြမင်သက်နေလေသည်။
သူမသည် ဂိုဏ်းတူညီမလေးထက် တန်ခိုးစွမ်းအား သာလွန်သူ ဖြစ်လေသည်။ သို့သော်… တစ်ဖက်လူက ရွှေဆံထိုးလေးကို ရုတ်တရက်ထိန်းချုပ်လိုက်ပြီး တိုက်ခိုက်လိုက်ခြင်း ဖြစ်သည့်အတွက် သူမအနေဖြင့် ညီမဖြစ်သူကို ကာကွယ်ရန် မဖြစ်နိုင်တော့ပေ။
တစ်ဖက်မှ တိုက်ခိုက်သူသည် သူမတို့ထက် အဆင့်အတန်းအလွန်မြင့်မားသည့် နတ်ဘုရားတစ်ပါး ဖြစ်နိုင်လေ သည်။ ထိုသူ၏အဆင့်သည် လောကနတ်ဘုရားတစ်ပါးထက် အဆင့်မြင့်သူတစ်ယောက် ဖြစ်နိုင်လေသည်။
ထို့ပြင် သူတို့ (၂)ယောက်သည် ရွှမ်နွီနန်းတော်မှ ကျင့်ကြံသူများဖြစ်သည်ကို သိရှိသည့်တိုင် တိုက်ခိုက်ရဲသည်ကို ကြည့်ခြင်းအားဖြင့် သူမတို့၏ ဇာစ်မြစ်ကိုပင် ကြောက်ရွံ့သူတစ်ယောက် မဟုတ်ပေ။ ထိုသို့သောလူမျိုးနှင့် ပြဿနာ ဖြစ်မိပါက ကြီးမားသည့် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရ မည်ဖြစ်လေသည်။
ကြိုးကြာကြီး (၂)ကောင်သည် ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားလေသည်။
ကောင်းကင်ထက်မှ ယွမ်ကျိယီ၏ အသံထွက်ပေါ်လာလေသည်။
"ဆရာကြီးတရားပြတာ ဒီမိန်းကလေး သဘောပေါက်ပါပြီ…"
ကြိုးကြာငှက်ကြီး (၂)ကောင် ပျံသန်းထွက်ခွာသွားတော့မှ အနီရောင်မြေခွေးလေးမှာ ယိုင်တိယိုင်တိုုင်ဖြင့် ထလာပြီး သူ၏ နတ်မိစ္ဆာပြဒါးလုံးကို ပြန်မြိုချလိုက်လေသည်။
ထို့နောက် သူက အလွန်လေးစားသည့်လေသံဖြင့်…
"ဆရာကြီး ၊ ဟူတောက်တယ်ကို ဒီနေ့ ကယ်တင်တာ ကျေးဇူးမမေ့ပါဘူး ၊ အဆင်ပြေမယ်ဆိုရင် တစ်ချက်လောက် ကိုယ်ထင်ပြပါလား ၊ ဒီမိစ္ဆာလေး ကျေးဇူးဆပ်ဖို့ မဖြစ်နိုင်ရင်တောင် မှတ်ထားချင်လို့ပါ…"
ပတ်ဝန်းကျင့်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့် တုံ့ပြန်သံမှ မကြားရပေ။
အနီရောင်မြေခွေးမှာ ထိုတန်ခိုးရှင်ကို လေးစားသည်ထက် လေးစားလာမိလေသည်။ ထိုတန်ခိုးရှင်သည် သူ့ကို စိတ်ရင်းအမှန်ဖြင့် ကူညီပေးသွားပြီး နာမည်ကိုပင် ပြောမသွားခဲ့ပေ။ သို့သော်… တစ်ခုတော့ ကောင်းလေသည်။ အကယ်၍ ရွှမ်နွီနန်းတော်မှ တပည့်များရောက်လာပြီး ထိုတန်ခိုးရှင်၏ ဇာစ်မြစ်ကို သူ့ကိုမေးမြန်းမည်ဆိုလျှင် မသိသည့်အတွက် ပြောပြစရာ မလိုတော့ပေ။
အနီရောင်မြေခွေးသည် ကျေးဇူးသိတတ်သူတစ်ယောက် ဖြစ်သည့်တိုင် တကယ်တမ်း နှိပ်စက်မေးမြန်းခြင်း ခံရလျှင်တော့ သူ့ကိုကယ်တင်ခဲ့သည့် တန်ခိုးရှင်အကြောင်းကို ထုတ်ပြောကောင်းပြောမိမည်ပဲ ဖြစ်လေသည်။
အနီရောင်မြေခွေးသည် လေးစားစွာဖြင့် ပတ်ဝန်းကျင်ကို ထပ်ပြီး ဦးညွှတ်ကန်တော့လိုက်လေသည်။ ထို့နောက် တောင်ကြောတစ်လျှောက်ပြေးလွှားထွက်ခွာသွားပြီး ပျောက်ကွယ်သွားလေတော့သည်။
ဆန်းလျန်သည် ကူးဝေေ၀ဆီသို့ ပြန်လာခဲ့လေသည်။
စောစောတုန်းက ရင်ဆိုင်ခဲ့ရသည့် အခြေအနေများကြောင့် စိတ်လှုပ်ရှားနေမိလေသည်။ ရွှေဆံထိုးလေးကို သူ မည်သို့ထိန်းချုပ်လိုက်သည်ကိုပင် သူကိုယ်တိုင် သိရှိခဲ့ခြင်း မရှိပေ။ သူ့ကိုယ်သူပင် အနည်းငယ် ထူးဆန်းနေခဲ့ လေသည်။
သူ၏တန်ခိုးစွမ်းအားများ မည်မျှ အဆင့်မြင့်သည်ကို သူကိုယ်တိုင်ပင် မသိရှိသေးပေ။ သူသည်လောကရှိ အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်း ရှိဟန်တူလေသည်။ သူ၏ တန်ခိုးစွမ်းအားများသည် နတ်ဘုရားများထက်ပင် မြင့်မားနေသေးသည်။
ကူးဝေေ၀သည် အလွန်အရည်အချင်းရှိသူတစ်ယောက် ဖြစ်လေသည်။ သူမသည် အသက်ရှူကျင့်စဉ်ကို ကျင့်ကြံ နေရင်းနှင့်ပင် ကျင့်စဉ်လမ်းသို့ ဝင်ရောက်သွားလေသည်။ ထို့ပြင် သူမ ကျင့်ကြံရန်အတွက် ဆန်းလျန်ရွေးခြယ် ပေးလိုက်သည့်နေရာကလည်း မိုးမြေစွမ်းအားများနှင့် ပြည့်ဝပြီး သန့်စင်သည့် နေရာဖြစ်လေသည်။ သူမ သတိ မထားမိခင်မှာပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မြူခိုးအလွှာပါးလေးတစ်ခု ဝန်းရံနေပြီး သူမအသက် ရှူလိုက်တိုင်း သူမ၏ နှာသီးဝမှ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်နေလေသည်။
ဆန်းလျန်သည် ဂိုဏ်းတူအစ်မကို တိတ်တဆိတ်ကြည့်နေလေသည်။
အစ်မဖြစ်သူကို ကြည့်နေရသည်မှာ သူ၏စိတ်ကို အေးချမ်းစေလေသည်။ သူ့ဘဝ၏ ဒုက္ခများအားလုံး ပျောက်ကွယ် သွားသည့်အလား ထင်မှတ်ရလေ၏။
ရုတ်တရက်… ပေ (၃၀၀) ပတ်လည်တွင် ထူးဆန်းသည့်အငွေ့အသက်တစ်ခု ရလိုက်လေသည်။
ဆန်းလျန်က စိတ်တစ်ချက်ညွှတ်လိုက်သည်နှင့် ထိုနေရာသို့ ချက်ချင်းရောက်ရှိသွားလေသည်။ သူက မြေပြင်ကို လက်ဖြင့်အသာပုတ်ကြည့်လိုက်ရာ အစိမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး လူပုလေးတစ်ယောက်ပေါ်လာလေ သည်။ ထိုလူပုလေးမှာ တောင်ဝှေးတစ်ချောင်းကိုကိုင်ထားပြီး ရှည်လျားသည့် အဖြူရောင် မုတ်ဆိတ်မွှေးများလည်း ရှိလေသည်။
လူပုအဘိုးအိုလေးသည် ဆန်းလျန်ကို တွေ့သည်နှင့် ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်ပြီး…
"ဒီအဘိုးအိုလေးက ချင်းရှတောင်က မြေစောင့်နတ်ပါ ၊ နတ်မင်းကြီး ကျွန်တော့်ကိုခေါ်တာ ဘာများ စေခိုင်းစရာရှိလို့ ပါလဲ…"
ဆန်းလျန်က…
"လက်စသတ်တော့ မင်းက မြေစောင့်နတ်ကိုး ၊ ဒါကြောင့် ယင်စွမ်းအားတွေမြင့်တက်လာပေမယ့် မိစ္ဆာစွမ်းအားတွေ သိပ်ပြီးမပြင်းထန်တာကိုး..."