ဧည့်သည်
Vol. 8 Ch. 715
ဆန်းလျန်၏ စကားကြောင့် မြေစောင့်နတ်မှာ ဘာပြန်ပြောရမှန်းမသိဖြစ်သွားပြီး အူကြောင်ကြောင်ဖြင့် ရယ်ကျဲကျဲ လုပ်နေလိုက်လေသည်။
ဆန်းလျန်က…
"တခြားနေရာတွေမှာရော မြေစောင့်နတ်တွေ ရှိသလား…"
မြေစောင့်နတ်က ရိုသေလေးစားစွာဖြင့်…
"နတ်မင်းကြီး… လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းလောက်က လူ့ပြည်နဲ့ ငရဲပြည် ပြန်လည်ပေါင်းစည်းသွားပြီး လောက နိယာမတရားတွေ ဟိုးရှေးရှေးတုန်းကအတိုင်း ပြန်လည် လည်ပတ်ခွင့်ရလာခဲ့ပါတယ် ၊ ငရဲမင်း (၁)ပါးက အသူရာ ချောက်(၉)ထပ်ကို ပြန်လည် အုပ်ဆိုးခဲ့ပြီး ကုသိုလ်ကောင်းမှု နည်းနည်းပါးပါးရှိတဲ့ ဝိညာဉ်လေးတွေကို လူ့ပြည်မှာ မြေစောင့်နတ်အဖြစ်တာဝန်ထမ်းဆောင်ဖို့ စီရင်ချက်ချခဲ့ပါတယ် ၊ အခုခေတ်မှာတော့ ယွမ်ကျိုးနယ်တစ်လွှားမှာ မြေစောင့်နတ်တွေအတွက် နတ်ကွန်းတွေလည်း အများကြီးရှိလာပါတယ် ၊ မြေစောင့်နတ်တွေမှာ ဆိုင်ရာပိုင်ရာ နယ်မြေတွေရှိပါတယ် ၊ ကိုယ်ဆိုင်ရာပိုင်ရာနယ်မြေထဲမှ နေထိုင်တဲ့ လူတွေကို တတ်နိုင်သမျှ စောင့်ရှောက်ကြပါ တယ်"
ဆန်းလျန်က…
"ဒါဆို ငရဲမင်းကို မင်းက တွေ့ခွင့်ရှိတာပေါ့…"
မြေစောင့်နတ်က…
"ကျွန်တော့်လို နတ်ငယ်လေးက ငရဲမင်းကို ဘယ်လိုလုပ် တွေ့ခွင့်ရနိုင်ပါ့မလဲ ၊ ချင်ပြည်နယ်မြို့တော်ရဲ့ မြို့စောင့်နတ်ချန်ဟွမ်တောင်မှ ငရဲမင်းရဲ့ ပုံသဏ္ဍန်အစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးဘူးတဲ့…"
"အော်…"
ဟု ပြောကာ ဆန်းလျန်က ခဏစဉ်းစားနေပြီးမှ…
"ကျုပ် ပိုင်ကျားမြို့ကိုရောက်နေတာ နည်းနည်းတောင်ကြာနေပြီ ၊ အရင်နေ့တွေတုန်းက မင်းကို ဘာလို့ အာရုံမခံမိ တာပါလိမ့်…"
မြေစောင့်နတ်က…
"အရင်နေ့တွေတုန်းက ဒီနတ်ငယ်လေးက ချင်ပြည်နယ်မြို့တော်ရဲ့ မြို့စောင့်နတ်ချန်ဟွမ်ဆီကို အလုပ်တာဝန်တွေ သွားပြီး အစီရင်ခံ နေတာပါ ၊ အခု ဒီညမှ ပြန်ရောက်လာတာပါ ၊ ပြန်ရောက်ရောက်ချင်းပဲ ချင်းရှတောင်ရဲ့ မိုးမြေစွမ်းအားတွေပြောင်းလဲနေတာနဲ့ ခဏထွက်ကြည့်တာပါ ၊ နတ်မင်းကြီးက လူတစ်ယောက်ကို တာအိုကျင့်စဉ် သင်ကြားပေးနေတာလို့ ထင်မထားမိဘူး"
ဆန်းလျန်က မြေစောင့်နတ် လိမ်ပြောနေခြင်း ဟုတ် မဟုတ် စိတ်ထဲမှ တွက်ချက်ကြည့်လိုက်လေသည်။
မြေစောင့်နတ်သည် အမှန်တကယ် ပြောနေခြင်းဖြစ်ပြီး လိမ်ပြောခြင်းမရှိကြောင်းကို သိလိုက်ရလေသည်။ မြေစောင့် နတ်မှာ ကုသိုလ်အကျိုးပေးကြောင့် နတ်ဖြစ်လာသည့် သာမန်နတ်ငယ်တစ်ပါးသာ ဖြစ်လေသည်။ သို့သော်… ဆန်းလျန် အတွက် အသုံဝင်ကောင်း ဝင်ပေလိမ့်မည်။
ဆန်းလျန်က…
"ကျုပ် ခုတလော ပိုင်ကျားမြို့မှာပဲ နေတယ် ၊ မင်း ပြဿနာတစ်ခုခုရှိရင် ကျုပ်ကိုလာရှာလို့ ရပါတယ် ၊ ကျုပ် ကူညီနိုင်တာရှိရင် ကူညီပါ့မယ် ၊ ဒါပေမယ့် ကျုပ်အကြောင်းကိုတော့ ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်…"
မြေစောင့်နတ်က ပျော်ရွှင်စွာဖြင့်…
"ပိုင်ကျားမြို့မှာ နတ်မင်းကြီးရှိနေတော့ ကျွန်တော်လည်း စိတ်အေးရတာပေါ့…"
ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"မင်းသွားလို့ရပြီ ၊ ကျုပ်ရဲ့ ဂိုဏ်းတူအစ်မ ကျင့်စဉ်ကျင့်ကြံတာ ပြီးတော့မယ် ၊ အခက်အခဲတစ်ခုခုရှိရင် ဒါမှမဟုတ် အရက်သောက်ချင်ရင်ပဲဖြစ်ဖြစ်ပေါ့ ပိုင်ကျားမြို့က 'သောက်ပြီးရင်မပြန်နဲ့တော့' စားသောက်ဆိုင်မှာ ကျုပ်ကို လာရှာပါ"
ဆန်းလျန်စကားဆုံးသွားသည်နှင့် မြေစောင့်နတ်က ဆန်းလျန်ကို ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်ပြီး အစိမ်းရောင် အခိုးအငွေ့များအဖြစ် အသွင်ပြောင်းကာ မြေကြီးအတွင်းသို့ ဝင်သွားလေတော့သည်။
ဆန်းလျန်က မြေစောင့်နတ်ပျောက်ကွယ်သွားသည်အထိ ကြည့်နေရင်း အတွေးလွန်နေမိလေသည်။ မြေစောင့်နတ် များ ၊ မြို့စောင့်နတ်များတွင် ဆိုင်ရာပိုင်ရာ နယ်မြေများ ရှိကြသည်… တဲ့။
ဆန်းလျန်မှတ်မိသလောက် ယခင်အချိန်များတုန်းက လောကတွင် မြေစောင့်နတ် ၊ မြို့စောင့်နတ်များအတွက် နတ်ကွန်းများ မရှိကြပေ။
မြေစောင့်နတ်၏ပြောပုံအရဆိုလျှင် ငရဲမင်းက မြေစောင့်နတ် ၊ မြို့စောင့်နတ်များကိုလူ့ပြည်သို့ စေလွှတ်လိုက်သည် မှာ နှစ်ပေါင်းတစ်သောင်းခန့်ပင် ရှိပြီ ဖြစ်လေသည်။
မြေစောင့်နတ်သည်လည်း သူ့ကို လိမ်ပြောခဲ့ခြင်း မရှိပေ။ သူသည် နှစ်ပေါင်းသောင်းချီကြာအောင် အတိတ်မေ့နေခဲ့ သည့် နတ်ဘုရားတစ်ပါးလေလား။ ဒါမှမဟုတ် သူသည် မြေစောင့်နတ် ၊ မြို့စောင့်နတ်များ မရှိရာ လောကတစ်ခုမှ ဤလောကသို့ ရောက်လာခဲ့ခြင်းလေလား။
သို့သော်… သူက အခြားလောကတစ်ခုမှ ရောက်လာသူဆိုလျှင် သူ၏ဂိုဏ်းတူအစ်မသည်လည်း အဘယ့်ကြောင့် ဤလောကသို့ ရောက်ရှိနေရပါသနည်း။
ဂိုဏ်းတူအစ်မနှင့် ပြန်မဆုံခင်က သူ့ဘဝတွင် ဘာတွေများ ဖြစ်ပျက်ကြုံတွေ့ခဲ့ရပါသနည်း။ အတိတ်သည် မြူခိုးများ ဖုံးနေသကဲ့သို့ စဉ်းစားမရ ရှိချေသည်။ ထို့ပြင် ဆန်းလျန် အတိတ်ကို ပြန်စဉ်းစားကြည့်လိုက်တိုင်း တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့် ခံစားမှုက မြင့်တက်လာစမြဲ ဖြစ်လေသည်။
"အားလျန်… ဘာတွေစဉ်းစားနေတာလဲ…"
ကူးဝေေ၀၏ နူးညံ့သည့်အသံလေးက ဆန်းလျန်နားထဲသို့ ဝင်ရောက်လာလေသည်။
ဆန်းလျန်က ကူးဝေေ၀ရှိရာသို့ လျှောက်သွားလိုက်ပြီး ခပ်တိုးတိုးလေသံလေးဖြင့်…
"အစ်မအကြောင်း စဉ်းစားနေတာ…"
ကူးဝေေ၀က…
"အမြဲတမ်း ငါ့ကိုနောက်ပြောင်ဖို့ပဲ စဉ်းစားမနေစမ်းနဲ့ ၊ အရုဏ်တောင်တက်တော့မယ် ၊ ငါတို့ ပြန်ကြရအောင်…"
ကူးဝေေ၀က မြေပြင်ထက်တွင် ထိုင်နေရာမှ ထလိုက်ပြီး ခါးတစ်ချက် ဆန့်လိုက်လေသည်။
သူမတစ်ကိုယ်လုံး အားအင်များနှင့် ပြည့်ဝနေပြီး အအေးဒဏ်ကိုပင် ခံနိုင်ရည် ရှိနေလေသည်။
ဆန်းလျန်က…
"ဒါဖြင့် ပြန်ကြမယ်လေ…"
ယနေ့ည ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကိုတော့ ဆန်းလျန်က ကူးဝေေ၀ကို ပြောမပြတော့ရန် ဆုံးဖြတ် လိုက်လေသည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းတူအစ်မသည် ယခုမှ ကျင့်စဉ်လမ်းသို့ စတင်ဝင်ရောက်သူဖြစ်လေရာ ကိစ္စအများ ကြီးကိုသိရှိရန် မသင့်တော်သေးပေ။
ကူးဝေေ၀က "အင်း" ဟု တစ်ချက်ပြောကာ ဆန်းလျန် ကြည့်လိုက်ရင်း…
"အိမ်ပြန်ရောက်ရင် နင့်ရဲ့ မုတ်ဆိတ်တွေရိတ်ပစ်လိုက်စမ်းပါ…"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဘာလဲ … ကြည့်လို့မကောင်းလို့လား…"
ကူးဝေေ၀က စကားပြန်မပြောဘဲ ခေါင်းညိတ်ပြလိုက်လေသည်။
သူမ အသက်ရှူကျင့်စဉ် ကျင့်ကြံနေချိန်တွင် သူမ၏ စိတ်အာရုံထဲတွင် ဆန်းလျန်ကို ထပ်မံ မြင်တွေ့ခဲ့ရလေသည်။ သူမ၏ စိတ်အာရုံထဲမှ ဆန်းလျန်မှာ မုတ်ဆိတ်မွှေး ၊ ပါးသိုင်းမွှေးများမရှိဘဲ အလွန်ချောမောသည့် လူငယ်လေး ဖြစ်လေသည်။
ဆန်းလျန်သာ မုတ်ဆိတ်မွှေးများ ၊ နှုတ်ခမ်းမွှေးများ ရိတ်လိုက်လျှင် သူမ၏ စိတ်အာရုံထဲတွင် တွေ့မြင်ခဲ့ရသည့် ဆန်းလျန်နှင့် အမှန်တကယ်ပင် တူညီမှုရှိမည်လားဟု ကူးဝေေ၀ တွေးနေမိလေသည်။
ဆန်းလျန်က…
"အင်းပါ… အစ်မပြောစကား နားထောင်ပါ့မယ်…"
ဆန်းလျန်က ချက်ချင်းပင် မျက်နှာကို လက်ဖြင့်သပ်ချလိုက်ရာ မုတ်ဆိတ်များ ၊ နှုတ်ခမ်းမွှေးများမှာ လက်ထဲသို့ ပါသွားပြီး ဆန်းလျန်၏မျက်နှာမှာ သန့်စင်ရှင်းလင်းသွားလေတော့သည်။
ကူးဝေေ၀မှာ ဆန်းလျန်၏ ချောမောလှပသည့်မျက်နှာကို တွေ့မြင်လိုက်ရသည့်အခါ ရှက်သွေးဖြာသွားလေသည်။
သူမက…
"အားလျန် ၊ နင် အခုမှ အရမ်းကြည့်ကောင်းသွားတာ…"
ဆန်းလျန်က သူ၏ မုတ်ဆိတ်များကို လက်ထဲတွင် ကိုင်ထားရင်း စိတ်ထဲမှ တွေးလိုက်လေသည်။
"ဟွန်း ဒီမုတ်ဆိတ်တွေကိုများ ပေါ့သေးသေးအောက်မေ့လို့ ၊ ငါ့သွေးထဲက အနှစ်သာရတွေပါနေတာ ၊ ပြန်ရောက် တော့မှ ဒါတွေကို ဂိုဏ်းတူအစ်မအခန်းထဲမှာ အန္တရယ်ကင်းအဆောင်ဆိုပြီး သွားချိတ်ပေးထားမယ်"
ထို့နောက်… သူတို့ (၂)ယောက် လက်ချင်းတွဲလိုက်ပြီး ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားကြလေတော့ သည်။
ဆန်းလျန်က ကူးဝေေ၀ကို သူမ၏ အခန်းထဲသို့ လိုက်ပို့ပေးလိုက်ပြီး သူ့အခန်းသူ ပြန်လာခဲ့လေသည်။
ကူးဝေေ၀က အိပ်စက်ရန်ပြင်လိုက်သော်လည်း သူမ၏ စိတ်များမှာ ကြည်လင်လန်းဆန်းနေပြီး အိပ်မပျော်တော့ပေ။
ခဏကြာသည့်အခါတွင်တော့ …
ကြက်တွန်သံတစ်ချက် ထွက်ပေါ်လာပြီး အရှေ့ဆီမှ ရောင်နီလင်းလက်လာလေတော့သည်။
ပိုင်ရှောက်ယွီမှာ ညက တစ်ညလုံး အလုပ်ပင်ပန်းထားသဖြင့် ပြတင်းပေါက်မှ နေရောင်ခြည်ဝင်လာတော့မှပင် အိပ်ယာမှ နိုးလာလေတော့သည်။ အိပ်ယာမှ နိုးနိုးချင်း သူက ဒီနေ့တော့ သူဌေးကြီးပိုင်၏ လောင်းကစားဂေဟာတွင် သွားပြီး လောင်းကစား ဦးမည်ဟု တွေးလိုက်မိလေသည်။
ဆန်းလျန် သူ့အတွက်ပေးထားသည့် အခန်းကလည်း သက်သောင့်သက်သာမရှိလှလေရာ နောက်ဆုံးတော့ ပိုင်ရှောက်ယွီတစ်ယောက် အိပ်ယာမှ ထလာလေသည်။
သူ အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် ဟင်းရနံ့များကို ရလိုက်လေသည်။
သူ ထမင်းစားခန်းသို့ရောက်သည့်အခါတွင်တော့ အငွေ့တထောင်းထောင်းထနေသည့် ပေါက်စီပူပူလေးများနှင့် ဟင်းရံ (၂)မျိုးချက်ထားသည်ကို တွေ့လိုက်ရလေသည်။ အစားအသောက်များအားလုံးမှ သွားရည်ကျစရာတွေချည်း ဖြစ်နေလေတော့သည်။
ကူးဝေေ၀က…
"အမြန်မျက်နှာသွားသစ် ၊ ပြီးရင် စားကြရအောင်…"
ပိုင်ရှောက်ယွီက…
"ဟုတ်ကဲ့ပါ အစ်မကူးဝေေ၀ ၊ ဒါနဲ့ အစ်မ ဒီနေ့ အရမ်းလှနေသလိုပဲ…"
ပိုင်ရှောက်ယွီက လိမ်ပြောခြင်း မဟုတ်ပါ။
သူ အိပ်ယာမှနိုးနိုးချင်း ကူးဝေေ၀ကို မြင်လိုက်ရသည်မှ တစ်ခုခုထူးခြားပြီး လှပနေသလို ခံစားလိုက်ရလေသည်။ ယခင်ကတော့ သူ့အမြင်တွင် ကူးဝေေ၀သည် သာမန်မိန်းကလေးတစ်ယောက်မျှသာ ဖြစ်လေသည်။ သို့သော် ယခုတော့ ကူးဝေေ၀သည် တစ်ခုခု ထူးခြားနေသလို ခံစားလိုက်ရလေသည်။
ကူးဝေေ၀ကတော့ သူမကိုယ်သူမ ပြောင်းလဲသွားသည်ကို ရိပ်မိခြင်း မရှိပါ။ သို့သော်… ပိုင်ရှောက်ယွီသည် အခြားသူ များထက်ပိုပြီး လူကဲခတ်တော်သူ ဖြစ်လေသည်။ ထို့ကြောင့် အတိအကျပြောနိုင်ခြင်းမရှိသည့်တိုင် ကူးဝေေ၀သည် အရင်ကထက် ပိုကြည့်ကောင်းနေသည်ကတော့ အမှန်ပင် ဖြစ်သည်ဟု မှတ်ချက်ပြုလိုက်မိလေ သည်။
ထိုအချိန်မှာပင်…
ဆန်းလျန် အောက်ထပ်သို့ ဆင်းလာလေသည်။
ဆန်းလျန်က ပိုင်ရှောက်ယွီကို တစ်ချက်ကြည့်လိုက်ရင်း…
"ဒီကလေးက စိတ်ရင်းကောင်းတယ် ၊ ဒါပေမယ့် ကံမကောင်းရှာဘူး"
ဟု တွေးလိုက်မိလေသည်။
ဆန်းလျန်သည် ပိုင်ရှောက်ယွီကို တပည့်အဖြစ်လက်ခံရန် အစီအစဉ်မရှိပါ။ ထို့ပြင် တာအိုကျင့်စဉ်များကို လက်ဆင့် ကမ်းသင်ပြပေးခြင်းမှာ ညက သူတွေ့ခဲ့သည့် အနီရောင်မြေခွေးကို ကူညီသင်ပြပေးခြင်းမျိုးနှင့် မတူပေ။ အကျိုးနှင့် အပြစ်က နက်နက်နဲနဲ ဒွန်တွဲနေလေသည်။
အနီရောင်မြေခွေးသည် သူ၏ကိုယ်ပိုင်ကျင့်စဉ်လမ်းဖြင့် ကျင့်ကြံနေခြင်းဖြစ်ပြီး ဆန်းလျန်က သူ့ကို လမ်းမှန်ရောက် အောင် အနည်းငယ်တည့်မတ် ပေးလိုက်ခြင်းသာ ဖြစ်လေသည်။
သို့သော်… လူတစ်ယောက်ကို တပည့်အဖြစ်လက်ခံကာ တာအိုကျင့်စဉ်များ သေသေချာချာ သင်ကြားပေးတော့ မည်ဆိုလျှင်တော့ ထိုတပည့်၏ ဆိုးမွေ ကောင်းမွေသည် ဆရာဖြစ်သူနှင့် လာရောက်ပတ်သက်မည် ဖြစ်လေသည်။
တပည့်ဖြစ်သူက နောင်တစ်ချိန်တွင် ပြဿနာရှာသူတစ်ယောက်ဖြစ်လာပါက ဆရာပါရောပြီး ဒုက္ခရောက်မည် ဖြစ်လေသည်။
ဆန်းလျန်သည် လောက၏ အကြောင်းအရာအတော်များများကို မည်သူကမှ ပြောပြခြင်းမရှိသော်လည်း အလိုလို သိရှိနေခဲ့လေသည်။
ထို့ကြောင့် ဆန်းလျန်က ပိုင်ရှောက်ယွီကို စားသောက်ဆိုင်တွင် အလုပ်ခန့်ထားပြီး တတ်နိုင်သမျှ ကူညီမည်ဟု ဆုံးဖြတ်ထားသည့်တိုင် မလိုအပ်လျှင်တော့ ပိုင်ရှောက်ယွီကို တာအိုကျင့်စဉ်လမ်းသို့ လမ်းပြပေးမည် မဟုတ်ပေ။
မနက်စာစားပြီးသည့်နောက် ကောင်းကင်တစ်ခုလုံးမှောင်မဲလာကာ ဆေင်းတွင်းမိုး ရွာသွန်းလေတော့သည်။
အချိန်အတန်ကြာသည့်အခါတွင်တော့ ပိုင်ရှောက်ယွီသည်လည်း အလုပ်များအားလုံး ပြုလုပ်ပြီးသွားလေသည်။
သူက ဆန်းလျန်နှင့်ကူးဝေေ၀ရှိရာသို့ရောက်လာပြီး…
"တာအိုဆရာ ၊ အစ်မကူးဝေေ၀ … ကျုပ် လောင်းကစားဝိုင်း ခဏလောက်သွားချင်လို့…"
ကူးဝေေ၀က မျက်မှောင်တစ်ချက်ကြုတ်လိုက်ရင်း…
"နင်က ဒီ သောက်လောင်းကစားကို လုပ်ဦးမလို့လား"
ပိုင်ရှောက်ယွီက…
"ဒီနေ့ ကျုပ်ကို ကံကောင်းမယ်လို့ တာအိုဆရာက ဗေဒင်ဟောပေးထားတာလေ ၊ မသွားလိုက်ရရင် နှမျောစရာ ကြီး…"
ကူးဝေေ၀က "ကဲ… ဘယ်လိုလုပ်မလဲ" ဆိုသည့်အကြည့်ဖြင့် ဆန်းလျန်ကို တစ်ချက်လှမ်းကြည့်လိုက်လေသည်။
ဆန်းလျန်က…
"မင်းရဲ့စိတ်က သွားချင်နေမှတော့ တားလို့လည်းရမှာ မဟုတ်ဘူး ၊ အိမ်အနောက်မှာ မင်းအတွက် အင်္ကျီအသစ် (၁)ထည်ရှိတယ် ၊ အဝတ်အစားလဲပြီး အမြန်သွားတော့ ၊ အချိန်မလင့်ခင်တော့ အိမ်ပြန်လာနော် ၊ မဟုတ်ရင်တော့ ဘယ်တော့မှ ပြန်လာဖို့ မစဉ်းစားနဲ့တော့…"
ပိုင်ရှောက်ယွီက ခေါင်းတွင်တွင်ညိတ်ပြလိုက်ပြီး အင်္ကျီကိုအမြန်ဝတ်ကာ လောင်းကစားဂေဟာသို့ သုတ်ခြေတင် လေတော့သည်။
ထိုမျှလောက် မိုးသည်းကြီးမည်းကြီးရွာနေသည်ကိုပင် မနားနိုင်ဘဲ လောင်းကစားဝိုင်းသွားသည့် လူငယ်သည် လောင်းကစားကို မည်မျှစွဲလန်းနေသည်မှာ သိသာလေသည်။
ကူးဝေေ၀က သက်ပြင်းတစ်ချက်ချလိုက်ရင်း…
"သူ့ရဲ့အရည်အချင်းတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့သာ အသုံးချရင် ဘယ်လောက်ကောင်းမလဲ ၊ အခုတော့ အလကားလူ ဖြစ်နေရတယ်…"
ဆန်းလျန်က…
"စစ်ပွဲမှာ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ ဝမ်ထူမြင်းကြီးရဲ့ စစ်ရေးဗျူဟာတွေက နောက်ဆုံးတော့ အမှုံ့ဖြစ်သွားရ တာပါပဲ ၊ လူ့လောကမှာ အရာအားလုံးက ဒုက္ခပင်လယ်ထဲက ရေလှိုင်းတွေလိုပါပဲ ၊ ဒါကြောင့် အစ်မ သူများတွေ အတွက်တွေးပူမနေနဲ့…"
ဆန်းလျန်စကားဆုံးသွားသည်နှင့် ဆိုင်ရှေ့တွင် မြင်းရထား (၁)စီး ရပ်လာလေသည်။
အနက်ရောင်ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက်က မြင်းရထားပေါ်မှ ဆင်းလာပြီး ထီးတစ်လက်ကို အဆင်သင့်ဖွင့်ကာ ကိုင်မိုးပေးထားလိုက်လေသည်။ ထို့နောက် သက်လတ်ပိုင်းအရွယ် လူရွယ်တစ်ယောက် မြင်းရထားပေါ်မှ ဆင်းလာလေသည်။
သက်လတ်ပိုင်းအရွယ် လူရွယ်က လက်ခုပ်တစ်ချက်တီးလိုက်ရင်း…
"တောလမ်းတစ်လျှောက်… ပဟေဠိအထွေထွေက စာပေသမားရဲ့ ရင်ထဲကို ထိရှစေတယ်…"
ဟု ပြောလိုက်လေသည်။
လူရွယ်၏ဘေးနားတွင် ထီးကိုင်မိုးပေးထားသည့် မိန်းကလေးက…
"ကျွန်မတို့ ဒီစားသောက်ဆိုင်မှာ ခဏနားကြရအောင်…"