← Chapters

ကိုယ့်ရှေ့မှနတ်ဘုရားကိုမမြင်သူ

Vol. 8 Ch. 718

ကိုယ့်ရှေ့မှနတ်ဘုရားကိုမမြင်သူ

Vol. 8 Ch. 718

ကျုန်းတျဲယီက ဆန်းလျန်ကို အတန်ကြာစိုက်ကြည့်နေလေသည်။

သူ၏ မျက်လုံးများက စူးရှတောက်ပနေပြီး သာမန်လူတစ်ယောက်သာ ထိုသို့သောအကြည့်မျိုးဖြင့် အကြည့်ခံရပါက ကျိန်းသေပြုစားခံရမည် ဖြစ်လေသည်။

သို့သော်… သူ၏အကြည့်များက ဆန်းလျန်အပေါ်တွင်တော့ မည်သို့မှ သက်ရောက်ခြင်းမရှိပေ။ ဆန်းလျန်က အေးအေးဆေးဆေးပင် သူ့ကို ပြန်ကြည့်နေလေသည်။ ကျုန်းတျဲယီသည် အတွေ့အကြုံများသူတစ်ယောက် ဖြစ်လေရာ ဆန်းလျန် ဟန်ဆောင်နေခြင်းမဟုတ်သည်ကို ချက်ချင်းသိလိုက်လေသည်။

ဆန်းလျန်၏ပုံစံသည် သာမန်မျှသာဖြစ်သည့်တိုင် စိတ်အာရုံစူးစိုက်မှုအလွန်ကောင်းသည်ဟု ကျုန်းတျဲယီက ခန့်မှန်း လိုက်မိလေသည်။ ဆန်းလျန်သည် ထူးခြားသူတစ်ယောက်ဖြစ်သည်ကို ကျုန်းတျဲယီမှမဟုတ် ၊ မည်သူမဆို ရိပ်မိနိုင် လေသည်။

ကျုန်းတျဲယီက လေသံခပ်လေးလေးဖြင့်…

"ဒါဖြင့် ကျုပ်ကို အကောင်းဆုံးအရက်နဲ့ အကောင်းဆုံး အစားအသောက်တွေ ပေးပါ…"

သက်လတ်ပိုင်းလူရွယ်ကတော့ ကျုန်းတျဲယီနှင့် ဆန်းလျန် စကားပြောနေသည်ကို အကဲခတ်နေလေသည်။

သူက ကျုန်းတျဲယီကိုကောင်းကော်းသိသလို ကျုန်းတျဲယီကလည်း သူ့ကို ကောင်းကောင်း သိလေသည်။ ထို့ပြင် ကျုန်းတျဲယီ မည်မျှ ကြောက်စရာကောင်းသည်ကို လူရွယ်က အသိဆုံးဖြစ်လေသည်။ သို့သော်… ထိုသို့သော လူမျိုးသည်ပင် ဆန်းလျန်ကို အလျှော့ပေးလိုက်ရသည်မှာ အံ့သြစရာ ကောင်းလှလေသည်။ လူရွယ်သည် ဆန်းလျန် အကြောင်းကို ပိုပြီး စိတ်ဝင်စားနေမိလေတော့သည်။

ဆန်းလျန်က…

"ဒါဖြင့် ပိုက်ဆံကြိုရှင်းပါ…"

ကျုန်းတျဲယီက ရွှေတုံးတစ်တုံးကို ထုတ်ယူလိုက်ပြီး ကောင်တာပေါ်တင်လိုက်လေသည်။

ထို့နောက် အလွန်မောက်မာသည့်လေသံဖြင့်…

"ပြန်အမ်းစရာမလိုဘူး…"

ဟု ပြောလိုက်လေသည်။

ကူးဝေေ၀က စိတ်ထဲမှ ကြိတ်ပြီး ပြုံးလိုက်လေသည်။

ဒီနေ့ ရောက်လာသည့် ဧည့်သည် (၂)ယောက်စလုံးမှာ အပေးအကမ်း အလွန် ရက်ရောကြလေသည်။ သူမက ရွှေတုံးလေးကို သိမ်းဆည်းရန် ဟန်ပြင်လိုက်စဉ်မှာပင် ဆန်းလျန်က ရွှေတုံးလေးကို ကျုန်းတျဲယီ ရှေ့သို့ ပြန်တိုးပေး လိုက်လေသည်။

ဆန်းလျန်က…

"အကောင်းဆုံးအရက်နဲ့ အစားအသောက်တွေက အရမ်းဈေးကြီးတယ် ၊ ဒီရွှေတုံးနဲ့ မလောက်ဘူး…"

ကူးဝေေ၀က ဆန်းလျန်ကို ခြေထောက်ဖြင့် လှမ်းကန်လိုက်လေသည်။

စားသောက်ဆိုင်တစ်ဆိုင်ဆိုသည်က ဧည့်သည်ကို ထိုသို့ စော်ကားမော်ကား ပြော၍မရပေ။ ဆန်းလျန်က သူမကို တစ်ချက် လှမ်းကြည့်လိုက်ပြီး စိတ်ရှည်ရှည်ထားရန် မျက်ရိပ်ပြလိုက်လေသည်။

ဆန်းလျန်၏ မျက်ဝန်းထဲမှ တည်ကြည်မှုများကို မြင်တွေ့လိုက်ရသည့်အခါတွင်တော့ သူမက ဆန်းလျန်၏ ကိစ္စတွင် ဝင်မပါတော့ရန် ဆုံးဖြတ်လိုက်လေသည်။ ဆန်းလျန် ဧည့်သည်ကို မချေမငံ ဆက်ဆံနေခြင်းမှာ သူ့အကြောင်းနှင့်သူ ရှိရပေမည်။

ကျုန်းတျဲယီက အေးစက်သည့်လေသံဖြင့်…

"မင်း သိပ်လောဘမကြီးနဲ့လေကွာ…"

ဆန်းလျန်က…

"မင်းက အကောင်းဆုံး အရက်နဲ့အစားအသောက်တွေမှာမှတော့ ပိုက်ဆံအနည်းအများကို ဘာလို့ တွက်ကပ်နေ သေးတာလဲ ၊ ကျုပ်နဲ့တွေ့ခွင့်ရတာနဲ့တင် ပေးရတာ တန်နေပြီ ၊ စားရတာကတော့ အမြတ်ပဲ…"

ကျုန်းတျဲယီက…

"ကျုပ်ကို ဒေါသထွက်အောင်မလုပ်နဲ့နော် ၊ ကဲ… ပုံမှန် အရက်နဲ့အစားအသောက်တွေပဲ ပေးတော့ ၊ ဘယ်လောက် ကျမလဲသာပြော…"

ဆန်းလျန်က ကောင်တာပေါ်တွင် အသင့်ရှိနေသည့် အစားအသောက်စာရင်းကိုယူပြီး ကျုန်းတျဲယီကို ပေးလိုက် လေသည်။

စာရင်းထဲတွင် ရရှိနိုင်သည့် အစားအသောက်များနှင့် ဈေးနှုန်းများပါဝင်လေသည်။

ကျုန်းတျဲယီက အစားအသောက်စာရင်းများကို တစ်ချက်ကြည့်လိုက်ပြီး ရွှေတုံးကို ပြန်သိမ်းလိုက်ကာ ငွေတုံးတစ်တုံး ကိုသာထုတ်ပေးလိုက်လေသည်။ ထို့နောက် ဟင်းလျာ (၆)မျိုးနှင့် အရက် (၁)အိုး မှာလိုက်လေသည်။

သူက မထီမဲ့မြင်အပြုံးတစ်ချက်ပြုံးလိုက်ရင်း…

"ဒီတစ်ခါလည်း ပြန်အမ်းစရာမလိုဘူး…"

ကူးဝေေ၀က ဆန်းလျန်ခြေထောက်ကို တစ်ချက် တက်နင်းလိုက်ရင်း နားနားသို့ကပ်ကာ ခပ်တိုးတိုးပြောလိုက်လေ သည်။

"အဲဒါ နင့်ကြောင့်…. "

ဆန်းလျန်မှာ ကျောက်တုံးကိုပင် ရွှေဖြစ်အောင် ပြောင်းလဲနိုင်သူတစ်ယောက် ဖြစ်သည်ကို သူမသည် ရုတ်တရက် မေ့လျော့သွားခဲ့ပြီး ရွှေတုံးတစ်တုံး ဆုံးရှုံးသွားသည့်အတွက် ဆန်းလျန်ကို အပြစ်တင်စကား ဆိုလိုက်မိလေသည်။

ဆန်းလျန်က ကူးဝေေ၀ကို စိတ်ဆိုးခြင်းမရှိဘဲ ကောင်တာပေါ်မှ ငွေတုံးလေးကို အေးအေးဆေးဆေးပင် ယူလိုက် လေသည်။

ကျုန်းတျဲယီက ဟွန့်ခနဲ နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း….

"လောကကြီးမှာ ရွှေခွက်နဲ့ ကြေးခွက် အလဲခံရတာတောင် ဝမ်းသာနေတဲ့သူက ရှိသေးတယ် ၊ သိပ်ကို ရယ်စရာ ကောင်းတာပဲ ၊ သိပ်ကို ရယ်စရာကောင်းတာပဲ…"

ရွှေတုံးအစား ငွေတုံးပေးလိုက်ရသည့်အတွက် သူ့ဘက်က အရှုံးမရှိပေ။ ယခုဆိုလျှင် ဆန်းလျန်သည်လည်း ရင်ထဲတွင် နောင်တရနေလောက်ပြီဟု ကျုန်းတျဲယီက တွေးလိုက်လေသည်။

သက်လတ်ပိုင်းလူရွယ်က ပြုံးလိုက်ရင်း…

"တာအိုဆရာ… ကျုပ်လည်း အကောင်းဆုံးအရက်နဲ့ အစားအသောက်တွေ စားသောက်ချင်တယ်ဆိုရင် ဘယ်လောက်ပေးရမလဲ"

ဆန်းလျန်က…

"ခင်ဗျားရဲ့ကိုယ်ပေါ်မှာချိတ်ထားတဲ့ ကျောက်စိမ်းပြားလေးပေါ့ဗျာ ၊ ဒါပေမယ့် ခင်ဗျားပေးမှာ မဟုတ်ပါဘူး…"

သက်လတ်ပိုင်းလူရွယ်၏ခါးစည်းကြိုးတွင် ကျောက်စိမ်းပြားလေးတစ်ခု ချိတ်ဆွဲထားလေသည်။

ထိုကျောက်စိမ်းပြားလေးသည် သူ အမြဲတမ်း ကိုယ်နှင့်မကွာ ဆောင်ထားလေ့ရှိသည့် ကျောက်စိမ်းပြားလေးဖြစ်လေ သည်။

လူရွယ်က အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ရွှေရောင်လက်မှတ်လေးတစ်စောင်ကို ထုတ်ယူလိုက်ပြီး…

"ဒီကျောက်စိမ်းပြားလေးက ကျုပ်တန်ဖိုးထားရတဲ့ ပစ္စည်းလေးမို့လို့ပါ ၊ ကျုပ် အဲဒီကျောက်စိမ်းပြားကို မပေးနိုင်ပေ မယ့်ဒီရွှေလက်မှတ်လေးပေးချင်ပါတယ် ၊ ဒီရွှေလက်မှတ်လေးပြလိုက်ရင် ဘယ်ဟွေ့ထုန်ဘဏ်မှာမဆို ရွှေတုံး (၁၀၀) နဲ့လဲယူလို့ရပါတယ်…"

လူရွယ်၏ ခါးတွင်ချိတ်ဆွဲထားသည့် ကျောက်စိမ်းသည် အရည်အသွေးကောင်းမွန်သည့်တိုင် ရွှေတုံး(၁၀၀)တော့ တန်ဖိုးမရှိပေ။ သို့သော်… ထိုကျောက်စိမ်းပြားလေးသည် သူ၏ ပစ္စည်းမဟုတ်ပါ။ ထိုကျောက်စိမ်းပြားလေးနှင့် ပတ်သက်ပြီး ဇာတ်လမ်းတစ်ပုဒ်ရှိလေသည်။ ထို့ကြောင့် သူက ဆန်းလျန်ကို မပေးလိုဘဲ တွန့်ဆုတ်နေခြင်း ဖြစ်လေသည်။

အမှန်တော့ ထိုကျောက်စိမ်းပြားလေးသည် တန်ဖိုးထားသူများအတွက်ကား ရွှေစ (၁၀၀၀) မကပင် တန်ဖိုးရှိသည့် ပစ္စည်းတစ်ခု ဖြစ်လေသည်။

ဆန်းလျန်က ခေါင်းခါယမ်းလိုက်ပြီး…

"မရဘူး…"

ဟု ပြောလိုက်လေသည်။

ထိုအခါတွင်တော့… သက်လတ်ပိုင်းလူရွယ်က တစ်ချက်စဉ်းစားလိုက်ပြီး သူ၏ခါးတွင် ချည်နှောင်ထားသည့် ကျောက်စိမ်းပြားလေးကို ဖြုတ်ယူလိုက်လေသည်။

"တာအိုဆရာက မျက်စိကျနေမှတော့ ပေးလိုက်ပါတော့မယ် ၊ စားသောက်စရာတွေကို စိတ်တိုင်းကျသာစီစဉ်ပါ တော့…"

ဆန်းလျန်က ပြုံးလိုက်ရင်း ကျောက်စိမ်းပြားလေးကို လက်ခံယူလိုက်လေသည်။

"တကယ်တော့ ဒီကျောက်စိမ်းက နှစ်တစ်ထောင်ယင်စွမ်းအားကျောက်စိမ်းပဲ ၊ ခင်ဗျားဆီမှာ ရက်နည်းနည်းလောက် မရှိတော့တာနဲ့ ခင်ဗျား ဒုက္ခရောက်သွားနိုင်တယ် ၊ ဒါပေမယ့် စိတ်မပူပါနဲ့ ၊ ကျုပ်ကိုပေးလိုက်ရတာ တန်ပါတယ် ၊ ကျုပ်ရဲ့အထူးဟင်းလျာတွေကြောင့် ခင်ဗျား နောင်တ မရစေရပါဘူး…"

သက်လတ်ပိုင်းလူရွယ်က…

"ကိစ္စမရှိပါဘူး ၊ တာအိုဆရာလိုလူတစ်ယောက်နဲ့ မိတ်ဆွေဖွဲ့ခွင့်ရတာနဲ့တင် တန်နေပါပြီ…"

ထိုအချိန်မှာပင် ကျုန်းတျဲယီက…

"ဆရာမေ … ဒီကောင်လေးက အဓိပ္ပါယ်မရှိတဲ့ စကားတွေပြောနေတာ ၊ မင်းက သူပြောတိုင်းယုံနေရအောင် န လပိန်းတုံးလား ၊ အလိမ်မခံရအောင် သတိထားမှပေါ့…"

ကျုန်းတျဲယီက သက်လတ်ပိုင်းလူရွယ်ကို ဆရာမေ ဟု ခေါ်လိုက်ခြင်း ဖြစ်လေသည်။

ဆရာမေဆိုသူက ပြုံးလိုက်ရင်း…

"ကျုပ်အကြည့်မမှားဘူးလို့ ယုံကြည်တယ်…"

ကျုန်းတျဲယီက…

"ဆရာမေလည်း ပညာတတ်တစ်ယောက်ပဲလေ ၊ ကျုပ် အများကြီးမပြောချင်ဘူး ၊ ဒါပေမယ့် ကျုပ် ခင်ဗျားကို လာတွေ့ရတဲ့အကြောင်းရင်းကိုတော့ ခင်ဗျားသိတယ်မဟုတ်လား ၊ (၃)ရက်အတွင်း ကျုပ်လိုချင်တဲ့အဖြေကို ပေးနိုင် ဖို့မျှော်လင့်မိတယ်"

အမှန်တော့ကျုန်းတျဲယီ ဤစားသောက်ဆိုင်အတွင်းသို့ ဝင်လာရခြင်းမှာ ဆရာမေထံမှ တိကျသည့် အဖြေတစ်ခုကို လိုချင်သောကြောင့် ဖြစ်လေသည်။

ထို့ပြင် ဆရာမေက သူလိုချင်သည့်အဖြေကို ချက်ချင်းမပေးနိုင်မှန်းလည်း သိလေသည်။ ထို့ကြောင့် အချိန် (၃)ရက်ပေးလိုက်ခြင်း ဖြစ်လေ၏။ ထိုရက်အတွင်းတွင် အခြားသူများထံမှ ရရှိသည့် သတင်းများနှင့် ပေါင်းစပ်ကာ အခြေအနေများကို သုံးသပ်ရန် သူ့အတွက် လုံလောက်လေသည်။

သိပ်မကြာမီပင်… ဆရာမေ၏ အစေခံမလေးယိုယိုသည် မြင်းလှည်းကိုသွားထားရာမှ ပြန်ရောက်လာလေသည်။ သူတို့ (၂)ယောက်သည် အစားအသောက်များကို တိတ်ဆိတ်စွာပင် စားသောက်လိုက်ကြလေသည်။ ကျုန်းတျဲယီ ကလည်း သူ၏ အစားအသောက်များကို စားသောက်နေလေသည်။

စားပွဲ (၂)ခုထက်မှ ဟင်းလျာများမှာ ခပ်ဆင်ဆင်ပင် ဖြစ်လေသည်။ သို့သော်… ဆရာမေက စားသောက်ပြီး သွားသည်နှင့် ထူးဆန်းသည့်အပြုံးတစ်မျိုးဖြင့် ကျုန်းတျဲယီကို ပြုံးပြလိုက်လေ၏။ ထို့နောက် ဆန်းလျန်ကို အလွန်လေးစားသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အစေခံမလေးကိုခေါ်ကာ သူတို့အတွက် စီစဉ်ပေးထား သည့်အခန်းသို့ ထွက်ခွာသွားလေတော့သည်။

ကျုန်းတျဲယီမှာ နားမလည်နိုင် ဖြစ်သွားရလေသည်။

ဆရာမေသည် သူ့စိတ်ကို လှည့်စားရန်အတွက် ထိုသို့ ထူးဆန်းသည့် အပြုအမူများကို ပြုလုပ်လိုက်ခြင်းလေလား။

ဆန်းလျန်က သူ့ကို စားသောက်ဆိုင်တွင် တည်းခိုခွင့်မပေးသည့်အတွက် ကျုန်းတျဲယီက စားသောက်ပြီးသည်နှင့် ပြန်ရန်ပြင်လိုက်လေသည်။ အပြင်ဘက်တွင် မိုးက သဲကြီးမဲကြီး ရွာနေလေသည်။ ကျုန်းတျဲယီသည် သူ၏ ကောက်ရိုးမိုးကာအင်္ကျီကိုဝတ်ပြီး ခမောက်ကိုဆောင်းကာ ဆိုင်ထဲမှ ထွက်ခွာသွားလေတော့သည်။

စုတ်စုတ်ပြတ်ပြတ်နှင့်ဖြစ်သည့်တိုင် သူ၏ဟန်ပန်မှာ လုံး၀ ရှက်ရွံ့နေခြင်းမရှိဘဲ အလွန်မှ မောက်မာဟန် ရှိလေ သည်။

ကူးဝေေ၀က ကျုန်းတျဲယီ ဆိုင်အပြင်ရောက်သွားတော့မှ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်း တစ်ချက်ချ လိုက်ရင်း….

"အဲဒီလူရဲ့ပုံစံက လူဆိုးတစ်ယောက်နဲ့တူပေမယ့် လူဆိုးတော့ မဟုတ်ရှာပါဘူး…"

ဆန်းလျန်က ထိုဧည့်သည်ကို တမင်သက်သက် အပြစ်ရှာကာ ရစ်နေသည်ဟု သူမက ထင်လိုက်မိလေသည်။

ထိုဧည့်သည်မှာ အလွန်ဒေါသထွက်သွားဟန်ရှိသည့်တိုင် သူတို့ကို ဒုက္ခပေးမသွားခဲ့ပေ။

ဆန်းလျန်က…

"ဂိုဏ်းတူအစ်မ ၊ တကယ်တော့ အဲဒီလူကလည်း ကျင့်ကြံသူတစ်ယောက်ပါ ၊ ဒါပေမယ့် သူ့ရဲ့ကျင့်စဉ်က တရား နည်းလမ်းမကျဘူး…"

ကူးဝေေ၀က…

"ဒါကြောင့် စောစောက သူ့ကိုတွေ့တော့ နည်းနည်းကြောက်သလို ခံစားလိုက်ရတာကိုး…"

ဆန်းလျန်က ကူးဝေေ၀၏ ပခုံးကို တစ်ချက်ပုတ်လိုက်ရင်း…

"ဒီလူကျင့်ကြံနေတဲ့ကျင့်စဉ်က အလောင်းတွေကို အသက်ပြန်သွင်းပြီး ကျင့်ကြံရတဲ့ အောက်လမ်းမိစ္ဆာကျင့်စဉ် တစ်ခုပဲ ၊ ပြီးတော့ သူက ရွှေခေါင်းလောင်းအရံအတားနဲ့ သံမဏိသံချပ်ကာ ကျင့်စဉ်တွေကိုလည်း ကျင့်ကြံထား သေးတယ် ၊ စိတ်ဓာတ်ကလည်းမာတယ် ၊ မျက်နှာက လေးထောင့်စပ်စပ်နဲ့ မိစ္ဆာဆန်တယ် ၊ ဒါပေမယ့် ဒီပုံစံအတိုင်း သာဆက်ပြီး ကျင့်ကြံသါားမယ်ဆိုရင် တစ်နေ့မှာ ဒုက္ခရောက်လိမ့်မယ် ၊ ကျင့်စဉ်လမ်းမှာ လမ်းမှားပြီး မကောင်းတဲ့ ရောဂါတွေအများကြီးရလာနိုင်တယ် ၊ အသက် (၆၀)ထိတောင် နေရမယ် မထင်ဘူး ၊ စောစောကသာ သူက ကျွန်တော် တောင်းတဲ့ပိုက်ဆံကို ပေးမယ်ဆိုရင် သူခံစားရမယ့်ရောဂါတွေ မခံစားရအောင် ကုသပေးလိုက်မလို့ပဲ ၊ ဒါပေမယ့် သူက ကိုယ့်ရှေ့တည့်တည့်ရောက်နေတဲ့နတ်ဘုရားကိုတောင် မမြင်နိုင်ဘူးလေ ၊ ဒီတော့ အခွင့်ကောင်းနဲ့ လက်လွတ်သွားတာပေါ့…"

……..

အခန်းတွင်းသို့ရောက်သည်နှင့် ဆရာမေက သူ၏အင်္ကျီကို ချက်ချင်းချွတ်ကြည့်လိုက်လေသည်။ ထိုအခါ သူ၏ ကိုယ်ပေါ်မှ မီးလောင်ဒဏ်ရာ အစင်းကြောင်းများမှာ မရှိတော့ဘဲ ပျောက်ကွယ်သွားပြီ ဖြစ်လေသည်။

ယိုယိုက…

"ဂိုဏ်းချုပ်… ဘာဖြစ်တာလဲ…"

ဆရာမေက…

"ကျုပ် အခွင့်အရေးကောင်းတစ်ခုကို လက်မလွတ်ခဲ့ဘူးပဲ…"

ယိုယိုက…

"ဘာများဖြစ်လို့လဲ…"

ဆရာမေက…

"စောစောက စားလိုက်တဲ့ဟင်းလျာတွေထဲမှာ သိပ်ကိုသန့်စင်တဲ့ အသက်ဓာတ်စွမ်းအားတွေပါနေတယ် ၊ ကျုပ်ခန္ဓာ ကိုယ်မှာ ခံစားနေရတဲ့ မီးရောဂါ ယူပစ်သလို ပျောက်ကင်းသွားပြီ ၊ အခု ကျုပ် ကျင့်စဉ်ကျင့်ကြံတော့မယ် ၊ မင်းလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ ကျင့်ကြံသင့်တယ်"

ဆရာမေသည် ပျော်ရွှင်နေပုံရလေသည်။

သူက ဆန်းလျန်နှင့် မိတ်ဆွေဖွဲ့လိုသည့် ရည်ရွယ်ချက်ဖြင့် ကျောက်စိမ်းပြားလေးကို ပေးလိုက်ခြင်း ဖြစ်လေသည်။ ယခုကဲ့သို့ ကံကောင်းစွာဖြင့် ရောဂါပျောက်ကင်းသွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူငယ်စဉ်က အန္တရယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီး မီးရောဂါ ခံစားခဲ့ရလေသည်။

နှစ်ပေါင်းများစွာကြာအောင် ဆေးကောင်းဝါးကောင်းများ သုံးစွဲကာ ကုသသည့်တိုင် ရောဂါ ပျောက်ကင်းခဲ့ခြင်း မရှိပေ။ နောက်ပိုင်း ကျင့်စဉ်ကျင့်ကြံပြီး တန်ခိုးစွမ်းအားများ ရရှိလာသည့်အခါတွင်တော့ သူ၏ တန်ခိုးစွမ်းအားများ နှင့် ယင်စွမ်းအားကျောက်စိမ်းပြားလေးမှ စွမ်းအားများကို ပေါင်းစပ်ကာ ရောဂါကို ထိန်းထားနိုင်ခဲ့လေသည်။ ထို့ကြောင့် ယခုအချိန်ထိ တည်တည်ငြိမ်ငြိမ်ဖြင့် အသက်ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ သို့သော်… ရောဂါသည် လုံး၀ ပျောက်ကင်းသွားခြင်း မရှိခဲ့ပေ။

ယခုတော့ မမျှော်လင့်ဘဲ သူခံစားနေရသည့် နာတာရှည်ရောဂါကြီး ပျောက်ကင်းသွားခဲ့ပြီ ဖြစ်လေသည်။ သူသည် ဆန်းလျန်ကို အလွန်လေးစားနေမိပြီး ဆန်းလျန်အကြောင်းကိုလည်း ပိုပြီး သိချင်နေမိလေတော့သည်။

ယခင်တုန်းက သူ၏ရောဂါကို ကုသပေးရန်အတွက် နတ်ဘုရားကျောင်းတော်ကြီးတစ်ခုမှ ကျင့်ကြံသူတစ်ယောက်ကို အကူအညီတောင်းခဲ့ဖူးလေသည်။ သို့သော်… ထိုကျင့်ကြံသူပင်လျှင် သူ၏ရောဂါ ပျောက်ကင်းရန်အတွက် နည်းလမ်း မရှိဟု ပြောကြားခဲ့ဖူးလေသည်။

All Chapters